အထူးလူနာ
Vol. 26 Ch. 386
စားပွဲပေါ် ခင်းကျင်းထားသည့် အစားအသောက်များကို မြင်တော့ လင်းရီတခဏမျှ ကြက်သေသေသွားခဲ့၏။
သူမှာလိုက်တာက ဒီတိုင်း ရိုးရှင်းတဲ့ နေ့လည်စာလေးလေကွာ...
မင်းယူလာတာက ကမ္ဘာပေါ်က ကောင်းပေ့ဆိုတာကြီးတွေတဲ့လား...
လင်းရီ၏ အတွေးများကို မသိသည့် ၀မ်ထျန်းလုံကတော့ သူ့ကိုယ်သူ ဂုဏ်ယူလျက်ရှိ၏။
လုံး၀ပါဖက်ပဲ... ဒါရိုက်တာလင်းကို ဘယ်သူကမှ ကျောလို့မရဘူးကွ....
"မစ္စတာလင်း မှာထားတာတွေ ပို့ပြီးပြီဆိုတော့ ပြန်ခွင့်ပြုပါဦးဗျ... ကြယ်ငါးပွင့်ရီဗျူးလေးလည်း ပေးဖို့ သတိရပေးပါဦးနော်.... "
ထိုသို့ပြောပြီးနောက် ၀မ်ထျန်းလုံ လှည့်ထွက်လာခဲ့လိုက်၏။
ဒီလီသမားအသွင်ကို ပီပြင်စွာ သရုပ်ဆောင်ပြီး သူ၏ အထောက်အထားက်ု ပိရိစွာ ဖုံးကွယ်ထားခဲ့လိုက်သည်။
နာ့စ်သုံးယောက်ကတော့ စားပွဲပေါ်ရှိ ထိပ်တန်းဟင်းလျာများနှင့် ဆုံသည့်အချိန်တွင်တော့ အကြည့်ပင် မခွာနိုင်ကြပဲ သားရည်ယိုနေကြ၏။
ဒါရိုက်တာသွမ့် ယူလာခဲ့သည့် ဟင်းလျာတို့မှာ ကောင်းမွန်သော်လည်း လင်းရီ မှာယူထားသည့် အ စားအသောက်တို့နှင့် ယှဉ်လျှင်တော့ ကွာခြားမှုကြီးမှာ ကောင်းကင်နှင့် မြေပြင်အလားပင်။
စားပွဲပေါ်ရှိ ဟင်းတစ်ပွဲကပင်လျှင် ဒါရိုက်တာသွမ့် ဝယ်ယူလာသည့် ဟင်းပွဲအားလူံး၏ စုစုပေါင်းတန်ဖိုးထက် များပေသည်။ ဟင်းပွဲအားလုံး၏ ကျသင့်ငွေဆိုလျှင်တော့ ယွမ်သိန်းဂဏန်းလောက်ကတော့ အသာလေးပင်။
လင်းရီကတော့ ခေါင်းသာ ခါရမ်းလိုက်သည်။
၀မ်ထျန်းလုံကတော့ ငါ့ကို သိုသိုသိပ်သိပ်လေးကို ပေးမနေတာပဲဟ....
"ဒါရိုက်တာသွမ့်..ဒေါက်တာလင်းက ဟင်းပွဲတွေ အများကြီး ၀ယ်ထားတာဆိုတော့ အားနာစရာကြီး ...ရှင့်ရဲ့ စေတနာတွေကိုတော့ ကျေးဇူးတင်ပါတယ်...."
သွမ့်ဖန့်၏ အမူအရာ နက်မှောင်သွားခဲ့သည်။
ငါလခွမ်းတဲ့မှ အဲ့တာဘာကိုပြောချင်နေတာ....ငါက မသိရင်ခက်မယ်....
"ရပါတယ်... ကျွန်တော်လည်း ကိစ္စလေးရှိလို့ ပြန်လိုက်ဦးမယ်.... ဒေါက်တာလီတို့ နေ့လည်စာ စားတာကို မနှောင့်ယှက်တော့ဘူး...."
သွမ့်ဖန့် သူမှာယူထားသည့် ပါဆယ်ထုပ်များကို ပြန်သိမ်းရင်း ကသိကအောက်ဖြစ်စွာဖြင့် လီချူးဟန်၏ နားနေခန်းထဲမှ ထွက်သွားခဲ့သည်။
ထို့နောက် နာ့စ်သုံးယောက်၏ ရယ်မောသံတို့မှာ အခန်းထဲ၌ ပျံ့လွင့်လာခဲ့တော့သည်။
ဒေါက်တာလင်းရဲ့ အပြုအမူက မျက်နှာဖြတ်ရိုက်လိုက်တာပဲ မဟုတ်လား...
"ဒါရိုက်တာသွမ့်က ဒုဥက္ကဌရဲ့သားဆိုတော့ ဒေါက်တာလင်းကို ခက်ခဲအောင် လုပ်လောက်မယ်လို့ ထင်လား...."
"အမ်....အဲ့တာက ပြောရခက်တယ်... ငါတော့ ဒါရိုက်တာလင်းအစား ရင်လေးပါတယ်ဟယ်...."
သုံးယောက်သား တီးတိုးပြောနေတုန်း လီချူးဟန် လင်းရီကို ကြည့်လိုက်ပြီး "နင်မှာလိုက်တာက နည်းနည်းလေး များသွားသလိုပဲ... ငါတို့တွေ အတူစားကြမယ်ဆိုရင် စိတ်မရှိဘူးမလား...."
"ဘာဆိုင်လို့ စိတ်ရှိရမှာ...."လင်းရီပြောလိုက်ပြီး "တကယ်လို့ သူတိူ့ လာမယ်မှန်းသိရင် သည့်ထက်တောင် ပိုမှာလိုက်ဦးမှာ....."
"ဟေ့ အဲ့မှာပဲ ထိုင်မနေကြနဲ့လေ... ဒေါက်တာလင်းက ဒီနေ့ နင်တို့ကို နေ့လည်စာ ကျွေးမယ်တဲ့...."
"ညီမတို့ကော စားလို့ရတယ်ပေါ့နော်...."
"ဘာလို့ မရရမှာ.... လာခဲ့ အတူတူစားကြမယ်...."
"ဟီးဟီး... အဲ့လိုဆို အားမနာတော့ဘူးနော...."
ယခုလို အခြေအနေမျိုးတွင်တော့ အတုံးအဆုံးလူပင်လျှင် တစ်ယောက်တည်းစားရန် ရွေးချယ်လိမ့်မည် မဟုတ်ချေ။
နာ့စ်သုံးယောက်မှ သူမတို့၏ နေ့လည်စာဗူးလေးများကို သယ်ဆောင်လျက် နောက်ဘက်ရှိခုံမှ ထလာခဲ့ကြ၏။ ထို့နောက် ငါးယောက်သား ဝိုင်းဖွဲ့လိုက်ကြပြီး ပွဲတော်တည်ကြတော့သည်။
"ဒေါက်တာလင်းကျွေးတာတွေ စားပြီးပြီဆိုတော့ နင်တို့ နောက်ကျရင် ဒေါက်တာလင်းနဲ့ သေချာလေး ပူးပေါင်းပေးရမယ်နော်...."
"ပြဿနာမရှိဘူး...."ယွမ်စီးချီမှ ပြောလိုက်ပြီး "ခုကစပြီးတော့ ကျွန်မက ဒေါက်တာလင်းရဲ့ အချိန်ပြည့် နာ့စ်လေးပဲ...."
"ဒေါက်တာလင်းက နေ့လည်စာမကျွေးရင်တောင်မှ ညီမတို့က ကူညီဖို့ ဆန္ဒရှိပြီးသားပါနော်..."
"နင်တို့ကတော့လေ....."လီချူးဟန် ပြုံးလျက် ခေါင်းခါရမ်းလိုက်သည်။
နေ့လည်စာစားပြီးနောက် လင်းရီနှင့် လီချူးယွမ်တို့ထံတွင် အရေးကြီးကိစ္စပြောစရာရှိကြောင်း သတိထားမိတော့ နာ့စ်သုံးယောက်မှာ သူမတို့ နေ့လည်စာကို လျှင်မြန်စွာ အဆုံးသတ်ပြီး ကျန်သည့်ဟင်းပွဲများကို ပြန်သိမ်းကာ နားနေခန်းထဲမှ ထွက်ခွာသွားကြ၏။
"နင် မအိပ်ချင်တာ သေချာတယ်နော်...."
"ဒါပေါ့... "လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ခုနက ခေါင်းစဉ်ကို ဆက်ကြတာပေါ့... ခွဲစိတ်ရမယ့် လူနာက ဘယ်သူကြီးလဲ.... "
"စစ်ဦးစီးမှူး....."
ဖူး....
လင်းရီ သွေးအန်လုနီးပါး ဖြစ်သွားခဲ့ပြီး " အတည်ကြီးလား..."
"ဒါပေါ့... အတည်ပြောနေတာ... မနက်ဖြန် ဥက္ကဌနှစ်ယောက်က အဓိကခွဲစိတ်ကြမှာ... ငါကတော့ အကူအညီပေးရုံသပ်သပ်ပဲ....."
"ဖြစ်သင့်ပါတယ်... ဒီလိုရာထူးကြီးတဲ့သူကို ကိုင်တွယ်ရမယ်ဆိုတော့ ဆေးရုံတစ်ခုလုံး သေချာလေး ဂရုစိုက်သင့်တယ်လေ...."လင်းရီ ပြောလိုက်၏။
"ခွဲစိတ်ရမယ့်အပိုင်းက သတိထားရမယ်ဆိုပေမယ့် ငါတို့ ကိုင်တွယ်နိုင်တယ်... ငါအဓိက စိတ်ပူနေတာက ချုပ်တဲ့ အပိုင်းကိုပဲ.... "
"အဲ့အပိုင်းကိုကျ ဘယ်သူတာ၀န်ယူထားတာ...."
"ဟွာရှရဲ့ ထိပ်တန်းနှလုံးအထူးကု သမားတော်သွမ့်..."
"သူက ဘာပြောလဲ...."
"သူပြောတာက အရမ်းကြီး မခက်ခဲတော့ ဘာပြဿနာမှ မရှိဘူးတဲ့....ဒါပေမယ့် ငါက မေရိုဆေးခန်းမှာ ဒီလိုလူနာမျိုးတွေနဲ့ ကြုံခဲ့ဖူးတယ်....သူတိူ့ ချုပ်တဲ့ နည်းလမ်းတွေက သမားတော်သွမ့် ရှင်းပြတာတွေနဲ့ တခြားစီပဲ... ငါက အဲ့တာကို စိုးရိမ်နေတာ....."
လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး "လူနာရဲ့ အခြေအနေကြောင်း အရင်ပြောကြတာပေါ့..."
"နှလုံးဧရိယာမှာ အန်နျူရမ်ဇမ်(Aneurysm)တစ်ခု ရှိတယ်....ပြဿနာက အဲ့ဒီ ဧရိယာရဲ့ အထက်က အရမ်းထူတဲ့အလွှာကို ခွဲစိတ်ဖို့ လိုအပ်နေတာပဲ...."
လီချူးဟန် ဖိုင်တွဲကို ယူလိုက်ပြီး "အေအောတစ် နံရံမှာ အလွှာသုံးခုရှိတယ်...အတွင်းပိုင်း အမြေးပါး ၊ ကျုံ့နိုင်ဆန့်နိုင်တဲ့ အလယ်ပိုင်းနဲ့ အပြင်ဘက်အလွှာ...ခုကအတွင်းပိုင်း အမြှေးပါးရဲ့ အေအောတစ်နံရံမှာ အနာလာဖြစ်နေတာ....ဒါက ခန္ဓာကိုယ်တစ်လျှောက်လုံးမှာ ပုံမှန်အတိုင်း စီးဆင်းနေတဲ့ သွေးတွေကို အနာဆီဖြတ်သန်းပြီးတော့မှ အလယ်အလွှာကို စီးဆင်းသွားစေလိမ့်မယ်... စုပြုံလာတဲ့သွေးတွေက ပင်မသွေးလွတ်ကြောကို ဆက်လက်ပြန့်ကားသွားပြီး အေအောတစ်နံရံကို မူလရှိရင်းစွဲအထူထက် ခြောက်ပုံတစ်ပုံလောက် ပါးသွားစေလိမ့်မယ်…ဒီအချိန်မှာ တုန်ခါမှုလေး အနည်းငယ် ရှိလာခဲ့ရင်တောင်မှ လူနာရဲ့ သွေးဖိအားကို တဟုန်ထိုးဆောင့်တက်စေပြီးတော့ လူနာကို တစ်မိနစ်အတွင်း ကိစ္စ ချောသွားစေနိုင်တယ်…. ဒါကြောင့်မို့ ငါတို့ကတော့ အနာဖြစ်တဲ့ သွေးကြောနေရာမှာ သွေးကြောအတုကို အစားထိုးပြီး ကုသဖို့ စီစဉ် ထားတယ်..."
ခွဲစိတ်ကုသမှု၏ ခက်ခဲပုံကို သတိထားမိတော့ လင်းရီ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
"မပြီးသေးဘူး... နောက်ထပ်အန္တရာယ်ဖြစ်နိုင်ချေ နှစ်ခုရှိသေးတယ်.... ပထမက လူနာရဲ့ ကိုယ်အလေးချိန်.. ပေါင်၁၈၀ ရှိတယ်ဆိုတော့ အ၀လွန်နေတယ်လို့ သတ်မှတ်လို့ရတယ်... အဲ့တာကလည်း ခွဲစိတ်ကုသတဲ့ အချိန်မှာ ခက်ခဲစေတဲ့ တစ်ချက်ပဲ... "
"နောက်တစ်ခုကကျတော့ သွေးကြောချုပ်တာ....ဒီခါ သွေးကြောအတုကို ချုပ်တာက အရေးကြီးဆူံးအပိုင်းဖြစ်သွားပြီ...တကယ်လို့ ချုပ်နေရင်း သွေးထွက်မယ်ဆိုရင် တစ်မိနစ်အတွင်း သွေး ၅၀၀ မီလီလီတာလောက် ဆုံးရှုံးသွားနိုင်တယ်...."
လီချူးဟန် ပခုံးတွန့်လိုက်ပြီး "အဲ့လိုဆို ခွဲစိတ်ခန်း စားပွဲပေါ်က မဆင်းခင် သူသေမှာပဲ...."
ထို့နောက် နောက်ထပ် ဖိုင်တစ်ချို့ကို ဆွဲယူ၍ လင်းရီထံကမ်းပေးကာ "ငါ့ခန့်မှန်းထားသလောက်ကတော့ ဒီရဲ့ ခွဲစိတ်မှုမှာ ချုပ်ရမယ့်အမှတ်တွေက ၂၄၀ ကနေ ၃၀၀ လောက်အထိ ရှိမယ်....တစ်မှတ်ကလေး လွဲသွားရင်တောင် ကြိုးစားထားသမျှ အားလုံးက အကုန် သဲထဲရေသွန်ပဲ...."
ဟစ်....
"ဒါကြီးက သေအောင် ခက်တာပဲဟ...."
"နင့်မှာ ယုံကြည်ချက်မရှိဘူးလား....."
"လူပါဆို အမှားတော့ရှိနိုင်တာပဲလေ... ဘုရားမှပဲ ၂၄၀ နဲ့ ၃၀၀ အတွင်းရှိတဲ့ ချုပ်မှတ်တွေကို မမှားမှာ...."
စနစ်မှ သူ့ကို ဆရာအဆင့် ချုပ်ရိုးနည်းစနစ်ကို ချီးမြင့်ထား၏။
တစ်နည်းအားဖြင့်ဆိုသော် သူ၏ စကေးမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးပင်။
သို့သော်လည်း အကောင်းဆုံးဖြစ်သည်ဆိုသော်ငြား သူသည် လူသားတစ်ယောက်ဖြစ်၏။ စက်ပစ္စည်းတစ်ခုမဟုတ်ပေ။ အမှားလုပ်မိကောင်း လုပ်မိနိုင်ပေသည်။
ထိုအချက်ကိုလည်း လင်းရီမှ အစိုးရွံ့ဆူံးဖြစ်၏။
"နင့်ငါ့ကို ဘယ်လိုလုပ်သင့်လဲ အကြံလေးဘာလေး မပေးတော့ဘူးလား... ဖြစ်နိုင်ချေရှိမရှိ စဉ်းစားကြည့်ကြတာပေါ့...."
"ခင်များ ကျုပ်ကို ယုံနိုင်မှာလား...."
"နင့်ရဲ့ စကေးတွေက အတော်လေးမဆိုးဘူး... အနည်းဆုံးတော့ ငါ့ထက်ကောင်းတယ်....ဒါကြောင့်မို့ ငါစမ်းကြည့်ကြည့်မလို့.... "လီချူးဟန် ပြောလိုက်ပြီး "ဒီထက်ပိုကောင်းတဲ့ နည်းလမ်းလည်း ငါထက်မရှာနိုင်တော့ဘူး.... ဘာလို့လဲဆိုတော့ လူနာရဲ့ ထူးခြားတဲ့ အဆင့်အတန်းကြောင့်မို့ နိုင်ငံခြားက ဆရာ၀န်တွေ ငှားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ...."
"အိုကေ... အဲ့တာဆို ကျွန်တော် ဒေါက်တာလီကို အစီအစဉ်တစ်ခုပေးမယ်... သင့်လျော်မယ်ထင်ရင် သုံး... မသင့်လျော်ဘူးထင်ရင်လည်း မသုံးနဲ့ပေါ့...."
"ပြဿနာမရှိဘူး..." လီချူးဟန် မတ်တပ်ရပ်လိုက်ပြီး "နင်ဒီည အရေးပေါ်ဌာနမှာ ညဆိုင်းဆင်းဖို့ မလိုတော့ဘူး... တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ရီပို့ရေးလိုက်... မဟုတ်လည်း အိမ်ပြန်ပြီးရေးပေါ့.... နင်ကြိုက်သလိုသာလုပ်...."
"အဲ့တာဆို အိမ်ပဲသွားလိုက်မယ်...."
"အိုကေ...."
လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး "နင်ထွက်သွားတဲ့အချိန်ကျ တံခါးပိတ်သွားဦးနော်....ငါမနေ့ညက မအိပ်ထားတော့ မျက်လုံးတွေကမရတော့ဘူး... အရမ်းအိပ်ချက်နေပြီ..."
"အိုကေ...."
လင်းရီ လှည့်ပြီး ထွက်လာခဲ့လိုက်သည်။ ထို့နောက် သူ၏ သာမန် အ၀တ်အစားများကိုလဲကာ အိမ်သို့ ထွက်လာခဲ့ပြီး လီချူးဟန်ပေးသည့် တာ၀န်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် အဆင့်သင့်ပင်။
လင်းရီတစ်ခါမျှ မဆုံဖူးသည့်လူနာမှာ သာမန်အဆင့်အတန်းထက် သာလွန်နေလိမ့်မည်လို့တော့ ထင်မထားချေ။
သို့တိုင်အောင် လူ့အသက်နှင့် စပ်လျဉ်းသည့်ကိစ္စဖြစ်၍ သူပေါ့ပြက်ပြက်တော့ မလုပ်ဝံ့ချေ။
အိမ်သို့ရောက်သည်နှင့် စားပွဲပေါ်တွင် စာရွက်တစ်ရွက်ကိုယူကာ ကျီချင်းရန်နှင့် ဖုန်းပြောချင်းမှလွဲ၍ ရီပို့ကို အာရုံစူးစိုက်မှုအပြည့်နှင့် စတင်ရေးတော့သည်။
ညသန်းခေါင် မတိုင်မီ ပြီးမြောက်သွားပြီး လီချူးဟန်ထံ ပို့ပေးလိုက်တော့၏။
လင်းရီ ကျောဆန့်ပြီးနောက် ရေချိုးတော့မည့်အချိန်တွင် လီချူးဟန်ထံမှ ဖုန်း၀င်လာခဲ့၏။
"ဒီ ရီပို့ကို နင့်ဘာနင် ရေးထားတာလား...."
"ဒါပေါ့... အိမ်မှာ ကျွန်တော်တစ်ယောက်တည်းကလွဲရင် ဘယ်သူကမှ မရှိတာ...."
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက် လီချူးဟန်မှ "ဒီရီပို့က အရမ်းကို ပြောမြောက်လွန်းတယ်....”