လျှောက်မသွားနေနဲ့ ဖုန်းကိုလည်းဖွင့်ထား...
Vol. 26 Ch. 387
" အစ်ကို နင်ဘာပြောချင်နေတာ...."
"ဟမ့် မင်းကပဲ မေးရတယ်ရှိသေး.... ကိုယ့်ဘာကိုယ်ပဲ ကြည့်ကြည့်လိုက်...."
သူ့ရှေ့ရှိ ထိုင်နေသူမှာ သူ့ညီမဖြစ်ကြောင်း ဂရုမစိုက်နိုင်တော့ပဲ ချောင်ရှန့်ယွီ၏အမူအရာမှာ လုံး၀ကို အုံ့မှိုင်းနေလေသည်။ သူလက်တော့ပ်ကို ချောင်ရှန့်ယွီဘက်သို့ လှည့်ပြလိုက်၏။ စခရင်ပေါ်ရှိ စာသားများကို မြင်သည့်အချိန်တွင်တော့ ချောင်ကျင်းချိုးမှာ လုံး၀ ကြက်သေသေသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် တရား၀င် ပိုင်ဆိုင်သူနေရာ၌ ချင်းဟန်၏ အမည်ကို ထင်းနေအောင် ရေးသားထားသောကြောင့်ပင်။
"ဒါ...ဒါ... ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာ....."
ချောင်ကျင်းချိုး မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ပြီး ဖြစ်ပျက်နေသည်များကို နားလည်နိုင်ခြင်း မရှိတော့ချေ။
လင်းယွမ်အုပ်စု၏ ဘော့စ်မှာ လင်းရီဖြစ်ကြောင်း သူမ မိုးနှင့်မြေကို သက်သေထူ၍ ပြောနိုင်လေသည်။ မဟုတ်ပါက သူမနှင့်အတူ ရင်းနှီးမြုပ်နှံဖို့ ဆွေးနွေးလိမ့်မည် မဟုတ်ချေ။
'တရား၀င်ပိုင်ဆိုင်သူက ဘယ်လိုလုပ်ပြီး ချင်းဟန် ဖြစ်သွားခဲ့တာလဲတဲ့....'
"မဖြစ်နိုင်ဘူး...ဒါလုံး၀ မဖြစ်နိုင်ဘူး.....လင်းယွမ်အုပ်စုရဲ့နောက်ကွယ်သူဌေးကြီးက လင်းရီဆိုတာ ကျွန်မ အာမခံနိုင်တယ်...."
"အဲ့တာဆို ဒီ ၀က်ဆိုဒ်ကပဲ မှားနေတယ်ပေါ့...."ချောင်ရှန့်ယွီ အေးစက်စွာ မေးမြန်းလိုက်ပြီး "မင်းကပဲ ငါ့ကို ကောင်းကင်မျက်လုံးမှာ ရှာကြည့်ဖို့ ပြောတယ်....ခုကျတော့ ဒီထဲက သတင်းအချက်အလက်တွေကို မယုံခိုင်းပြန်ဘူး....မင်းငါ့ကို လာစားနေတာလားကွ...."
ချင်းဟန်၏ နာမည်ကို စူးစိုက်ကြည့်ရင်း သူမ ထင်ယောင်ထင်မှားဖြစ်နေသည့်အလား ခံစားနေရသည်။ သူမ၏ ဦးနှောက်မှာ လျှင်မြန်စွာ အလုပ်လုပ်နေပြီး အဘယ်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသွားကြောင်း အသည်းအသန် အဖြေရှာကြည့်နေတော့သည်။ သူမ မလာခင်က လင်းယွမ်ကုမ္ပဏီ၏ ဘော့စ်မှာ လင်းရီဖြစ်ကြောင်း အတည်ပြုထားခဲ့ပြီးယခုတော့ ချင်းဟန်ဟု စာလုံးအမည်းဖြင့် အထင်းသား ရေးထားသည်ကို မြင်တွေ့နေရ၏။
'ခုမှ ဘယ်လောက်ကြာသေးလို့...နာရီ၀က်လားပဲ... အဲ့တာကို ဘယ်လိုလုပ်ပြီး ဒီလိုတွေ ပြောင်းလဲကုန်တာ...'
အကယ်၍ လင်းရီတွင် အာဏာပါဝါတို့ရှိလျှင်တောင် တရား၀င်ပိုင်ဆိုင်သူ၏ အမည်ကို နာရီ၀က်နှင့် ပြောင်းလဲဖို့ရာ မည်သို့မျှ မဖြစ်နိုင်ချေ။
'သူ ဘယ်လိုတွေ လုပ်လိုက်တာပါလိမ့်.....'
"ငါ့ရဲ့ ချစ်လှစွာသော ညီမလေး... မင်းက မင်းအစ်ကိုရဲ့ ရည်ရွယ်ချက်တွေကို သံသယ၀င်နေတာလား....."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "မင်းက ခု ကိုယ်ပိုင်ကုမ္ပဏီတစ်ခုလည်း တည်ထောင်ထားတယ်... နောက်ပြီး မင်းက နောင်ကျရင် ယောက်ျားကလည်း ယူရဦးမှာ.... Cisco ကို မင်းလက်ထဲထည့်လိုက်တာက သူများကို ပေးလိုက်တာနဲ့ ဘာမှ မခြားတော့ဘူးမဟုတ်လား....ဒါတောင်မှ ဘာလို့ မင်းအစ်ကို ကို လက်ခံပေးဖို့ ဘာလို့ ဒီလောက်ထိ ခက်ခဲနေတာ....ဒါမှမဟုတ် မင်းအစ်ကိုရဲ့ အောင်မြင်မှုတွေကို လက်သင့်မခံနိုင်ဘူး ဖြစ်နေတာလား.....ချောင်မိသားစု၀င် တစ်ယောက်အနေနဲ့ မင်းဒီလိုလုပ်တာကြီးက သဘောထားသေးသိမ်လွန်းရာ မကျလွန်းဘူးလား....."
"ကျွန်မ ဘယ်တုန်းကမှ သဘောထား မသေးသိမ်ခဲ့ဖူးဘူး...."ချောင်ကျင်းချိုး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး "ကျွန်မ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ပြီးကတည်းကနေ Cisco ကို လက်လွှဲယူဖို့ စဉ်းကိုမစဉ်းတော့တာ.... ကျွန်မ ခုလုပ်နေသမျှကလည်း ချောင်မိသားစုကို တတ်နိုင်သလောက် ကာကွယ်ဖို့ပဲ....."
"ဟက် ကာကွယ်တယ်....."ချောင်ရှန့်ယွီ နှာခေါင်းရှုံ့ပြီး ချောင်ကျင်းချိုးကို ကြည့်လိုက်သည်။ သူ၏ အကြည့်များထဲတွင်တော့ စက်ဆုပ်ရွံရှာမှုများ အထင်သေးမှုများနှင့် ပြည့်နှက်နေပြီး ညီမအရင်းကို ကြည့်သည့်အကြည့်ဟူ၍ပင် ယုံရန်ခက်ခဲလှ၏။
"ငါ့ကို Sci-tech နဲ့ OEM စာချုပ်ကို ရပ်ဆိုင်းပြီးတော့ အော်ဒါတွေကို အချိန်မှီ မပို့နိုင်ပဲ စာချုပ်ကတိချိုးဖောက်တဲ့အတွက် လျော်ကြေးအကြီးစား ပေးရအောင်လုပ်တာက မင်းပြောတဲ့ ကာကွယ်မှုကြီးပေါ့....."
ချောင်ရှန့်ယွီကတော့ နိုင်ကွက်ကို တွေ့သွားသည့်အတွက် နာနာနှိပ်ကွတ်ကာ ချောင်ကျင်းချိုးကို စကားပြန်ပြောရန် အခွင့်အရေးပင်မပေးဘဲ "ဒါမှမဟုတ် မင်းက ငါ့ကို ဒီလိုတွေဖြစ်အောင်လုပ်ပြီးတော့ ငါ့အကြံအစည်တွေကို ဖျက်ဆီးဖို့ကြံနေတာလား....အဲ့ခါကျ အဖေကလည်း မင်းကို ဘက်လိုက်ပြီးတော့ မိသားစုထဲမှာလည်း မင်းရဲ့ ဂုဏ်သတင်းကို တည်ဆောက်ပြီးသား ဖြစ်သွားမယ်လေ...မင်းအဲ့လိုလုပ်ချင်နေတာမလား..."
"နင်ဘာတွေ လာပြောနေတာ....ငါတို့က သွေးရင်း မောင်နှမတွေလေ.... ငါ့စိတ်ဓာတ်က အဲ့လောက်ထိ မယုတ်ညံ့ဘူး....."
ချောင်ကျင်းချိုး ဒေါသထွက်စွာဖြင့် အသားများ တဆတ်တဆတ်တုန်နေပြီး သူမ၏ နှုတ်ခမ်းနီပင်လျှင် ဖြူဖျော့နေသည့် နှုတ်ခမ်းသားတို့အား ဖုံးကွယ်ရန် မစွမ်းသာတော့ချေ။
"အဲ့တာဆို မင်း ဒီကိစ္စကို ဘယ်လိုလုပ်မှာ....လက်သင့်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲ.... "
"ဟင်း....."ချောင်ကျင်းချိုး သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဒီလိုတွေဖြစ်လာမှတော့ ကျွန်မဘက်ကလည်း ပြောစရာစကားမရှိတော့ဘူး....ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့...."သူမ၏ အသံမှာ နဂိုအတိုင်း အေးစက်စက်ပြန်ဖြစ်သွားခဲ့သည်။
ယခုလိုအခြေအနေမျိုးတွင် သူမဘာပြောပြော အသူံး၀င်လိမ့်မည် မဟုတ်ကြောင်း ချောင်ကျင်းချိုး နားလည်ပေသည်။ ကိစ္စများမှာ ရှင်းပြရန် ခက်ခဲလှပြီး သူမလက်ထဲတွင် သက်သေတစ်စုံတစ်ရာလည်း မရှိစောကြောင့် အလျှော့ပေးထားလိုက်တော့သည်။
"အစ်ကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်...."
ထိုသို့ပြောပြီးနောက် သူမ လက်ဆွဲအိတ်ကို ယူကာ တုံ့ဆိုင်းခြင်းမရှိ ရုံးခန်းထဲမှ ထွက်လာခဲ့၏။
ကားထဲတွင်တော့ ချောင်ကျင်းချိုး တစ်မိနစ်မျှ အသက်ပြင်းပြင်းရှိုက်ရင်း စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သိူ့သော် သူမ ပြဿနာ၏ အရင်းအမြစ်ကို စဉ်းစားမရသေးချေ။
သူမ ဖုန်းကို ကောက်ကိုင်ပြီး သူမအဖေထံ ခေါ်ဆိုလိုက်၏။
"ကျင်းချိုးလား... အဖေလည်း ခုလေးတင် ဖုန်းခေါ်မလို့ လုပ်နေတာ....."
"ဟုတ်လား အဖေက ဘာလဲပြောမလို့....."ချောင်ကျင်းချိုး ဆွေးနွေးရန် အလျင်မလိုပဲ အရင်မေးမြန်းလိုက်သည်။
"သမီးအစ်ကို ခုလေးတင် ဖုန်းဆက်လာတယ်... သမီးသူ့ဆီ ရောက်လာခဲ့သေးတယ်ဆို....."
"အင်း...."
ချောင်ကျင်းချိုး မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။ မကောင်းသည့် ခံစားချက်က သူမရင်ထဲ ပျံ့နှံ့လာလေသည်။
"အစ်ကိုက ဘာပြောလဲ...."
"ဟားဟား.... ဟိုလို ထွေထူးကိစ္စကြီး မဟုတ်ပါဘူးကွာ...."ချောင်ကျားတုံး အပြုံးလေးဖြင့် ပြောလိုက်ပြီး "လတ်တလော အဖေတို့ Cisco က အတော်လေး အဆင်ပြေနေတယ်.... သမီးအစ်ကိုရဲ့ ကြိုးပမ်းမှုတွေ အများကြီးပါတယ်လို့လည်း ဆိုရမှာပေါ့....ဒီတော့ သူ့ကို ဘာမှ စိတ်ပူမနေနဲ့.... ဒါနဲ့ သမီးရဲ့ မီဒီယာကုမ္ပဏီကကော အခြေအနေဘယ်လိုရှိလဲ...အဖေကူညီပေးရဦးမလား....."
"အဖေက သမီးကို အဲ့တာပြောဖို့ ခေါ်မလို့ပေါ့....."
"အင်း... အရေးကြီးတာတော့ မဟုတ်ပါဘူး..... သမီးအဆင်ပြေမပြေ အဲ့တာ အခြေအနေလေး သိချင်လို့...."
"သမီးဘက်ကတော့ အဆင်ပြေပါတယ်.... ဘာမှ စိတ်ပူဖို့ မလိုဘူး...."
"ဟုတ်ပါပြီ... ဒါနဲ့ အဖေ့ကို ဖုန်းခေါ်လိုက်တာက ဘာပြောမလို့လဲ....."
"ဘာမှ မဟုတ်တော့ဘူး.... ခုအဆင်ပြေသွားပြီ...."
ချောင်ကျင်းချိုး ဖုန်းချလိုက်ပြီး ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် ထိုင်ခုံနောက်သို့ စိတ်ပျက်အားလျော့စွာဖြင့် မှီလိုက်ပြီး "လင်းရီက အဖေတို့ကို အနှေးနဲ့အမြန် အဆုံးသတ်တော့မှာဆိုတာကို အဖေတို့သိလား.....ဟင်း....."
..........
ကျိုကျုံးဗီလာတွင်။
ချောင်ကျင်းချိုးကိစ္စစီစဉ်ပြီးနောက် လင်းရီ ဟွာရှန်းဆေးရုံသို့ ထွက်လာခဲ့၏။
သူ ဆေးရုံသို့ ၀င်၀င်ချင်း လေထုမှာ မနေ့ကနှင့် ကွဲပြားနေပြီး အများကြီး သိပ်သည်းဖိစီးနေကြောင်း ခံစားနေရသည်။
ပါကင်ထိုးသည့်နေရာတွင်တော့ အဖြူအမည်း စစ်တပ် လိုင်စင်နံပါတ်ပြားများနှင့် ဂျစ်ကား၊ အော်ဒီ A6 များ ထိုးရပ်ထားသည်။ လိုင်စင်နံပါတ်ပြားများက်ု မြင်တော့ လင်းရီ အထူးလူနာကို ပြေ့းမြင်ယောင်မိသွားသည်။
အဲ့ဒီလူနာကြောင့် စစ်သုံးကားတွေ ထိုးရပ်ထားတာနေမှာ....
သို့သော်လည်း အလွန်အမင်း မျက်စိဖမ်းစားနေသည့် အနီရောင် Civic တစ်စင်းလည်း ထိုးရပ်ထားသေး၏။
၎င်းကိုယ်ပေါ်ရှိ အနီရောင် လိုဂိုလေးကတော့ Type R ဖြစ်ကြောင်း ပြောပြနေလေသည်။
သွင်ပြင်သဏ္ဌာန်မှာ သာမန် Civics တို့နှင့် မကွာခြားလှသော်လည်း ဈေးနှုန်းပိုင်းတွင် အကြီးကြီး ကွာဟသွားခဲ့သည်။
Civic Type R များကို ဟွာရှတွင် ယွမ် ၈ သိန်းဖြင့် ရောင်းချလျက်ရှိပြီး ယင်းပမာဏက အနိမ့်ဆုံး ပြိုင်ကားတစ်စီး ၀ယ်ရန် လုံလောက်လေသည်။
"နိုင်ငံထဲက လူနည်းစုတွေလောက်ပဲ ဒီလိုကားမျိုး စီးကြတော့တာ..."
လင်းရီ သူ့ရှာရီကို ပါကင်ထိုးရင်း ရေရွတ်လိုက်၏။ ထိုအချိန်တွင် ရှန်းထျန်းကျိုး၏ ရီပို့မှာ ရောက်လာခဲ့လေသည်။
အောက်ဆုံးတွင်တော့ တီထွင်သူများထဲမှ တစ်ဦးအနေဖြင့် လင်းရီ လက်မှန်ထိုးရန် အသိပေးစာများ ရေးသားထားသည်။
လင်းရီလည်း အချိန်တွေအားနေသောကြောင့် အစီရင်ခံစာကို တစ်ချက်လောက် ဖတ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
လင်းရီ ကြည့်ရင်းကြည့်ရင်းဖြင့် ရှုပ်ထွေးလာမှုတို့ကို ခံစားလာရ၏။ လက်တွေ့ အသုံးချကြည့်မှသာလျှင် နားလည်နိုင်ပေလိမ့်မည်။
ပါ၀င်သည့် ခေါင်းစဉ်များကတော့ ရှုပ်ထွေးပွေလီလွန်းပြီး သူကဲ့သို့ ချစ်ပ်နယ်ပယ်တွင် ဆရာတစ်ဆူဖြစ်သူပင်လျှင် နားမလည်နိုင်ချေ။
လင်းရီ လုရင်းနှင့် စွန်းဖုယွီ၏ အစီရင်ခံစာကို ဖတ်ရှုစဉ်က ထိုသို့ ခံစားချက်မျိုး မရရှိခဲ့ပေ။
သို့နှင့် လင်းရီလည်း အကြမ်းဖျင်း ဖတ်ကြည့်ရုံမျှသာ ဖတ်လိုက်သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် အီးမေးကိုပိတ်ကာ ရှန်းထျန်းကျိုးထံ ဖုန်းခေါ်လိုက်၏။
"ဘာလဲဖြစ်တာ...အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ တစ်ခုခုလွဲနေလို့လား..."
"ဒါရိုက်တာရှန်း ကိုယ်တိုင်လုပ်မှတော့ ဘယ်နားက လွဲနိုင်မှာ... "လင်းရီ ပြောလိုက်ပြီး "ကျုပ်က အစီရင်ခံစာရဲ့ အောက်ဆုံးမှာ အတိုင်ပင်ခံဆိုတဲ့ နေရာလေးတစ်ခု ထပ်ဖြည့်ချင်လို့...လုရင်းကို အဲ့တာလေး လုပ်ပြီးရင် ကျုပ်ဆီပြန်ပို့ပေးဖို့ ပြောပေးပါဦး...."
"အသေးမွှားလေးပါ... ငါလုပ်ပြီးရင် ပို့လိုက်မယ်...."
"ရပါတယ်... မလောပါနဲ့..."
လင်းရီ အဘယ်ကြောင့် ယခုလိုလုပ်ချင်နေမှန်း ရှန်းထျန်းကျိုး မသိသော်လည်း အထူးတလယ်လုပ်၍ ဂရုစိုက်မနေချေ။ သူ၏ အလုပ်မှာ သုတေသနကို တိုးတက်အောင်လုပ်ရန်သာဖြစ်သည်။
မကြာမီ ပြုပြင်ထားသည့် အစီရင်ခံစာ ပြန်ရောက်လ ခဲ့လေသည်။ လင်းရီကတော့ ဖွင့်မကြည့်တော့ပဲ နှလုံးအထုးကု ဌာနသိူ့သာ တန်းသွားလိုက်၏။
အလှည့်ကျ အဆိုင်းဆင်းရသည့် တာ၀န်အရ ယနေ့မှာ သူ၏ နားရက်ဖြစ်ပြီး အရေးပေါ်ဌာနသို့ သွားရန် မလိုအပ်ပေ။
သို့သော်လည်း စနစ်မစ်ရှင်မှာ အလုပ်လုပ်နေစဉ်အတွင်း ပေါ်လာတတ်သောကြောင့် ဌာနသို့ သွား၍ လီချူးဟန်ထံ အလုပ်တောင်းရပေမည်။
သူရောက်သည့် အခ်ျန်တွင်တော့ ဌာနတစ်ခုလုံးမှာ အလုပ်ကိုယ်စီရှုပ်နေကြပြီး ချောင်ရှင်းမှလွဲ၍ သူနှင့် ရင်းနှီးသူ တစ်ဦးတစ်ယောက်မျှလည်း မရှိချေ။
ချောင်ရှင်းလည်း ယနေ့ သူမအပေါ် အထက်လူကြီးများ အမြင်ကောင်းရှိစေရန် အလို့ငှာ နားရက်တွင် တခဏစာ အနားယူပြီး ဌာနသို့ရောက်လာခဲ့သည်။
"အစ်ကိုလင်း ရောက်လာပြီပေါ့..."လင်းရီကို မြင်သည့် အခ်ျိန်တွင် ချောင်ရှင်း အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒေါက်တာလီကော... ငါတို့ ဒီနေ့ ဘာလုပ်ရမှာလဲတဲ့...."
"ညီမလည်း ခုမှရောက်တာ.. ဒေါက်တာလီကို မမြင်မိသေးဘူး..."
"ဒါပေမယ့် ပြောသံကြားတာတော့ ဒီနေ့ အရေးကြီးတဲ့ ခွဲစိတ်မှုရှိတယ်ဆိုလားပဲ...ဒေါက်တာလီ လာပါ့မလားတောင် မပြောတတ်ဘူး...."
"အင်း... အဲ့တာဆိုလည်း ဒီမှာပဲ နေကြတာပေါ့..."
မကြာမီ လီချူးဟန် အပြင်မှ ၀င်လာခဲ့ပြီး ချောင်ကျား၀မ်နှင့် ကျိုးဇီချန်းတို့လည်း နောက်မှ လိုက်လာခဲ့လေသည်။
လင်းရီကို မြင်သည့်အချိန်တွင်တော့ ကျိုးဇီချန်း မောက်မာစွာပြုံးလိုက်ပြီး လူတိုင်းကို သူ့အောက်နိမ့်ကျသည့်ပမာ အထင်သေးသည့်အမူအရာအား ပန်ဆင်ထား၏။
"ဒေါက်တာလီ..."လီချူးဟန်ကို မြင်တော့ ချောင်ရှင်းမှ နှုတ်ခွန်းဆက်လိုက်သည်။
"နင်တို့ မနေ့က ညဆိုင်း ဆင်းပြီးပြီမဟုတ်လား... အိမ်မှာ မအိပ်ပဲ ဒီဘာလာလုပ်တာ..."
"ကျွန်မ အိပ်ရေး၀သွားလို့လေ... ဒါကြောင့်မို့ စောစောလာပြီး စီနီယာတွေဆီကနေ အတွေ့ကြုံလာယူတာ...."
"နင်တို့ နှစ်ယောက်က ဒီနေ့ ဘာအဆိုင်းမှမရှိဘူး....တကယ်လို့ ဘာမှ လုပ်စရာ မရှိဘူးဆိုရင်လည်း အရေးပေါ်ဌာနကို သွားလိုက်ကြ.. မောရင်နားပေါ့... ကြိုက်သလိုသာဆုံးဖြတ်ကြ..."
"ဟုတ်ကဲ့ပါ ဒါရိုက်တာလီ..."
"ဟင်း... မနာလိုလိုက်တာကွာ... မင်းတို့က ဒီနေ့ ဘာတာ၀န်မှ မရှိဘူးဆိုတော့ အရေးပေါ်ဌာနကိုသွားပြီးတော့ အချိန်ဖြုန်းလို့ရတယ်... "
ကျိုးဇီချန်းမှ ပြောလိုက်သည်။
" ငါ့မှာကျတော့ မနေ့ညက ညဆိုင်းလည်း ဆင်းထားရ... ခု ခွဲစိတ်ခန်း၀င်ဖွဲ့အတွက် ဆွေးနွေးခန်းထဲမှာလည်း ထိုင်ရဦးမယ်...အိုက်ယား မျက်ခွံတွေတောင် ဂဲဆွဲထားသလိုပဲ..."
"နင် အဲ့လောက် ပင်ပန်းနေရင်လည်း သွားနားလိုက်လေ... လင်းရီက ဂျူတီမှ မရှိတာ... ငါသူ့ကို ခေါ်သွားလိုက်မယ်..."လီချူးဟန် ပြောလိုက်၏။
ကျိုးဇီချန်း "....."
ဒေါက်တာလီ...ခင်များကျွန်တော် ဟန်ရေးပြနေတာကို ဖျက်ဆီးဖို့ တမင်လုပ်လိုက်တာလား...
"မဟုတ်တာဗျာ.. ကျွန်တော်က ဒီတိုင်းစကားအဖြစ် ပြောတာလေးကို....လုံး၀ မအိပ်ချင်ပါဘူး..."ကျိုးဇီချန်း ကိုးရို့ကားယားဖြစ်စွာဖြင့် ပြောလိုက်သည်။
ချောင်ကျား၀မ်ကတော့ တစ်ခွန်းမျှ မဆိုချေ။ သူ၏ အမူအရာကင်းမဲ့နေသည့် မျက်နှာထားကြောင့် ဘာတွေးနေသလဲဆိုတာကို ခန့်မှန်းရ ခက်စေသည်။
ချောင်ရှင်း သူမ၏ ပစ္စည်းကိရိယာများကို စုဆောင်းရင်း အရေးပေါ်ဌာနသို့ သွားရန် ဟန်ပြင်လိုက်သည်။ လင်းရီလည်း ထို့အတူပင်။
"လင်းရီ...."
လင်းရီ လှည့်ထွက်တော့မည့် အချိန်တွင် နောက်ကျောမှ လီချူးဟန်၏ ခေါ်သံကို ကြားလိုက်ရ၏။
"ဒေါက်တာလီ ဘာလဲပြောမလို့..."
လီချူးဟန် တခဏမျှ တုံ့ဆိုင်းနေပြီးနောက် "လျှောက်သွားမနေနဲ့... ပြီးတော့ ဖုန်းလည်း ဖွင့်ထားဦး...."
"နားလည်ပါပြီ..."
သို့တိုင်အောင် လင်းရီ အနည်းငယ် ရှုပ်ထွေးနေသေးသည်။
လီချူးဟန်က ဘာလဲပြောချင်နေတာ...
နောက်ပိုင်းကျရင် ခွဲစိတ်ဖို့အတွက် သူ့ကို ခေါ်မှာမို့လို့လား...
သူတစ်ခုခုများ လွတ်သွားသေးလား…