ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအား လုပွဲ
Vol. 22 Ch. 294
အခု သည်ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရောက်နေတဲ့ လူငယ်တိုင်းလိုလိုဟာ အားကောင်း ကြပါတယ်။ အဲဒီအတွက် တိုက်ပွဲတိုင်းဟာ ရင်ခုန်စရာပါပဲ။
ဝုန်း ... ဘုန်း ... ဘုန်း ...
စက်ဝိုင်းစင်မြင့်ပေါ်မှာတော့ လူငယ်နှစ်ယောက်ဟာ အကြီးအကျယ် တိုက်ခိုက်နေကြပါပြီ။
သူတို့ရဲ့ ချီအတွင်းအားတွေ၊ လက်နက်တွေရဲ့ ထိပ်တိုက် ရင်ဆိုင်မှုကနေ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲ အားတွေကလည်း အတော်လေး ပြင်းထန်ပါတယ်။
တိုက်ပွဲရဲ့ အနိုင်အရှုံးကို သိရပြီးတဲ့ နောက်မှာတော့ ရှုံးနိမ့်သွားတဲ့ လူငယ်ရဲ့ ကောင်းကင်ငှက် ကျောက်တုံး မဏ္ဍိုင်ဟာ အနည်းငယ် အက်ကွဲသွားပြီး စွမ်းအင်စီးကြောင်း တစ်ခု ထွက်ပေါ်လာကာ အနိုင်ရရှိသူရဲ့ ကောင်းကင်ငှက် ကျောက်တုံး မဏ္ဍိုင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။
' ကျောက်တုံးမဏ္ဍိုင်တွေထဲမှာ သတ်မှတ်ထားတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင် ပမာဏတစ်ခု ရှိနေတာပဲ။ ရှုံးနိမ့်သွားတဲ့ လူတွေရဲ့ ကျောက်တုံး မဏ္ဍိုင်ထဲက ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်း တစ်စိတ်တစ်ပိုင်းဟာ အနိုင်ရတဲ့လူရဲ့ ကျောက်တုံး မဏ္ဍိုင်ထဲကို ရောက်သွားတာပဲ'
လီဖူချန်းက သည်ကျောက်တုံး မဏ္ဍိုင်တွေရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။
ပွဲစဉ် နံပါတ်၂ကတော့ ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံရဲ့ အလှည့်ပါပဲ။
သူ့ရဲ့ ပြိုင်ဘက်ဟာ အားနည်းတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ထိုလူငယ်က ကျားနဂါးစာရင်းမှာ အဆင့်၄၂ ရထားသူ တစ်ယောက်ဖြစ်ပြီး လုရှင်းထုံလို့ အမည်ရပါတယ်။
ရွှီး ... ...
ကျင်ရုတုံရဲ့ လက်နက်ကတော့ အဆစ်၁၀၈ ဆစ်ပါပြီး ၁၀ပေ နီးပါးရှည်တဲ့ ရွှေရောင် ကျာပွတ်ကြီး တစ်လက်ပါပဲ။
ဘန်း ... ...
လုရှင်းထုံဟာ ကျင်ရုတုံရဲ့ ကျာပွတ်ရိုက်ချက်ကို ဘယ်လိုမှ မခုခံနိုင်ခဲ့ပါဘူး။ ကျာပွတ်ရိုက်ချက် တစ်ချက်တည်းနဲ့တင် ပွဲက ပြီးသွားခဲ့ပါပြီ။
" ကြောက်ဖို့ ကောင်းလိုက်တဲ့ ရိုက်ချက် "
လူတွေအားလုံးကတော့ ပါးစပ် အဟောင်းသားနဲ့ ငေးကြည့်နေမိပါတယ်။
" ကံဆိုးလိုက်တဲ့ ကောင်ပါလား ...။ သူ့ရဲ့ ပထမဆုံး ပွဲမှာပဲ ကျင်ရုတုံနဲ့ သွားတွေ့ ရတယ်လို့ "
" အဲဒီကောင်က ပိန်းကို ပိန်းတာပါကွာ…။ ကြယ်ဘုရင်နဲ့ တွေ့တာတောင် အရှုံးမပေးဘူး ဆိုတော့ နည်းတောင် နည်းသေးတယ်။ "
လူအချို့ကလည်း လုရှင်းထုံရဲ့ နုံအမှုကို ကြည့်ပြီး ဝေဖန် ပြောဆိုနေကြပါတယ်။
ကျင်ရုတုံကတော့ သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ပေါ်ကို ပြန်တက် သွားခဲ့ပါပြီ။
ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ လုရှင်းထုံကိုတော့ ရွှေရောင် အလင်းတန်းကြီး တစ်ခုက ပြန်လည် သက်သာလာအောင် ကုသ ပေးလိုက်ပါတယ်။
လုရှင်းထုံကတော့ အခုထက်ထိ ကြောက်လန့်စိတ်တွေ မပျောက်သေးတဲ့ ပုံပါပဲ။ ၃ နှစ်ကြာပြီး သွားတဲ့အခါမှာ သူ့ကိုယ်သူ အရမ်း တိုးတက်လာတယ်လို့ လုရှင်းထုံက မှတ်ယူ ထားခဲ့တာပါ။ အဲဒီအတွက် သူဟာ ကျင်ရုတုံကို မယှဉ်နိုင်ဘူး ဆိုတာကို သိသိရက်နဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရလဒ်ကတော့ ကျာပွတ် တစ်ချက်ပါပဲ။
သက်ပြင်းတစ်ချက် ချအပြီးမှာတော့ လုရှင်းထုံဟာ သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ပေါ်ကို ပြန်ခုန်တက် သွားပါတော့တယ်။ ထို့နောက်မှာတော့ သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ကနေ စွမ်းအင်စီးကြောင်း တစ်ခု ခွဲထွက်သွားပြီး ကျင်ရုတုံရဲ့ ကျောက်တုံး မဏ္ဍိုင်ဆီကို စီးဝင်သွားခဲ့ပါပြီ။
' ဒါက အကြိုကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ အစွမ်းလား' လီဖူချန်းက တွေးနေမိပါတယ်။
ကျင်ရုတုံဟာ လျှို့ဝှက်နည်း စနစ်ကိုတောင် အသုံးမပြုဘဲ ဆန်းကြယ် အလယ်အလတ် အဆင့် ကျာပွတ်သိုင်းကိုသာ အသုံးပြု သွားခဲ့တာပါ။
ဒါပေမဲ့ အဲဒီရိုက်ချက်ကို ကျားနဂါးစာရင်း အဆင့်၄၂မှာ ရှိနေတဲ့ လုရှင်းထံက တောင့်မခံ နိုင်ခဲ့ပါဘူး။ ၁၀၈ကွက် မဟာဝင်္ကပါရဲ့ ပြန်လည်ကောင်းမွန်စေတဲ့ အစွမ်းသာမရှိခဲ့ရင် လုရှင်းထုံဟာ သည်ရိုက်ချက်နဲ့ပဲ သေနေလောက်ပါပြီ။
ပွဲစဉ် နံပါတ်၄မှာ အလှည့်ကျသူကတော့ လီရှင်းယု ဖြစ်ပါတယ်။
လီရှင်းယုရဲ့ ပြိုင်ဘက်ကတော့ တက်သစ်စ ကြယ်ပွင့်လေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ တစ်ဖက်ပြိုင်ဘက်က အင်မတန် အစွမ်းထက်နေတဲ့ အတွက် သိုင်းကွက်၁၀၀ ကျော်မှာပဲ လီရှင်းယုဟာ အရှုံးပေးလိုက်ရပါတယ်။
ပွဲစဉ် နံပါတ်၅ကို ယှဉ်ပြိုင်ရမယ့် နှစ်ယောက်ကတော့ ရန်ချင်းဟူနဲ့ ရန်ယွီတို့ပါပဲ။
" ပျံလွှား ကကြိုး "
သူမရဲ့ ကြယ်၃ပွင့်အဆင့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးတာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူရဲ့ ပုံရိပ်တွေဟာ အများကြီး ဖြာထွက် သွားတဲ့အတွက် ရန်ယွီကို အတုအစစ် ဝေခွဲရ ခက်သွားစေပါတယ်။
ထန် ... ထန် ... ထန် ... ထန် ...
လခြမ်းကွေး ဆေဘာဓားဟာ ရန်ယွီရဲ့ ခန္ဓာကိုယ်ကို ခုတ်ပိုင်းမိတဲ့ အခါမှာတော့ သတ္တုစနှစ်ခု ပွတ်တိုက်မိတဲ့ အတိုင်း မီးပွင့်၊ မီးပွားလေးတွေ ထွက်ပေါ်လာခဲ့ပါပြီ။
" မင်းက ငါ့ကို ဒဏ်ရာ ရစေနိုင်စွမ်း မရှိဘူး "
" ယား "
ရန်ယွီက တစ်ချက် ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ပုဆိန်ကြီးဖြင့် ရန်ချင်းဟူရဲ့ ကိုယ်ပွားပုံရိပ်တွေ အကုန်လုံးကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။ ရန်ချင်းဟူရဲ့ ကိုယ်ပွားပုံရိပ်တွေ အကုန်လုံးဟာ ရန်ယွီရဲ့ ပုဆိန်ခုတ်ချက်ကြောင့် ပျက်စီးသွားခဲ့ပါပြီ။
" ဒါဆိုရင်လည်း ကြည့်ကျသေးတာပေါ့ ... "
" ပျံလွှား တောင်ပံခတ်ဟန် ဖြတ်ပိုင်းခြင်း "
ရန်ချင်းဟူက သူမရဲ့ ကြယ်၃ပွင့် လျှို့ဝှက်နည်းစနစ်ကို ပယ်ဖျက်လိုက်ပြီး ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ကို ပြောင်းလိုက်ပါတယ်။ သူမရဲ့ လက်ထဲက လခြမ်းကွေး ဆေဘာရဲ့ အမြန်နှုန်းနဲ့ ပြင်းထန်နှုန်းဟာ ပိုမိုအားကောင်းလာပြီး ရန်ယွီ ဆီကို တိုးဝင်သွားခဲ့ပါတယ်။
ရွှစ် ... ...
လခြမ်းကွေး ဆေဘာဟာ ရန်ယွီရဲ့ ချီအကာအကွယ်ကို ဖောက်ထွင်း သွားခဲ့ပါပြီ။
ရွှပ်… ရွှပ် ... ရွှပ် ... ရွှပ် ...
ရန်ယွီရဲ့ ကြေးခန္ဓာကိုယ်က ရန်ချင်းဟူရဲ့ လခြမ်းကွေး ဆေဘာဓားချက်တွေကို ဘယ်လိုမှ တောင့်ခံနိုင်စွမ်း မရှိတော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ လခြမ်းကွေး ဓားချက်တွေကြောင့် မွစာကျဲ သွားခဲ့ပါပြီ။
" ငါ အရှုံးပေးတယ် "
ရန်ယွီက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး အရှုံးပေးသွားခဲ့ပါတယ်။
ပြိုင်ဘက်က သူ့ရဲ့ ချီအကာအကွယ်ကို ဖောက်ထွင်းပြီး ခန္ဓာကိုယ်ကို ဒဏ်ရာရစေနိုင်စွမ်း ရှိနေမှတော့ ရန်ယွီအနေနဲ့ ဆက်ပြီး တိုက်ခိုက်လိုစိတ် မရှိတော့ပါဘူး။
ပွဲစဉ်နံပါတ် ၇မှာတော့ နဂါးဓားသခင်လေး ချူးယီနဲ့ ဝမ်ရှင်းတို့ တွေ့ဆုံကျပါပြီ။
အရင်တစ်ခေါက် ကျားနဂါးပြိုင်ပွဲကတော့ ချူးယီက အဆင့်၂၈ဖြစ်ပြီး ဝမ်ရှင်းက အဆင့်၄၄ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက ကွာဟချက်က သိပ်မများလှပါဘူး။
ဟုတ်ပါတယ်။ ဒါကတော့ ဝမ်ရှင်းဘက်က တစ်ဖက်သတ် အတွေးပါပဲ။
" မင်းက အရှုံးမပေးသေးဘူးလား ... "
ချူးယီက အေးစက်စက် မေးလိုက်ပါတယ်။
ဝမ်ရှင်းကလည်း ယုံကြည်မှု အပြည့်ဖြင့်
" ငါက ဘာလို့ မင်းကို အရှုံးပေးရမှာလဲ ... "
သူက ချူးယီရဲ့ ပြိုင်ဘက် မဖြစ်နိုင်ရင်တောင်မှ တိုက်ခိုက်မကြည့်သေးဘဲနဲ့ အရှုံးပေးစရာ အကြောင်းတော့ မရှိပါဘူး။ သူတွေ့နေတာက ကြယ်ဘုရင် သုံးပါးထဲက တစ်ယောက် ဆိုရင်တော့ တစ်မျိုးပေါ့လေ။
" မင်းနောင်တ မရပါစေနဲ့လို့ မျှော်လင့်ပါတယ်”
ချူးယီက သူ့ရဲ့ မူပိုင်လေသံ အတိုင်း ထပ်ပြောလိုက်ပါတယ်။
" ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို အရင် မြည်းကြည့်ပါဦး "
ဝမ်ရှင်းက လေထဲကို ခုန်တက်လိုက်ပြီး လက်ဝါး ရိုက်ချက်တွေ အဆက်မပြတ် ရိုက်ထုတ် ပစ်လိုက်ပါတယ်။
" စိတ်ရှုပ်ဖို့ကောင်းတဲ့ ယင်ကောင်ပဲ ... သွားစမ်း "
ချူးယီက သူ့ရဲ့ ဓားကို လျှပ်တစ်ပြက် ဆွဲထုတ်ကာ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။ ရွှေရောင် ဓားအလင်းတန်း တစ်ခုက ဝမ်းရှင်းရဲ့ လက်ဝါးရိပ်တွေကို ဖျက်ဆီးပစ်လိုက်ပါပြီ။
အား ... … ...
ဝမ်ရှင်းကတော့ ကျယ်လောင်စွာ အော်ဟစ်ပြီး စင်မြင့်ပေါ်ကို လဲကျသွားပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေလည်း သွေးစိမ်းရှင်ရှင်တွေ စီးကျနေဆဲပါပဲ။
" အဲလောက်ကြီး အော်မနေနဲ့ ... ဝက်သတ်နေတာ မဟုတ်ဘူး "
ချူးယီကတော့ အေးစက်စက် စကားတစ်ခွန်း ဆိုပြီး သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ပေါ်ကို ခုန်တက် သွားပါတော့တယ်။
ဝမ်ရှင်းရဲ့ ဒဏ်ရာတွေကလည်း တစ်မုဟုတ်ချင်း ပြန်လည် ကောင်းမွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူရဲ့ မျက်လုံးထဲက ကြောက်ရွံ့မှုတွေကတော့ ပျောက်ပြယ် မသွားသေးပါဘူး။
ဝမ်ရှင်းရဲ့ စိတ်ထဲမှာတော့ ချူးယီရဲ့ စွမ်းရည်ဟာ ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံနဲ့တောင် သိပ်မကွာလှဘူးဟု ခံစားနေရပါတယ်။
" နဂါးဓား သခင်လေးချူးယီက ဓားသိုင်း အရာမှာတော့ တကယ့် ပါရမီရှင် တစ်ယောက်ပဲ။ သုံးနှစ်အတွင်းမှာပဲ သူက ဒီအဆင့် အထိတောင် တိုးတက်လာခဲ့ပြီ။ ဒီအတိုင်းဆိုရင်တော့ သူ့ရဲ့ ရည်မှန်းချက်က ကြယ်ဘုရင်သုံးပါးရဲ့ နေရာကို လုဖို့ အတွက်ပဲ ထင်တယ်။ "
" ဖြစ်နိုင်တယ်။ သခင်လေး၆ပါးနဲ့ နတ်မိမယ် ၄ဖော် ...။ သူတို့ထဲက ဘယ်သူကများ ကြယ်ဘုရင် ၃ပါးကို ပစ်မှတ်မထားဘဲ နေနိုက်မှာလည်း ...။ ငါ သိချင်တာ တစ်ခုကတော့ သည်တစ်ခေါက် ပြိုင်ပွဲမှာ ဘယ်သူတွေက ကြယ်ဘုရင် သုံးပါးရဲ့ နေရာကို စိမ်ခေါ်နိုင်မလဲ ဆိုတာပဲ”
ချူးယီရဲ့ ဓားချက်ကို မြင်တွေ့အပြီးမှာတော့ လူတွေအားလုံးဟာ အခြားသော လက်ရွေးစင် ပါရမီရှင်တွေကို ပိုပြီး မျှော်လင့်လာကြပါတယ်။
ပွဲစဉ် နံပါတ် ၁၀မှာ အလှည့်ကျသူကတော့ နှင်းရေခဲ နတ်မိနယ် စုလင်းပါပဲ။
သူမက စင်မြင့်ပေါ်မှာ ခြေချပြီးသွားပြီ ဆိုတာနဲ့ သူမရဲ့ ချီအရှိန်အဝါတွေကို ထုတ်ဖော် လိုက်ပါတယ်။
ဝုန်း ...
စင်မြင့်တစ်ခုလုံးကိုတော့ အေးစက်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံ သွားခဲ့ပါပြီ။
" ငါအရှုံးပေးတယ်"
စုလင်းက ဘာမှတောင် မလုပ်ရသေးခင်မှာပဲ တစ်ဖက် ပြိုင်ဘက်က အရှုံးပေး သွားခဲ့ပါတယ်။
သူမရဲ့ ပြိုင်ဘက်ဖြစ်သူက အေးစက်နေတဲ့ ချီအရှိန်အဝါတွေနဲ့တင် အတော်လေး ခံရခက်နေတဲ့ ပုံပါပဲ။
ပွဲစဉ်၁၅ မှာတော့ နက္ခတ် တာရာသခင်လေး မုယုံဒီးရဲ့ အလှည့်ကို ကျရောက်လာခဲ့ပါပြီ။ သူ့ရဲ့ ပြိုင်ဘက်က မုယုဒီးကို တွေ့လိုက်တာနဲ့ တစ်ခါတည်းတန်းပြီး အရှုံးပေးသွား ပါတယ်။
ပွဲစဉ်၁၇ကို အလှည့်ကျတဲ့ တုံလင်သခင်လေး ရှဟိုချောင်ကိုလည်း ပြိုင်ဘက်ဖြစ်သူက အရှုံးပေးသွား ပြန်ပါတယ်။
ထို့အတူ ဓားပျံသခင်လေး လျိူဖေးယွင်ကိုလည်း ပြိုင်ဘက်ဖြစ်သူက အရှုံးပေးသွား တာပါပဲ။
ပွဲစဉ် နံပါတ် ၂၄ကို အရောက်မှာတော့ ... …
လီဖူချန်းရဲ့ ကျောက်တုံး မဏ္ဍိုင်ဟာ နိမ့်ဆင်းသွားခဲ့ပါပြီ။
' ငါ့အလှည့်ပဲဟ '
လီဖူချန်းက လျင်လျင်မြန်မြန်ပဲ စင်မြင့်ပေါ်ကို ခုန်ဆင်းသွားခဲ့ပါတယ်။
သူ့ရဲ့ ပြိုင်ဘက်ကတော့ ဗလတောင်တောင့်နဲ့ လူငယ် တစ်ယောက်ပါပဲ။ ထိုလူငယ်ရဲ့ ခန္ဓာကိုယ်ကနေ ရန်လိုတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေပါသေးတယ်။
" သူက တုံလင်ကလန်ရဲ့ ရှဟိုဟိုင် ဟ"
" ရှဟိုဟိုင်ရဲ့ ပင်ကိုပါရမီက ရှဟိုချောင်နဲ့ ရှဟိုရှီလောက်တော့ မကောင်းဘူး။ ဒါပေမဲ့ သူက အသက်အရွယ်ပိုင်းမှာ အားသာချက် ရှိတယ်။ ရှဟိုဟိုင်က ကျားနဂါးစာရင်းရဲ့ အဆင့်၃၉ပဲ”
" သည်ပွဲကတော့ ... ကြည့်ကောင်းပြီဟေ့ "
လူတွေအားလုံးကတော့ သည်ပွဲကို စိတ်ဝင်စား နေကြပါပြီ။ သူတို့အားလုံးက လီဖူချန်းရဲ့ အစွမ်းအစကို အကဲခတ်ချင်နေတာ မဟုတ်ပါလား”
" ကောင်လေး ... မင်းအရှုံး မပေးသေးဘူးလား ... "
ရှဟိုဟိုင်က အထက်စီး ဆန်စွာဖြင့် မေးလိုက်ပါတယ်။
သူက ကျားနဂါးစာရင်းရဲ့ အဆင့်၃၉ ဖြစ်တဲ့အတွက် လီဖူချန်းနဲ့ တွေ့ဆုံရာမှာ ယုံကြည်မှု အပြည့် ရှိနေပုံပါပဲ။ သည်နှစ်အတွင်းမှာ လီဖူချန်းရဲ့ နာမည်က တစ်ဟုန်ထိုး ကျော်ကြား လာပေမယ့်လည်း သူက လုံးဝ ဂရုမစိုက်ပါဘူး။
" ဟမ့် ... မင်းလိုကောင်ကို အရှုံးပေးရမှာလား ... "
ိလီဖူချန်းကလည်း အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးတတ်သူ တစ်ယောက်ပါပဲ။
" မင်းက နာချင်နေတာကိုး ... တောင်ဖြိုလက်သည်း "
ရှဟိုဟိုင်က သံမဏိ လက်သည်းတစ်စုံကို လက်မှာ စွပ်ထားပါတယ်။ သူ့ရဲ့ လက်သည်း ကုတ်ချက်တွေက ပိုက်ကွန်ကြီး တစ်ခုပမာ လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။
"ပျက်စီးစမ်း "
လီဖူချန်းရဲ့ ဓားနက်ကြီးက ကြက်သွေးရောင် အလင်းတန်းတွေ ဖုံးလွှမ်းသွားပြီး ကြက်သွေးရောင် ဓားကြီး တစ်လက် အသွင် ပြောင်းလဲကာ ရှဟိုရှီကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။
(လီဖူချန်းက နက်ရွှေမှော်ဓားကို မသုံးတော့ပါဘူး။ သူက အိုးရန်ဝမ်းထင် ပေးထားတဲ့ ဆန်းကြယ် အဆင့်မြင့် ရတနာ ဓားကိုပဲ သုံးပါတယ်။ )
လီဖူချန်းရဲ့ ဓားချက်က လက်သည်းပိုက်ကွန်ကို ဖျက်ဆီးကာ ရှဟိုဟိုင်ရဲ့ ချီအကာအကွယ် ထဲကို တိုးဝင်သွားခဲ့ပါပြီ။
" အငယ်စား တိုက်ပွဲဝင် ဝိညာဉ် နိုးထစမ်း "
ရှဟိုဟိုင်က အသံနက်ကြီးဖြင့် ကြုံးဝါးလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို အဝါရောင် စွမ်းအင်တွေက ဖုံးလွှမ်း သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ သူက လီဖူချန်းရဲ့ ကြက်သွေးရောင် ဓားရိပ်ကြီးကို ကုတ်ချလိုက်ပါတယ်။
***