မှင်တက်ဖွယ်ရာ ချုပ်ရိုးရီပို့
Vol. 26 Ch. 388
လင်းရီ ထွက်ခွာသွားပြီးနောက် လီချူးဟန်နှင့် ချောင်ကျား၀မ်တို့ တူ၀ရီးနှစ်ယောက် လက်ထဲတွင် ဖိုင်တစ်ပွေ့ကြီး သယ်ဆောင်လျက် ဆွေးနွေးခန်းထဲသို့ ရောက်လာခဲ့ကြသည်။
နှလူံး သွေးကြောများနှင့် ပတ်သက်သည့် ခွဲစိတ်မှုမှာ ရှေးယခင်ကတည်းကပင် အလွန်အမင်း ရှုပ်ထွေးသည့် ခွဲစိတ်မှုကြီးဖြစ်၏။
ထို့ကြောင့် အမျိုးမျိုးသော ကျွမ်းကျင်ဆရာ၀န်တို့ လိုအပ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အဘယ်ကြောင့်ဆိုသော် အမှားတစ်ချက်လေးကပင် လူနာကို အဆုံးသတ်သွားစေနိုင်သောကြောင့်ဖြစ်၏။
ထိုအချိန်တွင် ဟွာရှန်းဆေးရုံ၏ အဓိကမဏ္ဍိုင် ကျောရိုးများနှင့် ရာထူးအမြင့်ပိုင်း ကျွမ်းကျင်ဆရာ၀န်များအားလုံး စုဝေးနေကြသည်။
ထိုအခြင်းအရာကလည်း ခွဲစိတ်မှုကို မည်သည့်အမှားမျှ မရှိစေရန် သေချာစေချင်သောကြောင့်ဖြစ်၏။
ထို့ပြင် ဆွေးနွေးခန်း၏ စားပွဲထောင့်တစ်နေရာ၌ စစ်၀တ်ယူနီဖောင်းဖြင့် အမျိုးသားနှစ်ဦး ထိုင်နေလေသည်။ သူတိူ့နှစ်ဦးလုံး စကားတစ်ခွန်းမျှ မဆိုပဲ ဆွေးနွေးသမျှကို နားထောင်ရုံမျှ နားထောင်နေကြ၏။
ဆွေးနွေးသည့်စားပွဲဝိုင်း၏ အဓိကနေရာတွင် ထိုင်နေသူကတော့ ပုကွကွနှင့် အနည်းငယ် ၀ဖိုင့်ဖိုင့်ရှိသည့် အမျိုးသားတစ်ဦးပင်။ သူ၏ မျက်ခုံးများမှာ အဖြူရောင်သမ်းနေပြီးအသက်ကတော့ ငါးဆယ်အရွယ်ခန့်လောက်ရှိပြီဖြစ်၏။
ထိုလူ၏ အမည်မှာတော့ မြောင်ကော်ဖုန်းဖြစ်ပြီး ဟွာရှန်းဆေးရုံ၏ဒါရိုက်တာ ဖြစ်သည့်အပြင် နိုင်ငံအတွင်းရှိ ထိပ်တန်း သွေးကြောခွဲစိတ်ဆရာ၀န်နှင့် ယနေ့ခွဲစိတ်ကုသမှု၏ အဓိကခွဲစိတ်သူလည်း ဖြစ်သည်။
မြောင်ကော်ဖုန်းမှာ ခေါင်းဆောင်ခွဲစိတ်သူတစ်ဦးဖြစ်သော်လည်း သူတာ၀န်ယူရသည့် အပိုင်းမှာတော့ ခွဲစိတ်မှု တစ်ခုတည်းသာ။
အဘယ်ကြောင့်ဆိုသော် အန်နျူရမ်ဇမ်ကဲ့သို့သော ရောဂါများမှာ နိုင်ငံတွင် ဖြစ်ပွားသူမရှားပါးပေ။ ထို့ကြောင့် ယခုရောက်ရှိနေကြသူအားလုံး ထိုရောဂါ ကုသပုံကို များစွာ အတွေ့အကြုံရှိပြီးစားဖြစ်၏။
သို့သော်လည်း အကြီးမားဆုံးအခက်အခဲကတော့ ခွဲစိတ်နေစဉ်အတွင်း ကြုံလာရမည့် အဆင့်ဆင့် ပြောင်းလဲမှုများသာဖြစ်၏။ အစိတ်အပိုင်းတစ်ခုခုမှ လွဲချော်သွားပါက ကြိုးစားထားသမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
"ငါတို့ ခုလေးတင် အလားအလာများတဲ့ ဖြစ်နိုင်ချေအန္တရာယ် ရှစ်ခုအကြောင်းကို ဆွေးနွေးပြီးသွားပြီ....အန္တရာယ်အများဆုံးကတော့ သွေးကြောအတုကို ချုပ်တဲ့နေရာမှာပဲ..."
ထိုသို့ပြောပြီးနောက် မြောင်ကော်ဖုန်း သွမ့်ရုန်ချွမ်းကို ကြည့်လိုက်သည်။ "အဘိုးကြီးသွမ့် မင်းဘက်က ပြဿနာရှိလား..."
သွမ့်ရုန်ချွမ်း ခေါင်းခါရမ်းလိုက်ပြီး "မရှိဘူး...ငါ့ဘက်က အဲ့ဒီအပိုင်းကို ကိုင်တွယ်နိုင်ဖို့ အပြည့်အ၀ ယုံကြည်ချက်ရှိတယ်..."
တိကျသေချာသည့် အဖြေကို ရရှိပြီးနောက် မြောင်ကော်ဖုန်းမှာ အများကြီး စိတ်သက်သာရာရသွားခဲ့ပြီး လီချူးဟန်ကို ကြည့်ကာ "ဒေါက်တာလီ ခု လူနာရဲ့အခြေအနေက အရမ်းအကောင်းကြီး မဟုတ်ဘူး.... ascending aortaရဲ့ အချင်းက အရမ်းကြီးနေပြီးတော့ false lumen ကလည်း အရမ်းကြီးနေတယ်...True lumenကကျတော့ ပိတ်လုပိတ်ခင်ဖြစ်နေပြီးတော့ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ အနေအထားမှာ...ခွဲစိတ်မှုက သေချာပေါက် ခက်ခဲမှာပဲ.. ဒေါက်တာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ပြီးပြီလား...."
"ကျွန်မဘက်ကတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အတတ်နိုင်ဆုံး လျော့ချဖို့ ဆုံးဖြတ်ထားပြီးထားပါ...တစ်နိုင်ငံလုံးကို မြေလှန်ရှာကြည့်ရင်တောင်မှ အန္တရာယ်နည်းအောင် လုပ်နိုင်တဲ့လူဆိုတာ ရှိမှာမဟုတ်ဘူးလေ....ကျွန်မရဲ့ဆရာ သေရာကပြန်ရှင်လာရင်တောင် သူလည်း တတ်နိုင်သလောက် လျော့နည်းအောင်လို့ပဲ လုပ်လို့ရမှာ...ဒီတော့ စိတ်ချပါ ဒါရိုက်တာမြောင် ... ကျွန်မတာ၀န်ယူရမယ့် အပိုင်းကိုတော့ ကျွန်မဘက်က စွမ်းစွမ်းတမံ ကျေပွန်အောင် ဆောင်ရွက်သွားမှာပါ...."
"ကောင်းပြီ...."မြောင်ကော်ဖုန်းပြောလိုက်ပြီး "ခုဆို ဘယ်အပိုင်းကမှ ပြဿနာမရှိတော့ဘူး...ဌာနအသီးသီးကို အဆင်သင့်ပြင်ထားဖို့ပြောလိုက်...နာရီ၀က်အတွင်း ခွဲစိတ်မှု စတင်မယ်...."
"နေဦး...."
လူတိူင်း စားပွဲဝိုင်းမှထပြီး ခွဲစိတ်ခန်း၀င်ရန် ပြင်ဆင်တော့မည့်အချိန်တွင် လီချူးဟန်၏ အော်သံကို လူတိုင်း ကြားလိုက်ရ၏။
"ဒေါက်တာလီက ဘာများ ထပ်ပြောဦးမလို့လဲ..."မြောင်ကော်ဖုန်း မေးလိုက်သည်။
"ကျွန်မအထင်တော့ ချုပ်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ထင်တာပဲ...."
သူမ ထိုသို့ ပြောလျှင်ပြောချင်း ခွဲစိတ်ခန်းထဲရှိ လူတိုင်း၏အမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်သွားကြသည်။ အထူးသဖြင့်တော့ စစ်၀တ်ယူနီဖောင်းနှင့် ထိုင်နေသည့် အမျိူသားနှစ်ဦးပင်။ သူတိူ့၏ အမူအရာမှာ ပို၍ ထူးဆန်းလာကြ၏။
"ဒေါက်တာလီ တစ်ခုခုမှားနေတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ ..."သွမ့်ရုန်ချွမ်း၏ အမူအရာမှာ ယခင်ကလောက် ခင်မင်ဖွယ်ရာ ကောင်းမနေချေ။
"ချုပ်တဲ့ အပိုင်းနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်တာက မလုံလောက်သေးဘူး...ပြီးတော့ ချုပ်တဲ့ နည်းလမ်းကိုလည်း သေချာ လေ့လာအကဲဖြတ်ဖို့ လိုအပ်သေးတယ်.....မသေချာတဲ့ ခွဲစိတ်မှုတွေမှာ အတက်အကျအလှည့်အပြောင်းတွေနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်တွေက အများကြီးပဲ... တိကျတဲ့ ပလန်တွေ အရန်အစီအစဉ်တွေ မရှိပဲနဲ့ စမ်းတဝါးဝါးဆိုလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး...."
"ဒေါက်တာလီ ဒီရဲ့ ခွဲစိတ်ကုသမှုနယ်ပယ်မှာ ငါ့ရဲ့ အတွေ့အကြုံက ဆယ်စုနှစ်တစ်ခုမကတော့ဘူး... ထောင်သောင်းမက မတူညီတဲ့ ခွဲစိတ်မှုတွေကိုလည်း ကြုံခဲ့ပြီးသွားပြီ....ဒေါက်တာလီက ကျုပ်ရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေကို သံသယရှိနေတာလား...."
"ကျွန်မ ဒါရိုက်တာသွမ့်ရဲ့ အရည်အချင်းတွေကို ယုံပါတယ်....ဒါပေမယ့် လူနာရဲ့ အခြေအနေက အရမ်းထူးခြားနေတယ်..... အများကြီးလည်း ပိုပြီး ရှုပ်ထွေးလာနိုင်တယ်... ကျွန်မတို့ ခွဲစိတ်ခန်းမ၀င်ခင် ပိုပြီး တိကျသေချာတဲ့ ပလန်တစ်ခုတော့ ပြင်ဆင်ထားသင့်တယ်လို့တော့ ထင်တာပဲ..."လီချူးဟန်မှ ပြောလိုက်၏။
မြောင်ကော်ဖုန်းကတော့ ရှုပ်ထွေးနေသည်။ သွမ့်ရုန်ချွမ်းမှာ နိုင်ငံတွင်းရှိ ထိပ်တန်းခွဲစိတ်ဆရာ၀န်တစ်ဦးပင်။ ချုပ်သည့်အပိုင်းတွင်တော့ သူပင် ဒါရိုက်တာသွမ့်နှင့် အလှမ်းဝေးနေဆဲဖြစ်၏။
ဌာန၏ လက်ထောက်ဒါရိုက်တာလီဆိုလျှင် ပိုပြီး ဆိုးလိမ့်မည် မဟုတ်ပါလော။
ဒီအချိန်ကြီးကျမှ အဘိုးကြီးသွမ့်ကို ဘာလို့ မေးခွန်းတွေ လာထုတ်နေတာပါလိမ့်...
မဟုတ်မှလွဲရော သူမက ပိုကောင်းတဲ့ပလန်တစ်ခုကို ပြင်ဆင်ခဲ့လို့များလား...
"ဒေါက်တာလီ... ဒါက လူ့အသက်နဲ့ ဆိုင်တဲ့ ခွဲစိတ်မှုနော်... ဂိမ်းကစားနေတာမဟုတ်ဘူး...ကျုပ်ရဲ့ အစီအစဉ်ကို မေးခွန်းထုတ်ချင်နေတယ်ဆိုရင် ကျုပ်ထက် ပိုကောင်းတဲ့ အစီအစဉ်တွေကို ဒေါက်တာလီဘက်က ထုတ်ပြလာခဲ့လို့ရတယ်...."
လီချူးဟန် USB ကို ထုတ်လိုက်ပြီး လက်ပ်တော့ပ်၌ တပ်ဆင်လိုက်သည်။
"ဒါက ကျွန်မတို့ နှလုံးအထူးကုဌာနက ဒေါက်တာတစ်ယောက် လုပ်ထားတဲ့ ချုပ်ရိုးအစီအစဉ်ပဲ...ကျွန်မ တစ်ကိုယ်တည်း အမြင်အရတော့ အတော်လေး မဆိုးဘူး... ဖြစ်လာမယ့်အန္တရာယ်ရဲ့ ၂၀% လောက်ကို လျှော့ချပေးနိုင်တယ်.... ရှင်တို့ တစ်ချက်ကြည့်လိုက်... "
"ဒေါက်တာလီ ဌာနက ပလန်..."
မြောင်ကော်ဖုန်း၏ အကြည့်များက နှလူံအထူးကု ဌာနရှိ အဖွဲ့၀င် ဒါရိုက်တာသုံးဦးထံသို့ ကျရောက်သွားခဲ့ပြီး "မင်းတို့ထဲက ဘယ်သူရေးထားတာ...."
ချောင်ကျား၀မ် ၊ လျိုရုန်ရှန်းနှင့် ဖန်းရှူဖန့်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မေးခွန်းသင်္ကေတများဖြင့်
'ငါတို့မှာ အစီအစဉ် ရှိနေတာလားဟ...'
"ဒီအစီအစဉ်က ဒါရိုက်တာ သုံးဦး ဆွဲထားတာမဟုတ်ဘူး..... ဌာနက ဒေါက်တာအသစ် လင်းရီ ရေးဆွဲထားတာ...."
"လင်းရီ....."
ရေးဆွဲသူ၏ နာမည်ကို ကြားလိုက်သည့် အချိန်တွင်တော့ ဒါရိုက်တာသုံးဦးမှာ နေရာမှ ထခုန်လုနီးပါးဖြစ်သွားခဲ့သည်။
"ဒေါက်တာလီ... ခင်များ လာနောက်နေတာလား...လင်းရီက မနေ့တုန်းကမှ အသစ်ရောက်လာတဲ့ အလုပ်သင်ဆရာ၀န်အသစ်ကလေးလေ...သူ့မှာ ခွဲစိတ်အတွေ့အကြုံဆိုတာကလည်း ရှိသေးမှာတောင်မဟုတ်ဘူး..ခုဟာက အရေးကြီးတဲ့ လူနာကို ခွဲစိတ်ရမှာနော်...ငှက်ပျောသီးတွေ ဖားတွေကို ချုပ်မှာ မဟုတ်ဘူး....."
ချောင်ကျား၀မ်မှာ သွေးအန်လုနီးနီးဖြစ်သွားခဲ့၏။
လီချူးဟန်က ဘာထဖောက်နေတာလဲဟ...
လင်းရီက ရုပ်ချောတာနဲ့ပဲ သူ့ကို အခွင့်အရေးပေးဖို့ ကြိုးစားနေတာလား...
ဒါက လူ့အသက်နဲ့ဆိုင်တဲ့ ခွဲစိတ်မှု...မဟုတ်သေးဘူး ဆေးရုံတစ်ခုလုံးရဲ့ တက်ခြင်းကျခြင်းနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စလေ...ကလေးကစားနေတာမှ မဟုတ်တာ....
"အလုပ်သင်ဆရာ၀န်အသစ်က ရေးထားတာ...."
မြောင်ကော်ဖုန်း၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့ပြီး သဘောတူမတူကိုတော့ သူ၏မျက်နှာအမူအရာကို တစ်ချက်ကြည့်သည်နှင့် သိနိုင်လေသည်။
လီချူးဟန်က ဘာဖြစမနေတာလဲဟ...ဒီလောက် အရေးကြီးနေတဲ့ အချိန်မှာတောင်မှ အရူးလုပ်ချင်နေတာလား....
"ဒေါက်တာလီ...ခင်များလည်း ဒီခွဲစိတ်ကုသမှုက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ နားလည်လောက်မှာပါ... ဒီတော့ ခွဲစိတ်မှုကို ပိုပြီး အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေပဲ ပေးဖို့ ကျုပ်မျှော်လင့်တယ်..."
"ကျွန်မကတော့ လင်းရီရဲ့ အစီအစဉ်က ကောင်းတယ်လို့ ထင်တာပဲ...လူတိုင်း မဝေဖန်ခင် အစီအစဉ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေကို တစ်ချက်ကြည့်လိုက်ကြရအောင်...."
လီချူးဟန် မတ်တပ်ရပ်လိုက်ပြီး "ဒီရဲ့ ရီပို့ထဲမှာ ကျွန်မတို့ မျှော်လင့်မထားတဲ့ အန္တရာယ်တွေအပါအ၀င် ဖြစ်နိုင်ချေများတဲ့ ချုပ်ရိုးနည်းလမ်း ဆယ့်လေးခုကို ရေးသားထားတယ်...မတူညီတဲ့ ချုပ်ရိုးနည်းလမ်းတွေကို မတူညီတဲ့ တစ်သျှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ အသုံးပြုဖို့ အကြုံပြုပြီးသား...ဒီနည်းလမ်းက ခွဲစိတ်နေတဲ့အချိန် ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို အများကြီး လျှော့ချနိုင်တဲ့အပြင် လူနာရဲ့ ပြန်လည်ကောင်းမွန်မှုကိုလည်း ပိုပြီး တိုးတက်လာစေလိမ့်မယ်...."
လီချူးဟန် PowerPoint ကို ဆက်လက် လှန်လောလိုက်၏။
"ပြီးတော့ သူက ပိုပြီးထင်သာမြင်သာရှိအောင်လို့ အယ်နီမေးရှင်းလေးပါ ပြင်ဆင်ထားသေးတယ်..တူညီတဲ့ ပြဿနာကိုမှ မတူညီတဲ့ ချုပ်ရိုးနည်းလမ်းတွေ အသုံးပြုသွားမယ်ဆိုရင် ကွဲပြားခြားနားတဲ့ ပြန်လည်သက်သာမှု ဖြစ်စဉ်တွေ ဖြစ်လာလိမ့်မယ်....ကျွန်မအထင်တော့ ဒီရဲ့ ရီပို့က လက်ရှိရင်ဆိုင်နေရတဲ့ ခွဲစိတ်ကုသမှုမှာ လက်တွေ့အသုံးချဖို့ ပိုပြီး သင့်လျော်တယ်လို့ ထင်တာပဲ ..."
လင်းရီ၏ ပါဝါပွိုင့်ရီပို့ကို ကြည့်ရှုပြီး တခဏတွင်တော့ ဆွေးနွေးခန်းထဲရှိလူတိုင်း အံ့အားသင့်နေကြသည်။
တင်ပြသွားသည့် ရှုပ်ထွေးမှုမှာ သူတို့ စိတ်ကူးယဉ်နိုင်သည်ထက်ကို ကျော်လွန်နေလေသည်။
အကယ်၍ လီချူးဟန်ကသာ ကြိုမပြောခဲ့ပါက မည်သူကမျှ အလုပ်သစ်ဆရာ၀န်အသစ်လေး ရေးဆွဲထားသည့် အစီအစဉ်ဖြစ်လိမ့်မည်လို့ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။
ပါဝါပွိုင့်ကို ကြည့်ရှုပြီးနောက် လူတိုင်း၏ အကြည့်များမှာ သွမ့်ရုန်ချွမ်းထံသို့ စုပြုံသွားခဲ့ကြ၏။
နိုင်ငံအတွင်းရှိ ထိပ်တန်းခွဲစိတ်ဆရာ၀န်တစ်ဦးဖြစ်သည့်အလျောက် သူ့တွင် ပြောရေးဆိုခွင့်ရှိသည်မှာ သဘာ၀ပင်။
"သောက်ပေါက်တတ်ကရတွေ...ဒါတွေအားလုံးက သီအိုရီ သပ်သပ်ကြီးပဲ.. အလှည့်အပြောင်းမြန်ဆန်တဲ့ လက်တွေ့ ခွဲစိတ်မှုမှာ ဒီသီအိုရီတွေက ဘာမှ သုံးစားလို့ရမှာမဟုတ်ဘူး....အဲ့ဒီ အန်နီမေးရှင်းတွေကလည်း သူ့ စိတ်ကူးနဲ့ ပြုလုပ်ထားတာသပ်သပ်ပဲ...လက်တွေ့ အသုံးချမယ်ဆိုရင် ဘာတစ်ခုမှ အသုံး၀င်မှာ မဟုတ်ဘူး..."
မြောင်ကော်ဖုန်း အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လီချူးဟန်ကို ကြည့်လိုက်သည်။
"ဒေါက်တာလီရဲ့ အတွေးကကော....."
"ကျွန်မကတော့ လင်းရီကို ဒီခွဲစိတ်ကုသမှုမှာ ပါ၀င်စေချင်တယ်...ကျွန်မ သူ့ရဲ့ စကေးတွေကို သိပြီးသား...သူပါ၀င်လာတာက ကျွန်မတို့ ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာနိုင်တယ်... "
"ငါသဘောမတူဘူး..."
ပြောလိုက်သူကတော့ သွမ့်ကော်ဝေဖြစ်ပြီး သူ၏ အမူအရာကတော့ ထိုအချိန်၌ ကြည့်ကောင်းမနေချေ။
"မနေ့က အရေးပေါ်ဌာနမှာ ဘာမဟုတ်တဲ့ ဒဏ်ရာလေးကို ကောင်းကောင်းလေးချုပ်နိုင်တာနဲ့ပဲ ဒီကနေ့ ခွဲစိတ်ကုသမှုမှာ ပါ၀င်ဖို့ အရည်အချင်းရှိတယ်လို့ မင်းက ထင်နေတယ်ပေါ့လေ......ဟာသလုပ်နေတယ်ဆိုရင်တောင်မှ ဒါကြီးကတော့ လွန်သွားပြီ.... “