ဒီရဲ့အမျိုးသမီးဆရာဝန်နဲ့ ပြချင်တယ်
Vol. 26 Ch. 389
"မနေ့က အရေးပေါ်ဌာနမှာ ဒဏ်ရာ ချုပ်တယ်ဆိုတာကလည်း တစ်စိတ်တစ်ပိုင်းပဲ...အဲ့တာပြီးတော့ ကျွန်မသူ့ရဲ့ စကေးကို စစ်ဆေးကြည့်ပြီးသွားပြီ...ပြီးတော့ ရလဒ်ကလည်း ကျွန်မကိုတောင်မှ ထိတ်လန့်သွားစေလောက်တဲ့ အထိပဲ...ဒီရဲ့ ရီပို့နဲ့ဆိုရင် လင်းရီက ဒီနေ့ ခွဲစိတ်ကုသမှာ လက်ထောက်လုပ်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ ထင်တယ်... "
"မင်းက သူ့ကို ငါ့ရဲ့လက်ထောက် လုပ်ခိုင်းချင်နေတယ်ပေါ့လေ.... "
သွမ့်ရုန်ချွမ်း အထင်သေးမှု အပြည့်ဖြင့် ကြည့်လိုက်ပြီး "သူက ဒီတိုင်း အလုပ်သင်ဆရာ၀န်အသစ်လေးပဲ... ပြီးတော့ ခွဲစိတ်ခန်းအတွေ့အကြုံဆိုတာ ရှိသေးဦးမှာတောင် မဟုတ်ဘူး... သူ့လိုလူမျိုးကို ဒီလောက်အရေးကြီးတဲ့ ခွဲစိတ်ကုသမှုမှာ ပါ၀င်ခိုင်းပြီးတော့ မင်းက ဘာတွေလုပ်ဖို့ စဉ်းစားနေတာ...."
"ခွဲစိတ်မှုကလည်း အရေးကြီးလို့ပဲ သူ့ကို ပါ၀င်ခိုင်းချင်နေတာလေ... ကျွန်မက အန္တရာယ်တွေကို တတ်နိုင်သမျှ လျှော့ချချင်နေတာ..."
"ငါ လုံး၀ သဘောမတူဘူး...." သွမ့်ရုန်ချွမ်း ယတိပြတ် ငြင်းဆ်ုလိုက်ပြီး "ဘာခွဲစိတ်ခန်း အတွေ့အကြုံမှ မရှိတဲ့သူတစ်ယောက်ကို ငါ့လက်ထောက် ပေးမလုပ်နိုင်ဘူး....မဟုတ်ရင် အန္တရာယ် လျော့ချရာ မရောက်ပဲ ပိုပြီး အန္တရာယ်များအောင် လုပ်သလိုတောင် ဖြစ်သွားဦးမယ်...."
"ကျွန်မက အကြံပြုရုံ သပ်သပ်ပဲ... ရှင်တို့မှာ ပယ်ချပိုင်ခွင့်ရှိတယ်...."
ဆွေးနွေးခန်းထဲရှိ လူတိုင်း ငြိမ်သက်သွားကြသည်။ ဆွေးနွေးပွဲ၏ နောက်ဆုံးအခြေနေရောက်မှ ယခုလို ဖြစ်ပျက်လာလိမ့်မည်လို့ မမျှော်လင့်ထားရုံသာမက လီချူးဟန်နှင့် သွမ့်ရုံချွမ်းတို့ကလည်း အပြင်းအထန် ငြင်းခုန်ကြလိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားကြချေ။
အဓိက ထိုင်ခုံတွင် ထိုင်နေသည့် မြောင်ကော်ဖုန်းကတော့ စကားတစ်ခွန်းမျှ မဆိုပေ။
သူ၏ အကြည့်များကတော့ ပရောဂျက်တာပေါ်ရှိ ပါဝါပွင့်စလိုက်တွင်သာ တွယ်ကပ်နေ၏။
သီအိုရီကြီးသပ်သပ်ဖြစ်စေ သို့မဟုတ် လေ့ကျင်မှုနှင့် ပေါင်းစပ်ပြုလုပ်ထားသည်ဖြစ်စေ၊ ဤရီပို့မှာ လုံး၀ ပြည့်စုံလေသည်။
လင်းရီဟုခေါ်သော ဒေါက်တာငယ်လေးမှာ ခွဲစိတ်ခန်းအတွေ့အကြံ ရှိမရှိကို အပထား ၊ ယခု ပါဝါပွိုင့်တစ်ခုတည်းကပင် သူ၏ ပါရမီကို သက်သေပြရန် လုံလောက်၏။
တစ်မိနစ်ကြာပြီးနောက် မြောင်ကောဖုန်း စစ်၀တ်ယူနီဖောင်းနှင့် အမျိုးသားနှစ်ဦးကို ကြည့်ပြီး "ခင်များတို့ အထင်ကကော...."
"ကျုပ်တို့က ခွဲစိတ်တာတွေ ဘာမှ နားလည်တာမဟုတ်ဘူး...ဆိုတော့ ကျုပ်တို့ ဒီကိစ္စထဲ ၀င်စွက်ဖက်ပိုင်ခွင့်မရှိဘူးလို့ ပြောလို့ရတယ်...ဒါရိုက်တာမြောင်...ခင်များက ဒီနယ်ပယ်မှာ ဆရာတစ်ဆူပါ....အားလုံးက ခင်များရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတာပဲ..."
စက္ကန့်အနည်းငယ်မျှ တွေးတောပြီးနောက် မြောင်ကော်ဖုန်း လီချူးဟန်ထံ အကြည့်တစ်ချက်ပို့လိုက်ပြီး "အဲ့တာဆိုလည်း လင်းရီကို ခွဲစိတ်ခန်းထဲ ခေါ်ခဲ့လိုက်ကွာ.. ဒါပေမယ့် ဒီတိုင်း ကြည့်ရုံသပ်သပ်ပဲရမှာနော်... သူ့အတွက် အတွေ့ကြုံပိုရသွားတော့လည်း ကောင်းတာပေါ့...."
မြောင်ကော်ဖုန်းမှာ အတွေ့အကြုံ ရင့်ကျက်လှပြီး နှစ်ဘက်စလုံးကို အပြစ်ပြုခြင်းမရှိဘဲ ဖြေရှင်းလိုက်၏။
သို့သော်လည်း သွမ့်ရုံချွမ်းကတော့ မျက်နှာမလှပေ။ အကြောင်းအရင်းမှာတော့ သူလင်းရီကို ခွဲစိတ်ခန်းထဲသို့ လုံး၀ မ၀င်စေချင်သောကြောင့်ပင်။
သို့သော်လည်း မြောင်ကော်ဖုန်း၏ စကားလူံးများ၊ လီချူးဟန်၏ ကိုယ်ပိုင်ခွန်အားတို့နှင့် ရင်ဆိုင်ရသည့် အချိန်တွင်တော့ သူဘာမျှ ပြန်မပြောနိုင်ပေ။ ထို့ကြာင့် ခေါင်းညိမ့်၍ သဘောတူလိုက်ရ၏။
ထိုစဉ် လီချူးဟန်ကတော့ အမူအရာကင်းမဲ့လျက် သူမဘာတွေးနေလဲဆိုတာကိုတော့ မည်သူမျှ သိရှိနိုင်ခြင်း မရှိချေ။
"ကောင်းပြီ... ဆွေးနွေးပွဲက ဒီမှာတင် အဆုံးသတ်ပြီ...ဌာနအားလုံးက လူနာရဲ့ အခြေအနေကို နောက်ဆုံး စစ်ဆေးဖို့ အသင့်ပြင်ထားကြ...ငါတို့ နာရီ၀က်အတွင်း ခွဲစိတ်ကုသမှု စတင်မယ်..."
မြောင်ကော်ဖုန်း၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် ဆွေးနွေးခန်းထဲရှိ လူတိုင်း ခွဲစိတ်ကုသမှုအတွက် စတင်ပြင်ဆင်ကြတော့၏။
ထိုအချိန် ဆွေးနွေးခန်းအပြင်ဘက်တွင်တော့ အပြာရောင် ဂျင်းပန်၊ အရပ်အမောင်း ခပ်မြင့်မြင့်နှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေလေသည်။
သူမ၏ ဆံနွယ်များကို သပ်ရပ်စွာ ချည်နှောင်ထားပြီး ရွှေသမင်ကဲ့သို့ မျက်လုံးပုံရိပ်လေးထဲတွင်တော့ စိုးရိမ်ပူပန်မှုတို့က ၀န်းရံနေလေသည်။
ထိုအမျိုးသမီးကတော့ လျန်ရူရွှယ်မှ တစ်ပါး အခြားသူမဟုတ်ပေ။
ဆွေးနွေးခန်းတံခါး ပွင့်လာသည်ကိုမြင်တော့ လျန်ရူရွှယ် စစ်ယူနီဖောင်း၀တ် အမျိုးသားနှစ်ဦးထံသို့ သွက်သွက်ကလေး ပြေးသွားလိုက်သည်။
"အခြေအနေက ဘယ်လိုရှိလဲ... ဘာလို့ ထွက်လာဖို့ ဒီလောက်တောင် ကြာနေရတာ..."
"ဆွေးနွေးနေကြရင်း နောက်ဆူံးအဆင့်ရောက်တော့မှ အငြင်းပွားစရာလေးတွေ ဖြစ်နေလို့လေ... ကံကောင်းတာက အေးအေးချမ်းချမ်းလေးနဲ့ပဲ ပြီးဆုံးသွားခဲ့တာ...ခု သူတို့က ခေါင်းဆောင်ကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြင်ဆင်နေကြပြီ...ခဏကြာရင် ခွဲစိတ်မှုက စတင်တော့မှာ..."စစ်၀တ်ယူနီဖောင်းနှင့် အမျိုးသားတစ်ဦးမှ ပြောလိုက်သည်။
"ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကကော...သူတိူ့ ဘာပြောလဲ... ပြင်းထန်လောက်လား...."
"အဲ့တာကတော့ ပြောရခက်တယ်... သူတိူ့ရဲ့ ဒေါက်တာလီပြောတာတော့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို အကောင်းဆုံး လျှော့ချသွားပေးမယ်လို့တော့ ပြောတာပဲ... လက်ရှိ ပြည်တွင်းက ဆေးရုံနယ်ပယ်မှာ ဒီဆေးရုံက ခွဲစိတ်ဖို့ စိတ်အချရဆုံးလို့တော့ ထင်တာပဲ...."
လျန်ရူရွှယ်၏ အမူအရာမှာ ခါးသီးသွားခဲ့ပြီး "ကြည့်ရသလောက်တော့ တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းပဲ လှမ်းလို့ရမယ်နဲ့တူတယ်...."
"စိတ်ချပါ.. ခေါင်းဆောင်အဆင်ပြေမယ်လို့ ငါတို့ ယုံကြည်တယ်...."
"အင်း... ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်..."
........
လင်းရီနှင့် ချောင်ရှင်းတို့ အရေးပေါ်ဌာနသို့ ရောက်လာခဲ့ပြီး အလုပ်မစခင် ပြင်ဆင်စရာရှိတာများက်ု ပြင်ဆင်ရင်း "အစ်ကိုရီ ...အစ်ကိုက ဒီနေ့ ဦးဆောင်...ညီမက ဆေးမှတ်တမ်းတွေနဲ့ ဆေးစာတွေကူရေးပေးမယ်...."ချောင်ရှင်း ပြုံးလိုက်ပြီး "အစ်ကို့နားက သင်ယူရင်းပေါ့...."
"အဲ့လိုကြီး မပြောစမ်းပါနဲ့ဟ... မင်းနဲ့ငါက အတူတူပဲလေ... ဘာဆိုင်လို့ သင်ယူတဲ့ အကြောင်းတွေ လာပြောနေတာ...."
"နှိမ့်ချမနေစမ်းပါနဲ့ အစ်ကိုရယ်... မနေ့က အစ်ကို ချုပ်တဲ့ လက်ရာကို ဒေါက်တာလီကတောင်မှ ချီးမွမ်းရတယ်... ဒီတော့ သေချာပေါက် ညီမအထက်မှာပဲလေ...ဒီနေ့တော့ အစ်ကိုက ဦးဆောင်သင့်တယ်လေ..."
"အိုကေ... အဲ့တာဆို ဒီနေ့ ငါက ဦးဆောင်မယ်. မနက်ဖြန်ကျရင်တော့ နေရာလဲကြတာပေါ့...."
"ဟုတ်..."
ချောင်ရှင်း လင်းရီကို တလက်လက်တောက်ပနေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။
အစ်ကိုရီက အရမ်းချော၊ အရမ်းအရည်အချင်းရှိပြီးတော့ အရမ်းလည်း ကြင်နာတတ်တာပဲနော်....
ဒီလောကကြီးမှာ သူ့လောက် ပြည့်စုံတဲ့ ယောက်ျားမျိုး မီးထွန်းရှာလို့ တွေ့ပါ့မလားပဲ....
တွေ့ခဲ့ရင်တောင်မှ အဲ့သူက သေချာပေါက် လူမဟုတ်လောက်ဘူး....
အရေးပေါ်ဌာနတွင်တော့ လူနာများစွာရှိနေကြပြီး အားလုံး၏ အမူအရာမှာတော့ တစ်ထေရာတည်းပင်။
စိုးရမ်ကြောင့်ကြနေကြ၏။
၎င်းတို့၏ ဒဏ်ရာများမှာ ပြင်းထန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်တော့ အသက်အန္တရာယ် လုံး၀မရှိပေ။
လင်းရီမှ ထမင်းစားရေသောက်ပမာ ကိုင်တွယ်နိုင်လေသည်။
ချလပ်...
လင်းရီ လူနာ၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီး ချောင်ရှင်းမှ ဆေးစာများ ရေးပေးနေစဉ် သက်လတ်ပိုင်းအမျိုးသမီးမှာ အပြင်ဘက်မှ ရေးကြီးသုတ်ပျာဖြင့် ၀င်ရောက်လာခဲ့၏။
"ခင်များ ဘာတွေလဲ ဖြစ်နေတာ...."လင်းရီ မေးလိုက်၏။
"ကျွန်မကို တစ်ချက်လောက်ကြည့်ပေးပါဦး ဒေါက်တာရယ်... ကျွန်မ အစာအိမ်ထဲမှာ ဓားစကြာတွေ ရောက်နေတဲ့အတိုင်းပဲ..."
"ခဏစောင့်... ကျုပ်ဒီလူနာကို ဆေးစာရေးပေးပြီးရင် ခင်များကို စမ်းသပ်ပေးမယ်... "
"ဘာဆေးစာရေးမှာ...သူ့ကြည့်တော့ဖြင့် ဖျားတဲ့ ရုပ်တောင် မပေါ်ဘူး...ပြန်လွှတ်လိုက်တော့.. ကျွန်မက တကယ့်ကို အရေးပေါ်အခြေအနေဖြစ်နေလို့ပါ ဒေါက်တာရယ်...."
လင်းရီ မျက်မှောင်ကုပ်သွားခဲ့သည်။ သူတစ်ခုခု ပြောတော့မည့် အချိန်တွင် ရိုးသားပုံရသည့် တောင်သူရုပ်နှင့် ဦးလေးကြီးမှာ စကားပြောလာခဲ့၏။
"ဒေါက်တာပြောတဲ့ဆေးတွေအားလုံးကို ကျွန်တော်မှတ်မိပါတယ်... ကျွန်တော် ဆောင်ရမယ့် ရှောင်ရမယ့် အရာတွေကိုလည်း ဒေါက်တာ ရေးချထားပေးပြီးပြီ မဟုတ်လား...ကျွန်တော့်ကိုဆေးစာ ရေးပေးမနေပါနဲ့တော့... ဒီက အစ်မကြီးကိုပဲ အရင်ကြည့်ပေးလိုက်ပါ...."
"အင်း အဲ့လိုလုပ်လည်း ရတယ်လေ..."လူနာမှ စိတ်မရှိသည်ကို မြင်တော့ လင်းရီလည်း သက်လတ်ပိုင်း အမျိုးသမီးဘက်သို့ လှည့်ကာ "ထိုင်... ပြီးတော့ ခင်များရဲ့ တုန်ကင်ကဒ်ပြားကိုပေး...."
"တုန်ကင်ကဒ်ပြား....အဲ့တာက ဘာကြီးလဲ...."
"ခင်များ နာမည်စာရင်း ပေးပြီးရင် ရတဲ့ ကဒ်ပြားလေးလေ...."
"နာမည်စာရင်းပေးတဲ့နေရာမှာ လူတွေ အများကြီး တန်းစီနေတော့ နာမည်မပေးခဲ့လိုက်ဘူး...ဒါပေမယ့် ကျွန်မကို အရင်ဆုံး စစ်ဆေးပေးရမယ်.. ကျွန်မက အရမ်းအရေးကြီးတယ်...."
"နာမည်စာရင်း မပေးထားဘူး...ခင်များက နာမည်စာရင်း မပေးထားတော့ ကျုပ်က ဘယ်လိုသွားစစ်ပေးရမှာ ...."
"နာမည်စာရင်းပေးတဲ့ကောင်တာမှာက လူတွေ အများကြီးတန်းစီနေကြတာလေ... နာမည်ပေးမယ်ဆို ဘယ်လောက် စောင့်ရမလဲတောင် မသိဘူး...ဒေါက်တာ ကျွန်မကို အရင်စမ်းသပ်ပေးရမယ်... ကျွန်မ ရောဂါက အရမ်းအရေးကြီးတယ်..."
"ခင်များ ရောဂါက အရေးကြီးတယ်ဆိုတော့ ကျန်တဲ့သူတွေရဲ့ ရောဂါကကော အရေးမကြီးတော့ဘူးလား...."
"ကျွန်မက အရမ်းအသက်ကြီးနေပြီ... အပြင်မှာက လူငယ်လေးတွေ အများကြီးပဲ..သူတို့ ခဏလောက်လေး စောင့်လိုက်လို့လည်း ဘာဖြစ်သွားမှာမို့လို့.....ကျွန်မကိုသာ အရင်စမ်းသပ်ပေးစမ်းပါ...."
"ခင်များ ခုသွား တန်းစီရင် တန်းစီ .. မစီချင်ရင် တခြားဆေးရုံမှာ သွားပြ...ဒီမှာတော့ အသက်ကြီးတယ်ဆိုပြီး အခွင့်ကောင်းလာမယူနဲ့..."
လင်းရီ ဆရာ၀န် အလုပ်လုပ်နေသောကြောင့် သူ တတ်နိုင်ဆုံး လေသံကို ထိန်း၍ ပြောလိုက်သည်။ သို့တိုင်အောင် ယခုလိုလူမျိုးနှင့် ကြုံဆုံလာချိန်တွင်တော့ သူ မတတ်နိုင်စွာဖြင့် ဒေါသထွက်မိလေသည်။
"ကောင်လေး...နင်စကားကို ဘယ်လိုတွေ ပြောနေတာလဲ...ငါက အဲ့လို လုပ်ရမှာ ပျင်းလို့ ဒီကို တန်းလာခဲ့တာလေ... ပြီးတော့ နင်က ငါမွေးရင် ငါ့သားလောက်ပဲ ရှိဦးမယ်.....ဒါတောင်မှ စော်စော်ကားကား ငါ့ကို အသက်ကြီးတာ အခွင့်ကောင်းယူတယ်ဆိုပြီးပြောဝံ့တယ်ပေါ့လေ......."အမျိုးသမီးမှ လင်းရီကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်ပြီး "ယုံချင်ယုံ မယုံချင်နေ... ငါနင့်ကို ကွန်ပလိန်းတက်ပြီ...."
"ကျုပ် ဒီလိုပြောတာတောင်မှ ယဉ်ကျေးလွန်းရာ ကျနေပြီ... လစ်စမ်း....."
လင်းရီ၏ အေးစက်စက်အကြည့်ကို မြင်သည့် အချိန်တွင်တော့ သက်လတ်ပိုင်း အမျိုးသမီးမှာ ရှိန်သွားခဲ့ပြီး တစ်ခွန်းမျှ ပြန်မပြောရဲပဲ အမြီးကုပ်၍ အခန်းထဲမှ ထွက်သွားလေသည်။
"ဟမ့် ကိုယ့်တစ်ဘို့တည်း သိတဲ့လူတွေ... ဒီမှာလည်း တကယ့် လူဘောက်သောက်ပဲ..."
လင်းရီ ရေရွတ်လိုက်၏။
"ဟုတ်တယ် ဟုတ်တယ် ...အစ်ကိုရီပြောတာ မှန်တယ်...."ချောင်ရှင်း ချီးမွမ်းလိုက်၏။
အစ်ကိုရီက ခုလေးတင် အရမ်းလွှမ်းမိုးနိုင်တာပဲနော်....ပြီးတော့ အရမ်းလည်း ယောက်ျားလည်း ပီသတယ်... နောက်ကျ အဲ့လို ထောင့်မကျိုးတဲ့ လူနာတွေနဲ့တွေ့ရင် သူမလည်း အဲ့လိုပဲ ဆက်ဆံမယ်...
ခု ကောင်းကောင်း သင်ယူချည်မှ...
ထိုအချိန်တွင်တော့ ကြည့်ကောင်းသည့် အဆင်းရှိသူတို့၏ အားသာချက်ကို အပြည့်အ၀ မြင်တွေ့နိုင်လေသည်။ လင်းရီ အော်ငေါက်လိုက်ခြင်းမှာ အများအမြင်တွေတော့ ယောက်ျားဆန်သူ တရားမျှတသူ အသွင်ကို ဖြစ်ပေါ်စေသည်။ အကယ်၍ ကြည့်မကောင်း ရုပ်ဆိုးဆိုး လူတစ်ဦးသာအော်ငေါက်လိုက်မည်ဆိုပါက အရိုင်းအစိုင်းကောင်၊ လူကြီးသူမကို မရိုသေတတ်သူအဖြစ်သို့ အရာသွင်းခံရပေလိမ့်မည်။
"နောက်တစ်ယောက်...."
လင်းရီ အော်လိုက်၏။ ဆယ်စက္ကန့်မျှ ကြာပြီးနောက် ငယ်ရွယ်သည့် အမျိုးသမီးတစ်ဦးမှာ သာမန်အ၀တ်အစားတို့နှင့် အခန်းထဲသို့ ရောက်လာလေသည်။
သူမ၏ သွင်ပြင်သဏ္ဌာန်နှင့် ကိုယ်လုံးကိုယ်ပေါက်ကတော့ မဆိုးလှချေ။ သို့သော်လည်း သူမ၏ မျက်နှာ အမူအရာမှာတော့ အနည်းငယ် ထူးဆန်းနေလေသည်။
လူနာမှာ အလိုက်တသိရှိလှ၏။ ပြောစရာမလိုပဲ သူမ၏ တုန်ကင်ကဒ်ပြားကို လင်းရီထံကမ်းပေးလိုက်သည်။သိူ့သော်လည်း သူမ၏ မျက်လူံးထဲတွင်တော့ အမည်မသိ အတွေးပုံရိပ်တစ်ချို့တို့ ထင်ဟပ်နေလေသည်။
"မိန်းကလေးရဲ့ အခြေအနေကို ပြောပါ...ဘယ်နေရာ နေလို့မကောင်းတာလဲ..."လင်းရီ မေးမြန်းလိုက်၏။
"ဒေါက်တာ...ကျွန်မ ဒေါက်တာ့ကို တစ်ခုလောက် တောင်းဆိုလို့ရမလား..."
"ရပါတယ်.. ပြောကြည့်လေ...."
"ကျွန်မ ဒီရဲ့ အမျိုးသမီးဆရာ၀န်နဲ့ ပြလို့မရဘူးလား…”