ကြယ်ဘုရင် စီးတုလေ့ရဲ့ အစွမ်း
Vol. 22 Ch. 295
အငယ်စား တိုက်ပွဲဝင်ဝိညာဉ် ပညာရပ် ဆိုတာက ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ပဲ ဖြစ်ပါတယ်။ သည်ပညာရပ်က အသုံးပြုသူရဲ့ ချီအတွင်းအားကို ပိုပြီးအားကောင်းတဲ့ အငယ်စား တိုက်ပွဲဝိညာဉ် ချီအတွင်းအားအဖြစ် ပြောင်းလဲ ပေးလိုက်တာပါပဲ။
နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ ရှဟိုဟိုင်ဟာ သည်ပညာရပ်ကို ပြီးပြည့်စုံခြင်း အဆင့်နီးပါးအထိ လေ့ကျင့် ထားပြီးပါပြီ။ သည်ပညာရပ်က သူအားကိုးတဲ့ ဝှက်ဖဲ တစ်ချက်လည်း ဖြစ်ပါတယ်။
အငယ်စား တိုက်ပွဲဝင် ဝိညာဉ် ပညာရပ်ကို အသုံးပြု အပြီးမှာတော့ ရှဟိုဟိုင်ရဲ့ ချီအတွင်းအားတွေဟာ အကြို ကောင်းကင် ပညာနယ်ပယ် အဆင့်နဲ့ ညီမျှသွားပါတယ်။ တကယ်လို့သာ ရှဟိုဟိုင်က ဆန်းကြယ် အဆင့်မြင့် ပညာရပ် ဆန္ဒတစ်ခုကို နားလည် အသုံးပြုနိုင်ခဲ့မယ် ဆိုရင် အနည်းဆုံးတော့ ထိပ်ဆုံး အယောက်၂၀ထဲ ဝင်ရောက် နိုင်လောက် ပါသေးတယ်။
" တောင်ဖြိုလက်သည်း "
သည်တစ်ခါ အသုံးပြုလိုက်တဲ့ ရှဟိုဟိုင်ရဲ့ လက်သည်း ကုတ်ချက်တွေရဲ့ ဖိအားက တောင်ကြီး တစ်ခုပမာ လီဖူချန်းအပေါ်ကို ဖိချ လာပါပြီ။ ကြည့်ရှုနေကျတဲ့ လူတစ်ဝက် လောက်ကတော့ လီဖူချန်းအစား ချွေးစေးတွေ ပြန်နေကြပါတယ်။
ရှဟိုဟိုင်ရဲ့ ခွန်အား အပြည့်နဲ့ တိုက်ခိုက်မှုက လီဖူချန်းကို တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ လီဖူချန်းက ရှဟိုဟိုင်ကို အနိုင်ယူဖို့ အတွက် ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ဖြစ်တဲ့ သန့်စင်သော ယန်ဓာတ် ချီအတွင်းအားကိုတောင် အသုံးပြုစရာ မလိုအပ်သေးဘူးလို့ ယူဆ ထားပါတယ်။ အဲဒီအတွက် သူက ဗလာနယ်လက်ဝါး လျှို့ဝှက်နည်း စနစ်ကို ထုတ်ဖော်ကာ မိစ္ဆာနှင်ဓားသိုင်းဖြင့် ရှဟိုဟိုင်ရဲ့ တိုက်ခိုက်မှုကို ခံဆောင်လိုက်ပါတယ်။
" မီးတောက် မိစ္ဆာရဲ့ အသည်းနှလုံး "
ကြက်သွေးရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ ဓားနက်ကြီးကတော့ မာန်ဟုန် အပြည့်ဖြင့် လာနေတဲ့ လက်သည်း ကုတ်ချက်တွေရဲ့ ဟာကွက်ထဲကို တိုးဝင် သွားခဲ့ပါပြီ။ ရှဟိုဟိုင်ရဲ့ လက်သည်း ကုတ်ချက်က အခြားသူတွေရဲ့ အမြင်မှာတော့ အားကောင်းချင် အားကောင်း နေပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ အမြင်မှာတော့ သည်လက်သည်း ကုတ်ချက်တွေက ဟာကွက် အပြည့််ပါပဲ။
ထန် ... ထန် ... ထန် ...
ကြက်သွေးရောင် ဓားအလင်းတန်း တွေကတော့ ရှဟိုဟိုင်ရဲ့ လက်သည်း ကုတ်ချက်တွေကို တစ်ခုမကျန် ဖျက်ဆီးလိုက်ပါပြီ။
အခြားသူ တစ်ယောက်နဲ့ တွေ့ရင်တော့ သည်လက်သည်း ကုတ်ချက်တွေက အစွမ်းပြနိုင်ရင် ပြနိုင်ပါဦးမယ်။ ဒါပေမဲ့ လီဖူချန်းနဲ့ အတွေ့မှာတော့ သည်လက်သည်း ကုတ်ချက်တွေဟာ ကလေးတွေ ရန်ဖြစ်တဲ့အခါ ကုတ်ဖဲ့ကြတဲ့ လက်သည်း ကုတ်ချက်တွေ သာသာပါပဲ။
အမှန်အတိုင်း ပြောရမယ်ဆိုရင် လီဖူချန်းက အားတောင် သိပ်သုံးစရာ မလိုဘဲ သည်လက်သည်း ကုတ်ချက်တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ ဒါပေမဲ့ လီဖူချန်းက အဲဒီလို လုပ်လိုက်မယ် ဆိုရင် သူ့ရဲ့ အသိစိတ် အာရုံရဲ့ ဟာကွက်ရှာနိုင်စွမ်းကို လူတိုင်းက သိသွားပါလိမ့်မယ်။ သူ့ရဲ့ အသိစိတ်အာရုံဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်လို့ရတယ် ဆိုတာကို လူတွေ သိကုန်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာနိုင်ပါတယ်။ အဲဒီလို အဖြစ်မျိုးကိုတော့ လီဖူချန်းက မဖြစ်စေချင်ပါဘူး။
ရှဟိုဟိုင်ရဲ့ လက်သည်း ကုတ်ချက်တွေကို ဖျက်ဆီးပြီးသွားတာတောင်မှ လီဖူချန်းရဲ့ ဓားချက်က ရပ်တန့် မသွားသေးဘဲ အရှေ့ကို မြွေတစ်ကောင်ရဲ့ လျှာပမာ တိုးထွက် လာပါသေးတယ်။
ဒီဓားကွက်ကတော့ မိစ္ဆာနှင်ဓားသိုင်းထဲက ' လျှာနှစ်ခွနဲ့ မြွေဟောက်မိစ္ဆာ ' ဓားကွက်ပါပဲ။
ရွှပ် ... ...
ရှဟိုဟိုင်ကတော့ သူ့ရဲ့ ချီအကာအကွယ်ကို ဖောက်ထွင်းပြီး ဝင်လာတဲ့ ဓားချက်ကို မယုံနိုင်စွာဖြင့် ငေးကြည့်နေမိပါတယ်။ သူသတိဝင်လာတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ဓားက သူ့ရဲ့ ရင်ဘတ်ကို ထိုးစိုက်နေခဲ့ပါပြီ။
" ငါရှုံးသွားတာလား "
ရှဟိုဟိုင်က ကမ္ဘာကြီးတစ်ခုလုံး ချာချာလည် သွားသကဲ့သို့ ခံစားနေရပါတယ်။
အငယ်စား တိုက်ပွဲဝိညာဉ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးတဲ့ အခါမှာဆိုရင် သူ့ရဲ့ ကျင့်ကြံမှု အဆင့်က အကြိုကောင်းကင် နယ်ပယ်အဆင့်ကိုတောင် ရောက်သွားခဲ့တာလေ။ သူ့ရဲ့ ပညာရပ်ဆန္ဒက အားမကောင်းဘူး ဆိုရင်တောင်မှ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အဲဒီ အားနည်းချက်ကို ဖုံးဖိ ထားပေးနိုင်ပါတယ်။ ဒါပေမဲ့ သူက ဘယ်လိုဖြစ်ပြီး အခုလို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားခဲ့ ရတာလည်း။
တစ်ဖက်လူက သူ့ရဲ့ တိုက်ခိုက်မှုတွေကို ကြိုသိနေသလို သူ့ရဲ့ ဟာကွက်တွေကိုလည်း ကြိုမြင်နေတဲ့ပုံပါပဲ။
" ရှဟိုဟိုင်တောင် ဘာမှမတတ်နိုင်ဘဲ ရှုံးသွားပြီဟေ့ ...။ သည်လီဖူချန်း ဆိုတဲ့ကောင်က လျှော့တွက်လို့တော့ မရဘူး”
" ဟုတ်တယ်ဟေ့ ...။ ငါ့အထင် ပြောရမယ်ဆိုရင် ထိပ်ဆုံး အယောက်၃၀ ထဲကို ဝင်နိုင်တဲ့ စွမ်းရည် ရှိတဲ့ လူတွေမှသာ လီဖူချန်းကို လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မယ်။ "
လီဖူချန်း တစ်ယောက် ရှဟိုဟိုင်ကို အနိုင်ယူလိုက်တာက လူတိုင်းကို အံ့အားသင့် သွားစေပါတယ်။ ဒါပေမဲ့ အရမ်းကြီး အံ့အားသင့်သွား စေတာမျိုးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တုံးမဏ္ဍိုင် လုပွဲတုန်းက လီဖူချန်းဟာ ကျားနဂါးစာရင်း အဆင့်၄၈ ဖြစ်တဲ့ ရန်ယွီကို ဓားချက် တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့ ပြီးပြီ မဟုတ်ပါလား။
" ရှဟိုဟိုင်ကိုတောင်မှ အနိုင်ယူနိုင်တယ် ဆိုတော့ သည်ကောင်က မလွယ်တော့ဘူး "
အဖြစ်အပျက် အားလုံးကို မြင်လိုက်ရတဲ့ ရှဟိုရှီကတော့ မှုန်ကုပ်ကုပ် ဖြစ်နေပါပြီ။
ရှဟိုဟိုင်ရဲ့ ပင်ကို ပါရမီ ရှဟိုရှီလောက် မကောင်းတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ရှဟိုဟိုင်ရဲ့ လက်ရှိ အရည်အချင်းကတော့ အားနည်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင် ရှဟိုရှီ ကိုယ်တိုင်တောင်မှ ရှဟိုဟိုင်ကို အနိုင်မယူ နိုင်သေးပါဘူး။
ရှဟိုရှိက လီဖူချန်းကို သတ်ပြီး သူ့ရဲ့ ကံကောင်းမှုတွေကို ခိုးယူဖို့ စဉ်းစားထားတာပါ။ အခုတော့ လီဖူချန်းက ပိုပိုပြီးတော့ အစွမ်းထက် လာပါပြီ။ ဒီအတိုင်း ဆက်သွားနေရင်တော့ သူ့အနေနဲ့ လီဖူချန်းကို သတ်ဖြတ်နိုင်ဖို့ အခွင့်အရေးက မဖြစ်နိုင်သလောက်ကို နည်းသွား တော့မှာပါပဲ။ ဒါက သူလိုချင်တဲ့ အရာမျိုး မဟုတ်ပါဘူး။
" အိုး "
ကြယ်ဘုရင် စီးတုလေ့က လီဖူချန်းကို တစ်ချက် ကြည့်လိုက်ပါတယ်။
သူ့လို လူတစ်ယောက်ကတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံ အစွမ်းကို သတိ မပြုမိစရာ အကြောင်းမရှိပါဘူး။ လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အခြားလူ တစ်ယောက်ဆိုရင် ရှဟိုဟိုင်ကို အလွယ်တကူ အနိုင်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။ လီဖူချန်းကတော့ ရှဟိုဟိုင်ကို အသာလေး အနိုင်ယူလိုက်ပါတယ်။
ရှဟိုဟိုင်ကို အနိုင်ယူပြီး နောက်မှာတော့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအား အစိတ်အပိုင်းလေး တစ်ခုက လီဖူချန်းရဲ့ ကျောက်တုံး မဏ္ဍိုင်ထဲကို ဝင်လာခဲ့ပါပြီ။ လီဖူချန်းရဲ့ ကျောက်တုံး မဏ္ဍိုင်ထံကနေ ထွက်နေတဲ့ စွမ်းအင် စီးကြောင်းလေးက ပိုပြီး အားကောင်း လာသလိုပါပဲ။
" ငါ ဒီကျောက်တုံး မဏ္ဍိုင် ၁၀၇ခု ဆီက ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအားတွေကို ရခဲ့မယ်ဆိုရင် ဘယ်လို ဖြစ်သွားမှာလဲ"
လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ်။
ပွဲစဉ်၂၈ကို အလှည့်ကျသူကတော့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်ပါပဲ။ သူ့ရဲ့ ပြိုင်ဘက် ဖြစ်သူက ချီယန်ကို တွေ့လိုက်တာနဲ့ တစ်ခါတည်း တန်းပြီး အရှုံးပေးသွားပါတယ်။
ပွဲစဉ်၃၃ မှာတော့ မိုးကြိုးကြယ်ဘုရင် စီးတုလေ့ရဲ့ အလှည့် ရောက်လာခဲ့ပါပြီ။ သူ့ရဲ့ ပြိုင်ဘက်ကတော့ ကျားနဂါးစာရင်းရဲ့ အဆင့်၂၀ ဖြစ်တဲ့ ဇောင်ဖန် ပါပဲ။ ဇောင်ဖန်းကတော့ စီးတုလေ့ကို မတိုက်ခိုက် ရသေးဘဲ အရှုံးပေးမယ့်ပုံ မပေါ်ပါဘူး။
" စီးတုလေ့ ... ငါက မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး ဆိုတာကို ငါသိတယ်။ ဒါပေမဲ့ ငါက မင်း ဘယ်လောက် အစွမ်းထက်လည်း ဆိုတာကို သိချင်သေးတယ်။ "ဇောင်ဖန်က စင်မြင့်ပေါ်ကို ခုန်ဆင်း လာခဲ့ပါပြီ။
စီးတုလေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
" မင်းအဆင့်နဲ့ ဆိုရင်တော့ ငါ့အစွမ်း တစ်ဝက်တောင် ထုတ်သုံးစရာ မလိုသေးဘူး "
" ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ ... ငါကတော့ မင်းနဲ့ တိုက်ဦးမှာပဲ "
ဇောင်ဖန်က လက်ဦးမှု ရယူပြီး အရင်စတိုက် လိုက်ပါတယ်။ သူ့ရဲ့ လှံတံက ပင်လယ်ထဲကနေ ထိုးထွက်လာတဲ့ နဂါးတစ်ကောင် လိုပါပဲ။ သူက ခန္ဓာကိုယ် တစ်ခုလုံးက အားတွေကို လှံတံအပေါ်မှာ သက်ရောက် စေလိုက်ပြီး စီးတုလေ့ကို ထိုးချ လိုက်ပါတော့တယ်။ လေဟာနယ်ကို ဖြတ်သန်းသွားတဲ့ ဇောင်ဖန်ရဲ့ လှံတံကတော့ ကြောက်စရာ ကောင်းတဲ့ ချီအရှိန်အဝါတွေကို သယ်ဆောင် ထားခဲ့ပါတယ်။
စီးတုလေ့က ညာဘက် လက်သီးကို ဆုပ်ပြီး ထိုးချလိုက်ပါတယ်။
ဝုန်း ...
ဇောင်ဖန်ရဲ့ လက်ထဲက လှံတံကတော့ စက်ဝိုင်းပြတ် တစ်ခုအလား ကွေးညွှတ် သွားခဲ့ပါပြီ။
" ဝေါ့ "
ဇောင်ဖန်က အနောက်ကို လွင့်ထွက် သွားခဲ့သလို သွေးတစ်လုတ်လည်း အန်လိုက်ရပါတယ်။
လက်သီးတစ်ချက် ...
ဟုတ်ပါတယ်။ လက်သီး တစ်ချက်ပါပဲ။ ကျားနဂါးစာရင်းရဲ့ အဆင့်၂၀ဖြစ်တဲ့ ဇောင်ဖန် ကတော့ စီးတုလေ့ရဲ့ ဘာသိုင်းကွက် သိုင်းဟန်မှ မပါတဲ့ လက်သီးချက် အောက်မှာပဲ မရှုမလှ အရေးနိမ့် သွားခဲ့ပါပြီ။
အဲဒီဖြစ်ရပ်က လူတွေ အကုန်လုံးကို ကြောက်ရွံ့ သွားစေပါတယ်။
မိုးကြိုးကြယ်ဘုရင် ... …
ကျားနဂါးစာရင်းရဲ့ နံပါတ် ၁ ... …
လက်ရှိ လူငယ်မျိုးဆက်ရဲ့ ပါရမီအရှိဆုံး လူငယ် ... …
စီးတုလေ့ရဲ့ ဂုဏ်ပုဒ်တွေ၊ ဝိသေသထူးတွေက အလကား ရလာတာတော့ မဟုတ်ပါဘူး။ ဒါက ကြယ်ဘုရင် တစ်ယောက်ဆိုတာ ဘာလည်း ဆိုတာကို ပြလိုက်တာပါပဲ။
ကြယ်ဘုရင် တွေသာလျှင် သည်လို စွမ်းရည်နဲ့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ပါတယ်။
စီးတုလေ့ရဲ့ လက်သီးတစ်ချက်က ဇောင်ဖန်ကို မရှုမလှ ရှုံးနိမ့်သွားစေသလို ဇောင်ဖန်ရဲ့ ဆန်းကြယ် အဆင့်မြင့် ရတနာ လှံကိုတောင် ကွေးညွှတ် သွားစေတယ်လေ။ သည်လက်သီးချက်က ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာ မြင်တာနဲ့တင် သိနိုင်နေပါပြီ။
" ကြောက်ဖို့ ကောင်းလိုက်တဲ့ စွမ်းရည် ...။ သည်ပြိုင်ပွဲရဲ့ နံပါတ်၁ဟာ စီးတုလေ့က လွဲပြီး အခြားလူ မဖြစ်နိုင်ဘူး"
ဇောင်ဝူကျင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါတယ်။
အိုးရန်ဝမ်းထင်ကလည်း ခေါင်းညိတ်လိုက်ပြီး
" သည်ကလေးရဲ့ ပင်ကိုပါရမီက ပထမတန်းစား လက်ရွေးစင် အဆင့်ပဲ။ ပြီးတော့ သူက သူ့အသက်အရွယ် အားသာချက်ကြောင့် အတွေ့အကြုံလည်း အတော်လေး ရှိနေပြီ။ သူနဲ့ ထိပ်တိုက် တွေ့တဲ့ လူတွေကတော့ အခွင့်အရေး မရှိသလောက်ပဲ”
မိုးကြိုးဂိုဏ်းက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကတော့ ပြုံးဖြီးနေတာပါပဲ။ စီးတုလေ့ဟာ အရင်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာလည်း နံပါတ်၁ ဖြစ်ခဲ့ပါတယ်။ သည်တစ်ခေါက် ပြိုင်ပွဲမှာသာ နောက်ထပ် တစ်ကြိမ် နံပါတ်၁ ရခဲ့မယ်ဆိုရင် သူရရှိမယ့် ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအား ပမဏကတော့ မမျှော်မှန်းရဲလောက်စရာပါပဲ။
တကယ်လို့ စီးတုလေ့သာ ကောင်းကင်နယ်ပယ် ထဲကို ချိုးဖောက် ဝင်ရောက် လိုက်မယ်ဆိုရင် ကောင်းကင်နယ်ပယ် အဆင့်၄အထိပါ တစ်ခါတည်း ရောက်သွား လောက်ပါတယ်။
တကယ်လို့သာ ကောလာဟလတွေ ထဲကအတိုင်း ကံကောင်းခြင်း ကြယ်ကံမ္မာပါ ရခဲ့ဦးမယ်ဆိုရင် မိုးကြိုးဂိုဏ်းရဲ့ အနာဂတ်ကတော့ အတိုင်းထက် အလွန်ပါပဲ။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ မိုးကြိုးဂိုဏ်းကို ခြိမ်းခြောက်နိုင်မယ့် အင်အားစုတောင် ရှိတော့မှာ မဟုတ်ပါဘူး။
ပွဲစဉ်နံပါတ် ၃၈မှာတော့ လေပြင်းသခင်လေး ဟန်ရိမင်နဲ့ ကျင်ခ့ါရှီတို့ ထိပ်တိုက် တွေ့ကြပါတယ်။ အဲဒီပွဲစဉ်ရဲ့ အောင်နိုင်သူကတော့ ဟန်ရိမင် ပါပဲ။
ပွဲစဉ်၄၂ မှာ အလှည့်ကျသူကတော့ နတ်စမ်းရေသခင်လေး တန်ကျင်းယွန် ဖြစ်ပြီး သူကလည်း အနိုင် ရသွားခဲ့ပါတယ်။
ပွဲစဉ်အမှတ် ၄၅မှာ အနိုင်ရသူကတော့ သုံးပါးပရမတ် နတ်မိမယ် ကျင်းရိုလု ပါပဲ။
ပွဲစဉ်အမှန် ၄၈မှာတော့ မိုးနတ်မိမယ် စုမုယူက ပြိုင်ဘက်ကို သုံးကွက် အတွင်းမှာပဲ အနိုင်ယူ နိုင်ခဲ့ပါတယ်။
ပွဲစဉ်တွေက လျင်လျင်မြန်မြန်ပဲ အဆုံးသတ်နေတဲ့ အတွက် သိပ်မကြာခင်မှာပု လီဖူချန်းရဲ့ အလှည့်ကိုတောင် ပြန်ရောက် လာခဲ့ပါပြီ။
သည်တစ်ကြိမ် သူ့ရဲ့ ပြိုင်ဘက်ကတော့ အလွန်အားနည်းတဲ့ အတွက် ပွဲမစခင်မှာပဲ လီဖူချန်းကို အရှုံးပေးသွားခဲ့ပါတယ်။
လီဖူချန်းရဲ့ ကျောက်တုံး မဏ္ဍိုင်ထဲကို နောက်ထပ် ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင် အစိတ်အပိုင်းတစ်ခု စီးဝင်လာခဲ့ ပြန်ပါပြီ။
အစိတ်အပိုင်း ၃ခု ... အစိတ်အပိုင်း ၄ခု ... အစိတ်အပိုင်း၅ခု ...
အချိန်တွေက လျင်မြန်စွာပဲ ကုန်ဆုံးသွားခဲ့ပါတယ်။
အခုဆိုရင် လီဖူချန်းဟာ ၉ပွဲဆက်တိုက် အနိုင်ရထား ပြီးပါပြီ။ သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ကနေ ထွက်နေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေကလည်း ထူးခြားတဲ့ အရောင်အဝါတွေ တောက်ပလာပြီး ကြီးမားလှတဲ့ မြွေကြီးတစ်ကောင်ရဲ့ ပုံသဏ္ဍာန် ဖြစ်တည် လာခဲ့ပါပြီ။
လက်ရွေးစင် ပါရမီရှင် ၁၃ယောက်ကလွဲပြီး အစွမ်းအပြနိုင်ဆုံး လူတွေကို ပြပါဆိုရင် လီဖူချန်း၊ ရှဟိုရှီနဲ့ အခြားသော လူငယ်၂ယောက်ကို ပြရမှာပါပဲ။
သူတို့လေးယောက်ကတော့ ဆက်တိုက်နိုင်ပွဲတွေကို ရထားပါတယ်။
သူတို့ လေးယောက်စလုံးကို လူတွေက ဒီပြိုင်ပွဲရဲ့ ဖျက်မြင်းလေးကောင် သို့မဟုတ် လက်ရွေးစင် ပါရမီရှင်တွေနေရာကို အစားထိုးမယ့် လူငယ်လေးယောက်ဟု သတ်မှတ်နေကြပါပြီ။
ပွဲစဉ်အမှတ် ၅၀၀ ကို ရောက်တဲ့အခါမှာတော့ ဖျက်မြင်း လေးကောင်ထဲက နှစ်ကောင်က ထိပ်တိုက် တွေ့ကြပါတော့တယ်။
အဲဒီဖျက်မြင်း နှစ်ကောင်ကတော့ လီဖူချန်းနဲ့ စွန်းဟိုင်လုံ ပါပဲ။
သည်တိုက်ပွဲကိုတော့ ပွဲကြီးပွဲကောင်း တစ်ခုဖြစ်လာမယ်လို့ လူတိုင်းက မျှော်လင့် ထားပါတယ်။
***