ရှဟိုရှီနဲ့ တိုက်ပွဲ
Vol. 22 Ch. 296
စွန်းဟိုင်လုံက မြေကမ္ဘာနယ်ပယ် အဆင့်၉ ပညာရှင် ဖြစ်သလို ဆန်းကြယ် အဆင့်မြင့် ပညာရပ်ဆန္ဒ တစ်ခုကိုလည်း နားလည် အသုံးပြု နေနိုင်ပါပြီ။ ပြီးတော့ သူက ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ် တစ်ခုကိုလည်း လေ့ကျင့်ထားပါသေးတယ်။
အရှေ့တစ်ပွဲမှာလည်း စွန်းဟိုင်လုံက ကျားနဂါးစာရင်းရဲ့ အဆင့်၃၀ဖြစ်တဲ့ ဝူဟိုင်ကို အနိုင်ယူခဲ့ ပြီးပါပြီ။
လူတွေ အားလုံးရဲ့ အမြင်မှာတော့ စွန်းဟိုင်လုံက လီဖူချန်းထက် အနည်းငယ် အားကောင်းတယ်လို့ ထင်မြင် နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက မြေကမ္ဘာ နယ်ပယ် အဆင့်၈မှာသာ ရှိနေသေးလို့ပါပဲ။
ပြီးတော့ လီဖူချန်းက အခုချိန်အထိ ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို ထုတ်မသုံးသေးပါဘူး။ အဲဒီအတွက် လူတွေက လီဖူချန်းဟာ ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို မလေ့ကျင့်ရသေးဘူးလို့ ထင်နေကြပါတယ်။
" လီဖူချန်း ... မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး "
စွန်းဟိုင်လုံက မီးတောက် အစိမ်းတွေ ထွက်နေတဲ့ သတ္တု တုတ်တစ်ချောင်းကို ကိုင်ထားရင်းနဲ့ ပြောလိုက်ပါတယ်။ သူ့ထံကနေ ထွက်နေတဲ့ ချီအရှိန်အဝါတွေက လူတွေအားလုံးကို သူဟာ နှိုင်းယှဉ်လို့ မရတဲ့ တိုက်ခိုက်သူ တစ်ယောက်လို့ ပြောနေသလိုပါပဲ။
လီဖူချန်းက စွန်းဟိုင်လုံကို အကဲခတ်လိုက်တဲ့ အခါမှာတော့ သူ့ပြိုင်ဘက်ဟာ အပူဓာတ်ကို အခြေခံတဲ့ အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားမှန်း သိလိုက်ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ရဲ့ အတွင်းအားကျင့်စဉ်က အဆင့် ၁၆ကို ဘယ်လိုမှ မရောက်သေးပါဘူး။ အလွန်ဆုံးရှိမှ အဆင့်၁၅ အထွတ်အထိပ် လောက်ပါပဲ။
စွန်းဟိုင်လုံက သူ့ရဲ့ အတွင်းအား ကျင့်စဉ်ကို အဆင့်၁၅ အထွတ်အထိပ် အထိ လေ့ကျင့် ထားနိုင်တယ်ဆိုတော့ လူတော်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ကျားနဂါး ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်တဲ့ လူငယ်အများစုဟာ အတွင်းအား ကျင့်စဉ် အဆင့်၁၄ ဒါမှမဟုတ် အဆင့်၁၅ လောက်ပဲ ရောက်နေပါသေးတယ်။
ဆန်းကြယ်အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ကို အဆင့်၁၆ထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့ လူငယ်တွေက လက်၁၀ချောင်း မပြည့်ပါဘူး။
" ငါက မင်းပြိုင်ဘက် ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား ဆိုတာကို သိရတော့မှာပါ"
ပြောပြီးတာနဲ့ လီဖူချန်းက သူ့ရဲ့ အဆင့်၁၆ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေကို ထုတ်ဖော် လိုက်ပါတယ်။ သူ့လက်ထဲက ဓားနက်ကြီး ထဲကိုတော့ ကြက်သွေးရောင် ဓားဆန္ဒတစ်ခု ခိုဝင်ကိန်းအောင်း လာခဲ့ပါပြီ။
"အတွင်းအားကျင့်စဉ် အဆင့်၁၆လား ... "
စွန်းဟိုင်လုံက အနည်းငယ်တော့ အံ့အားသင့် သွားခဲ့ပုံပါပဲ။
ဆန်းကြယ် အထွတ်အထိပ် အတွင်းအားကျင့်စဉ် အဆင့်၁၆ နဲ့ ဆိုရင်တော့ လီဖူချန်းနဲ့ သူ့ရဲ့ ချီအတွင်းအား အရည်အသွေးက သိပ်ကွာတော့မှာ မဟုတ်ပါဘူး။
" အတွင်းအား ကျင့်စဉ် အဆင့်၁၆ လား ... "
လူအများစုကလည်း မနာလိုသံတွေနဲ့ ရေရွတ် လိုက်ကြပါတယ်။
အသက်၂၀ အရွယ်မှာ ဆန်းကြယ်အဆင့်မြင့် အတွင်းအားကျင့်စဉ် တစ်ခုရဲ့ အဆင့်၁၆အထိ ရောက်အောင် လေ့ကျင့်နိုင်တယ် ဆိုတာ သိပ်ပြီး ဖြစ်နိုင်လှတာ မဟုတ်ပါဘူး။ လက်ရွေးစင် ပါရမီရှင်တွေ တောင်မှ အသက်၂၀ အရွယ်မှာ လီဖူချန်းလို မစွမ်းဆောင် နိုင်သေးပါဘူး။ သေချာတာ တစ်ခုကတော့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းက ထူးခြားတဲ့ အဆင့်တစ်ခုကို ရောက်နေပါပြီ။
လီဖူချန်းက အသက်၂၀ အရွယ်မှာတောင် အတွင်းအား ကျင့်စဉ် အဆင့်၁၆အထိ ရောက်အောင် လေ့ကျင့်နိုင်မှတော့ နောက်ထပ် နှစ်အနည်းလောက်ဆိုရင် အဆင့်၁၇ ဒါမှမဟုတ် အဆင့်၁၈ ကို သေချာပေါက် ရောက်မှာပါပဲ။
နှင်းရေခဲ နတ်မိမယ် စုလင်းဟာ အတွင်းအား ကျင့်စဉ် အပိုင်းမှာ ချွင်းချက်မရှိ နံပါတ်၁ ဖြစ်ပါတယ်။ သူမဟာ အရင်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲမှာ ကတည်းက အတွင်းအားကျင့်စဉ် အဆင့်၁၆ ကို ရောက်နေပါပြီ။
ဒါပေမဲ့ အဲဒီတုန်းက စုလင်းဟာ အသက်၂၀ ကျော်နေပါပြီ။
" သည်ကလေးက အတွင်းအား ကျင့်စဉ်အပိုင်းမှာ ကောင်းကင်ဘုံရဲ့ ကောင်းချီး ပေးခြင်းကို ခံထားရတာများလား ... "
လီဖူချန်းကြောင့် ၁၀၈ကွက် မဟာဝင်္ကပါရဲ့ အပြင်ဘက်ကနေ ကြည့်ရှုနေကြတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင်မှ ဒွိဟ ဖြစ်ကုန်ပါတယ်။
" မင်းက အတွင်းအားကျင့်စဉ် အဆင့်၁၆ ဖြစ်တော့လည်း ဘာအရေးလဲ ... "
" အစစ်အမှန် ဝိညာဉ်မီးတောက် အသက်ဝင်စမ်း …"
" မီးတိမ်တိုက်တုတ်သိုင်း ကွ…"
စွန်းဟိုင်လုံက ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော် လိုက်ပါတယ်။
အစစ်အမှန် ဝိညာဉ်မီးတောက် လျှို့ဝှက်နည်းစနစ်က ချီအတွင်းအားတွေကို ပြောင်းလဲ စေနိုင်ခြင်း မရှိသလို ချီအတွင်းအားတွေကို ရုတ်ခြည်း တိုးမြှင့် ပေးနိုင်စွမ်းလည်း မရှိပါဘူး။
သည်နည်းစနစ်ကို ချီအတွင်းအားတွေကို ပုံရိပ်တစ်ခု အဖြစ် ပုံဖော်ပေးနိုင်တာပါ။
စွန်းဟိုင်လုံရဲ့ အနောက်မှာတော့ စွန်းဟိုင်လုံနဲ့ တစ်ပုံစံတည်း တူညီတဲ့ မီးတောက် အရိပ်တစ်ခု ဖြစ်တည်လာခဲ့ပါပြီ။ အဲဒီအရိပ်ကြီးက ၁၀မီတာ နီးပါးလောက်ကို ရှိပါတယ်။ အဲဒီမီးတောက် အရိပ်ကြီးက စွန်းဟိုင်လုံကို အဆုံးမရှိတဲ့ မီးတောက် စွမ်းအင်တွေ လွှဲပြောင်း ပေးနေပုံပါပဲ။ စွန်းဟိုင်လုံရဲ့ ချီအရှိန်အဝါတွေက ပိုပိုပြီးတော့ အားကောင်းလာခဲ့ပါပြီ။
စွန်းဟိုင်လုံက သူ့ရဲ့ သတ္တုတုတ်ကို စက်ဝိုင်းပုံသဏ္ဌာန် အဆက်မပြတ် မွှေ့ယမ်း လိုက်တဲ့အခါမှာတော့ မီးလေပွေကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ထို့နောက်မှာတော့ သူက ထိုမီး လေပွေကြီးကို လီဖူချန်းဆီသို့ ရိုက်လွှတ် လိုက်ပါတော့တယ်။
" သည်တုတ်သိုင်းက မျောလွင့်ဓားသိုင်းနဲ့ သဘောသဘာဝချင်း ဆင်တူနေတာပဲ။ ဒါပေမဲ့ ဒါက ပိုပြီးတော့ ပြင်းတယ်။ "
လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ မီးတိမ်တိုက် တုတ်သိုင်းရဲ့ သဘောသဘာဝကို နည်းနည်းပါးပါး သဘောပေါက်သွားခဲ့ပါပြီ။
" မီးတောက်မိစ္ဆာရဲ့ ဦးချို လာစမ်း ... "
လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားဆန္ဒက အစကနဦးပိုင်း အဆင့် မဟုတ်တော့သလို ဖွံ့ဖြိုးစ အဆင့်လည်း မဟုတ်တော့ပါဘူး။ သူ့ရဲ့ မိစ္ဆာနှင် ဓားဆန္ဒက ပြီးပြည့်စုံစွာ ဖွံ့ဖြိုးပြီးသွားပါပြီ။ 'မီးတောက်မိစ္ဆာရဲ့ ဦးချို ' ဆိုတာကတော့ မိစ္ဆာနှင်ဓားသိုင်းရဲ့ နောက်ဆုံးဓားကွက် သို့မဟုတ် အဆုံးသတ် ဓားကွက်ပဲ ဖြစ်ပါတယ်။
ဝေါ ... ဝေါ ...
ဓားနက်ကြီးက ထုတ်လွှင့်လာတဲ့ ကြက်သွေးရောင် အလင်းတန်းတွေက ဦးချိုတစ်ခု အသွင် ပြောင်းလဲ သွားခဲ့ပါပြီ။ ထို့နောက်မှာတော့ ထိုကြက်သွေးရောင် ဦးချို အလင်းတန်းက မီးလေပွေကြီးထဲကို တိုးဝင် သွားခဲ့ပါတယ်။
" အန္တရာယ် "
အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရတဲ့ စွန်းဟိုင်လုံက သိုင်းကွက်ပြောင်းဖို့ ကြိုးစားလိုက်သေး ပေမယ့်လည်း နောက်ကျသွားခဲ့ပါပြီ။
ဘုန်း ... ...
ပြင်းထန်လှတဲ့ စွမ်းအင်တစ်ခုက စွန်းဟိုင်လုံရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်လာပြီး သူ့ကို ရိုက်ချ ပစ်လိုက်ပါတယ်။ စွန်းဟိုင်လုံက ကြယ်တွေ၊ လတွေတောင် မြင်လိုက်ရသလိုပါပဲ။
လီဖူချန်းရဲ့ ဓားနက်ကြီးမှာ ကိန်းအောင်းနေတဲ့ ချီအတွင်းအားတွေက တစ်နေရာတည်းကိုပဲ ရည်ရွယ် ထားခဲ့ဟန် တူပါတယ်။ အဲဒီနေရာကတော့ မီးလေပွေကြီးရဲ့ အလယ်ဗဟို တည့်တည့်ပါပဲ။
ဒါတောင် လီဖူချန်းက စွန်းဟိုင်လုံကို ညှာတာလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဓားနက်ကြီးက စွန်းဟိုင်လုံရဲ့ ရင်ဘတ်ကို ထိုးဖောက်ခါနီးမှာ ဓားကို လှည့်လိုက်ပြီး ဓားပြားအဖြစ် ပြောင်းလိုက်လို့သာ စွန်းဟိုင်လုံ တစ်ယောက် သက်သာရာ ရသွားခဲ့တာပါ။
" မင်းရှုံးပြီ "
ပြောပြီးတာနဲ့ လီဖူချန်းက သူ့ရဲ့ဓားကို ပြန်သိမ်းလိုက်ပြီး ကျောက်တုံး မဏ္ဍိုင်ပေါ်ကို ပြန်ခုန်တက် သွားပါတော့တယ်။
စွန်းဟိုင်လုံကတော့ ဘာပြန်ပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။
ဓားချက် တစ်ချက် ... …
သူက တစ်ဖက်လူရဲ့ ဓားချက် တစ်ချက်ကိုတောင် မကာကွယ်နိုင်ခဲ့ပါဘူး။ ဒါက လုံးဝကို အရှက် ရစရာပါပဲ။
ဒါပေမဲ့ သူက အရှက်ရတာထက် စာရင် လီဖူချန်းကို ပိုပြီး ကြောက်သွားမိပါတယ်။
လီဖူချန်းရဲ့ ဓားချက်က လျင်မြန်ပြီး တိကျသေသပ် လွန်းပါတယ်။ လုံးဝကို အပြစ်ပြောစရာ ရှာမတွေ့ပါဘူး။ ဆန်းကြယ်အဆင့်မြင့် သိုင်းပညာရပ်ချင်း တူနေရင်တောင်မှ သူ့ရဲ့ တုတ်သိုင်းက လီဖူချန်းရဲ့ ဓားသိုင်းထက်ကို တစ်ဆင့်မက နိမ့်ကျနေပါသေးတယ်။ ဒါက လုံးဝကို ခြားနားတဲ့ အဆင့်တစ်ခု ပါပဲ။
စွန်းဟိုင်လုံက သူ့ရဲ့ ရှုံးနိမ့်မှုကို ကျေကျေနပ်နပ်ကြီး လက်ခံသွားပါပြီ။
" သူက အဲဒီလောက်အထိ အစွမ်း ထက်နေပြီလား ... "
လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ကတော့ စိတ်ပျက်လက်ပျက် ညည်းတွား နေကြပါတယ်။ သည်အတိုင်း ဆိုရင်တော့ သူတို့ဟာ လီဖူချန်းရဲ့ တိုးတက်မှုနှုန်းကို ဘယ်လိုမှ လိုက်မီနိုင်စရာ အကြောင်း မရှိတော့ဘူး။
လီဖူချန်းရဲ့ စွမ်းရည်က အိုးရန်ဝမ်းထင်နဲ့ ဇောင်ဝူကျင်းကိုလည်း ပါးစပ် အဟောင်းသား ဖြစ်သွားစေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လီဖူချန်းက ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအားကိုတောင်မှ အသုံးမပြုသေးလို့ပါပဲ။ အကယ်၍ လီဖူချန်းသာ ထိုနည်းစနစ်ကို အသုံးပြုလိုက်မည် ဆိုပါက သူ့ရဲ့ စွမ်းရည်ဟာ နောက်ထပ် အဆင့်တစ်ဆင့် အထိကိုပါ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလား။
အခုဆိုရင် လီဖူချန်းက ၁၀ပွဲ ဆက်တိုက် အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ကနေ ထွက်ပေါ်နေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်ကလည်း မြွေကြီး တစ်ကောင်နဲ့ ပိုပိုပြီး တူလာခဲ့ပါပြီ။
ပွဲစဉ်အမှတ် ၅၈၀မှာတော့ လီဖူချန်းနဲ့ ရန်ချင်းဟူတို့ ထိပ်တိုက် တွေ့ဆုံ ကြပါတော့တယ်။
ရန်ချင်းဟူကတော့ အရှုံးပေးဖို့ စဉ်းစားထားဟန် မရှိပါဘူး။ သူမက တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အားကုန်သုံးပြီး လီဖူချန်းကို တိုက်စစ် ဆင်ပါတော့တယ်။ သူမဟာ ခုခံဖို့အတွက်ကို လုံးဝ ပြင်ဆင်ထားခြင်း မရှိပါဘူး။
" ပျံလွှား တောင်ပံခတ်ဟန် ခုတ်ပိုင်းခြင်း "
သက်စောင့်အားတောင် မချန်ဘဲ တိုက်ခိုက်လိုက်တဲ့ ရန်ချင်းဟူရဲ့ ဓားချက်တွေဟာ ကြောက်စရာ ကောင်းလောက်အောင်ကို လျင်မြန် လွန်းလှပါတယ်။ သူမလက်ထဲက လခြမ်းကွေး ဆေဘာဟာလည်း ကိုယ်ပိုင် အသိစိတ် ဝိညာဉ် ခိုဝင်ကိန်းအောင်း နေသလိုပါပဲ။
လီဖူချန်းက တည်တည်ငြိမ်ငြိမ်နဲ့ ရန်ချင်းဟူရဲ့ လခြမ်းကွေး ဓားချက်တွေ အနားကို ရောက်လာတဲ့အထိ စောင့်ဆိုင်း နေပါတယ်။
ရန်ချင်းဟူ တစ်ယောက် အနား ရောက်လာပြီ ဆိုမှ လီဖူချန်းက
" မိစ္ဆာနှင်အရိပ် သတ်ဖြတ်ခြင်း "
လီဖူချန်းရဲ့ ဓားချက်တွေဟာ ကောင်းကင်ဘုံကနေ ဖန်ဆင်း ပေးထားသလိုပါပဲ။ ရန်ချင်းဟူရဲ့ လခြမ်းကွေးဆေဘာ ဓားချက်တွေက လီဖူချန်းရဲ့ မိစ္ဆာနှင်အရိပ် သတ်ဖြတ်ခြင်းကို ဘယ်လိုမှ အံမတုနိုင်ခဲ့ပါဘူး။
ရွပ် ... ရွပ် ... ရွပ် ...
ဒါဇင်နဲ့ချီတဲ့ ဓားချက်တွေက ရန်ချင်းဟူကို ခုတ်ပိုင်းမိသွား ခဲ့ပါပြီ။
ရန်ချင်းဟူရဲ့ တစ်ကိုယ်လုံးအနှံ့မှာတော့ ဓားဒဏ်ရာတွေ ပြည့်နှက် နေပါတယ်။ ဒါပေမဲ့ လီဖူချန်းက လျှော့လျှော့ပေါ့ပေါ့သာ ခုတ်သွားခဲ့တဲ့အတွက် သည်ဒဏ်ရာတွေဟာ အပေါ်ယံ ဒဏ်ရာတွေ သက်သက်ပါပဲ။ ဘာမှ ကြီးကြီးကျယ်ကျယ် ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး။
၁၀၈ကွက် မဟာဝင်္ကပါရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းချုပ် လီရှုထန် နဲ့ ရန်ကလန် ခေါင်းဆောင် ရန်ပိုင်ထျန်းတို့ရဲ့ မျက်နှာ အမူအရာကတော့ မကောင်းလှပါဘူး။
'တိုက်ပွဲ တစ်ပွဲ ရှုံးသွားတာက အရာရာကို ဆုံးရှုံးတယ်လို့ မဆိုနိုင်သေးဘူး။ နောက်တစ်ခေါက် ပြိုင်ပွဲရဲ့ ဘုရင်မက ငါပဲ ဖြစ်ရမယ်။ "
ရန်ချင်းဟူက သူမကိုယ်သူမ အားပေးလိုက်ပါတယ်။
ရန်ချင်းဟူကို အနိုင်ယူ အပြီးမှာတော့ လီဖူချန်းက နောက်ထပ် သုံးပွဲကို ထပ်နိုင် လိုက်ပါသေးတယ်။ အခုဆိုရင် သူက ၁၄ပွဲ ဆက်တိုက်ကို အနိုင်ရထား ခဲ့ပါပြီ။
လီဖူချန်းလို ၁၄ပွဲဆက်တိုက် အနိုင် ရထားသူတွေဟာ အယောက်၂၀နီးပါး ရှိပါတယ်။ ရန်ချင်းဟူက လွဲပြီး အခြားသော လက်ရွေးစင် ပါရမီရှင်တွေဟာ ရှုံးပွဲနဲ့ မတွေ့ကြုံသေးပါဘူး။
ပွဲစဉ် ၇၉၉ မှာတော့ လီဖူချန်းနဲ့ ရှဟိုရှိတို့ ထိပ်တိုက် တွေ့ဆုံ ပါတော့တယ်။
ရှဟိုရှီက လီဖူချန်းကို သူ့ရဲ့ သားကောင် တစ်ကောင်အဖြစ် မှတ်ယူထားသူ တစ်ယောက်ပါ။ ဒါပေမဲ့ ယခု အချိန်မှာတော့ သူက ယုံကြည်မှု မရှိတော့ပါဘူး။
လီဖူချန်းရဲ့ စွမ်းဆောင် ပြသထားမှုတွေက သူမျှော်လင့်ထားတာထက် အများကြီး ကျော်လွန်နေပါပြီ။ တကယ်လို့ လီဖူချန်းရဲ့ စွမ်းရည်ဟာ ဒါအကုန်ပဲ ဆိုရင်တော့ ရှဟိုရှီက အနိုင်ယူနိုင်ဖို့ အတွက် အနည်းငယ် မျှော်လင့်ချက် ရှိပါသေးတယ်။
ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ စွမ်းရည်တွေကို လျိုထားသေးတယ် ဆိုရင်တော့ ရှဟိုရှီက လက်မြှောက် အရှုံးပေးရုံကလွဲပြီး ရွေးစရာ မရှိတော့ပါဘူး။
' ဟမ့် ... ထားလိုက်ပါတော့ကွာ…။ သည်ကောင်ကလည်း ခြေနှစ်ဖက်၊ လက်နှစ်ဖက်နဲ့ ခေါင်းတစ်လုံးပဲ။ ငါက ဘာလို့ ကြောက်နေရမှာလဲ ... '
ရှဟိုရှီက နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး စက်ဝိုင်းပုံ စင်မြင့်ဆီကို ခုန်ချလိုက်ပါတယ်။
ဝုန်း ...
စင်မြင့်ပေါ်မှာ ခြေချမိပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ရှဟိုရှီက သူ့ရဲ့ ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ကို အသက်ဝင် စေလိုက်ပြီး လီဖူချန်းကို တရစပ် တိုက်ခိုက်ပါတော့တယ်။
ဒါကတော့ ရှဟိုရှီရဲ့ အကြိုက်ဆုံး နဂါးဝါ လက်သီးသိုင်းပါပဲ။ သည်လက်သီးသိုင်းက ဆန်းကြယ် အဆင့်မြင့် လက်သီးသိုင်း ဖြစ်ပါတယ်။
ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်တဲ့ ချီအတွင်းအား လှိုင်းလုံးကြီးတွေက လိမ့်ကာလိမ့်ကာဖြင့် လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။
ရှဟိုရှီရဲ့ ကျင့်ကြံမှု အဆင့်ကတော့ စွန်းဟိုင်လုံနဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူ့ရဲ့ လက်သီးသိုင်း ဆန္ဒက စွန်းဟိုင်လုံထက် အားကောင်း သလို သူ့ရဲ့ ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ကလည်း စွန်းဟိုင်လုံထက် သာပါတယ်။
ထပ်ပြီးတော့ ပြောစရာရှိတာက ရှဟိုရှီရဲ့ တိုက်ပွဲအတွေ့အကြုံကလည်း စွန်းဟိုင်လုံထက် ပိုရင့်ကျက် နေပါပြီ။
***