လက်ရွေးစင် ပါရမီရှင်အသစ်
Vol. 22 Ch. 297
"ငါ့ရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုလောက်တော့ ထုတ်ပြသင့်ပြီ ထင်တယ်"
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ကို အသုံးမပြုဘဲနဲ့တောင် ရှဟိုရှီကို အနိုင်တိုက်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလို အနိုင်ယူဖို့ဆိုရင် လီဖူချန်းအနေနဲ့ အသိစိတ်အာရုံရဲ့ ဟာကွက် ရှာဖွေနိုင်စွမ်းကို ယခုထက်ပိုပြီး အသုံးပြုရ ပါလိမ့်မယ်။ အဲဒီလိုသာ လုပ်လိုက်မယ် ဆိုရင်တော့ လူတွေအားလုံးဟာ တုန်လှုပ် ချောက်ချား သွားနိုင်ပါတယ်။ လူတွေဟာ သူ့ရဲ့ အသိစိတ် အာရုံကို လက်ခံနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။
ကြယ်၄ပွင့် လိျှု့ဝှက်နည်းစနစ်ကို အသက်သွင်းပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေဟာ သန့်စင်သော ယန်အဖိုဓာတ် အတွင်းအားချီတွေ အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ်ကနေလည်း သန့်စင်ပြီး အားကောင်းတဲ့ အဝါရောင် ချီအရှိန်အဝါတွေ ထွက်ပေါ် လာခဲ့ပါတယ်။
လီဖူချန်းရဲ့ ဓားနက်ကြီးကိုတောင်မှ အဝါရောင် အလင်းတန်းတွေ လွှမ်းခြုံ သွားခဲ့တဲ့ အတွက် အဝါရောင် သလင်းကျောက် ဓားကြီး တစ်လက်ဟုတောင် ထင်မြင်လာမိ စေပါတယ်။
ဝုန်း ...
လီဖူချန်းက သူ့ရဲ့ ဓားကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လေဟာနယ် တစ်ခုလုံးဟာ လှိုင်းတွန့်လေးတွေ ထလာခဲ့သလို စင်မြင့် တစ်ဝက်လောက်ကိုလည်း အဝါရောင် အလင်းတန်း ကြီးတွေ ဖုံးအုပ် သွားခဲ့ပါပြီ။ ရှဟိုရှီကိုတော့ အရိပ်အယောင် တောင်မှ ရှာမတွေ့တော့ပါဘူး။
" ကြယ်၄ပွင့် လျှို့ဝှက် နည်းစနစ်လား ... "
ရှဟိုရှီက တုန်တုန်ယင်ယင်နဲ့ မြေကြီးပေါ်ကနေ ကုန်းရုန်းပြီး ထလာခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်ကနေလည်း သွေးတွေ စီးကျလျက် ရှိနေဆဲပါပဲ။
ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေတဲ့ သူတောင်မှ ကြယ်၃ပွင့် လျှို့ဝှက်နည်း စနစ်ကို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေသူနဲ့ ညီမျှပါတယ်။ လီဖူချန်းက ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် ပြီးသွားပါပြီ။
ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ တိုက်ခိုက် နိုင်စွမ်းက နောက်ထပ် အဆင့်တစ်ဆင့် ကို ရောက်သွားပါတယ်။ အဲဒီအတွက် ရှဟိုရှီဟာ လီဖူချန်းရဲ့ ပြိုင်ဘက်အဆင့်မှာ မရှိတော့ပါဘူး။
" လက်ရွေးစင် ပါရမီရှင် ... … သည်တိုက်ပွဲကနေ စပြီး လီဖူချန်းက လက်ရွေးစင် ပါရမီရှင် အသစ်တစ်ယောက် ဖြစ်လာခဲ့ပြီ “
လီဖူချန်းက ရှဟိုရှီကို ဓားကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူပြပြီး နောက်မှာတော့ လူအများစုဟာ လီဖူချန်းကို လက်ရွေးစင် ပါရမီရှင် အသစ်အဖြစ် အသိအမှတ် ပြုလိုက်ကြပါပြီ။
လီဖူချန်းက သူ့ကိုယ်သူ လက်ရွေးစင် ပါရမီရှင် အဆင့်အတန်းနဲ့ ထိုက်တန်တယ် ဆိုတာကို ပြသခဲ့ပြီးပြီ မဟုတ်ပါလား။
ရှဟိုရှီဟာ ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ လီဖူချန်းရဲ့ ဓားကွက်တစ်ကွက်ကို တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ သည်လို လူကိုမှ လက်ရွေးစင် ပါရမီရှင် အဖြစ် မသတ်မှတ်ရင်တော့ နည်းနည်း စဉ်းစားစရာ ဖြစ်သွားပါပြီ။
ပြီးတော့ လီဖူချန်းက အခုမှ အသက်၂၀သာ ရှိပါသေးတယ်။
"ကလန်ကို သိက္ခာ ချတဲ့ကောင် ပါလား ... "
ရှဟိုချောင်ကတော့ မျက်နှာ အနည်းငယ် ပျက်နေပါပြီ။
ကလန်တွေနဲ့ ဂိုဏ်းတွေရဲ့ ဂုဏ်သိက္ခာဟာ မတူပါဘူး။ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အစွမ်းအထက်ဆုံး ကလန်ဖြစ်တဲ့ အတွက် တုံလင်ကလန် မျိုးဆက်တွေဟာ သူတို့ရဲ့ မဟာမျိုးဆက်သွေး အပေါ်မှာ အင်မတန် ဂုဏ်ယူကြပါတယ်။ ရှဟိုချောင်ရဲ့ အမြင်မှာတော့ ရှဟိုရှီဟာ ကလန်ရဲ့ သိက္ခာကို ကျစေသလို တုံလင်ကလန် ဘိုးဘေးကြီးတွေရဲ့ မျက်နှာကိုပါ အိုးမဲ သုတ်လိုက်တာပါပဲ။
' သူရခဲ့တဲ့ လျှို့ဝှက်နည်းစနစ်က ဘယ်အဆင့် ဖြစ်နိုင်မလည်း '
စုမုယူက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်ပါတယ်။
သူမရဲ့ ဆဋ္ဌမ အာရုံအရ ဆိုရင်တော့ လီဖူချန်း အခုထုတ်သုံးလိုက်တဲ့ လျှို့ဝှက် နည်းစနစ်ဟာ သင်းချိုင်းဂူထဲမှာ ရလာခဲ့တဲ့ လျှို့ဝှက်နည်းစနစ် မဟုတ်ပါဘူး။ သင်းချိုင်းဂူထဲမှာ လီဖူချန်း ရလာခဲ့တဲ့ လျှို့ဝှက်နည်း စနစ်ဟာ သေချာပေါက် ကြယ်၆ပွင့် အဆင့်မှာ ရှိနေမှာပါ။
အဲဒီ အဓိပ္ပာယ်ကတော့ လီဖူချန်းဟာ သူ့ရဲ့ အစွမ်းတွေကို လျိုထားနေတုန်းပဲ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ထိုးထွင်း သိမြင်ခြင်း အပိုင်းမှာတော့ သူမဟာ လီဖူချန်းကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာ စုမုယူတစ်ယောက် နားလည်ထားပါတယ်။
သူမတောင်မှ ကြယ်၆ပွင့် လျှို့ဝှက်နည်း စနစ်ဖြစ်တဲ့ ရေငွေ့ချီ အတွင်းအား စုစည်းမှု ကို အနီရောင် အဆင့်အထိ လေ့ကျင့်နိုင်မှတော့ လီဖူချန်းကလည်း သူ့ရဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်း စနစ်ကို ကောင်းကောင်းကြီး လေ့ကျင့်ထားနိုင်မှာပါပဲ။
' သူက ဘယ်အဆင့်အထိ သွားမလို့လည်း '
စုမုယူက စဉ်းစားနေရင်းနဲ့ လီဖူချန်းဟာ ဝှက်ဖဲတွေ အများကြီးကို သိမ်းထားဆဲ ဆိုတာကို ရိပ်မိသွားပါတယ်။
၁၆ပွဲဆက်တိုက် အနိုင် ... …
၁၇ပွဲဆက်တိုက် အနိုင် ... ... ...
သည်လိုနဲ့ပဲ လီဖူချန်းဟာ ပွဲ၂၀ ဆက်တိုက် အနိုင် ရသွားခဲ့ပါပြီ။
ဟူး ... ဟူး ... ဟူး ... …
ကျောက်တုံး မဏ္ဍိုင်ကနေ ထွက်ပေါ်နေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေဟာ နောက်ဆုံးမှာတော့ အဝါရောင် မြွေကြီးတစ်ကောင် အဖြစ် ပြောင်းလဲ သွားပါတော့တယ်။ သည်မြွေကြီးက ကိုယ်ပိုင် အသိစိတ် ဝိညာဉ်ပါ ရှိနေတဲ့ပုံပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ သည်အဝါရောင် မြွေကြီးဟာ လီဖူချန်းကို အုပ်မိုးထားပြီး အကာအကွယ် ပေးထားသလို နိုင်ပွဲဆက်နေတဲ့ အခြားသော ကျောက်တုံး မဏ္ဍိုင်ပေါ်က သူတွေကိုလည်း လျှာနှစ်ခွကိုထုတ်ကာ ရန်လိုနေတဲ့ အပြုအမူဖြင့် စိမ်ခေါ်နေတယ်လေ။
( note -ပွဲ၂၀ ဆက်တိုက် နိုင်ထားတဲ့ အခြားသော သူတွေရဲ့ ကျောက်တုံး မဏ္ဍိုင်တွေကနေ ထွက်နေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင် တွေကလည်း မြွေကြီးတွေ အဖြစ် ပြောင်းလဲနေပါပြီ။ )
ပွဲစဉ် ၁၁၀၀ မြောက်မှာတော့ စုမုယူဟာ နက္ခတ်တာရာသခင်လေး မုယုံဒီးနဲ့ တိုက်ခိုက်ဖို့ အလှည့်ကျပါတယ်။
ကျားနဂါး ပြိုင်ပွဲစကတည်းက ပထမဆုံး အကြိမ်အဖြစ် လက်ရွေးစင် ပါရမီရှင်၂ယောက် ထိပ်တိုက် တွေ့တဲ့ ပွဲပါပဲ။
ဒါက နတ်မိမယ်တစ်ပါးနဲ့ သခင်လေး တစ်ယောက်ရဲ့ တိုက်ပွဲပါ။
လူတွေ အားလုံးကတော့ မျက်တောင် တောင် မခတ်တော့ဘဲ စက်ဝိုင်းပုံ စင်မြင့်ပေါ်မှာ ရှိတဲ့ လူငယ် နှစ်ယောက်ကို စိုက်ကြည့် နေကြပါတယ်။
" စုမုယူက အခုမှ အသက်၂၀ပဲ ရှိသေးတာကွ။ မုယုံဒီးက အသက်၂၃ ရှိနေပြီ။ သူမက မုယုံဒီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး ...
" ကျားနဂါးပြိုင်ပွဲက အရည်အချင်းကိုပဲ ဦးစားပေးတာကွ။ အသက်အရွယ်ကို ဦးစားပေးတာ မဟုတ်ဘူး။ သူမက မုယုံဒီးကို မယှဉ်နိုင်ဘူး ဆိုရင်တောင်မှ ဘယ်နှကွက် အထိ တောင်ခံနိုင်မလဲ ဆိုတာ စောင့်ကြည့် ရမှာပဲ"
လူတွေအားလုံးရဲ့ အမြင်မှာတော့ စုမုယူဟာ မုယုံဒီးရဲ့ ပြိုင်ဘက် အဆင့်မှာ မရှိသေးပါဘူး။
သူတို့ နှစ်ယောက်စလုံးဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်ကျသလို လက်ရွေးစင် ပါရမီရှင်တွေလည်း ဖြစ်ကျပါတယ်။ အဲဒီအတွက် သုံးနှစ်ဆိုတဲ့ ကျင့်ကြံမှု အချိန်က စကားပြော သွားပါပြီ။
" စုမုယူ ... မင်းအရှုံးပေးလိုက်တာ ပိုကောင်းမယ်လို့ ငါအကြံ ပေးချင်တယ်။ မင်းက ငါ့ရဲ့ ပြိုင်ဘက် အဆင့်အတန်းမှာ မရှိသေးဘူး"
မုယုံဒီးက အေးစက်စက် ပြောလိုက်ပါတယ်။
သူက အဓိပ္ပာယ်မရှိတဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ပြီး သူ့ရဲ့ ခွန်အားတွေကို မဖြုန်းချင်ပါဘူး။
စုမုယူက ခေါင်းခါလိုက်ပြီး
" ငါ စမ်းမကြည့်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး အရှုံးပေးရမှာလည်း" ဟု ပြန်ဖြေလိုက်ပါတယ်။
သူမကလည်း မုယုံဒီးကို မယှဉ်နိုင်ဘူး ဆိုတာကို သိထားပါတယ်။ ဒါပေမဲ့ မတိုက်ရသေးဘဲနဲ့ အရှုံး ပေးတာဟာ သူမရဲ့ ပုံစံ မဟုတ်ပါဘူး။ သူမဟာ အတတ်နိုင်ဆုံးတော့ ကြိုးစား ကြည့်ချင် ပါသေးတယ်။
" ဟုတ်ပြီလေ ... မင်းက ဆုံးဖြတ်ထားပြီးပြီ ဆိုတော့လည်း ငါက မင်းရဲ့ ဆုံးဖြတ်ချက်ကို အလေးထားပါ့မယ်”
မုယုံဒီးရဲ့ လက်ထဲမှာရှိတဲ့ သံယပ်တောင် ကတော့ စတင် လှုပ်ရှားလာခဲ့ပါပြီ။ အဆုံးအစမဲ့တဲ့ ချီအတွင်းအား လှိုင်းတွေက ယပ်တောင်ရဲ့ လှုပ်ရှားမှုနဲ့ အတူ ထွက်ပေါ် လာခဲ့ပါတယ်။
ရွှီး ...
မုယုံဒီးက လေထဲကို ခုန်တက်လိုက်ပြီး သံယပ်တောင်နဲ့ ရိုက်ချလိုက်တဲ့ အခါမှာတေ့ာ ကြီးမားတဲ့ သံယပ်တောင် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး စုမုယူဆီကို တိုးဝင် သွားခဲ့ပါတယ်။ သံယပ်တောင် အရိပ်ကြီး သွားရာ လမ်းတစ်လျှောက်မှာတော့ လေပွေ အသေးစားလေးတွေ ဖြစ်ပေါ် နေပါသေးတယ်။
" ကြောက်ဖို့ ကောင်းလိုက်တဲ့ ရိုက်ချက် "
မုယုံဒီးနဲ့ မျက်နှာချင်းဆိုင် ကျောက်တုံး မဏ္ဍိုင်ပေါ်မှာ ရှိနေတဲ့ လူငယ် တစ်ယောက်ကတော့ တအံ့တသြနဲ့ ရေရွတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုယုံဒီရဲ့ သံယပ်တောင် ရိုက်ချက်ကနေ ထွက်လာတဲ့ ချီစွမ်းအင် တစ်ချို့ကတောင်မှ သူ့ကို လွင့်ထွက် သွားစေမတတ် အားကောင်းနေလို့ပါပဲ။
' သည်ကောင်က ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သားပဲ '
လီဖူချန်းတောင်မှ မျက်ခုံး ပင့်လိုက်မိပါတယ်။
' ငါအစွမ်းရဲ့ ၆၀ ရာခိုင်နှုန်းလား ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်းလား…'
သူက မုယုံဒီးကို အနိုင်တိုက်ဖို့ အတွက် ထုတ်သုံးရမယ့် အစွမ်းတွေကို တွက်ချက် နေမိပါတယ်။
စုမုယူက အသက်ကို တဝကြီး ရှုလိုက်ပြီး သူမရဲ့ လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ ရေငွေ့ချီ အတွင်းအား စုစည်းမှုကို အသက်သွင်း လိုက်ပါတယ်။ သူမရဲ့ လက်ထဲ ချိတ်ကောက် ဓားကတော့ အနီရောင် တောက်ပလာခဲ့ပါပြီ။
ထို့နောက်မှာတော့ သူမက သူမရဲ့ ချိတ်ကောက်ဓားကို ဝှေ့ယမ်းလိုက်ကာ မုယုံဒီးကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။
ဝုန်း ...
ကြောက်စရာကောင်းလှတဲ့ ချီပေါက်ကွဲမှုကနေ ဖြစ်လာတဲ့ စွမ်းအင် အပိုင်းအစတွေက အရပ် ၈မျက်နှာစလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။ ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့ လူငယ်တွေရဲ့ ဝတ်ရုံစတွေတောင်မှ ပေါက်ကွဲမှု အရှိန်ကြောင့် လှုပ်ခတ် သွားခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပေါ်ရာ ဗဟိုချက်နဲ့ နီးကပ်နေတဲ့ ကျောက်တုံး မဏ္ဍိုင် ပိုင်ရှင်တွေကတော့ ကျောက်တုံး မဏ္ဍိုင်တွေ ပေါ်ကနေ ပြုတ်ကျတော့မလို ဖြစ်သွားတဲ့ အတွက် သူတို့ရဲ့ အတွင်းအားကို စုစည်းပြီး တောင့်ခံ လိုက်ရပါတယ်။
ခြေလှမ်းတစ်လှမ်း ... ခြေလှမ်းနှစ်လှမ်း ... ခြေလှမ်းသုံးလှမ်း ...
စုမုယူကတော့ အနောက်ကို ခြေလှမ်း သုံးလှမ်းတိတိ ဆုတ်ပေးလိုက်ရပါပြီ။
" မဆိုးဘူး ... မင်းက ငါ့ရဲ့ သိုင်းကွက် တစ်ကွက်ကို တောင့်ခံနိုင်တာပဲ"
မုယုံဒီးက စုမုယူကို ချီးကျူးလိုက်ပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သူကလည်း ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို အောင်မြင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ မုယုံဒီးက စုမုယူနဲ့ တိုက်ခိုက်တဲ့ နေရာမှာ မသုံးချင်သေးပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ သူက စုမုယူထက် ကျင့်ကြံခြင်း အဆင့်မှာကော အတွင်းအား ကျင့်စဉ်မှာပါ သာလွန်နေလို့ပါပဲ။
" အနီရောင် သေမင်းကကြိုး "
စုမုယူက သူမရဲ့ အကောင်းဆုံး သိုင်းကွက်ကို ထုတ်ဖော် အသုံးပြု လိုက်ပါတယ်။
ပေ၁၀၀ ပတ်လည် အတွင်းမှာတော့ အနီရောင် ချိတ်ကောက် ဓားတွေကို ကိုင်ဆောင် ထားတဲ့ စုမုယူတွေ အများအပြား ပေါ်ထွက်လာခဲ့ပါပြီ။
" အရိပ်မဲ့ နဂါးယပ်တောင် "
မုယုံဒီးကလည်း သူ့ရဲ့ ယပ်တောင်ကို နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်း လိုက်ပါတယ်။ သည်တစ်ကြိမ်မှာတော့ သူရဲ့ ယပ်တောင်ကနေ နဂါးကြီး တစ်ကောင်နဲ့ ဆင်တူတဲ့ ချီအတွင်းအား လှိုင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘန်း ...
စုမုယူက ယပ်တောင် ရိုက်ချက်ကြောင့် လွင့်ထွက် သွားခဲ့ပါပြီ။ သူမရဲ့ နှုတ်ခမ်း ထောင့်ကနေလည်း သွေးတွေ စီးကျလာပါတယ်။
မုယုံဒီးရဲ့ သည်တစ်ခါ ယပ်တောင် ရိုက်ချက်ကတော့ တိုက်ပွဲရဲ့ အနိုင်အရှုံးကို ကောင်းကောင်းကြီး သိသာစေခဲ့ပါပြီ။
မုယုံဒီးကို အရှုံးပေးလိုက် ရပေမယ့်လည်း စုမုယူက စိတ်မပျက် သွားခဲ့ပါဘူး။ သူမက သည်တိုက်ပွဲရဲ့ အဖြေကို အစောကြီးကတည်းက ကြိုတင် သိထားပြီးပြီ မဟုတ်ပါလား။ ပြီးတော့ သူမရဲ့ အမြင့်မားဆုံး ရည်ရွယ်ချက်က ထိပ်ဆုံး ၁၀ယောက် အဆင့်ထဲမှာ ဝင်ဖို့ပါပဲ။ ဒါပေမဲ့ ထိပ်ဆုံး အယောက်၂၀ အဆင့်ထဲသာ ဝင်ရင်လည်း ကျေနပ်ပါသေးတယ်။
ပွဲစဉ် အမှတ် ၁၄၀၀ ကို ရောက်တဲ့ အချိန်မှာတော့ ၂၅ပွဲဆက်တိုက် နိုင်ထားတဲ့ လီဖူချန်းဟာ အစွမ်းထက်တဲ့ ပြိုင်ပွဲဝင် တစ်ယောက်နဲ့ ကြုံရပါပြီ။
လီဖူချန်းရဲ့ ပြိုင်ဘက်ကတော့ ကျားနဂါးစာရင်း အဆင့်၁၇ မှာ ရပ်တည်နေတဲ့ ချန်ဖန်းပါပဲ။
ချန်ဖန်းက လက်ရွေးစင် ပါရမီရှင် အဆင့်အတန်း ထဲကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲမှာ အဆင့်၁၇ ရခဲ့တာပါ။ အဲဒီအတွက် ချန်ဖန်းဟာ ခေသူ တစ်ဦးတော့ မဟုတ်ပါဘူး။
ပြီးတော့ အချိန်၃နှစ်တောင် ကြာသွားပြီ ဖြစ်တဲ့ အတွက် ချန်ဖန်း တစ်ယောက် ဘယ်လောက်အထိ တိုးတက် လာသလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။
ဟူး ... ဟူး ... ဟူး ...
စက်ဝိုင်းပုံ စင်မြင့်ရဲ့ အလယ်တည့်တည့်မှာတော့ ချန်ဖန်းဟာ စစ်နတ်ဘုရား တစ်ဦးပမာ ဝင့်ကြွားစွာနဲ့ လီဖူချန်းကို စောင့်ကြိုနေပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ ချီအရှိန်အဝါတွေကလည်း မုယုံဒီးရဲ့ ချီအရှိန်အဝါတွေ ထက်တောင်မှ အားကောင်း နေသလိုပါပဲ။
(note -ဟုတ်ပါတယ်။ မုယုံဒီးက သူ့ရဲ့ အစွမ်းကို အကုန် မထုတ်ပြသေးလို့သာ ချန်ဖန်းရဲ့ ချီအရှိန်အဝါက မုယုံဒီးထက် အားကောင်း နေတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။
တကယ်လို့ မုယုံဒီးကသာ သူ့ရဲ့ အစွမ်းတွေကို အကုန်ထုတ်ပြ လိုက်ရင်တော့ ချန်ဖန်းရဲ့ ချီအရှိန်အဝါက မုယုံဒီးထက် အားကောင်းစရာ မရှိပါဘူး။)
***