အသူရာတို့၏ စစ်မြေပြင်
Vol. 34 Ch. 464
ပါ့ကော် မှော်စွမ်းအင်ကို ရုပ်သိမ်းလိုက်သည့်အခါ မုမိသားစုမှ ကောင်းကင်နတ်သိုင်းပညာရှင်အမျိုးသမီး၏ အလောင်းမှာ ကောင်းကင်ယံမှ ပြုတ်ကျသွားတော့သည်။ “အသက်ငယ်ငယ်လေးနဲ့ လူသားဧကရာဇ်ဟောင်းလို မဖြစ်နိုင်တာတွေ တွေးတတ်နေပြီပဲ”
သူ့ဓားက မုအမျိုးသမီး၏ လက်မောင်းကိုသာ ဖြတ်တောက်ခဲ့သော်လည်း ဓားသွား သူမခန္ဓာကိုယ်အား ဖြတ်သွားသည့်အချိန်တွင် မူလဝိညာဉ်ပါ အရည်ပျော်ပျက်စီးသွားခြင်းဖြစ်၏။
ပါ့ကော်ကား ရန်သူကို ကိုယ်တိုင်ထိစရာပင် မလိုသည့် ဓားအဆင့်သို့ ရောက်နေချေပြီ။ သူ့ဓားတစ်လက်တည်းဖြင့် ရန်သူ၏ မူလဝိညာဉ်ကို ဖျက်စီးပစ်ရန် လုံလောက်သည်။
မုယင်ရွှယ်မှာ လက်သီးတင်းတင်းဆုပ်လိုက်မိသော်လည်း ဒေါသကို မြိုသိပ်ထားရ၏။ သေဆုံးသွားသူက သူမ၏မိသားစုဝင်ဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ပါ့ကော်၏ ရှေ့တွင် မဆင်မခြင် မလှုပ်ရှားဝံ့ပေ။
ပါ့ကော်က ခေါင်းဆောင်အားလုံးကို မျက်လုံးဝှေ့ကြည့်လိုက်ပြီး သူ၏အနောက်ရှိ ဧရာမတောင်ကြီးများနှင့် အစစ်အမှန်ကောင်းကင်နန်းတော်က လူသတ်လိုသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူက အေးအေးလူလူ ပြောလိုက်၏။ “အနောက်ကမ္ဘာမြေရဲ့ ခေါင်းဆောင်အပေါင်းတို့၊ ခင်ဗျားတို့တွေဟာ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အာဏာအတွက် ပုန်ကန်ကြပေမယ့် အဲဒီအာဏာက ကျုပ်ဆီက လာမှန်း မသိကြဘူး။ ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးတစ်ခု ပေးမယ်။ အခုချက်ချင်း ဒီလူသားဧကရာဇ်ချင်ရဲ့ ခေါင်းကို ဖြတ်ပြီး အစစ်အမှန်ကောင်းကင်နန်းတော်ဆီ ဆက်သရင် အားလုံးကို သက်ညှာထောက်ထားပေးမယ်”
ခေါင်းဆောင်အတော်များများ စိတ်ယိမ်းယိုင်သွားသည်ကို မြင်လျှင် ချင်မူ တုန်လှုပ်သွားမိ၏။
သူ ဆွဲခေါ်လာခဲ့သည့် အနောက်ကမ္ဘာမြေ၏ စစ်တပ်ကြီးမှာ အကျိုးအမြတ်များကြောင့်သာ လိုက်ပါလာခြင်းဖြစ်သည်။ ပန်းပွင့်လေးများသဖွယ် လှပကြသော အမျိုးသမီးခေါင်းဆောင်အများစုက ချင်မူနှင့် ခင်မင်ရင်းနှီးကြသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဂိုဏ်းသခင်များနည်းတူ သူတို့မိသားစု၏ အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်ကြလေသည်။
ကိုယ်ရေးကိုယ်တာခံစားချက်များက ဤအမျိုးသမီးများ၏ လက်တွေ့ဆန်သော အတွေးများအပေါ် သက်ရောက်မှုမရှိပေ။ ပါ့ကော်၏စကားကြောင့် သူတို့ တပ်ပြန်ခေါက်သွားလျှင်လည်း ချင်မူ အံ့အားသင့်မိမည်မဟုတ်။
ရုတ်တရက် မုယင်ရွှယ်က လက်ကောက်ဝတ်ရှိ ခေါင်းလောင်းများကို တချွင်ချွင် မြည်သည်အထိ လှုပ်ခါလိုက်ကာ ပြုံးလိုက်သည်။ “ရှင်တို့အားလုံး ပြန်ဆုတ်ချင်လည်း ရတယ်။ ဒါပေမဲ့ ကျွန်မတို့ မုမိသားစုကတော့ မဆုတ်နိုင်ဘူး။ မုမိသားစု ရှုန်းမိသားစုအပေါ် တင်ထားတဲ့ အကြွေးကို ပြန်ဆပ်ရမယ်။ မဟုတ်ရင် ကျွန်မတစ်သက်လုံး လိပ်ပြာလုံမှာမဟုတ်ဘူး”
ဟယ့်ရီရီက ကျန်ရှိသူများကို မှင်သေသေ ကြည့်လိုက်သည်။ “ယွီပိုချွမ်က ကျွန်မတို့ဝါးမြို့ထဲမှာ သေသွားတာဆိုတော့ ကျွန်မအနေနဲ့ အပြစ်က လွတ်မှာမဟုတ်ဘူး။ ဆုတ်လည်း မထူးမှတော့ ပြန်မဆုတ်ဘဲ ယွီမိသားစုကို ပုန်ကန်မယ်”
လျို့ရိုယင်းမှာ တခဏ တွန့်ဆုတ်နေပြီးနောက် သူမဘေးရှိ ခေါင်းတလားသေးသေးလေးအပေါ်တွင် ထိုင်၍ တုတ်ထိုးသကြားလုံးကို သဲသဲမဲမဲ လျက်နေသော လျို့ကျန့်ချင်းအား ကြည့်လိုက်သည်။ လျို့ကျန့်ချင်းက လျို့ရိုယင်း၏ အကြည့်ကို သတိထားမိလျှင် ချိုသာစွာ ပြုံးလိုက်၏။ “ဂိုဏ်းသခင်ချင် ပြောခဲ့သလိုပဲ။ သူက နတ်ဘုရားအစစ်ရဲ့ ကိုယ်ပွားလေးပဲဆိုတော့ သတ်ရမခက်ပါဘူး။ နတ်ဘုရားအစစ်ဆင်းလာမှသာ အောက်ဘုံအတွက် ခက်ခဲမှာ။ မေမေ၊ သမီး ညီမလေးချီအာရဲ့ တုတ်ထိုးသိကြားလုံးကိုလည်း လက်ခံပြီးပြီဆိုတော့ ရှုန်းမိသားစုအတွက် တစ်ခုခုပြန်လုပ်ပေးမှ ဖြစ်တော့မယ်။ ဒါ့အပြင်....”
သူမအပြုံးက ပို၍ပင်ချစ်စဖွယ် ကောင်းလာသည်။ “ဒီကိစ္စပြီးရင် ယွီမိသားစု သမီးတို့ကို ပြဿနာမရှာဘူးလို့ ဘယ်သူ ပြောနိုင်မှာ။ သူတို့က ဘာမှတော့မဟုတ်ပေမယ့် ရှုန်းမိသားစုရဲ့ သားအမိ အစစ်အမှန်ကောင်းကင်နန်းတော်ကို အုပ်ချုပ်နိုင်ရင် သမီးတို့လျို့မိသားစုကို အားကိုးရလိမ့်မယ်။ ဒီအကျိုးအမြတ်က ပိုကောင်းတယ်လေ ဒီတော့ ဘာကြောင့်မပုန်ကန်ဘဲ နေတော့မလဲ”
ချင်မူ စိတ်အေးသွားသည်။
လျို့ကျန့်ချင်းသည် ကလေးမလေးအရွယ်သာ ရှိသော်လည်း မြေခွေးအိုကြီး ဖြစ်၏။ သူမစကားက အန္တရာယ်မရှိသယောင် ထင်ရသည့်တိုင် လူတိုင်း၏ စိတ်ထဲတွင် ရှိနေသည့်အတွေးကို ဖော်ပြသွားခြင်းဖြစ်သည်။
သူမစကားကြောင့် ကျန်အာဏာပိုင်မိသားစုများလည်း ဆုံးဖြတ်ချနိုင်သွား၍ ပါ့ကော်အနေဖြင့် သူတို့ စိတ်ကူးပြောင်းအောင် လုပ်နိုင်တော့မည်မဟုတ်ပေ။
ခေါင်းဆောင်များအနက် မုယင်ရွှယ်တစ်ယောက်သာ စိတ်ရင်းအမှန်ဖြင့် ရှုန်းရှီယွီတို့သားအမကို ကယ်တင်ချင်ခြင်းဖြစ်သည်။ ကျန်ရှိသူများက အနည်းနှင့်အများ သူတို့၏အကျိုးစီးပွားကိုသာ ထည့်တွက်သော်လည်း ချင်မူ့အတွက် ထိုမျှနှင့် လုံလောက်၏။
နဖူးစည်းအဖြူဖြင့် ပါ့ကော်က ပြုံးလိုက်သည်။ “အစာအတွက် ငှက်တွေ သေကြရသလို လူသားတွေဟာ စည်းစိမ်ဥစ္စာတွေအတွက် သေကြရတယ်။ မင်းတို့လို ချောမောလှပတဲ့ မိန်းမတွေတောင် ရုပ်ကလေးတွေနဲ့မှ,မလိုက် တုံးအကြတာပဲ။ ကောင်းပြီလေ၊ သေချင်နေကြမှတော့ သေရွာပို့ပေးရတာပေါ့”
သူ လှည့်ပြန်ရန် ပြင်လိုက်သော်လည်း ဟယ့်ရီရီက ပြုံးကာ ပြောလိုက်၏။ “ပါ့ကော် ဒီတောင် ရောက်နေပြီပဲ၊ ပြန်စရာမလိုပါဘူး”
သူမအနောက်မှ မရေမတွက်နိုင်သော ကျောက်တုံးကြီးများ မြောက်တက်လာပြီး ပါ့ကော်ဆီ ပြေးဝင်သွား၏။
တစ်ချိန်တည်းမှာပင် ခေါင်းဆောင်အားလုံးနီးပါး သူတို့၏သိုင်းစွမ်းရည်များအား တစ်ပြိုင်နက် ထုတ်ဖော်လိုက်ကြသည်။ ဖန်းချိုက်ဒယ်၏အနောက်ရှိ တောင်ဘီလူးကြီးများက ဧရာမတိုင်လုံးကြီးများကို မြှောက်ကာ ပါ့ကော်ကို ရိုက်ချလိုက်ကြသည်။
လော့ယင်ယွီက ဓားကို ဆွဲထုတ်၍ ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ ဓားပျံများသည် တိုင်လုံးများနှင့်အတူ လိုက်ပါသွားရင်း ပါ့ကော်အား ခုတ်ထစ်လိုက်ကြ၏။
မုယင်ရွှယ်က လက်ချောင်းတောက်လိုက်သည့်အချိန်တွင် ဖုယွင်ရှီက လက်ဝါးကို အားဖြင့် ဖိချလိုက်သည်။ မိုးကြိုးတန်းများ ဖွဲ့တည်လာပြီး လေမုန်တိုင်းက မုယင်ရွှယ် တောက်ထုတ်လိုက်သော အဆိပ်အား ပါ့ကော်ဆီ သယ်ဆောင်သွားသည်။
အနောက်ကမ္ဘာမြေ၏ ခေါင်းဆောင်များက သိုင်းလောကစည်းမျဉ်းများကို မလိုက်နာပေ။ သူတို့က အငိုက်ဖမ်းတိုက်ခိုက်ခြင်းဖြင့် ပါ့ကော် စစ်တပ်ဆီ ပြန်မသွားနိုင်အောင် တားနေကြသည်။
ချင်မူ ခေါင်းညိတ်လိုက်မိ၏။ “သိပ်တော်တယ်”
ပါ့ကော်က အစစ်အမှန်ကောင်းကင်နန်းတော်ဆီ သွားနေပြီး သူ့အနောက်တွင် ဓားရောင်က အားလုံး၏သိုင်းကွက်များကို တဖျတ်ဖျတ် ခုတ်ပိုင်းပစ်နေသည်။
ဓားက ဟယ့်ရီရီ၏ဝင်္ကပါကို အနားပင်ရောက်မလာခင် ထိုးခွဲသွားသည်။ တိုင်လုံးကြီးများ ပိုင်းဖြတ်ခံလိုက်ရပြီး ကောင်းကင်ကို ဖြတ်သန်းလာသည့် ဓားရောင်ကြောင့် မုန်တိုင်းလည်း ပြိုကွဲသွားသည်။ သံကြိုးများမှာ ဓားထိပ်ဖျားနှင့် ထိမိသည့်အခါ လွင့်ထွက်ကုန်၏။
“ကောင်းလိုက်တဲ့ ဓားသိုင်း။ ဓားသိုင်းအရဆိုရင် အနောက်ကမ္ဘာမြေမှာ သူနဲ့ယှဉ်နိုင်တဲ့လူ မရှိဘူး။ သူ့ဓားသိုင်းက တကယ် ထူးခြားတာပဲ”
ချင်မူ့အမူအရာက လေးနက်သွားသည်။ ပါ့ကော်၏ ဓားသိုင်းက နတ်ဘုရားများပင် ဓားကွက်များကို မခန့်မှန်းနိုင်သော ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။
“ချီအာ၊ နဂါးစိမ်းပုတီးစေ့ကို မြန်မြန် အသက်သွင်းလိုက်”
ရှုန်းချီအာ နဂါးစိမ်းပုတီးစေ့ကို ထုတ်လိုက်သည့်အခါ အစိမ်းရောင်အလင်းက လင်းလက်စွာ တောက်ပလာ၏။ နဂါးတွန်သံများ ဆူညံလာပြီး ကောင်းကင်တစ်ပြင်လုံး စိမ်းစိုသွားသည်။ ထို့နောက် အစိမ်းရောင်အလင်းတန်းက အစစ်အမှန်ကောင်းကင်နန်းတော်ဆီသို့ ပြေးဝင်သွားသည်။
အလင်းတန်းဖြတ်သွားသော နေရာတိုင်းရှိ မည်သည့်အရာမဆို သစ်သားရုပ်ဖြစ်ကုန်သည်။ အစစ်အမှန်ကောင်းကင်နန်းတော်ကို ဝန်းရံထားသော တောင်ဘီလူးကြီးများပင် ရုတ်တရက် တောင့်တင်းကုန်၏။ သူတို့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းများ ဖြာထွက်လာပြီး နွယ်စိမ်းများ လျင်မြန်စွာ ပေါက်လာကြသည်။
ထိုတောင်ဘီလူးများ၏ ခေါင်းပေါ်ရှိ အမျိုးသမီးများလည်း နဂါးစိမ်းပုတီးစေ့၏ အလင်းရောင်ကြောင့် သစ်သားရုပ်ဖြစ်သွားကြသည်။ သူတို့၏မျက်နှာများမှ အရွက်နုနုများ၊ ပန်းပွင့်များ ပေါက်လာကြ၏။
အစစ်အမှန်ကောင်းကင်နန်းတော်၏ ဝိညာဉ်ရတနာလေးပါးအနက်မှ နဂါးစိမ်းပုတီးစေ့သည် ဤကလေးမ၏လက်ထဲတွင် ကြောက်မက်ဖွယ်ရာစွမ်းအားကို ထုတ်လွှတ်နိုင်၏။ အစိမ်းရောင်အလင်း ဖြာကျလာသည့်အခါ ပါ့ကော်လည်း ရပ်သွားပြီး သစ်သားရုပ်,ပြောင်းစပြုလာသည်။
နဂါးစိမ်းပုတီးစေ့၏ စွမ်းအားကား မှန်းဆမကြည့်နိုင်အောင် ကြီးမားချေသည်။
ထိုအခိုက်အတန့်တွင် တိမ်ပင်လယ်နန်းဆောင်များအတွင်းမှ အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးသုံးယောက် လမ်းလျှောက်ထွက်လာသည်။ သူတို့၏လက်ထဲမှ အဖိုးတန်ပုတီးစေ့တစ်လုံးစီ မြောက်တက်လာ၏။
ပုတီးစေ့သုံးလုံးက တဖြည်းဖြည်း လင်းသထက် လင်းလာသည်။ ပုတီးစေ့တစ်လုံးတွင် လိပ်တစ်ကောင်၏ ဝိညာဉ်၊ တစ်လုံးတွင် ကျားဖြူတစ်ကောင်၏ ဝိညာဉ်ရှိပြီး နောက်ဆုံးတစ်လုံးက မီးရောင်တောက်နေ၏။ ထိုပုတီးစေ့ထဲ၌ နတ်ငှက်တစ်ကောင်၏ဝိညာဉ် လူးလာပျံသန်းနေသည်။
အဖိုးတန်ပုတီးစေ့သုံးစေ့လုံး၏ အလင်းရောင်များက နဂါးစိမ်းပုတီးစေ့၏ အလင်းရောင်နှင့် ထိတိုက်သွားသည်။ တမုဟုတ်ချင်း နဂါးတွန်သံများ ပွက်လောရိုက်သွားပြီး နဂါးစိမ်းပုတီးစေ့ထဲမှ နဂါးစိမ်းတစ်ကောင် ထွက်လာသည်။ အပြင်ရောက်လျှင်ချင်း ၎င်း၏ ခန္ဓာကိုယ်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလာ၏။ နဂါးစိမ်းက ဧရာမတောင်ကြီးများကို ရစ်ပတ်လိုက်ကာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းအား ဖန်တီးနေတော့သည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အရှေ့ရှိ ဝိညာဉ်ရတနာသုံးပါး၏ အလင်းရောင်ကလည်း ပိုမို၍ တောက်ပလင်းထိန်လာသည်။ ပုတီးစေ့များအတွင်းမှ ကျားဖြူ၊ မြွေပျံ၊ လိပ်နက်နှင့် မီးငှက်တို့ ဖွဲ့တည်လာပြီး ကျားဖြူက တောင်ထိပ်တစ်လုံးကို ကုပ်တွယ်ကာ ကောင်းကင်ယံသို့ မျက်နှာမူလျက် ဟိန်းလိုက်သည်။ မီးငှက်က ကျယ်လောင်စွာ အော်မြည်လိုက်ပြီး တောင်ပံတဖျတ်ဖျတ် ခတ်လိုက်ရာ မီးတောက်များ ဟဲဟဲထသွား၏။ လိပ်နက်က ပင်လယ်ကို ဆောင့်နင်း၍ ကောင်းကင်ယံကို ပျံတက်သွားသည့်အချိန် မြွေပျံကလည်း ၎င်းအား ရစ်ပတ်ပျံဝဲနေသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးသုံးယောက်က ဝိညာဉ်ရတနာသုံးပါးကို အသက်သွင်း၍ ရှုန်းချီအာအား တိုက်ခိုက်ကာ နဂါးစိမ်းပုတီးစေ့၏ စွမ်းအားကို အတူတကွ ဖိနှိပ်နေကြသည်။
ခန္ဓာကိုယ်ပေါ်ရှိ သစ်သားဓာတ်သတ္တိများ တစတစ လျော့နည်းသွား၍ ပါ့ကော်က ပြုံးလိုက်သည်။ သူ့အနောက်ရှိ ဓားပျံက ဓားအိမ်ထဲ ပြန်ဝင်လာပြီး ပါ့ကော်သည် အစစ်အမှန်ကောင်းကင်နန်းတော်ထဲ ပြန်ဆုတ်သွား၏။
“တစ်ယောက်မကျန် သတ်ပစ်” သူက အထဲမှ လှမ်းအော်သည်။
နဂါးစိမ်းပုတီးစေ့၏ စွမ်းအား ဖိနှိပ်ခံလိုက်ရသည်နှင့် တောင်ဘီလူးကြီးများ၏ ခေါင်းပေါ်ရှိ အမျိုးသမီးများလည်း လှုပ်ရှားရသွားသည်။ တောင်ဘီလူးကြီးများ၏ ကိုယ်ပေါ်ရှိ အစိမ်းရောင်အလင်းလည်း မှေးမှိန်ပျောက်ကွယ်သွား၏။ သူတို့က ဧရာမကိုယ်ထည်များကြီးကို လှုပ်ခါကာ တောင်ဓားများဖြင့် အနောက်ကမ္ဘာမြေ၏ အာဏာပိုင်မိသားစုများအား တိုက်ခိုက်ကြသည်။
ဟယ့်ရီရီ အမိန့်ပေးလိုက်သည့်အခါ လောက်လေးခွများက အလိုအလျောက် ပစ်လွှတ်ကြသည်။ ၎င်းတို့၏ လက်တံရှည်ကြီးများ မြောက်တက်သွားလျှင်ချင်း ကျောက်လူသားကြီးများလည်း လိုက်ပါသွား၏။ ကျောက်လူသားကြီးများမှာ တောင်ဘီလူးကြီးများနှင့် ယှဉ်ပါက သနားစဖွယ်ကောင်းလောက်အောင် သေးငယ်ပါသော်လည်း တောင်ဘီလူးကြီးများကို ဝိုင်းအုံ၍ တိုက်ခိုက်ကြ၏။
လေလယ်တွင် မီးတောက်များက ဟုန်းဟုန်းတောက်နေပြီး ကျောက်လူသားကြီးများမှာ တောင်ဘီလူးကြီးများ၏ လက်နက်များအောက်၌ အစိတ်စိတ်အမွမွ ပြိုကွဲကုန်သည်။
တောင်ဘီလူးကြီးများ၏ လက်ထဲရှိ လက်နက်များက ဂိုဏ်းအမွေအနှစ်အဆင့် ရတနာများကဲ့သို့ အင်အားကြီးမားလှ၍ ကျောက်လူသားများမှာ မှုန့်မှုန့်ညက်ညက် ကြေနေကြသည်။ မြေပြင်တစ်လျှောက်လုံး ဖုန်မှုန့်များ တထောင်းထောင်း ထနေ၏။ သို့တိုင်အောင် ကျောက်လူသားတချို့က တောင်ဘီလူးကြီးများကို တွယ်ကုပ်၍ ခေါင်းများဆီသို့ တက်လာနေကြသေးသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ ဂိုဏ်းသူများက မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ကောင်းကင်နတ်သိုင်းများကို အစွမ်းကုန် ထုတ်လွှတ်နေကြသည်။ သူတို့က ကျောက်လူသားများ၏ကိုယ်ထဲမှ ဝိညာဉ်များကို နုတ်ယူလိုက်ကြ၍ ကျောက်ခဲတုံးကြီးများ မြေကြီးပေါ် လိမ့်ကျလာတတ်၏။
ဝေါ
မိုးပေါက်များ သဲကြီးမဲကြီး ရွာကျလာသည်။ မုမိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင် ဖော်စပ်ထားသော အဆိပ်များက ဖုမိသားစု၏ ကောင်းကင်နတ်သိုင်းများနှင့် ပေါင်းစည်းကာ အစိမ်းရောင်ရေစက်များအဖြစ် တပေါက်ပေါက် ကျလာ၏။
တဂျိန်းဂျိန်း ထစ်ချုန်းနေသော မိုးကြိုးလျှပ်စီးများသည်ပင် အစိမ်းရောင်တောက်နေပြီး အဆိပ်များကိန်းဝပ်နေ၏။ မိုးကြိုးများက မိုးရေပေါက်များနှင့်အတူ ကျဆင်းလာကာ တောင်ဘီလူးကြီးများ၏ ခေါင်းပေါ်ရှိ ဂိုဏ်းသူများအား ပစ်ချနေသည်။
အစစ်အမှန်ကောင်းကင်နန်းတော်ထဲမှ အမျိုးသမီးများစွာ ပျံထွက်လာကြပြီး ဝိညာဉ်လက်နက်များလည်း ပျံဝဲလာကြသည်။ တောင်များအကြား၌ ရွှေလက်ကောက်၊ ငွေလက်ကောက်မျိုးစုံ ဝဲပျံနေကြ၏။
တဝီးဝီး လည်နေသည့် ရွှေလက်ကောက်၊ ငွေလက်ကောက်များက မိုးကြိုးများနှင့် မိုးရေများကို ညှို့ယူ၍ အတွင်းထဲ၌ ချိတ်ပိတ်လိုက်သည်။
ကောင်းကင်ယံရှိ တိမ်မည်းတိမ်စိုင်များမှာ လှုပ်ခါလာပြီး လေဆင်နှာမောင်းကြီးများလည်း တွန့်လိမ်လာကြ၏။ ရွှေလက်ကောက်၊ ငွေလက်ကောက်များက ၎င်းတို့အား ဖြည်းဖြည်းချင်း စုပ်ယူနေသည်။
လိပ်နက်ပုတီးစေ့ကို ထိန်းချုပ်နေသော အမျိုးသမီးက ပင်လယ်ကြီးကို အနက်ရောင်တိမ်တိုက်များအပေါ် ဖိချကာ မိုးကြိုးများနှင့် လေဆင်နှာမောင်းများအား ဝါးမြိုပစ်လိုက်သည်။
“သတ်”
ချင်မူ့ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဧရာမလောက်လေးခွကြီးများ ကျဆင်းလာသည်။ အမျိုးသမီးစစ်သည်များက အံခွက်များထဲ ခုန်ဝင်ပြီး အရှိန်နှင့်အတူ လိုက်ပါသွားကြ၏။
တောင်ဘီလူးကြီးများက အစစ်အမှန်ကောင်းကင်နန်းတော်၏ တောင်ဘီလူးကြီးများကို ဝင်တိုက်ကြသည်။ ၎င်းတို့နှင့်အတူ လိုက်သွားသည့် ကောင်းကင်နတ်သိုင်းပညာရှင်များက အစစ်အမှန်ကောင်းကင်နန်းတော်၏ တပည့်များအား ဝိညာဉ်လက်နက်များဖြင့် တိုက်ခိုက်ကြသည်။
ကောင်းကင်ထက်မှ နွယ်များ ကျဆင်းလာပြီး ရန်သူ၏တောင်ဘီလူးကြီးများဆီ တိုးဝင်သွားသည်။ တောင်များအကြား ဖြတ်သန်းသွားသည့် နွယ်များအား ရှီမိသားစု၏ အမျိုးသမီးများက ကုပ်တွယ်ကာ အစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးများကို သတ်ဖြတ်ကြ၏။
ဘုန်း ...
စေတီသဏ္ဍာန်တောင်ကြီးတစ်လုံးက ရှီမိသားစု၏ အမျိုးသမီးများကို ဖိသတ်လိုက်သည်။ သို့သော် မည်သူမျှ ဝမ်းနည်းနေရန် အချိန်မရှိပေ။ အသက်ရှင်နေသေးသူများက မြစ်များကို ရေနဂါးများအသွင် ဖွဲ့တည်၍ တောင်များဆီသို့ စေလွှတ်လိုက်ကြ၏။ မြစ်နဂါးများက တောင်ထိပ်မှ ကျဆင်းလာသော ရေတံခွန်ကြီးနှင့် မြစ်ကြီးဖြင့် ဝင်တိုက်သွားသည်။ မြစ်ကြီး၏အပေါ်တွင် ရေဘီလူးကြီးများကလည်း ရေခဲဓားမများ၊ ရေခဲဓားရှည်များ ကိုင်စွဲလျက် ရပ်နေကြသည်။ သူတို့က ရှီမိသားစု၏ အမျိုးသမီးများအပေါ် ခုန်အုပ်လိုက်ကြသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အရှေ့ရှိ ချောမောလှပသော အမျိုးသမီးစစ်သည်တော်တို့၏ စစ်မြေပြင်မှာ အသူရာတို့၏ စစ်မြေပြင်ကြီးပမာ ကြီးကျယ်ခမ်းနားလှ၏။
“ဖက်တီးနဂါး၊ ချီအာ့ကို ကာကွယ်”
ချင်မူက လေလယ်တွင် ပျံဝဲနေသည့် ဟယ့်ရီရီ၏ ကျောက်တုံးအပေါ် ခုန်တက်လိုက်သည်။ ဝါးမြို့ကြီးမှာ ဧရာမလေးထောင့်ကျောက်တုံးများအဖြစ် တစစီ ပြိုကွဲသွားကာ ကောင်းကင်ယံသို့ မြောက်တက်သွား၏။