အနောက်ကမ္ဘာမြေ၏ မိုးကြိုး
Vol. 34 Ch. 465
ကျောက်တုံးဝင်္ကပါက အဆက်မပြတ် ပြောင်းလဲနေပြီး လေးထောင့်ကျောက်တုံးများက အလိုအလျောက် ရွေ့လျားချိတ်ဆက်နေသည်။ နောက်ဆုံးတွင် ကျောက်တုံးဝင်္ကပါပျံကြီးအသွင် ဖွဲ့တည်ကာ စစ်မြေပြင်ဆီသို့ တရှိန်ထိုး ပြေးဝင်သွား၏။
ချင်မူက နိမ့်ချည်မြင့်ချည် ဖြစ်နေသော ကျောက်တုံးတစ်တုံးအပေါ်တွင် ရပ်၍ မရပ်မနား ရွေ့လျားနေသည့် လေးထောင့်တုံးအရွယ်အစားမျိုးစုံကို ကြည့်နေသည်။ လေးထောင့်ကျောက်တုံးများက နံရံအသွင် ဖွဲ့တည်လိုက်၊ မီးခိုးများသဖွယ် ပြိုကွဲလျက် ပြောင်းလဲနေသည်။
ဟယ့်ရီရီ၏ ဝင်္ကပါစွမ်းရည်မှာ အတိုင်းထက်အလွန် မြင့်မား၏။ သူမ၏ထိန်းချုပ်မှုအောက်တွင် ဝါးမြို့က စစ်မြေပြင်သို့ ထိုးခွင်းဝင်ရောက်ကာ ဟယ့်မိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် လမ်းတစ်လမ်း ဖွင့်ပေးလိုက်သည်။
ဝုန်း
တောင်ဘီလူးကြီးတစ်ကောင်က ထူးဆန်းသော လက်နက်တစ်လက်ဖြင့် အားကုန်ပြေးလာသည်။ သူ၏လက်နက်ကား တောင်ကလပ်အသွင် ရှိပြီး ကြေးခေါင်းလောင်းများ တွဲတောင်းကျနေ၏။
တောင်ဘီလူးကြီး ဝါးမြို့၏ဝင်္ကပါကို ရိုက်ချလိုက်သည့်အခါ တောင်ကလပ်လက်နက်တွင် ချိတ်ဆွဲထားသည့် ကြေးခေါင်းလောင်းများက တချွင်ချွင် မြည်လာပြီး ကြောက်မက်ဖွယ်ရာ အားလှိုင်းတစ်လှိုင်း ဖွဲ့တည်လာသည်။ အားလှိုင်းက ဝါးမြို့ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်ကာ ကျောက်တုံးများအား စိစိညက်ညက် ဖြိုခွဲပစ်လိုက်သည်။
ဟယ့်ရီရီက ဝင်္ကပါကို တမုဟုတ်ချင်း ပြောင်းလဲလိုက်၍ ကျောက်တုံးကြီးများက တောင်ကလပ်လက်နက်အပေါ် တွယ်ကပ်သွားကြသည်။ တခဏအတွင်း လက်နက်တစ်လက်လုံးတွင် ကျောက်တုံးများ ပြည့်ကြပ်သွားပြီး ခေါင်းလောင်းသံများ ထွက်မလာနိုင်တော့ပေ။
တောင်ဘီလူးကြီးက အားစိုက်ထုတ်၍ တောင်ကလပ်ကို ပင့်မြှောက်နိုင်လိုက်သော်လည်း မဝှေ့ယမ်းနိုင်ခင် တောင်ကလပ်အပေါ်မှ ကျောက်တုံးကြီးများ လိမ့်ဆင်းလာပြီး သူ့လက်မောင်းအား တွယ်ကပ်လိုက်ကြသည်ကို တွေ့လိုက်ရ၏။
ဝင်္ကပါစွမ်းအားက တောင်ဘီလူးကြီး၏လက်မောင်းကို ဖြတ်ပစ်လိုက်သည်။
တောင်ဘီလူးကြီးသည် မည်သည်ကို မခံစားရသကဲ့သို့ ကျန်လက်တစ်ဖက်အား ဆန့်ထုတ်လိုက်၏။ လက်ကြီးက ကျောက်တုံးဝင်္ကပါထဲ ထိုးဖောက်ဝင်ရောက်လာပြီး ဟယ့်ရီရီအား ဖမ်းရန် ကြိုးစားသော်လည်း ကျောက်တုံးများက ထိုလက်အပေါ် တွယ်ကပ်လာကြသည်။ လက်ဝါးတစ်ခုလုံးတွင် ကျောက်တုံးများ ပြည့်သိပ်လာရာ လေးသထက် လေးလံလာ၏။
“ဟယ့်မိသားစုရဲ့ ဝင်္ကပါပညာက အမှန်တကယ် ထူးခြားပါပေတယ်” ချင်မူ ချီးကျူးလိုက်ပြီး တောင်ဘီလူးကြီး၏ လက်မောင်းအပေါ် ခုန်ဆင်းကာ ခေါင်းဆီသို့ ဦးတည်ပြေးသွားသည်။
တောင်ထိပ်အပေါ်တွင် ကုန်းမိသားစုနှင့် အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးများ တိုက်ခိုက်နေသော တိုက်ပွဲကွင်းပြင်တစ်ခု ရှိ၏။ နှစ်ဖက်လုံးက အကြိတ်အနယ် တိုက်ခိုက်နေကြသော်လည်း သူမသာ, ကိုယ်မသာ ဖြစ်နေကြသည်။
ချင်မူ သူတို့ဆီ ရောက်သည်နှင့် သူ့လက်ထဲမှ ငွေရောင်စက်လုံးတစ်လုံး ထွက်လာသည်။ ၎င်းက နှစ်ပေကျယ်သော သူ၏ ဓားစက်လုံးဖြစ်၏။ ဓားစက်လုံးက တဝီဝီလည်လျက် ဓားပျံများကို ထုတ်လွှတ်ကာ ကောင်းကင်ယံသို့ မြောက်တက်သွားသည်။ သောင်းချီသော ဓားရောင်များ လက်သွားပြီး တိုက်ခိုက်နေသည့် လူအုပ်ကြီးကြားထဲ တိုးဝင်ဖြတ်သန်းသွား၏။
တောက်ထုတ်ခြင်း၊ ဝိုက်ဆွဲခြင်း၊ ခုတ်ခွဲခြင်း၊ လှုပ်ခါခြင်း၊ ပယ်ခုတ်ခြင်း၊ ထိုးသွင်းခြင်း၊ ဆတ်ခနဲ ထိုးသွင်းခြင်း၊ ရစ်လှီးခြင်း၊ ခုတ်ပိုင်းခြင်း၊ ဖြတ်တားခြင်း၊ သိမ်းခုတ်ခြင်း၊ ရိပ်ဖြတ်ခြင်း၊ ပင့်မြှောက်ခြင်း... စသည့် အခြေခံဓားချက်များ ထွက်ပေါ်လာသည်။ ဓားချက်တိုင်းတွင် ပြောင်းလဲမှုအသင်္ချေ ကိန်းဝပ်နေ၏။ ဓားအလက်ရှစ်ထောင်နှင့် အသွင်ခုနစ်မျိုးက တောင်ထိပ်အပေါ်ရှိ အမျိုးသမီးအားလုံးအပေါ် လွှမ်းခြုံသွားသည်။
ချင်မူ တောင်ပေါ်မှ ခုန်ဆင်းလိုက်သည့်အခါ ဓားအလက်ရှစ်ထောင်က တိမ်တိုက်များကို ထိုးခွဲလာသည့် လေပြင်းဓားသွားများပမာ ထပ်ကြပ်မကွာ လိုက်လာသည်။ ၎င်းတို့က တချွင်ချွင် ထိခတ်သွားပြီး သူ၏ခေါင်းပေါ်၌ ဓားစက်လုံးအသွင် ပြန်ဖွဲ့သွားကြ၏။
တောင်ထိပ်ပေါ်ရှိ အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး အတုံးအရုံး လဲကျသေဆုံးသွားကြသည်။ ကုန်းမိသားစု၏ အမျိုးသမီးများသာ ကျန်ခဲ့လေသည်။
ချင်မူ တောင်၏ခါးလယ်သို့ ရောက်သည့်အခါ မြက်နဂါးတစ်ကောင် ပျံထွက်လာပြီး သူ့ကို ဖမ်းပေးသည်။ ရှီမိသားစု၏ ရှီယုထင်က မြက်နဂါးခေါင်းပေါ်၌ ရပ်လျက်ရှိကာ သူမဘေးတွင် အစိမ်းရောင်နွယ်များက ရေနဂါးများသဖွယ် လူးလွန့်ကြီးထွားလာကြသည်။
မရေမတွက်နိုင်သော နွယ်စိမ်းများက ရှီမိသားစုက ကောင်းကင်နတ်သိုင်းပညာရှင်များကို သယ်၍ တောင်များအကြား၌ အမြစ်ချကုပ်တွယ်ကြသည်။ နွယ်ပင်များသည် လျင်မြန်စွာ ကြီးထွားလာပြီး ပန်းများပွင့်ကာ အသီးများ သီးလာကြ၏။
ကောင်းကင်နတ်သိုင်းပညာရှင်များက ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်၍ တောင်ဘီလူးကြီးများ၏ ခန္ဓာကိုယ်အပေါ်တွင် မြက်များ၊ သစ်ပင်များ၊ နွယ်များ ပေါက်လာစေပြီး တောင်ဘီလူးကြီးများအား တစစီ ဖြိုခွဲပစ်လိုက်ကြသည်။
ရုတ်တရက် မီးငှက်ပုတီးစေ့ဆီမှ ကြောက်မက်ဖွယ်ရာအားလှိုင်းများ ဖြာဆင်းလာပြီး မီးငှက်ကြီးက တောင်ပံခတ်လိုက်သည်။ တဟုန်းဟုန်း တောက်လောင်နေသော မီးပင်လယ်တစ်စင်းက တောင်များအကြားရှိ ရှီယုထင်ဆီ ရောက်ရှိလာ၏။
သူမက မြက်နဂါး၏ခေါင်းပေါ်တွင် ရပ်လျက် မှော်အစီအရင် ထုတ်လွှတ်လိုက်သည်။ အစိမ်းရောင်အလင်းက သူမကို လွှမ်းခြုံ၍ ဧရာမမြက်အလုံးကြီးအသွင် ဖွဲ့ကာ မီးပင်လယ်အား ရင်ဆိုင်လိုက်သည်။
နောက်တခဏတွင် မြက်လုံးကြီးမှာ မီးစွဲလောင်သွား၏။ မီးပင်လယ် ဖြတ်ကျော်သွားသည့်အချိန်တွင် မြက်များ ကျွမ်းလောင်သွား၍ အစိမ်းရောင်အလင်းလုံးကြီးသာ ဖွဲ့တည်လျက် ကျန်ခဲ့သည်။
အစိမ်းရောင်အလင်းလုံးကြီး ပွင့်လာပြီး ရှီယုထင်က သူမရပ်နေသော အစိမ်းရောင်နွယ်ပင်၏ အကူအညီဖြင့် ချင်မူ့ကို ကောင်းကင်ထက်သို့ ခေါ်သွားသည်။
အမြင့်သို့ ရောက်သည့်အခါ ချင်မူက ခုန်ချလိုက်ပြီး ဒေါင်လိုက်ဆင်းချလာသည်။ သူ လက်ကို မြှောက်လိုက်သည့်အခါတွင် ရွှင်ပျော်ပျော်ဓားက ဓားစက်လုံးထဲမှ ထွက်လာ၏။
ရွှင်ပျော်ပျော်ဓား၏ အရွယ်အစားက ကြီးမားလာပြီး ဓားပျံများက ၎င်းထဲ တစ်လက်ပြီးတစ်လက် ဝင်ရောက်သွားသည်။
ချင်မူ ကျနေသည့်အရှိန်က မြန်သထက် မြန်လာကာ သူ၏အရှိန်အဝါသည်လည်း အားကောင်းသထက် အားကောင်းလာသည်။ နောက်တခဏတွင် သူ့ခန္ဓာကိုယ်က တောင်ထိပ်တစ်ခုကို ဝုန်းခနဲ ဝင်တိုက်လိုက်၏။ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် တောင်ဘီလူးကြီးမှာ ဝင်တိုက်လိုက်သောအရှိန်နှင့် အလေးချိန်ကြောင့် ယိမ်းယိုင်သွား၏။
ချင်မူ ဆင်းလာသည့်အရှိန်မှ ဖိအားက အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးအများစုကိုလည်း တွန်းထိုးတိုက်ချသွားသည်။ ခုနစ်စင်ကြယ်အဆင့်နှင့် ကောင်းကင်နတ်အသွင်အဆင့်များသာ ထိန်းထားနိုင်လိုက်၏။
သို့သော် ဟင်းလင်းပြင်လည်း တဝှမ်ဝှမ် မြည်ကာ တုန်ခါလာသည်။ ရွှင်ပျော်ပျော်ဓားက တောင်ဘီလူးကြီးအား ပိုင်းချနေသည်။
အုန်း
တောင်ဘီလူးကြီး၏ခေါင်းမှ အက်ကွဲသံများ ထွက်လာ၏။ ဧရာမအက်ကြောင်းကြီးတစ်ကြောင်းက ခေါင်း၏အလယ်တည့်တည့်မှ ဖြာထွက်သွားသည်။ ချင်မူ့အနေဖြင့် ခေါင်းကြီးကို နှစ်ခြမ်းမခြမ်းနိုင်ခဲ့သော်လည်း ရွှင်ပျော်ပျော်ဓား၏ စွမ်းအားကား သေးသေးမွှားမွှား မဟုတ်ပေ။
ရွှင်ပျော်ပျော်ဓား ထပ်မံပိုင်းချသည့်အခါ ဓားပျံများက ၎င်းအတွင်းမှ ထွက်လာပြီး တခဏအတွင်း ဓားပျံအလက်ရှစ်ထောင်က တောင်ကြီးကို ခုတ်ထွင်ပစ်နေသည်။
ခြေပြတ်လက်ပြတ်များ မိုးပေါက်များသဖွယ် ရွာကျလာသည်။ သူတို့ မြေပေါ် မကျခင်မှာပဲ ချင်မူက တရှိန်ထိုး ပြေးထွက်သွားပြီဖြစ်သည်။ ဓားရောင်များ လက်သွားပြီး အစစ်အမှန်ကောင်းကင်နန်းတော်၏ ကောင်းကင်နတ်အသွင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်နှစ်ယောက်ကြားသို့ ပိုင်းချလိုက်သည်။
အမျိုးသမီးနှစ်ယောက်မှာ အငိုက်မိသွား၍ ဒဏ်ရာများစွာ ရထား၏။ သူ အနားရောက်လာသည့်အခါ သုံးယောက်သား လိပ်ပြာများသဖွယ် ပျံဝဲသွားကြသည်။
အမျိုးသမီးနှစ်ယောက်က အစစ်အမှန်ကောင်းကင်နန်းတော်၏ ပညာရှင်များ မဟုတ်ပါ၏လော။ သူတို့အနေဖြင့် အနီးကပ်တိုက်ပွဲတွင် မကျွမ်းကျင်၍ ချင်မူ့ကြောင့် ဒဏ်ရာရခဲ့သော်လည်း သိုင်းအဆင့်အရ သာနေသေးသည်။ မကြာမီ ဟန်ချက် ပြန်ထိန်းလာနိုင်၏။
အမျိုးသမီးနှစ်ယောက်၏ မူလဝိညာဉ်များ ထွက်လာကာ လေပေါ် ခုန်တက်၍ ချင်မူ့အား ခုန်အုပ်တော့မည်အချိန်တွင် မြက်နဂါးများ ရုတ်တရက် ရောက်လာပြီး သူတို့၏ခြေထောက်များကို လျင်မြန်စွာ တုပ်နှောင်လိုက်ကြသည်။
ခေါင်းဆောင်ရှီယုထင် တောင်ဘီလူးကြီး၏ခေါင်းပေါ် ခုန်ချသည့်အချိန် ချင်မူက ခုန်တက်လိုက်သည်။ အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးနှစ်ယောက်၏ မျက်ခုံးနှစ်ဖက်ကြားတွင် အနီရောင်အရာတစ်ရာစီ ရှိနေကြ၏။ ရွှင်ပျော်ပျော်ဓားက သူတို့၏ရုပ်ခန္ဓာများကို ထိုးဖောက်၍ ဦးနှောက်များအား ဖျက်စီးခဲ့ပြီးဖြစ်ချေသည်။
ရှီယုထင်မှာ ချင်မူ့နောက် ခြေတစ်လှမ်းနောက်ကျပြီးမှ ဆင်းလာခဲ့သော်လည်း သူက တောင်ထိပ်ပေါ်ရှိ အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးအားလုံးကို သုတ်သင်ခဲ့ပြီးပြီဖြစ်သည်။ ကောင်းကင်နတ်အသွင်အဆင့်နှစ်ယောက်သာ ကျန်၏။
ထိုသိုင်းပညာရှင်နှစ်ယောက်သာ မူလဝိညာဉ်များကို ထုတ်လွှတ်လိုက်လျှင် ချင်မူအနေဖြင့် မည်သို့မျှ မယှဉ်နိုင်တော့ဘဲ အသတ်ခံရနိုင်ကြောင်း သိသည့်အတွက် ရှီယုထင်က သူတို့၏ခြေထောက်များအား ဦးစွာ တုပ်နှောင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ချင်မူက တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ တောင်ထိပ်အပေါ် ဆင်းလျှင်ဆင်းချင်းမှာပင် ချင်မူက ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှစ်ယောက်အား သတ်နိုင်ခဲ့၏။
ရှီယုထင် လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်ယံတွင် တရှိန်ထိုး ပြေးနေသော သူ့အား မြင်လိုက်ရသည်။ မရေမတွက်နိုင်သော ဓားပျံများက လူငယ်လေးခြေထောက်အောက်တွင် လမ်းခင်းပေးကာ သူ့ကို အဝေးသို့ ခေါ်ဆောင်သွား၏။
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က အမှန်တကယ် ထူးခြားတာပဲ” ရှီယုထင် တအံ့တဩ ရေရွတ်လိုက်မိသည်။
ချင်မူ တောင်ဘီလူးကြီးနောက်တစ်ကောင်ဆီသို့ ပြေးနေစဉ် အစစ်အမှန်ကောင်းကင်နန်းတော်ထဲမှ ကြောက်မက်ဖွယ်ရာအငွေ့အသက်များ ထွက်လာသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များ ပျံထွက်လာပြီး စစ်မြေပြင်ထဲ ဝင်လာကြ၏။
‘အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အင်အားက သေးသေးမွှားမွှား မဟုတ်ဘူး။ အခုထွက်လာတာက အကြီးအကဲတွေ ဖြစ်လောက်တယ်။ သူတို့ပစ်မှတ်က အာဏာပိုင်မိသားစုတွေရဲ့ ခေါင်းဆောင်တွေ ဖြစ်လိမ့်မယ်’
ချင်မူ တွေးနေသည့်အချိန် အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းပညာရှင်များအရှေ့ရှိ အဖြူရောင်တိမ်တိုက်တစ်ခုအပေါ်တွင် ရပ်နေသော မုယင်ရွှယ်အား လှမ်းမြင်လိုက်ရသည်။ သူမအနောက်၌ ဖုယွင်ရှီက ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်၍ တိမ်တိုက်များကို ထိန်းချုပ်နေ၏။
ချင်မူက ဓားကို သိမ်း၍ ကောင်းကင်ခိုးယူခြေသိုင်းဖြင့် လျင်မြန်စွာ ပြေးသွားသည်။ အသက်တစ်ရှိုက်နှစ်ရှိုက်အတွင်း မုယင်ရွှယ်ကို သူ မှီသွားပြီး သူမဘေးသို့ ဆင်းလိုက်သည်။
“မင်း အဆိပ်ခတ်၊ ငါ အားဖြည့်မယ်”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
သူတို့က အစစ်အမှန်ကောင်းကင်နန်းတော်၏ သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်များကို မျက်နှာချင်းဆိုင်လိုက်ကြ၏။ သေခြင်းရှင်ခြင်းအဆင့် သိုင်းပညာရှင်များ၏ မူလဝိညာဉ်များသည် ကျားဖြူ၊ လိပ်နက်၊ မီးငှက်နှင့် နဂါးစိမ်းအသွင်ဖွဲ့တည်လျက် ချင်မူနှင့် မုယင်ရွှယ်ထံ ပြေးဝင်လာကြ၏။
မုယင်ရွှယ်က အဆိပ်ငွေ့များ ထုတ်လွှတ်လိုက်သည်၊ ချင်မူက အဆိပ်ကို အားဖြည့်ကာ ပြင်းအားမြှင့်ပေးလိုက်သည်။ ဖုယွင်ရှီ၏ တိမ်တိုက်များက သူတို့ကို ဖြတ်သွားပြီး အဆိပ်ကို အစစ်အမှန်ကောင်းကင်နန်းတော်၏ အကြီးအကဲများဆီ သယ်ဆောင်သွား၏။
အဆိပ်ငွေ့များ တထောင်းထောင်း ထနေသော တိမ်ပင်လယ်ကြီးက အစစ်အမှန်ကောင်းကင်နန်းတော်၏ အကြီးအကဲများနှင့်တကွ သူတို့၏မူလဝိညာဉ်များကို လွှမ်းခြုံသွားသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အကြီးအကဲများက သိုင်းကွက်မျိုးစုံ ထုတ်လွှတ်ကာ တိမ်ပင်လယ်ကို ဖြိုခွဲသည်။ သို့သော် အမျိုးသမီးများ၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြ၏။ သူတို့၏အသားများ အရည်ပျော်စပြုလာပြီး မူလဝိညာဉ်များလည်း ပြိုကွဲလာသည်။ များစွာမကြာလိုက်ဘဲ အားလုံး အရိုးသာ ကျန်ခဲ့ကာ မြေပြင်ပေါ်သို့ တဘုတ်ဘုတ် ပြုတ်ကျသွားကြသည်။
တစ်လောကလုံးတွင် နံပါတ်သုံးနှင့် နံပါတ်လေး အဆိပ်ပညာရှင်နှစ်ယောက် အတူတူ အဆိပ်ခပ်သည့်အခါ ဤအကြီးအကဲများ မဆိုထားနှင့်၊ နတ်ဘုရားများပင် ခံနိုင်မည်မဟုတ်ပေ။
ချင်မူနှင့် မုယင်ရွှယ်က လူချင်းခွဲကာ ကျန်တောင်ဘီလူးကြီးများဆီသို့ ပြေးသွားကြသည်။
ဝုန်း
တောင်ဘီလူးကြီးတစ်ကောင် လဲကျသွား၍ ၎င်း၏ခန္ဓာကိုယ်ကြီးကြောင့် မြေပြင်တစ်ခုလုံး လှိုင်းတွန့်များ လိမ့်ထွက်သွားသည်။ ဟယ့်မိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင်များဆီမှ ကြွေးကြော်သံများ ထွက်လာပြီး မကြာခင်မှာပဲ ဝုန်းခနဲ မြည်သံကြီး ထပ်မံထွက်ပေါ်လာ၏။ တောင်ဘီလူးကြီးနောက်တစ်ကောင် လဲကျသွားချေပြီ။
အနောက်ကမ္ဘာမြေ၏ အင်အားကြီးမိသားစုများ စည်းလုံးညီညွတ်စွာ တိုက်ခိုက်နေကြပြီး သူတို့၏မျက်လုံးများက သတ်ဖြတ်လိုသောစိတ်ဆန္ဒများဖြင့် ရဲရဲနီနေကြသည်။ တောင်ဘီလူးကြီးများကို လှဲဖြိုပြီးနောက် ဖန်းမိသားစုက ၎င်းတို့၏ခန္ဓာကိုယ်များအား တစစီ ဖြုတ်ကာ တောင်ကုန်းဘီလူးများအသွင် ဖွဲ့၍ ဆက်လက်တိုက်ခိုက်စေသည်။ ဟယ့်မိသားစု၏ ဝင်္ကပါ၊ ဖုမိသားစု၏ မိုးလေဝသတိုက်ကွက်များ၊ ရှီမိသားစု၏ မြက်သစ်ပင်များ၊ ကုန်းမိသားစု၏ မြစ်ရှည်များ၊ မုမိသားစု၏ အဆိပ်များနှင့် လော့မိသားစု၏ ဓားကွက်များကို ပေါင်းစည်းလိုက်သည့်အခါ ပုန်ကန်မှု၏ခွန်အားသည် တစတစ ကြီးမားလာ၏။
စစ်မြေပြင်မှာ တဖြည်းဖြည်း ငြိမ်သက်သွားကာ တောင်ကုန်းဘီလူးတစ်ထောင်ခန့်သာ ကျန်ခဲ့တော့သည်။ မိသားစုအသီးသီးမှ ကောင်းကင်နတ်သိုင်းပညာရှင်များက ကျောက်တုံးပုံများအကြား ရပ်ကာ ဟောဟဲလှိုက်နေကြ၏။ နောက်ဆုံးတွင် အစစ်အမှန်ကောင်းကင်နန်းတော်၏ တောင်ဘီလူးတစ်ကောင်မှ မကျန်တော့ပေ။
ထောင်သောင်းချီသော အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များက ခေါင်းမော့၍ တိမ်တိုက်များအပေါ်ရှိ အစစ်အမှန်ကောင်းကင်နန်းတော်ကို ကြည့်လိုက်ကြသည်။
နောက်ဆုံးတော့ အစီအစဉ်၏ ပထမအဆင့် အောင်မြင်သွားပြီဖြစ်သည်။ အနောက်ကမ္ဘာမြေ၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသော နေရာဆီသို့ သူတို့ ဝင်နိုင်ပေတော့မည်။
ညီအစ်မများစွာကို စတေးခဲ့ရသော်လည်း အစစ်အမှန်ကောင်းကင်နန်းတော်ကို သိမ်းပိုက်နိုင်လျှင် မည်သည့်စတေးမှုမဆို ထိုက်တန်၏။
အစစ်အမှန်ကောင်းကင်နန်းတော်က တိတ်ဆိတ်နေသည်။ ရုတ်တရက် သတ္တုချင်းထိခတ်သံများ ထွက်ပေါ်လာ၏။ နတ်ဘုရား၏အရှိန်အဝါ ဖြာထွက်လာပြီး အားကောင်းသထက် အားကောင်းလာသည်။ နတ်ဘုရား၏အရှိန်အဝါက အစစ်အမှန်ကောင်းကင်နန်းတော်ကို ဗဟိုပြုလျက် အရပ်မျက်နှာတစ်ခွင်သို့ လိမ့်ထွက်လာကာ အာဏာပိုင်မိသားစုများ၏ ကောင်းကင်နတ်သိုင်းပညာရှင်များအား ဖိနှိပ်လိုက်သည်။ သူတို့မှာ အသက်ရှူရန်ပင် ခက်ခဲလာကြ၏။
သတ္ထုအချင်းချင်း ထိခတ်သံက ပိုမိုကျယ်လောင်လာသည်။ နောက်ဆုံးတော့ နန်းတော်၏မုခ်ဝထဲမှ ရွှေရောင်ရုပ်တုတစ်ရုပ် ထွက်လာ၏။ ရုပ်တုက မျက်လုံးများပိတ်ထားပြီး ကိုက်သုံးထောင်မြင့်မားသော တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သင်္ကေတအမှတ်အသားများက မှိတ်တုတ်မှိတ်တုတ် လင်းလက်လျက်ရှိချေသည်။
နတ်ဘုရားရုပ်တု မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ကောင်းကင်အလင်းတန်းများ ဖြာထွက်လာသည်။ ရုပ်တုကြီးကား သက်ရှိနတ်ဘုရားတစ်ပါးပမာ အသက်ဝင်နေ၏။
အချိန်အနည်းငယ်ကြာသော် နောက်ထပ်ရုပ်တုတစ်ခု ထွက်လာသည်။ အနောက်မှ သုံးရုပ်မြောက်၊ လေးရုပ်မြောက်၊ ငါးရုပ်မြောက်တို့ လိုက်ပါလာသည်...
အစစ်အမှန်ကောင်းကင်နန်းတော်ထဲမှ နတ်ဘုရားရုပ်တုကြီးခုနစ်ရုပ် ထွက်လာပြီး မုခ်ဝ၏အရှေ့တွင် မားမားမတ်မတ် ရုပ်နေကြ၏။ သူတို့မျက်လုံးများမှ ကောင်းကင်အလင်းတန်းများက တစ်နေရာလုံးအား လင်းထိန်နေစေတော့သည်။
သူတို့သည် ဝိညာဉ်နိုးထကျင့်စဉ်ဖြင့် အသက်သွင်းထားသော နတ်ဘုရားရုပ်တုများဖြစ်၏။ နတ်ဘုရားများသဖွယ် သန်မာလာသည်အထိ တိုက်ပွဲမည်မျှဖြတ်ကျော်ခဲ့ဖူးမှန်း မည်သူမှမသိနိုင်ပေ။
အစစ်အမှန်ကောင်းကင်နန်းတော်ထဲမှ တဒုန်းဒုန်း မြည်သံများ ကြားလိုက်ရပြီးနောက် ယွီမိသားစုမှ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ လမ်းလျှောက်ထွက်လာ၏။ အစစ်အမှန်ကောင်းကင်နန်းတော်သခင်မက နန်းတော်မုခ်ဝအောက်တွင် ပေါ်လာပြီး ပုန်ကန်နေသော စစ်သည်တော်များကို ကြည့်ကာ သူမမျက်နှာထက်တွင် အထင်သေးမှုတို့ ထင်ဟပ်လာသည်။
အားလုံး သွေးများအေးစက်ကုန်ကြသည်။ အစောင့်တောင်ဘီလူးကြီးများကို သုတ်သင်ရန်အတွက်နှင့် လူတစ်သောင်းကျော် အသက်ပေးခဲ့ကြရသည့်တိုင် တောင်ဘီလူးကြီးများက အစစ်အမှန်ကောင်းကင်နန်းတော်၏ အပြင်အင်အားသာ ရှိသေးသည်။ အဓိကအင်အားက ပို၍ပင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်း၏။
နတ်ဘုရားရုပ်တုခုနစ်ရုပ်က အာဏာပိုင်မိသားစုအားလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်နိုင်သည်။
ယွီမိသားစု၏ အဆင့်မြင့်သိုင်းပညာရှင်ထောင်ချီကိုပါ ထည့်တွက်လိုက်ပါက ပုန်ကန်မှုအား စောင့်ကြိုနေသည်မှာ .... အပြတ်အသတ် ရှုံးနိမ့်မှုပင် ဖြစ်တော့၏။
ချင်မူ ဘေးဘယ်ညာကို ကြည့်လိုက်သည့်အခါ ဟယ့်ရီရီ၊ ဖန်းချိုက်ဒယ်နှင့် လော့ယင်ယွီတို့၏ မျက်နှာများအပေါ်တွင်ပင် စိတ်ပျက်အားလျော့နေမှုများအား မြင်တွေ့လိုက်ရသည်။
သူက ဖုယွင်ရှီ၏ဘေးသို့ သွားကာ မေးလိုက်သည်။ “မမယွင်ရှီ၊ မိုးလေဝသကို ထိန်းချုပ်နိုင်တော့ မိုးကြိုးကိုလည်း ထိန်းချုပ်နိုင်လား”
ဖုယွင်ရှီက ခေါင်းညိတ်ပြီး ဝမ်းနည်းနေသောအသံဖြင့် ပြော၏။ “ဖုမိသားစုက မိုးလေဝသထိန်းချုပ်တာမှာ ကျွမ်းကျင်ပါတယ်။ မိုးကြိုးကလည်း မိုးလေဝသရဲ့ တစ်စိတ်တစ်ပိုင်းဆိုတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဒီစစ်ပွဲပြီးရင်တော့ အနောက်ကမ္ဘာမြေမှာ မိုးလေဝသကျင့်စဉ် ပျောက်ကွယ်သွားတော့မယ် ထင်ပါရဲ့...”
ချင်မူက ပြုံးလိုက်သည်။ “မိုးကြိုးဘယ်လောက်များများ ထိန်းချုပ်နိုင်လဲ”
ဖုယွင်ရှီက သူ့စကားကြောင့် အတန်ငယ် ကြောင်သွားပြီး သူ့ကို လှည့်ကြည့်သည်။
ချင်မူ အစစ်အမှန်နဂါးသိုက်ကို ထုတ်ကာ အလေးအနက် ပြောလိုက်၏။ “ဖက်တီးနဂါး၊ လာဦး”
ဖက်တီးနဂါးက တမုဟုတ်ချင်း ပြေးလာပြီး ချင်မူက သူ့ကျောပေါ် တက်လိုက်သည်။ ထို့နောက် မိုးကြိုးငါးသွယ်ဒယ်အိုးကို ထုတ်၍ နဂါးချီလင်၏ ခေါင်းပေါ် တင်လိုက်၏။
နဂါးချီလင်မှာ ကြက်သီးတဖြန်းဖြန်း ထသွားပြီး တဟဲဟဲ ရယ်လိုက်သည်။ “ဂိုဏ်းသခင်၊ လူသားဧကရာဇ်၊ ဆရာကြီးချင်... ဘာလို့ ဒီလိုလုပ်တာလဲမသိဘူး။ ဒီသားရဲလေးက အားနည်းပြီး အရိုးမသန်ပါဘူး။ မိုးကြိုးတစ်သောင်းနဲ့ ပစ်ချရင် ကျွန်တော်မျိုး အသက်ထွက်သွားပါလိမ့်မယ်”
“ဖုမိသားစုရဲ့ ပညာရှင်တွေနဲ့ဆို မင်း လုံးဝမနာဘူး စိတ်ချ။ ထပြီး ရှေ့ကို ပျံတော့” ချင်မူက နှစ်သိမ့်ပေးလိုက်၏။
နဂါးချီလင်မှာ တဆတ်ဆတ် တုန်နေသော်လည်း မီးလျှံတိမ်တိုက်များကို နင်းကာ ပျံတက်လိုက်သည်။
ချင်မူက အလေးအနက် ပြောလိုက်သည်။ “မမယွင်ရှီ၊ ဖုမိသားစုဝင်အားလုံးကို ခေါ်ပြီး နောက်ကလိုက်ခဲ့ပါ”
အစစ်အမှန်ကောင်းကင်နန်းတော်သခင်မက နဂါးချီလင် ချင်မူ့အား သယ်လာသည်ကို မြင်လျှင် ပြုံးလိုက်သည်။ ချင်မူကလည်း သူမကို ညစ်ကျယ်ကျယ် ပြန်ပြုံးပြလိုက်ပြီး ဓားစက်လုံးအား ဆတ်ခနဲ ပင့်မြှောက်လိုက်သည်။ ဓားစက်လုံး ပွင့်သွားသည့်အခါ ဓားအလက်ရှစ်ထောင်က မိုးကြိုးငါးသွယ်ဒယ်အိုးကို တစ်ပြိုင်တည်း ထိုးစိုက်သွား၏။