မုယုံဒီးနဲ့ တိုက်ခိုက်ခြင်း
Vol. 22 Ch. 299
သူ့ရဲ့ ကိုယ်ပိုင် ကျောက်တုံး မဏ္ဍိုင်ပေါ်ကို အရောက်မှာတော့ ရှဟိုချောင်ဟာ မျက်လုံးမှိတ်ပြီး ထိုင်ချလိုက်ပါတယ်။ သူ့ပုံစံကို ကြည့်ရတာက နောက်ထပ် လာမယ့် ပွဲတွေကို စိတ်မဝင်စားတဲ့ ပုံပါပဲ။
ဒါပေမဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် အားလုံးကတော့ ရှဟိုချောင်ကို ဝိုင်းကြည့် နေကြပါတယ်။ ကြည့်ရတာတော့ သူတို့ဟာ သည်ဘက်ခေတ် လူငယ်တွေရဲ့ ပြိုင်ဆိုင်လိုစိတ်ကို လျှော့တွက်ခဲ့မိပုံပါပဲ။
မဟာပညာရှင်တွေ ပျောက်ဆုံးသွားပြီးတဲ့ နောက်ပိုင်း ကျင်းပခဲ့သမျှ ကျားနဂါး ပြိုင်ပွဲတွေထဲမှာဆိုရင် သည်တစ်ကြိမ် ကျားနဂါး ပြိုင်ပွဲကို ဝင်ပြိုင်တဲ့ လူငယ်တွေဟာ ကြောက်စရာ အကောင်းဆုံးပါပဲ။
သည်လက်ရွေးစင် လူငယ်တွေက အလျင်အမြန်ပဲ တိုးတက်လာကြပြီး အခြားသူတွေကို လိုက်မီဖို့ အခွင့်အရေးတောင် မပေးတော့ပါဘူး။ အရင်တစ်ခေါက် ပြိုင်ပွဲမှာတုန်းဆိုရင် ရှဟိုချောင်နဲ့ ချန်ဖန်းတို့ရဲ့ အရည်အချင်းဟာ သူမသာ၊ ကိုယ်မသာ ပါပဲ။ ဒါပေမဲ့ အခုတစ်ခေါက် ပြိုင်ပွဲမှာတော့ ချန်ဖန်းဟာ ရှဟိုချောင်ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကိုတောင်မှ တောင့်ခံနိုင်ခြင်း မရှိတော့ပါဘူး။
ချန်ဖန်းဟာ သာမန် ပါရမီရှင် တစ်ယောက် မဟုတ်ပါဘူး။ သူက လက်ရွေးစင် ပါရမီရှင် တစ်ယောက် မဟုတ်ခဲ့ရင်တောင်မှ ထိပ်တန်း ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ် နိုင်ပါသေးတယ်။ သူက ပြီးခဲ့တဲ့ တစ်ခေါက် ကျားနဂါး ပြိုင်ပွဲရဲ့ အဆင့်၂၀ အတွင်းမှာ ရပ်တည် ထားနိုင်သူ တစ်ယောက်ပါ။
ပွဲစဉ် ၁၄၈၀ ကို အရောက်မှာတော့ လေပြင်းသခင်လေး ဟန်ရိမင်နဲ့ ကျားနဂါးစာရင်းရဲ့ အဆင့်၁၈ ယိုဟွာတို့ ထိပ်တိုက် တွေ့ဆုံကြပါတယ်။
ချန်ဖန်းနဲ့ ယိုဟွာဟာ အဆင့်ချင်း ကပ်လျက် ရှိနေကြတဲ့ အတွက် အရည်အချင်းပိုင်းမှာ သိပ်မကွာ လှပါဘူး။
ပွဲစပြီ ဆိုတာနဲ့ ဟန်ရိမင်က ယိုဟွာကို ပတ်ပြေး ပါတော့တယ်။ ယိုဟွာက သူ့ကို ပတ်ပြေးနေတဲ့ ဟန်ရိမင်တွေကို ကြည့်ပြီး ရူးချင်သလိုတောင် ခံစားနေရပါပြီ။
သိပ်မကြာခင်မှာပဲ ထိုဟန်ရိမင်တွေထဲက ခြေထောက် တစ်ချောင်း ထွက်လာပြီး ယိုဟွာကို ကန်ကျောက် ပစ်လိုက်ပါတော့တယ်။ ယိုယွာက ဟန်ရိမင်ရဲ့ ကန်ချက်ကြောင့် လေထဲမှာ ဝဲလွင့်နေရင်းနဲ့ တောင်မှ သူ့ရဲ့ လည်ပင်း ကျိုးသွားပြီလားဟု စဉ်းစား နေပါသေးတယ်။
" လက်ရွေးစင် ပါရမီရှင်တွေကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိဘူးဟေ့။ ရှဟိုချောင်က ချန်ဖန်းကို လက်ဝါးရိုက်ချက် တစ်ချက်နဲ့ အနိုင်ယူလိုက်သလို ဟန်ရိမင်ကလည်း ယိုဟွာကို တစ်ချက်တည်းပဲ ကန်ပြီး အနိုင်ယူလိုက်တယ်။ ငါတို့နဲ့ သူတို့ကြားမှာရှိတဲ့ ကွာဟချက်တွေက ကြီးမားလွန်းတယ်”
"အစောပိုင်းက ငါထင်ထားခဲ့တာက လီဖူချန်းဟာ သခင်လေး၆ပါးရဲ့ နေရာကို ဖိအား ပေးနိုင်မယ်ပေါ့။ အခုတော့ ငါသိသွားပြီ။ လီဖူချန်းက သခင်လေး ၆ပါးကို ယှဉ်ဖို့ မဖြစ်နိုင်သေးဘူး။ ငါကတော့ အရင်တစ်ခေါက် ကျားနဂါးပြိုင်ပွဲရဲ့ အဆင့်၂၈ ချူးယီနဲ့ အဆင့်၃၅ မုယုံဒီးရဲ့ အစွမ်းအစတွေကို ကြည့်ချင်လှပြီဟေ့…"
" မုယုံဒီးက သူ့ရဲ့ အစွမ်းအစတွေကို စုမုယူနဲ့ တိုက်ခိုက်တဲ့ နေရာမှာ ပြသွားပြီးပြီ။ ဒါပေမဲ့ သူက စုမုယူကို အစွမ်းကုန် တိုက်ခိုက်ခဲ့တာ မဖြစ်နိုင်ဘူးဟ။ မုယုံဒီးက စုမုယူကို အနိုင်ယူဖို့ အတွက် သူ့အစွမ်းရဲ့ တစ်ဝက်လောက်ပဲ သုံးခဲ့တာ ဖြစ်နိုင်တယ်”
" ပြီးတော့ ချူးယီ ... "
" ငါတို့ဂိုဏ်းက ရထားတဲ့ သတင်း အချက်အလက်တွေ အရ ဆိုရင်တော့ သူက လုံးဝကို လျော့တွက်လို့ မရတဲ့ လူတစ်ယောက်ပဲ။ မုယုံဒီးနဲ့ ရှဟိုချောင်ထက်တောင်မှ အစွမ်းထက် နိုင်သေးတယ်။ ငါသိထားတာကတော့ ချူးယီက ကောင်းကင်နဂါးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ဆန်းကြယ်အဆင့်မြင့် ဓားသိုင်းဖြစ်တဲ့ ငုပ်လျှိုးနဂါး ဓားသိုင်းကိုတောင် လေ့ကျင့်ထားပြီးပြီတဲ့”
" ငုပ်လျှိုးနဂါး ဓားသိုင်းလား ...။ လခွီး ... ဒါဆိုရင်တော့ ချူးယီက တကယ် ကြောက်စရာ ကောင်းနေပြီပေါ့။ အဲဒီဓားသိုင်းက မတူညီတဲ့ ဓားအင်အားတွေ ရှိသလို ဧကရာဇ် ဓားတာအိုရဲ့ အပိုင်းအစတွေလည်း ခိုဝင်ကိန်းအောင်း နေတယ်လို့ ပြောကျတယ်”
" ငါလည်း အဲဒီသတင်းကို ကြားပြီးပြီ။ ငါ့အထင်တော့ ချူးယီက နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်နဲ့တောင် လက်ရည်တူလောက် ရှိမယ်ထင်တယ်"
လက်ရွေးစင် ပါရမီရှင်တွေကိုလည်း သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အဆင့်တွေ ခွဲထားကြပါတယ်။ နဂါးဓားသခင်လေး ချူးယီကတော့ အသန်မာဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ တကယ်လို့ ချူးယီသာ ကြယ်ဘုရင် ၃ပါးနဲ့ သက်တူရွယ်တူ ဖြစ်ခဲ့မယ်ဆိုရင် ကြယ်ဘုရင် ၃ပါးတောင်မှ သူ့ကို ယှဉ်နိုင်မယ့်ပုံ မရှိပါဘူး။ အကယ်၍ ယှဉ်နိုင်ခဲ့မယ် ဆိုရင်တောင်မှ အဲဒီလူက မိုးကြိုးကြယ်ဘုရင် စီးတုလေ့ပဲ ဖြစ်နိုင်ပါတယ်။
ပွဲစဉ်အမှတ် ၁၅၅၀ ကို ရောက်တဲ့ အခါမှာတော့ နောက်ထပ် လက်ရွေးစင် ပါရမီရှင် နှစ်ယောက်ရဲ့ တိုက်ပွဲတစ်ခုကို မြင်ရပြန်ပါတယ်။
သည်တစ်ခါ တိုက်ခိုက်ရမယ့် လူငယ် နှစ်ယောက်ကတော့ တုံလင်သခင်လေး ရှဟိုချောင်နဲ့ ဓားပျံသခင်လေး လျိုဖေးယွင် တို့ပါပဲ။
သည်နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ အလွန်ပြင်းထန်ဖို့ အလားအလာ ရှိသလို ပညာ ယူစရာတွေ အများကြီး ရနိုင်ပါတယ်။
ရှဟိုချောင်ရဲ့ လက်ဝါးသိုင်းက တောင်ကြီးတစ်လုံးနဲ့ အလားသဏ္ဌာန် တူပါတယ်။ အခြေခိုင်တယ်။ ထည်ဝါတယ်။ ခန့်ညားတယ်။
လျိုဖေးယွင်ရဲ့ ဓားသိုင်းကတော့ တိမ်တွေလိုပါပဲ။ ပေါ့ပါးတယ်။ ဦးတည်ရာကို ခန့်မှန်းရခက်တယ်။ ဓားကွက် အပြောင်းအလဲ များတယ်။
သိုင်းကွက် ၁၀၀ ... …
သိုင်းကွက် ၂၀၀ ... ...
သိုင်းကွက်၃၀၀ ကျော်တဲ့အထိ အရှုံးအနိုင် မပေါ်သေးဘဲ အကြိတ်အနယ် တိုက်ခိုက် နေဆဲပါပဲ။
ဒါပေမဲ့ အားလုံးရဲ့ အမြင်မှာတော့ တုံလင်သခင်လေး ရှဟိုချောင်က မသိမသာ အရေးနိမ့်နေပါပြီ။
ရှဟိုချောင်ရဲ့ လက်ဝါးရိုက်ချက်တွေ အရမ်းကို ရိုးစင်းတဲ့ အတွက် လျှိုဖေးယွင်ကို ထိအောင် တိုက်ခိုက်နိုင်စွမ်း မရှိသေးပါဘူး။
လျှိုဖေးယွင်ကတော့ သူ့ရဲ့ အားသာချက်ဖြစ်တဲ့ ကိုယ်ဖော့ပညာကို ထုတ်သုံးပြီး ရှဟိုချောင်ကို အရပ်မျက်နှာ ပေါင်းစုံကနေ ဖိအားပေး တိုက်ခိုက်နေပါတယ်။
" သူရဲဘော ကြောင်တဲ့ကောင် "
ရှဟိုရှီကတော့ ထိပ်တိုက် ရင်မဆိုင်ဘဲ ပတ်ပြေးပြီး တိုက်ခိုက်နေတဲ့ လျှိုဖေးယွင်ရဲ့ လုပ်ရပ်ကို ရှုံ့ချ လိုက်ပါတယ်။
သူ့ရဲ့ ကိုယ်ဖော့ပညာက လျှိုဖေးယွင်လောက် မကောင်းပေမယ့်လည်း ဒီအားနည်း ချက်လေးနဲ့ လျှိုဖေးယွင်ကို ရှုံးနိမ့်ဖို့ရာ အကြောင်းမရှိပါဘူး။ ရှဟိုချောင်ရဲ့ တိုက်ခိုက်ပုံက မရွေ့လျားသော ကြယ်ဘုရင် ချီဟန်နဲ့ အနည်းငယ် ဆင်တူပါတယ်။ သူက မြေပြင်ပေါ်မှာ အခိုင်အမာ ခြေကုပ်ရယူပြီး တစ်ဖက်သားကို တောင်ကြီး တစ်လုံးလို မားမားမတ်မတ် ရပ်တည်ပြီး တိုက်ခိုက်တတ်သူပါ။ သူက လျှိုဖေးယွင်နောက်ကို လိုက်ပြီး မတိုက်ခိုက် နိုင်ပေမယ့်လည်း လျှိုဖေးယွင်က သူ့ကို တိုက်ခိုက် လာရင်တော့ အမြန်ဆုံး ပြန်တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ ရှဟိုချောင်ရဲ့ လက်ဝါး သိုင်းခံစစ်က ရေပက်မဝင် အကွက်စေ့လွန်း လှတဲ့အတွက် လျှိုဖေးယွင်ကလည်း အနားကို မကပ်နိုင်သေးပါဘူး။
" ဟား ... ဟား ... ဟား ...။ ရှဟိုချောင် ... မင်းက ဒီသုံးနှစ်အတွင်းမှာ အများကြီး တိုးတက်လာတာပဲ”
လျှိုဖေးယွင်က မခိုးမခန့် ရယ်ရင်းနဲ့ ပြောလိုက်ပါတယ်။
ရှဟိုချောင်က တည်ငြိမ်လေးနက်တဲ့ လေသံဖြင့်
" မင်းရဲ့ ဓားပျံကို ထုတ်လိုက်တော့ ...။ သည်တစ်ကြိမ်မှာကော မင်းရဲ့ဓားပျံက ငါ့ကို အနိုင်ယူနိုင်ဦးမလား ဆိုတာကို ငါသိချင်နေပြီ။ "
အရင်တစ်ခေါက် ပြိုင်ပွဲမှာတုန်းက ရှဟိုချောင်ဟာ လျှိုဖေးယွင်ရဲ့ ဓားပျံ လက်ချက်ကြောင့် ရှုံးနိမ့် သွားခဲ့ရတာပါ။
" ဟုတ်ပြီလေ ... မင်းရဲ့ သဘောအတိုင်းပေါ့ …"
လျှိုဖေးယွင်ရဲ့ လက်ထဲမှာတော့ လက်တစ်ဝါးသာသာ ဓားပျံလေး တစ်ချောင်း ရောက်လာခဲ့ပါပြီ။
" ငါ့ရဲ့ ဓားပျံကို သတိထား "
လျှိုဖေးယွင်က ရှဟိုချောင်ကို အနီးကပ်ပြီး ဓားပျံနဲ့ မတိုက်ချင်တဲ့ အတွက် အနောက်ကို ခုန်ဆုတ် လိုက်ပါတယ်။
အဲဒီလို ခုန်ဆုတ်နေတဲ့ အချိန်မှာပဲ သူ့ရဲ့လက်က လှုပ်ရှားသွားပါတယ်။
ရွှီး ...
ဓားပျံရဲ့ အလျင်ကတော့ အတိုင်းအဆမဲ့ ပါပဲ။ ဓားပျံ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် မှာတော့ လေဟာနယ် လှိုင်းတွန့်လေးတွေတောင် ကျန်နေခဲ့ပါသေးတယ်။
ရှဟိုချောင်ရဲ့ အမြင်အာရုံတွေက ဝေဝါးသွားခဲ့ပြီ။
" သည်အမြန်နှုန်း "
ရှဟိုချောင်က အနည်းငယ် အံ့အားသင့် သွားပါတယ်။ သူက သည်ဓားပျံတွေ အတွက် အစောကြီး ကတည်းက ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပေမယ့်လည်း တကယ့်တကယ် နဖူးတိုက်ဒူးတိုက် ကြုံရတဲ့ အချိန်မှာတော့ သူဟာ အဆင်သင့် မဖြစ်သေးပါဘူး။ သူက လျှိုဖေးယွင်ကို အထင်သေးခဲ့မိပါပြီ။
" လာစမ်းပါကွာ ... "
ရှဟိုချောင်က အသည်းအသန် အားစိုက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ လျှိုဖေးယွင်ရဲ့ ဓားပျံကို မြင်သွားပါတော့တယ်။ ဒါပေမဲ့ အဲဒီဓားပျံက သူ့နဲ့ ၁၀ပေအကွာကိုတောင် ရောက်နေပါပြီ။
ဘန်း ...
ရှဟိုင်ချောင်က ဓားပျံကို အမိအရ ရိုက်ချ လိုက်နိုင်ပါတယ်။
" လက်ချောင်းတစ်ရာ ဓားပျံသိုင်း "
လျှိဖေးယွင်က သည်အခြေအနေကို တွက်ဆထားပြီးတဲ့ ပုံပါပဲ။ သူ့ရဲ့ အနောက်မှာတော့ ဝိုးတဝါး အရိပ်တစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒီအရိပ်က လက်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး လက်တိုင်း လိုလိုမှာလည်း ဓားပျံတစ်ချောင်းစီကို ကိုင်ထားပါတယ်။ ဒါပေမဲ့ အဲဒီဓားပျံတွေက အစစ်ဟုတ်ဟန် မတူပါဘူး။
လျှိုဖေးယွင်ရဲ့ လက်တစ်ချက် အလှုပ်မှာတော့ ဒါဇင်နဲ့ချီတဲ့ ဓားပျံပေါင်း များစွာဟာ ရှဟိုချောင်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။
သည်မြင်ကွင်းက ဘာနဲ့ တူနေသလည်းဆိုတော့ အရွယ်ရောက်နေတဲ့ ဒေါင်းတစ်ကောင်က သူ့ရဲ့ အမြီးကို ဖြန့်ပြီး ရှဟိုချောင်ကို အုပ်ချလိုက်သလိုပါပဲ။
" တောင်ကိုဖြိုမယ့် လက်ဝါး "
ရှဟိုချောင်က သူ့ရဲ့ အားအထားရဆုံး ပေါင်းချုပ်သိုင်းကွက်ကို ထုတ်သုံးလိုက်ပါပြီ။
သူ့ရဲ့ လက်ဝါးရိုက်ချက်ကနေ လက်၅ချောင်း ပုံသဏ္ဌာန် လက်ဝါးကြီးတစ်ခု ဖြစ်တည်လာပြီး လျှိုဖေးယွင်ရဲ့ ဓားပျံတွေကို ရိုက်ချနေပါတယ်။
ထန် ... ထန် ... ထန် ... ထန် ...
ဓားပျံတွေ တော်တော်များများဟာ ရှဟိုချောင်ရဲ့ လက်ဝါး ရိုက်ချက်ကြောင့် ပျောက်ကွယ် ပျက်စီး သွားကြပါတယ်။
ဒါပေမဲ့ သည်ဓားပျံတွေ အားလုံးက အစစ်မဟုတ်ပါဘူး။ ဒါတွေက ပုံရိပ်ယောင် သက်သက်ပါပဲ။
" ဖောက် "
လျှိုဖေးယွင် ပစ်လွှတ်လိုက်တဲ့ ဓားပျံအစစ်ကတော့ ရှဟိုချောင်ရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်ပြီး လက်မောင်းမှာ စိုက်ဝင်နေပါပြီ။
ရှဟိုချောင်က လျှိဖေးယွင်ရဲ့ ဓားပျံကို မရှောင်နိုင်ခဲ့ပါဘူး။
ရှဟိုချောင်က ရှုံးနိမ့်သွားခဲ့ပါပြီ။
"ပြီးခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲမှာ မိုးကြိုးကြယ်ဘုရင် စီးတုလေ့က လွဲပြီး ဘယ်သူမှ လျှိုဖေးယွင်ရဲ့ ဓားပျံကို မရှောင်နိုင်ဘူးဆိုတာ အံ့သြစရာတော့ မဟုတ်ဘူး။ လျှိဖေးယွင်ရဲ့ ဓားပျံက အရမ်းကို မြန်လွန်းတယ်”
လီဖူချန်းက သက်ပြင်းတစ်ချက် ချလိုက်မိပါတယ်။
ရှဟိုချောင်က အားမနည်းပါဘူး။ နဂိုအတိုင်းသာ ဆက်ပြီး တိုက်ခိုက်နေမယ် ဆိုရင် လျှိုဖေးယွင်တောင်မှ ရှုံးချင် ရှုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ လျှိုဖေးယွင် လက်ထဲကို ဓားပျံ ရောက်သွားတဲ့ အခါမှာတော့ ရှဟိုချောင်က လျှိုဖေးယွင် ရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။
လက်ရွေးစင် ပါရမီရှင်နှစ်ယောက် ကြားထဲက တိုက်ပွဲဟာ လူတွေအားလုံးကို အမြင်ကျယ် သွားစေခဲ့ပါတယ်။
သည်တိုက်ပွဲမှာ ရှဟိုချောင်ဟာ ရှုံးနိမ့်သွားခဲ့ပေမယ့် သူက ဂုဏ်ယူစွာဖြင့် ရှုံးနိမ့် သွားခဲ့တာပါ။
ဓားပျံကိုသာ မထုတ်သုံးခဲ့ရင်တော့ လျှိုဖေးယွင်က ရှဟိုချောင်ကို အနိုင်ယူနိုင်စရာ အကြောင်းမရှိပါဘူး။
နောက်ထပ် တိုက်ပွဲတွေကတော့ ဆက်လက် ကျင်းပနေဆဲပါပဲ။
ကြယ်ကံကြမ္မာ တောင်ထိပ်ဟာ အင်မတန်မှ ထူးဆန်းလွန်းလှပါတယ်။ ညအချိန်ကို ရောက်နေပြီ ဖြစ်ပေမယ့်လည်း သည်တောင်ထိပ် ပေါ်မှာတော့ နေ့ခင်းအလား ထိန်ထိန်လင်း နေဆဲပါပဲ။
လီဖူချန်းကတော့ ပွဲ၃၀ ဆက်တိုက်ကို အနိုင်ယူ ထားပြီးပါပြီ။ သူက ဘယ်တော့မှ မရှုံးနိမ့်တဲ့ ပြယုဂ်ကြီး တစ်ခုလိုပါပဲ။
ပြိုင်ပွဲဝင် လူငယ်တွေရဲ့ အမြင်မှာတော့ လီဖူချန်းကို အနိုင်ယူနိုင်တဲ့ လူတွေက ကြယ်ဘုရင်၃ပါး၊ သခင်လေး၆ယောက်၊ နှင်းရေခဲနတ်မိမယ် နဲ့ သုံးပါးပရမတ် နတ်မိမယ်က လွဲပြီး အခြားသူ မရှိတော့ပါဘူး။
လူငယ်တွေ အားလုံးဟာ လီဖူချန်းနဲ့ အဲဒီလက်ရွေးစင် ပါရမီရှင်တွေထဲက တစ်ယောက် ထိပ်တိုက် တွေ့ဆုံဖို့အတွက် ဆုတောင်းနေကြပါတယ်။
သူတို့အားလုံးရဲ့ ဆုတောင်းတွေ ပြည့်ခဲ့တယ်လို့ ဆိုရမှာပါပဲ။
လီဖူချန်းရဲ့ သည်တစ်ကြိမ်ပြိုင်ဘက်ကတော့ နက္ခတ်တာရာ သခင်လေး မုယုံဒီး ဖြစ်နေခဲ့ပါပြီ။
နက္ခတ်တာရာ သခင်လေး မုယုံဒီး ... …။
အခုချိန်အထိ မုယုံဒီး ဘယ်လောက်အထိ အစွမ်းထက်သလည်း ဆိုတာကို ဘယ်သူမှ မသိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ မုယုံဒီးရဲ့ ပြိုင်ဘက်တိုင်းက သူ့ကို ဖိအား မပေးနိုင်ခဲ့လို့ပါပဲ။ အဲဒီအတွက် မုယုံဒီးက သူ့ရဲ့ အစွမ်းအစ အစစ်အမှန်ကို ထုတ်မပြခဲ့ သေးပါဘူး။
မုယုံဒီးက သံယပ်တောင်ကို ညင်ညင်သာသာ ခပ်လျက် လီဖူချန်းကို စောင့်ဆိုင်းနေပါတယ်။ သူ့ပုံစံကို ကြည့်ရတာက လီဖူချန်းကို ခြံထဲက ကြက်တစ်ကောင်လို သဘောထားနေတဲ့ ပုံပင်။
" လီဖူချန်း ... … မင်းသည်အဆင့်အထိ ရောက်လာတာက တကယ် ချီးကျူးစရာပါပဲ။ ဒါပေမဲ့ ဖြစ်နိုင်ရင် ငါနဲ့မတိုက်ဘဲ အရှုံးပေးလိုက်ပါလား။ ငါက မင်းကို အားစိုက်ပြီး တိုက်ဖို့အတွက် အရမ်းပျင်းနေတယ်”
မုယုံဒီးက အဓိပ္ပာယ်မရှိတဲ့ တိုက်ခိုက်မှုမျိုးကို မလုပ်ချင်ပါဘူး။ အထူးသဖြင့် အခုလို အနိုင်သေချာနေတဲ့ ပွဲမျိုးကိုပေါ့။ သူ့မှာက ရည်ရွယ်ထားတဲ့ ပြိုင်ဘက်တွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒီအတွက် သူက လီဖူချန်းနဲ့ တိုက်ခိုက်ပြီး သူ့ရဲ့ သိုင်းကွက်တွေကို ထုတ်မပြချင်ပါဘူး။
" မင်းအရင် စလိုက်ပါလား "
လီဖူချန်းက မုယံဒီးရဲ့ စကားကို မကြားလိုက် သလိုပါပဲ။
" ခိ ခိ "
မုယုံဒီးကတော့ စိတ်ပျက်လက်ပျက် ပုံဖြင့် ခေါင်းကို ခါလိုက်ပါတယ်။
" ထားလိုက်ပါတော့လေ ...။ မင်းက အရှုံးပေးဖို့ ငြင်းမယ်ဆိုတာကို ငါ တွက်ထား ပြီးသားပါပဲ။ သည်လိုဆိုမှာတော့ ငါက မင်းကို သခင်လေး တစ်ယောက်ရဲ့ စွမ်းပကားကို ပြရသေးတာပေါ့”
ဝုန်း ...
မုယုံဒီးရဲ့ ချီအရှိန်အဝါတွေက ပေါ်ထွက်လာခဲ့ပါပြီ။ အဲဒီ ချီအရှိန်အဝါက စုမုယူနဲ့ တိုက်ခိုက်တုန်းကထက်တောင် ၂ဆ များပါသေးတယ်။
သူက သေချာပေါက် ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်တာ ဖြစ်ရပါမယ်။ ပြီးတော့ မုယုံဒီးအနေနဲ့ သည်ပြိုင်ပွဲမှာ ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို ပထမဦးဆုံး အကြိမ်အဖြစ် အသုံးပြုတာလည်း ဖြစ်ပါတယ်။
***