← Chapters

ရက်စက်တဲ့ တိုက်ပွဲ

Vol. 22 Ch. 301

ရက်စက်တဲ့ တိုက်ပွဲ

Vol. 22 Ch. 301

" မုယုံဒီး … ရှုံးသွားတာလား…"

ထွက်ပေါ်လာတဲ့ ရလဒ်က လူတွေ အားလုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့ပါပြီ။

မုယုံဒီးရဲ့ စွမ်းရည်က တကယ်ကို ကြောက်ဖို့ ကောင်းလောက်အောင် အစွမ်းထက်ပါတယ်။  ဒါပေမဲ့ လီဖူချန်းကလည်း သူ့ရဲ့ အစွမ်းတွေကို   ပြိုင်ပွဲ တစ်လျှောက်လုံး ပိပိရိရိ  ဖုံးကွယ်ထားပြီး နေနေခဲ့တာလေ။

လီဖူချန်းက ဖျက်မြင်း မဟုတ်ပါဘူး။  သူက လူတွေကြားထဲမှာ ပုန်းနေတဲ့  နဂါး တစ်ကောင်ပါ။

ပုန်းနေတဲ့ နဂါးတစ်ကောင်က ထွက်မလာရင်တော့ ကိစ္စ မရှိသေးပါဘူး။  ဒါပေမဲ့ အဲဒီနဂါးက ထွက်ပေါ်လာပြီ ဆိုရင်တော့ လောကကြီး တစ်ခုလုံးကို တုန်လှုပ် ချောက်ချား သွားစေနိုင်ပါတယ်။

မိုးကြိုးကြယ် ဘုရင်ကလွဲပြီး ကျန်တဲ့ လက်ရွေးစင် ပါရမီရှင် အားလုံးဟာ ပါးစပ် အဟောင်းသား ဖြစ်သွားကြပါပြီ။

ရွှေကျာပွတ်ကြယ်ဘုရင်  ကျင်ရုတုံကတော့ သူ့မျက်နှာကို ရေနွေးပူပူ တစ်ခွက်ဖြင့် ပက်ခံရသလို ခံစားနေရပါတယ်။  သူက  လီဖူချန်း အနေနဲ့ မုယုံဒီးကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင်ဘူးလို့  ပြောခဲ့တာလေ။   ကျင်ရုတုံက အရှက်ပြေ ရယ်လိုက်ပြီး

"  လီဖူချန်း က နိုင်တယ်ဆိုရုံလေး နိုင်သွားတာပါကွာ…။  သည်ကောက်က ကံလေးနည်းနည်း ကောင်းနေတာ ဖြစ်မယ်”

၁၀၈ကွက် မဟာဝင်္ကပါ အပြင်ဘက်က ကြည့်ရှုနေကြတဲ့ လူတွေကလည်း အလွန်အမင်း အံ့အားသင့် နေကြပါတယ်။

အိုးရန်ဝမ်းထင်၊ ဇောင်ဝူကျန်းနဲ့ မိုးပြာရောင်ဂိုဏ်းက လူတွေကတော့ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။

သူတို့ဟာ လီဖူချန်းက အရမ်း အစွမ်းထက်တယ် ဆိုတာကိုတော့ သိပါတယ်။  ဒါပေမဲ့  သခင်လေး ၆ယောက်ထဲက မုယုံဒီးကို အနိုင်ယူနိုင်တဲ့ အထိ အစွမ်းထက်မယ် လို့တော့ မထင်ထားခဲ့ပါဘူး။  ဒါကြီးက အတော်လေးကို လွန်လွန်းနေပြီ မဟုတ်ပါလား။

နက္ခတ် တာရာဂိုဏ်းချုပ် မုယုံပထျန်ကလည်း အတော်လေး အမူအရာ ပျက်ယွင်းနေပါပြီ။

သူ့အနေနဲ့ မုယုံဒီးက လီဖူချန်းကို ရှုံးနိမ့်လိမ့်မယ်လို့   လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။

သည်ပြိုင်ပွဲ မစခင်တုန်းက မုယုံဒီးရဲ့ ပန်းတိုင်က ထိပ်ဆုံး၁၀ ယောက်အဆင့်ပါ။  အခုတော့ ထိပ်ဆုံး၁၀ယောက် ဝင်ဖို့ မသေချာတော့ပါဘူး။

" ငါရှုံးသွားတာလား…"

မုယုံဒီးက  သွေးထွက်နေတဲ့ သူ့ရင်ဘတ်ကို ငုံ့ကြည့်ရင်းနဲ့ ဗလုံးဗထွေး ရေရွတ် လိုက်ပါတယ်။   မုယုံဒီးက သူရှုံးသွားပြီ ဆိုတာကို ဘယ်လိုမှ  မယုံကြည်နိုင်သေးတဲ့ ပုံပါပဲ။

သူဟာ သခင်လေး ၆ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။  သူ့ကို လူတိုင်းက အရေးပေးသလို  သူ့ရဲ့ ကျော်ကြားမှုကလည်း အထိုက်အလျောက် ရှိပါတယ်။  လူတွေအားလုံးက သူ့ကို ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်အထိ ရောက်နိုင်မယ်လို့ မျှော်လင့် ထားကြတာပါ။  ဒါပေမဲ့ အခုတော့ သူက ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ရှုံးသွားခဲ့ပါပြီ။

" မဖြစ်နိုင်ဘူး ...။  ငါက ဘယ်လိုလုပ်ပြီး ရှုံးမှာလည်း…"

မုယုံဒီးက  မတ်တပ် ထရပ်လိုက်ပါတယ်။  သူ့ရဲ့ ချီအရှိန်အဝါတွေက ပေါက်ကွဲ ထွက်လာပါတယ်။  ပြီးတော့ သူ့ထံကနေ  သွေးညှီနံ့နဲ့ လူသတ်ချင်တဲ့ အငွေ့အသက် တွေပါ ထွက်လာသလိုပါပဲ။

သူက အရှုံးမပေးသေးပါဘူး။  သူက ဒီလိုပုံစံနဲ့ အရှုံးမပေးလိုက်ချင်ပါဘူး။   အထူးသဖြင့် လီဖူချန်းလို ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်ကိုပေါ့။

" မင်းက ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား ... "

လီဖူချန်းက ရေခဲသမျှ အေးစက်တဲ့ လေသံဖြင့် မေးလိုက်ပါတယ်။

အစောပိုင်းတုန်းက လီဖူချန်း ညှာလိုက်လို့သာ မုယုံဒီး အနေဖြင့် သက်သာ သွားခဲ့တာပါ။  လီဖူချန်းသာ စိတ်ရှိရင် မုယုံဒီးကို ဒဏ်ရာ အကြီးအကျယ် ရသွားအောင်တောင် တိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ပါတယ်။

" မုယုံဒီး ...  သည်ပွဲက ငါတို့ သခင်လေး ၆ယောက်ရဲ့ နာမည်ကျော်ကြားမှုနဲ့ ဂုဏ်သိက္ခာကို လောင်းကြေး ထပ်ထားရတဲ့ ပွဲပဲ။   မရှုံးစေနဲ့  ... "

ရှဟိုချောင်က မုယုံဒီးကို  သတိပေး လိုက်ပါတယ်။

" မင်းပါးစပ်ပိတ် ထားလိုက် ...  မင်းငါ့ကို ဘာမှ ဆရာလုပ်စရာ မလိုဘူး "

မုယုံဒီးက   ရှဟိုချောင်ကို ပြန်ပြောလိုက်ပါတယ်။

မုယုံဒီးရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ် တုန်ခါနေသလို သူ့ရဲ့ ချီအရှိန်အဝါ တွေကလည်း  သွေးကဲ့သို့ နီရဲလာခဲ့ပါပြီ။

ဖုန်း  ...

မုယုံဒီးရဲ့ ချီအရှိန်အဝါတွေက ကန့်သတ်ချက်ကို ရောက်သွားတဲ့ ပုံပါပဲ။

ရုတ်တရက် ဆိုသလို  သွေးကဲ့သို့ ရဲရဲနီနေတဲ့  အရိပ်တစ်ခု ထွက်ပေါ် လာပါတော့တယ်။

ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ဖြစ်တဲ့  သွေးကို စတေးခြင်း လျှို့ဝှက်နည်းစနစ် ... …။

သာမန် အခြေအနေတွေမှာ ဆိုရင်တော့ သည်လျှို့ဝှက်နည်း စနစ်က ကြယ်ကောင်းကင်ပြင်ကျယ် လျှို့ဝှက်နည်းစနစ်လောက် မကောင်းပါဘူး။

ဒါပေမဲ့ အသုံးပြုသူက ဒဏ်ရာ ရနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မိမိကိုယ်မိမိ စတေးပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင်ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီ အချိန်တွေမှာဆိုရင် သွေးကို စတေးခြင်း လျှို့ဝှက်နည်းစနစ်က ကြယ်ကောင်းကင်ပြင်ကျယ် လျှို့ဝှက်နည်း စနစ်ထက် ပိုအားကောင်း ပါတယ်။

ဒါပေမဲ့ သွေးကိုစတေးခြင်း လျှို့ဝှက်နည်း စနစ်ကို ထုတ်သုံးပြီးသွားရင် ပြန်ပေးဆပ်ရတဲ့ အရာကလည်း မသေးလှပါဘူး။  အဲဒီအတွက် နက္ခတ်တာရာ ဂိုဏ်းက တပည့်တွေဟာ သည်လျှို့ဝှက်နည်း စနစ်ကို သိပ်ပြီးတော့  လေ့ကျင့်ကျလေ့ မရှိပါဘူး။

မုယုံဒီးကတော့ လက်ရွေးစင် ပါရမီရှင် တစ်ယောက်ဖြစ်တဲ့ အတွက် မတူညီတဲ့ ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ် နှစ်ခုကို လေ့ကျင့်နိုင်ခဲ့ပါတယ်။  ပြီးတော့ ဒီလျှို့ဝှက်နည်း စနစ် နှစ်ခုစလုံးကလည်း ပြီးပြည့်စုံခြင်း အဆင့်နီးပါးကို ရောက်နေပါပြီ။

မုယုံဒီးရဲ့ နွမ်းလျနေတဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ တစိမ့်စိမ့် ထွက်လာပြီး သူ့ရဲ့ ချီအတွင်းအားတွေနဲ့ ရောစပ် သွားခဲ့ပါပြီ။  မုယုံဒီးရဲ့ ချီအရှိန်အဝါဟာ လွန်စွာမှ ကြောက်စရာ ကောင်းလှတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေပါတယ်။  မုယုံဒီးကို ကြည့်ရတာက သွေးမိစ္ဆာ တစ်ကောင်နဲ့ကို ဆင်တူနေပါပြီ။  အားနည်းတဲ့  သာမန် စိတ်ဝိညာဉ် ပိုင်ရှင်တွေ ဆိုရင်တော့ မုယုံဒီးကို မြင်လိုက်တာနဲ့ တစ်ခါတည်းတန်းပြီး  အရှုံး ပေါ်သွားတော့မှာပါ။

" လီဖူချန်း ...  မင်းသေရမယ်…"

မုယုံဒီးရဲ့ ခန္ဓာကိုယ်က သွေးရောင်စဉ်တန်းတွေ အဖြစ် ပြောင်းသွားပြီး လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါပြီ။   သူ့ရဲ့ သံယပ်တောင်ကလည်း မွတ်နေအောင် လည်နေပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါသေးတယ်။

သည်သိုင်းကွက်ဟာ အစောပိုင်းတုန်းက သူထုတ်သုံးခဲ့တဲ့ ပုံစံမဲ့ယပ်တောင် လည်ပတ်ခြင်း ဖြစ်ပေမယ့်  သုံးထားတဲ့ ချီအတွင်းအား တွေကတော့ မတူတော့ပါဘူး။  ဒီသိုင်းကွက်က အင်မတန်မှ သွေးဆာနေတဲ့ သွေးမိစ္ဆာကြီးတစ်ကောင်  ထုတ်သုံး လိုက်သကဲ့သို့ ရက်စက်ပြီး အညှာအတာ ကင်းမဲ့ လွန်းလှပါတယ်။  သံယပ်တောင်ကနေ ထွက်ပေါ်လာတဲ့ ပုံသဏ္ဌာန်မဲ့ စွမ်းအင်တွေကတော့ လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါတယ်။

"သည်အခြေအနေအထိ ရောက်လာမှတော့ ငါက မင်ကို ကျေကျေနက်နပ် အရှုံးပေး သွားအောင် လုပ်ပေးရတော့မှာပေါ့ ... "

လီဖူချန်းက စတင်လှုပ်ရှား လာပါပြီ။

လီဖူချန်းရဲ့ ခန္ဓာကိုယ်က  တစ္ဆေတစ်ကောင်လို ပေါ့ပါးစွာဖြင့်  ပုံသဏ္ဌာန်မဲ့ စွမ်းအင်တွေ ကြားထဲကနေ ဖောက်ထွက် သွားခဲ့ပါတယ်။   ဒီဖောက်ထွက်သွားတဲ့ နေရာကတော့  ပုံစံမဲ့ယပ်တောင် လည်ပတ်ခြင်း သိုင်းကွက်ရဲ့ အားအနည်းဆုံး  နေရာပါပဲ။

သာမန်လူတွေ ဆိုရင်တော့ သည်ပုံသဏ္ဌာန်မဲ့ စွမ်းအင်တွေရဲ့ ဖိနှိပ်ခြင်း အောက်ကနေ ရုန်းထွက်သွားနိုင်ဖို့ မလွယ်ကူလှပါဘူး။  ဒါပေမဲ့ လီဖူချန်းကတော့ ရုန်းထွက်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အားကောင်းလှတဲ့ အသိစိတ် အာရုံက သည်ပုံသဏ္ဌာန်မဲ့ စွမ်းအင်တွေကို သေသေချာချာ စီစစ်ပေးနိုင်တယ်လေ။   သူက သည်ပုံသဏ္ဌာန်နဲ့ စွမ်းအင်တွေရဲ့ အောက်ကနေ ဘေးမသီရန်မခပဲ ဖောက်ထွက် သွားနိုင်ခဲ့တာပါ။

လီဖူချန်းရဲ့ လှုပ်ရှားမှုတွေက မီးခတ်ကျောက် တစ်ခတ်စာလောက်သာ ကြာတဲ့အတွက်  ကြယ်ဘုရင် စီးတုလေ့တောင်မှ သေသေချာချာ မမြင်လိုက်ပါဘူး။  လီဖူချန်းက ထူးဆန်းတဲ့ ခြေကွက်တစ်ခုကို သုံးသွားတယ်လို့ပဲ ထင်နေတာပါ။

" မီးတောက်မိစ္ဆာရဲ့ ဦးချို "

လီဖူချန်းက သူ့ရဲ့ မိစ္ဆာနှင်ဓားသိုင်းကို ထုတ်သုံးလိုက်ပါပြီ။

ကြက်သွေးရောင် ဦးချိူကြီးဟာ မုယုံဒီးရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ် သွားရုံမက သူ့ရဲ့ ခန္ဓာကိုယ်ကိုပါ ဖောက်ထွက် သွားပါတော့တယ်။

လီဖူချန်းရဲ့ တိုက်ခိုက်မှုက တိကျသေသပ်သလို အတော်လေးလည်း ရက်စက်တယ်လို့ ဆိုရမှာပါပဲ။

မုယုံဒီးရဲ့ ရင်ဘတ် ကနေတော့ သွေးတွေဟာ ရေတံခွန်အလား စီးကျနေပါပြီ။

ချွမ် ...  ...

သူက ပြန်ပြီး တိုက်ခိုက်ဖို့ မပြောနဲ့။  သူ့လက်ထဲက သံယပ်တောင်ကိုတော့ မြဲမြံစွာ ကိုင်ထားနိုင်ခြင်း မရှိတော့ပါဘူး။

"ကြောက်ဖို့ ကောင်းလိုက်တဲ့  သုံးသပ်နိုင်မှု ...။  ဒါကြောင့် နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက သူ့ကို လက်ရင်း တပည့်အဖြစ် ရွေးချယ်လိုက်တာလား ... "

၁၀၈ကွက် မဟာဝင်္ကပါ အတွင်းမှ လူငယ်တွေက လီဖူချန်းရဲ့ လှုပ်ရှားမှုကို   မမြင်နိုင် ပေမယ့်လည်း  မဟာဝင်္ကပါ အပြင်ဘက်မှာ ရှိနေတဲ့  ကောင်းကင်နယ်ပယ် ပညာရှင်တွေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကတော့ ရှင်းရှင်းလင်းလင်းကြီးကို မြင်လိုက်ရပါတယ်။

အိုးရန်ဝမ်းထင်နဲ့ ဇောင်ဝူကျင်းတို့ကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် ကြပါတယ်။

သူတို့က လီဖူချန်းရဲ့ ကန့်သတ်ချက် အစွမ်းကိုတော့ ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်တော့ပါဘူးလေ။

လီဖူချန်းရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်မှုနဲ့ ဟာကွက် ရှာဖွေနိုင်စွမ်းက မြေကမ္ဘာအဆင့် ပညာရှင်တစ်ယောက် ပိုင်ဆိုင်ရမယ့် အရာမျိုး မဟုတ်ပါဘူး။

" ဟူး ...  မုယုံဒီးကတော့ ပြတ်ပြတ် သားသားကြီးကို ရှုံးနိမ့်သွားခဲ့ပြီ။  နောက်ထပ် လီဖူချန်းရဲ့ လက်ချက်မိမယ့်သူက ဘယ်သူများလည်း မသိဘူး  ... "

" တော်စမ်းပါကွာ ...။  မုယုံဒီးက အခုမှ ၂၃နှစ်ပဲ ရှိသေးတာကွ။  ကျန်နေတဲ့ သခင်လေးတွေက  လီဖူချန်းကို အနိုင်ယူပြလိမ့်မယ်။   မယုံရင် မင်းစောင့်ကြည့်နေလိုက် ...  "

" မင်းပြောတဲ့ ပုံဆိုရင် လီဖူချန်းက အသက်အရမ်း ကြီးနေပြီပေါ့ ဟုတ်လား ...။  လီဖူချန်းက သည်နှစ်မှာမှ  အသက်၂၀ပဲ ရှိသေးတာကွ ...။   "

လူငယ်တွေကတော့ ငြင်းခုံ နေကြပါပြီ။

ဒါပေမဲ့ လူငယ် အများစုကတော့ လီဖူချန်းဟာ ကျန်နေသေးတဲ့ သခင်လေးတွေကို အနိုင်ယူဖို့ မလုံလောက်သေးဘူးလို့ ယူဆနေကြပါတယ်။

သူတိုရဲ့ ယူဆချက်တွေကလည်း မှားတော့မမှားပါဘူး။  သခင်လေး ၆ယောက်ထဲမှာ အတော်ဆုံး ဖြစ်တဲ့ နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်ဟာ ကျားနဂါးစာရင်းရဲ့ အဆင့်၅ မှာ ရပ်တည်နေခဲ့တာ မဟုတ်ပါလား။  ယုတ္ထိရှိရှိ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ဘယ်လောက် အစွမ်းထက်ထက်  တန်ကျင်းယွန်ကို အနိုင်ယူဖို့ မဖြစ်နိုင်သေးပါဘူး။

ကျားနဂါးစာရင်းရဲ့ အဆင့်၁၁မှာ ရပ်တည်နေတဲ့ ဓားပျံသခင်လေး လျိုဖေးယွင် ဆိုရင်လည်း ဘယ်တော့မှ ပစ်မလွဲတဲ့ ဓားပျံပိုင်ရှင် တစ်ယောက်ပါ။  အဲဒီအတွက် လီဖူချန်းအနေနဲ့ လျိူဖေးယွင်ကို အနိုင်ယူဖို့လည်း မဖြစ်နိုင်သေးပါဘူး။

လေပြင်းသခင်လေး ဟန်ရိမင် ဟာလည်း ကျားနဂါးစာရင်းရဲ့ အဆင့်၁၁မှာ ရပ်တည်နေတဲ့သူ ဖြစ်ပါတယ်။  သည်ကျားနဂါးပြိုင်ပွဲမှာ သူ့ရဲ့ ကိုယ်ဖော့ ပညာထက် ပိုကောင်းတဲ့ သူဆိုလို့  ကြယ်ဘုရင် စီးတုလေ့နဲ့ သုံးပါးပရမတ် နတ်မိနယ်  ကျင်းရိုလု တို့ပဲ ရှိပါတယ်။ ဟန်ရိမင်ကိုလည်း လီဖူချန်းအနေနဲ့ အနိုင်ယူနိုင်စွမ်း မရှိသေးပါဘူး။

တုံလင်သခင်လေး ရှဟိုချောင် ဆိုရင်လည်း ကျားနဂါးစာရင်းရဲ့ အဆင့်၁၅ ဖြစ်ပါတယ်။   သူ့ရဲ့ တိုက်ခိုက်ပုံကတော့  ကြယ်ဘုရင် ချီဟန်လိုပါပဲ။  သူက တိုက်ခိုက် လာသမျှကို တည်ငြိမ်စွာနဲ့ ပြန်တုံ့ပြန်နိုင်ပါတယ်။ ရှဟိုချောင်ကို အနိုင်ယူဖို့ ဆိုတာကလည်း လီဖူချန်းအတွက်တော့ လွယ်မှာ မဟုတ်ပါဘူး။

နဂါးဓားသခင်လေး ချူးယီကတော့ လုံးဝကို ခန့်မှန်းရ ခက်နေဆဲပါပဲ။  ပြီးခဲ့တဲ့ ကျားနဂါးပြိုင်ပွဲမှာ ချူးယီဟာ အဆင့်၃၅သာ ရခဲ့ပါတယ်။  ဒါပေမဲ့ အခုချိန်မှာတော့ ချူးယီကို  ဘယ်သူမှ အထင်မသေးရဲပါဘူး။  ဘာဖြစ်လို့လည်း ဆိုတော့ အရင်တစ်ခေါက် ကျားနဂါးပြိုင်ပွဲ မှာတုန်းက ဆိုရင်  ချူးယီဟာ အတော်လေး ငယ်နေသေးလို့ပါပဲ။   အခုတော့ အချိန်၃နှစ် ကြာသွားခဲ့ပါပြီ။  ချူးယီဟာ ဘယ်လောက်အထိ အစွမ်းထက်မလည်း ဆိုတာကို  ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။   ချူးယီရဲ့ ပင်ကို ပါရမီဟာ အရမ်းကို ကောင်းလွန်းပါတယ်။   သူ့ရဲ့ ငယ်ရွယ်တဲ့ အသက်ကြောင့်သာ မဟုတ်ရင် ကြယ်ဘုရင် စီးတုလေ့ကိုတောင်မှ ယှဉ်နိုင်လိမ့်မယ် လို့လည်း ကောလာဟလတွေ ထွက်ထားပါသေးတယ်။

အချက်အလက် ကျကျ ပြောရမယ်ဆိုရင်တော့  လီဖူချန်းဟာ ချူးယီကို ယှဉ်နိုင်ဖို့လည်း မဖြစ်နိုင်သေးပါဘူး။

လီဖူချန်းအနေနဲ့ ကျန်နေသေးတဲ့ သခင်လေးတွေထဲက တစ်ယောက်ကို အနိုင်ယူနိုင်မယ် ဆိုရင်  အဲဒီလူက ရှဟိုချောင်ပဲ ဖြစ်နိုင်ပါလိမ့်မယ်။  လီဖူချန်း ပြသထားတဲ့ စွမ်းရည်တွေ အရ ဆိုရင်တော့ သူဟာ ရှဟိုချောင်က လွဲပြီး အခြားသော သခင်လေးတွေကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

" အစ်ကိုလီက အရမ်းတော်တာပဲ "

ဇောင်မင်းယွီကတော့ ရွှန်းလဲ့တဲ့ မျက်ဝန်းအစုံနဲ့ လီဖူချန်းကို စိုက်ကြည့် နေပါတယ်။

" ဒီးငယ်လေး ... "

မုယုံပထျန်ကတော့ ထိုင်နေရာကနေ ထလာခဲ့ပါပြီ။  သူက မုယုံဒီး အတွက် အရမ်းကို စိုးရိမ်ပူပန်နေတဲ့ ပုံပါပဲ။

" ရှက်စရာ ကောင်းလိုက်တာ ...။  သည်ကောင်က ဘယ်လိုလုပ်ပြီး ငါတို့ သခင်လေး ၆ယောက်ထဲမှာ ပါလာတာလည်း  ... "

ရှဟိုချောင်ကတော့  စိတ်ပျက်လက်ပျက် ညည်းတွား လိုက်ပါတယ်။

မုယုံဒီးကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ကျောက်တုံး မဏ္ဍိုင်ကနေ ထွက်နေတဲ့  ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေဟာ  စပါးအုံးမြွေကြီး ပုံသဏ္ဌာန်  ပိုပိုပြီး ပီသလာခဲ့ပါပြီ။  စပါးအုံး မြွေကြီးရဲ့ ရှူးရှူးရှဲရှဲ နှာမှုတ်သံကြီးကလည်း ပိုပိုပြီး  ကျယ်လောင် လာခဲ့သလိုပါပဲ။

၂၉ပွဲ ဆက်တိုက် နိုင်ပွဲ ... … ပွဲ၃၀ ဆက်တိုက် နိုင်ပွဲ ...။

လီဖူချန်းရဲ့ နိုင်ပွဲတွေကိုတော့ ဘယ်သူမှ ရပ်တန့်နိုင်ခြင်း မရှိသေးပါဘူး။

အခုဆိုရင် လီဖူချန်းလို ပွဲ၃၀ ဆက်တိုက် နိုင်ထားတဲ့ သူတွေက ၁၀ယောက် ကျော်ကျော်လောက်ပဲ ရှိပါတယ်။  အဲဒီထဲက အချို့ကတော့ ကံကောင်း ထောက်မပြီး အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ ထိပ်တိုက် မတွေ့ခဲ့ရတဲ့ အတွက်  အခုလို ဆက်တိုက်နိုင်ပွဲတွေ ရနေတာပါ။  မဟုတ်လို့ကတော့ သူတို့ရဲ့ ဆက်တိုက်နိုင်ပွဲတွေက ကျိုးပျက် သွားလောက်ပါပြီ။

***

All Chapters