တာအိုဂြိုဟ်၊ ပြန်ရောက်လာစေ
Vol. 70 Ch. 969
တာအိုဂြိုဟ်များကိုလည်း အဆင့်ဆင့် ခွဲခြားသတ်မှတ်ထားသေးသည်။ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် တာအိုဂြိုဟ်မှာ အထွတ်အထိပ်အဆင့်၌ ရှိနေမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ပေါင်းစည်းမှုအား အသိအမှတ်ပြုထားသည့် ပုဂ္ဂိုလ်များမှာ တမူထူးခြားသည့် အဆင့်အတန်းများတွင် ရှိနေကြသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့နှင့်အတူ ကြယ်သုသာန်ထဲသို့ လိုက်လာခဲ့သည့် ကြယ်သုသာန် ဘိုးဘေးဧကရာဇ်ကြီးမှာ ကျင့်ကြံခြင်းအပိုင်းတွင်ဖြစ်စေ ကံကြမ္မာစွမ်းအားအပိုင်းတွင်ဖြစ်စေ အစွမ်းထက်ပေသည်။ ထို့အပြင် ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် ကြယ်သုသာန်အင်ပါယာ၏ လက်ရှိ ဧကရာဇ်ကြီးမှာလည်း အင်ပါယာကြီးထဲရှိ တိုင်းသူပြည်သားများအားလုံး၏ ကံကြမ္မာစွမ်းအားများကိုစုစည်းကာ ထောက်ပံ့ပေးနိုင်စွမ်း ရှိပေသည်။
ထိုကဲ့သို့သော အထောက်အပံ့မျိုးမှာ စကြဝဠာကြီးတစ်ခုလုံးကိုပင် တုန်ရီသွားစေနိုင်လောက်ပေသည်။ ထို့အပြင် ကြယ်သုသာန်ရှိနေသည့် ကမ္ဘာကြီး၏ စိတ်ဆန္ဒလည်း ရှိနေသေးသည်။ ၎င်း၏ အသိအမှတ်ပြု ထောက်ခံချက်မှာလည်း အလွန်အင်မတန်မှ အရေးပါ၏။
ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်သော မီးတောက်ခေါင်းဆောင်ကြီးမှာလည်း အသိအမှတ်ပြုခဲ့သေးသည် မဟုတ်ပါလော။ သူ၏ ဖြစ်တည်မှုမှာ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးပေါ်တွင် အကျိုးသက်ရောက်မှုရှိပေသည်။ ထို့အပြင် ချန်ရှင်းလည်း ရှိနေသေးသည်။ သူ၏ အသိအမှတ်ပြု ထောက်ခံချက်မှာဆိုလျှင် မီးတောက်ခေါင်းဆောင်ကြီးထက်ပင် ပို၍ အစွမ်းထက်၏။
အဘယ်ကြောင့်ဆိုသော် ချန်ရှင်းမှာ အမှောင်ဂိုဏ်းအား ကိုယ်စားပြုသောကြောင့်ပင်။ သို့ဖြစ်ရာ သူ၏ အသိအမှတ်ပြု ထောက်ခံချက်အား အမှောင်ဂိုဏ်း၏ အသိအမှတ်ပြု ထောက်ခံချက်အဖြစ် အတိုင်းတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။ ထို့ကြောင့် မကြာသေးမီတုန်းက ထို ပေါင်းစည်းမှု ဖြစ်စဉ်ကြီးမှာ အောင်မြင်နိုင်ခြေမရှိသည့်ပုံ ပေါက်နေခဲ့ပါသော်လည်း ယခုတွင်မူ လိုအပ်ချက်များအားလုံး ပြည့်စုံသွားပြီ ဖြစ်သောကြောင့် အချိန်ပေးရန်သာ လိုတော့ပေသည်။ အချိန်အလုံအလောက် ရရှိသည်နှင့် ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်သွားမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အခြားနယ်မြေမှ ဖန်ဆင်းရှင်၏ အသိအမှတ်ပြု ထောက်ခံချက်ကြောင့် အဆုံးမဲ့တာအိုနယ်မြေကြီး တစ်ခုလုံးမှာ အပြင်အထန်း တုန်ရီသွားရ၏။ သူ၏ အသိအမှတ်ပြု ထောက်ခံချက်ကြောင့် ပေါင်းစည်းမှု လုပ်ငန်းစဉ်ကြီးမှာ ချက်ချင်းအောင်မြင်သွားရုံသာမက အဆုံးမဲ့တာအိုနယ်မြေထဲတွင်လည်း သမိုင်းတစ်လျှောက်တွင် မည်သူမှ မမြင်ဖူးသည့် တာအိုဂြိုဟ်တစ်လုံး စတင် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
ထို့ကြောင့် ထို တာအိုဂြိုဟ်အား တာအိုဂြိုဟ်များအားလုံး၏ အထွတ်အထိပ်ဟုပင် သတ်မှတ်နိုင်ပေသည်။
ယခုတွင် အလင်းရောင်များ တလက်လက်တောက်ပနေပြီး ကြယ်သုသာန်၏ ကောင်းကင်ယံထဲရှိ ကြယ်များအားလုံးမှာ ထို တာအိုဂြိုဟ်အား အရိုအသေ ပေးနေကြပြီဖြစ်သည်။ မြေပြင်ပေါ်တွင် ရှိနေကြသည့် မြို့သူမြို့သား အားလုံးမှာလည်း အံ့ဩတုန်လှုပ်နေကြပြီး ခေါင်းများ ငုံ့ထားကြ၏။
ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးနှင့် အနက်ရောင်စက္ကူပင်လယ်ထဲတွင် ရှိနေသည့် သူ၏ ဘိုးဘေးကြီးပင်လျှင် ဦးညွှတ်အရိုအသေပေးနေကြပြီ ဖြစ်သည်။ တာအိုဂြိုဟ် ပေါင်းစည်းမှု ဖြစ်စဉ်ထဲ၌ ပေါ်ပေါက်လာခဲ့သည့် အသိအမှတ်ပြု ထောက်ခံချက်များကြောင့် သူတို့မှာ အံ့ဩတုန်လှုပ်နေကြရ၏။
ပညာရှိပုံစံကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာလည်း ဆွံ့အမှင်တက်နေကြပြီး ကြက်သေသေနေကြပြီ ဖြစ်သည်။ သူတို့မှာ လေထဲတွင် ရစ်ဝဲနေသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း တဖြည်းဖြည်းနှင့် အမူအရာများ ပြောင်းလဲသွားပြီး စိတ်မပါလက်မပါနှင့် ခေါင်းငုံ့လိုက်ကြရ၏။
အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်းမငယ်လေးပင်လျှင် မျက်နှာအမူအရာ တည်ကြည်နေသည်။ သူမသည် ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါင်းစည်းသွားခဲ့စဉ်တုန်းက သူမ ရင်းရင်းနှီးနှီး သိနေသည့် အငွေ့အသက်တစ်မျိုး ဆင်းသက်လာသည်ကို အာရုံခံမိခဲ့၏။
အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ သူတို့ ရွေးချယ်ထားခဲ့သည့် ဂြိုဟ်များနှင့် ပေါင်းစည်းပြီးသွားကြသဖြင့် ဂြိုဟ်အဆင့်သို့ တက်လှမ်းနေပြီဖြစ်ပါသော်လည်း ပြင်ပကမ္ဘာထဲတွင် ဖြစ်ပျက်နေသည့် အရာများကြောင့် သူတို့၏ ဂြိုဟ်များထဲ၌ နိုးထလာကြဆဲပင်။ ထိုသို့ဖြင့် သူတို့မှာ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများကို အာရုံခံမိလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ကိုးရောင်ခြယ် အလင်းစက်လုံးကြီးကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားတော့သည်။
" မဖြစ်နိုင်တာ " ဖက်တီးလေးမှာ မျက်လုံးများကျွတ်ထွက်လာလုမတတ် ဖြစ်သွားရပြီး နှလုံးသားထဲ၌ မကျေနပ်ချက်များနှင့် ပူဆွေးသောကများ ပြည့်နှက်သွားသည်။ သူသည် ဘဝကြီးမှာ တရားမျှတမှုမရှိဟု ခံစားလိုက်ရ၏။ သူသည် အဆင့်အနိမ့်ဆုံး အထူးဂြိုဟ်တစ်လုံးကိုသာ ရခဲ့ပါသော်လည်း ရှဲ့တလုဆိုသည့် မိစ္ဆာကောင်ကြီးမှာ တာအိုဂြိုဟ်တစ်လုံးအား ဖန်တီးနိုင်ခဲ့သည် မဟုတ်ပါလော။
သူ့အား ပို၍ ဝမ်းနည်းသွားစေသည့် အချက်မှာ သူ ပေါင်းစည်းခဲ့သည့် အထူးဂြိုဟ်၏ စည်းမျဉ်းဥပဒေသမှာ လေတာအို ဖြစ်နေခြင်းပင်။ ထိုတာအိုမှာ.... ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ကိုးရောင်ခြယ် တာအိုဂြိုဟ်အဖြစ် ပေါင်းစည်းသွားခဲ့သော ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများထဲမှ တစ်ခုဖြစ်နေသည်။
သို့ဖြစ်ရာ... သူသည် ဂြိုဟ်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့လျှင်တောင် ဝမ်ပေါင်လဲ့၏ ဖိနှိပ်ချုပ်တည်းမှုအား အတိုင်းတာတစ်ခုအထိ ခံစားနေရဦးမည်သာ ဖြစ်သည်။
မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာမူ မျက်လုံးများပွင့်လာသည်နှင့် ဝမ်ပေါင်လဲ့အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူမသည် ရယ်မောကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်တော့သည်။
" ဝမ်ပေါင်လဲ့.... " သူမသည် ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်လုံးများ ပြန်မှိတ်သွားပြီး သူ့အား လျစ်လျူရှုထားလိုက်၏။ ထို့နောက် သူမသည် ဖောက်ထွက်နိုင်ရန်သာ အာရုံစိုက်ထားလိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီး ရှိနေသည့် ဂြိုဟ်ထဲမှ လှုပ်ရှားမှုများကို အာရုံခံနိုင်စွမ်းမရှိပေ။ ထိုသို့သာမဟုတ်ပါက သူသည် အံ့ဩတုန်လှုပ်နေလောက်ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင်ပင် သူ၏ နာမည်အစစ်အား မည်သူမှ မသိခဲ့သည် ဖြစ်ရာ ကြယ်သုသာန်ထဲတွင်ဆိုလျှင် အထူးတလည် ဖော်ပြနေစရာပင်မလိုပေ။
သို့သော် ထို မျက်နှာဖုံးနှင့်အမျိုးသမီးမှာ ထိုနာမည်အား ရေရွတ်ခဲ့သည် မဟုတ်ပါလော။
ယခုတွင် ကြယ်သုသာန်တစ်ခုလုံးထဲရှိ လူတိုင်းမှာ အံ့ဩတုန်လှုပ်နေကြရပြီ ဖြစ်သည်။ ကောင်းကင်ယံထဲရှိ ကြယ်များမှာဆိုလျှင် ဧကရာဇ်အသစ်တစ်ပါးကို ကြိုဆိုနေသကဲ့သို့ ဝင်းလက်တောက်ပနေကြ၏။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ သတိလစ်နေဆဲ ဖြစ်ပါသော်လည်း သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် တာအိုဂြိုဟ်မှာမူ အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ ၎င်းမှာ မကျေမချမ်းဖြစ်ကာ ဒေါသထွက်နေရသလို နောင်တများလည်း ရနေ၏။
၎င်းမှာ ပို၍ အားကောင်းသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကို အာရုံခံမိနေသည် မဟုတ်ပါလော။ ၎င်းကိုယ်တိုင်သည်လည်း တာအိုဂြိုဟ်တစ်လုံး ဖြစ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရှိနေသည့် ကိုးရောင်ခြယ်ဂြိုဟ်ကြီးမှာ ၎င်းထက်ပို၍ အဆင့်မြင့်နေသကဲ့သို့ ဖြစ်နေ၏။
သို့ဖြစ်ရာ ၎င်းတို့မှာ ရာထူးဂုဏ်ပုဒ် တူပါသော်လည်း လက်တွေ့တွင်မူ အဆင့်အတန်း ကွဲပြားခြားနားနေသကဲ့သို့ ဖြစ်နေတော့သည်။ ဥပမာပြရလျှင် လူ့လောကထဲမှ ဧကရာဇ်များနှင့် တူပေသည်။ အချို့မှာ သေးငယ်သော အင်ပါယာလေးတစ်ခု၏ ဧကရာဇ်များသာ ဖြစ်ကြပါသော်လည်း အချို့မှာမူ ကြီးမားသော အင်ပါယာကြီးများ၏ ဧကရာဇ်များ ဖြစ်နေကြ၏။ သူတို့မှာ ဧကရာဇ်ဆိုသည့် ရာထူးဂုဏ်ပုဒ်ချင်း တူပါသော်လည်း အဆင့်အတန်းနှင့် ဩဇာအာဏာမှာ မိုးနှင့်မြေလို ကွာခြားနေကြမည် မဟုတ်ပါလော။
ထို့အပြင် ၎င်းအား ပို၍ တုန်လှုပ်ချောက်ချားသွားစေသည့် အချက်မှာ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါင်းစည်းသွားရမှ ပေါ်ပေါက်လာသည့် တာအိုဂြိုဟ်၏ တမူထူးခြားသော စည်းမျဉ်းဥပဒေသ ဖြစ်သည်။ ၎င်းမှာ ထို စည်းမျဉ်းဥပဒေသအား အာရုံခံမိလိုက်ချိန်တွင် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရ၏။
သက်ရှိများအားလုံး ထို တာအိုဂြိုဟ်အား အရိုအသေပေးနေကြပြီး စက္ကူတာအိုဂြိုဟ်ကြီး တဆတ်ဆတ်တုန်ရီနေစဉ် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး စိတ်လှုပ်တရှား ဖြစ်လာတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ရှေ့တွင် ရှိနေသည့် ကိုးရောင်ခြယ်တာအိုဂြိုဟ်အား အာရုံအပြည့် စိုက်ထား၏။
၎င်း၏ အရောင်ကိုးရောင်မှာ သက်တံ့ထဲမှ အရောင်ခုနစ်ရောင်နှင့် အဖြူရောင်နှင့် အနက်ရောင်တို့ ဖြစ်ကြပေသည်။
သူသည် ထို တာအိုဂြိုဟ်အား စိုက်ကြည့်နေရင်း ၎င်းမှာ သူ့အား အရိုအသေပေးရန် စိတ်ဆန္ဒပြင်းပြနေသည်ဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထို့အပြင် ၎င်းမှာ သူ၏ လက်အောက်တွင် သစ္စာခံကာ သူ့အား ခရီးအဆုံးအထိ အဖော်ပြုပြီးမည့်ပုံလည်း ပေါက်နေ၏။ ထိုမျှသာမက ထို တာအိုဂြိုဟ်ထဲ၌ သူတစ်ယောက်သာလျှင် ပိုင်ဆိုင်ထားသည့် အမှတ်အသားတစ်ခု ရှိနေသေးသည်။
ထိုအမှတ်အသားမှာ ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာထဲမှ ထွက်ပေါ်လာသည့် မျက်လုံးဖြင့်မမြင်နိုင်သော စွမ်းအားများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထိုအမှတ်အသားသည် ဤ တာအိုဂြိုဟ်မှာ ဝမ်ပေါင်လဲ့အား ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုပြီး သူ့အား ဘယ်သောအခါမှ သစ္စာဖောက်မည်မဟုတ်ဆိုသည့် သစ္စာအား ကိုယ်စားပြုပေသည်။ အဘယ်ကြောင့်ဆိုသော် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများအားလုံးမှာ ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာအား အသိအမှတ်ပြုထားသောကြောင့်ပင်။
သို့ဖြစ်ရာ အကယ်၍ ထို တာအိုဂြိုဟ်သာ ဝမ်ပေါင်လဲ့အား သစ္စာဖောက်မိသဖြင့် သူ၏ မဟာတာအိုသစ္စာ၏ စွမ်းအားများကို ဆုံးရှုံးလိုက်ရမည်ဆိုပါက အခြားအရာအားလုံးကိုပါ ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ချက်ချင်း ကြေမွပျက်စီးသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများကို နားလည်သွားရုံသာမက ဤ ကိုးရောင်ခြယ် တာအိုဂြိုဟ်ထဲ၌ တမူထူးခြားသည့် စည်းမျဉ်းဥပဒေသတစ်မျိုး ရှိနေသည်ကိုလည်း အာရုံခံမိလိုက်သည်။
၎င်းမှာ အရောင်ကိုးရောင် ရှိနေသည်ဖြစ်ပြီး တစ်ရောင်ချင်းစီတိုင်းမှာ ရှေးဟောင်းဂြိုဟ်ကိုးလုံးထဲမှ တစ်လုံးချင်းစီ၏ စည်းမျဉ်းဥပဒေသ အမျိုးမျိုးကို ကိုယ်စားပြုပေသည်။ ထို ရှေးဟောင်းဂြိုဟ်ကိုးလုံး တစ်သားတည်း ပေါင်းစည်းသွားပြီး တာအိုဂြိုဟ်အဖြစ်သို့ တက်လှမ်းသွားချိန်တွင် ထို စည်းမျဉ်းဥပဒေသများမှာလည်း ပိုမို အစွမ်းထက်လာကြ၏။
ထို ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများမှာ တမူထူးခြားခြင်း မရှိသောကြောင့် အခြားသော ဂြိုဟ်များမှာလည်း ၎င်းတို့အား ပိုင်ဆိုင်နိုင်ပေသည်။ သို့သော် ဤ တာအိုဂြိုဟ်အား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူမှာလည်း ထို စည်းမျဉ်းဥပဒေသများ၏ စွမ်းအားများကို ထုတ်သုံးနိုင်စွမ်းရှိနေမည် ဖြစ်သည်။ ထို့အပြင် ထို ကျင့်ကြံသူမှာ ထို စည်းမျဉ်းဥပဒေသ ကိုးမျိုးအား ပိုင်ဆိုင်ထားသည့် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင်လည်း သူတို့၏ စွမ်းအားများကို သာမန်ထက်ပို၍ ခုခံတွန်းလှန်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသည့် အခြား ကျင့်ကြံသူများထက် အတိုင်းအတာတစ်ခုအထိ ပို၍ အစွမ်းထက်နေပြီဟု ဆိုနိုင်ပေသည်။ သူသည် စက္ကူစည်းမျဉ်းဥပဒေသစွမ်းအားများ ပိုင်ဆိုင်ထားသည့် စက္ကူတာအိုဂြိုဟ်နှင့် ပေါင်းစည်းနိုင်ခဲ့သော ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် ယှဉ်လိုက်လျှင်ပင် နိမ့်ကျနေတော့မည် မဟုတ်ပေ။
ယခုမှစ၍ ထို စည်းမျဉ်းဥပဒေသ ကိုးမျိုးအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းအဆင့် အများကြီးပို၍ သာလွန်နေခြင်း မရှိပါက ဝမ်ပေါင်လဲ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ တော့မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့ ရရှိလိုက်သည့် အကျိုးကျေးဇူးများမှာ ထိုမျှလောက်နှင့် ကုန်ဆုံးသွားခြင်း မရှိသေးပေ။ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ အသိအမှတ်ပြု ထောက်ခံချက်များကြောင့် ရှေးဟောင်းဂြိုဟ်ကိုးလုံး အတူတကွပေါင်းစည်းသွားပြီးနောက် သူသည် တမူထူးခြားသည့် စည်းမျဉ်းဥပဒေသတစ်မျိုးကိုလည်း လက်ခံရရှိလိုက်သေးသည်။
ထို စည်းမျဉ်းဥပဒေသအား ဤ တာအိုဂြိုဟ်တစ်လုံးတည်းသာ ပိုင်ဆိုင်ခွင့်ရှိပေးသည်။ ၎င်းမှာ ယခုမှ အသစ်ပေါ်ပေါက်လာသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းအား ခပ်ရေးရေးမျှသာ အာရုံခံနိုင်စွမ်းရှိသေးသည်။ သူသည် ထို တာအိုဂြိုဟ်အား သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းကာ ဂြိုဟ်အဆင့်သို့ တက်လှမ်းပြီးမှသာလျှင် ထို စည်းမျဉ်းဥပဒေသအား အပြည့်အဝ နားလည်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ အခြားသူများမှာဆိုလျှင် ၎င်းအား လုံးဝနားလည်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လက်ရှိတွင် သူသည် ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသများကိုသာ သိရှိနားလည်ထားသေးသည်။ တာအိုဂြိုဟ်၏ တမူထူးခြားသော စည်းမျဉ်းဥပဒေသကိုမူ ခန့်မှန်းရုံမျှသာ ခန့်မှန်းနိုင်ခဲ့၏။
" ငါ အာရုံခံမိသလောက်ဆိုရင်... ဒီ စည်းမျဉ်းဥပဒေသက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတာပဲ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် တလက်လက်တောက်ပနေသည့် မျက်ဝန်းများဖြင့် သူ၏ ရှေ့တွင်ရှိနေသည့် ကိုးရောင်ခြယ် တာအိုဂြိုဟ်အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် အမိန့်တစ်ခုအား ထုတ်ပြန်ကြေညာသည့်လေသံဖြင့် တည်ကြည်စွာဆိုလိုက်သည်။
" နေရာမှန် ပြန်မရောက်သေးတဲ့ ကိုးရောင်ခြယ် တာအိုဂြိုဟ် အခုချက်ချင်း ပြန်ရောက်လာစေသား "
သူ ထိုသို့ ဆိုလိုက်သည်နှင့် ကိုးရောင်ခြယ် တာအိုဂြိုဟ်ထဲမှ တဝီဝီမြည်သံများ ထွက်ပေါ်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အမိန့်အား နာခံလိုက်သည့် ပုံပင်။ ထို့နောက် ၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွားကာ ဝမ်ပေါင်လဲ့၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားပြီးနောက် သူနှင့်အတူ ပေါင်းစည်းသွားတော့သည်။