← Chapters

ဂြိုဟ်ကိုးလုံး၊ တာအိုကိုးခု

Vol. 70 Ch. 970

ဂြိုဟ်ကိုးလုံး၊ တာအိုကိုးခု

Vol. 70 Ch. 970

ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်မှာ ဂြိုဟ်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းရန် လိုအပ်သည်။ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အသုံးပြုကြသည့် နည်းလမ်းများ မတူပါသော်လည်း လုပ်ငန်းစဉ် အဆင့်ဆင့်မှာမူ အတူတူပင် ဖြစ်သည်။ အသေးစိတ်အချက်အလက်အချို့သာ ကွဲပြားသွားခြင်းဖြစ်၏။

ပုံမှန်အတိုင်းဆိုလျှင် သာမန်ဝိညာဉ်ဂြိုဟ်တစ်လုံးနှင့်သာ ပေါင်းစည်းမည်ဆိုပါက ထို ပေါင်းစည်းမှု လုပ်ငန်းစဉ်မှာ အချိန်ကြာမြင့်နေမည် မဟုတ်ပေ။ ထို လုပ်ငန်းစဉ်မှာ အချိန်တိုလေးအတွင်း ပြီးဆုံးသွားလေ့ ရှိရုံသာမက မတော်တဆမှုများ ပေါ်ပေါက်လာနိုင်ခြေမှာလည်း မရှိစလောက် နည်းပေသည်။ အကယ်၍ အင်မော်တယ်ဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းမည်ဆိုပါက အနှောင့်အယှက်များမှ ကင်းဝေးစေရန်ရန် အလို့ငှာ တံခါးပိတ်လေ့ကျင့်ရန် လိုအပ်ပေသည်။

မိမိ၏ ဝိညာဉ်မှာ ပြီးပြည့်စုံမှု ပိုရှိလေလေ အောင်မြင်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။ ပေါင်းစည်းမှု လုပ်ငန်းစဉ်၏ အဆင့်များမှာမူ ဝိညာဉ်ဂြိုဟ်များနှင့် အင်မော်တယ်ဂြိုဟ်များအတွက် မတူကြပေ။ ကျင့်ကြံသူများမှာ ထို ဂြိုဟ်များနှင့် တစ်သားတည်း ပေါင်းစည်းသွားရမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုဂြိုဟ်များအား သန္ဓေသားများအဖြစ် အတိုင်းတာတစ်ခုအထိသတ်မှတ်၍ရပေသည်။ ကျင့်ကြံသူများမှာ ထိုဂြိုဟ်များ၏ စည်းမျဉ်းဥပဒေသများနှင့် အပြည့်အဝ ပေါင်းစည်းနိုင်သွားသည့်အချိန်အထိ ၎င်းတို့အား ဖြည်းညင်းစွာ စုပ်ယူရမည်ဖြစ်သည်။ သို့မှသာ သူတို့မှာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ကာ ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ထို ပေါင်းစည်းမှု လုပ်ငန်းစဉ်မှာ မအောင်မြင်ဘဲ ပျက်ပြားသွားနိုင်သလို အန္တရာယ်များနှင့်လည်း ကြုံတွေ့ရနိုင်ပေသည်။ ကြယ်သုသာန်ထဲတွင်မူ ထိုကဲ့သို့ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များမှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်သည်။ ဥပမာပြရလျှင် ဖက်တီးလေး၊ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြား ကျင့်ကြံသူများမှာ သူတို့၏ သက်ဆိုင်ရာ ဂြိုဟ်များထဲ၌ ရှိနေကြပြီး ၎င်းတို့၏ စည်းမျဉ်းဥပဒေသများနှင့် ပေါင်းစည်းနေကြ၏။

သို့သော် တာအိုဂြိုဟ်များနှင့် ပေါင်းစည်းရသည့်နည်းလမ်းကိုမူ မည်သူမှ မသိထားကြပေ။ သမိုင်းတစ်လျှောက်လုံးတွင် တာအိုဂြိုဟ်နှင့် ပေါင်းစည်းနိုင်ခဲ့သည့် ကျင့်ကြံသူဟူ၍ တစ်ယောက်သာ ရှိခဲ့သည်မဟုတ်ပါလော။ ထို့အပြင် ထိုကဲ့သို့ ပေါင်းစည်းနိုင်ခဲ့သည်မှာလည်း အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်ရာ အခြားသူကမှ ထိုနည်းလမ်းအား သိရှိထားခြင်း မရှိသည်မှာ မထူးဆန်းပေ။

ထို့ကြောင့်လည်း ယခုတွင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် မည်သို့မည်ဖုံ ပြုမူရမှန်းမသိ ဖြစ်နေခဲ့၏။ သို့သော် ကိုးရောင်ခြယ် တာအိုဂြိုဟ် သူ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာချိန်တွင် ဝမ်ပေါင်လဲ့မှာ နားလည်သွားတော့သည်။

ပို၍တိတိကျကျ ဆိုရလျှင် သူသည် နားလည်သွားခြင်းမဟုတ်ဘဲ ဖောက်ထွက်နိုင်မည့် နည်းလမ်းအား အာရုံခံမိလိုက်ခြင်းဖြစ်၏။ သူသည် အထူးတလည် ကြိုးစားအားထုတ်နေစရာ မလိုပေ။ သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ခံစားချက်အတိုင်း ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းသွားလိုက်မည်ဆိုပါက တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသများကို တဖြည်းဖြည်းနှင့် နားလည်သွားမည် ဖြစ်သည်။

" ဒီအတိုင်း ရှေ့ဆက်လျှောက်လိုက်ရုံပဲပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ တာအိုဂြိုဟ်ထဲမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကို အာရုံခံကြည့်လိုက်၏။ ခဏအကြာတွင် သူသည် လူတိုင်း၏ ရှေ့၌ မျက်လုံးများပြန်ပွင့်လာသည်။ ထို့နောက် သူသည် ဉာဏ်အလင်းပွင့်သွားသည့် မျက်ဝန်းများဖြင့် မိုးကောင်းကင်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်တော့သည်။

၎င်းမှာ ပထမခြေလှမ်း ဖြစ်၏။

သူ၏ ခြေထောက် အောက်သို့ကျလာသည်နှင့် သူ၏အောက်တွင် ဂြိုဟ်တစ်လုံး၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

ထို ဂြိုဟ်ကြီးမှာ ကြက်သွေးရောင်ရဲ့သို့ ရဲရဲနီနေ၏။ သို့ဖြစ်ရာ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ ဂြိုဟ်တစ်လုံးနှင့် မတူဘဲ ဧရာမ သွေးလုံးကြီးတစ်လုံးနှင့် တူနေသည်။ ထို သွေးလုံးကြီး ပေါ်ပေါက်လာသည့်နှင့် ညှီစို့စို့ သွေးညှီနံ့တစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့အပြင် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ထို သွေးရောင်ဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင် အနီရောင် အလင်းရောင်စက်ဝန်းတစ်ခု ပေါ်ပေါက်လာသည်ကိုပင် မြင်နိုင်ပေသည်။

" ပထမဂြိုဟ်၊ အနီရောင် သွေးတာအို " ဝမ်ပေါင်လဲ့ ထိုသို့ ရေရွတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ ၎င်းမှာ ရှေးဟောင်းဂြိုဟ် ကိုးလုံးထဲမှ တစ်လုံးဖြစ်ပြီး သွေးအား တာအိုအဖြစ် အသုံးပြုသည့် စည်းမျဉ်းဥပဒေသကို ပိုင်ဆိုင်ထားသော ရှေးဟောင်းဂြိုဟ် ဖြစ်ပေသည်။

သူ ထိုသို့ဆိုနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ သွေးရောင်အလင်းရောင်များမှာလည်း ပို၍ အားကောင်းလာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ထို စည်းမျဉ်းဥပဒေသအား အပြည့်အဝ နားလည်သွားပြီး ၎င်းအား သူ၏ အသိစိတ်နှင့်ဝိညာဉ်ထဲ၌ စွဲထင်နေအောင် မှတ်မိသွားတော့သည်။ ထိုအချိန်တွင် သူ၏ ကိုယ်ပွားထဲ၌ သွေးများ စတင်ပေါ်ပေါက်လာသလို သူ၏ အငွေ့အသက်များနှင့် ကျင့်ကြံခြင်းစွမ်းအားများမှာလည်း အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

" ဒုတိယဂြိုဟ်၊ လိမ္မော်ရောင် ပျော်ရွှင်မှုတာအို "

ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားပြီး ရှေ့သို့ ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။ ထိုအခါ သူ၏အောက်တွင် ဒုတိယမြောက် ဂြိုဟ်တစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ လိမ္မော်ရောင် အလင်းရောင်များကို ထုတ်လွှတ်နေသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံတေးသွားများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို တေးသွားများမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲ၌ ပဲ့တင်ထပ်နေသောကြောင့် သက်ရှိတိုင်း၏ အသိစိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။

သို့ဖြစ်ရာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တေးသံမျိုးစုံ ထုတ်လွှတ်နေကြပြီး သက်ရှိများ အားလုံးမှာလည်း တေးညည်းနေကြ သကဲ့သို့ပင်။ ၎င်းမှာ တာအိုဂြိုဟ်၏ ဒုတိယမြောက် စည်းမျဉ်းဥပဒေသဖြစ်သော ပျော်ရွှင်မှုတာအို ဖြစ်ပေသည်။

ထိုအခါ တာအိုဂြိုဟ်၏ ပတ်ပတ်လည်တွင် လိမ္မော်ရောင် အလင်းရောက်စက်ဝန်းတစ်ခု ပေါ်ပေါက်လာ၏။ ၎င်း၏ အလင်းရောင်များ ကြက်သွေးရောင် အလင်းရောင်စက်ဝန်းပေါ်၌ ထင်ဟပ်သွားချိန်တွင် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များနှင့် ကျင့်ကြံခြင်းစွမ်းအားများမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ယခင်တုန်းကထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေပြီ ဖြစ်သည်။

သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ထိုကဲ့သို့ တိုးတက်လာနေစဉ် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံထဲ၌ တတိယမြောက်ခြေလှမ်းနှင့် စတုတ္ထမြောက် ခြေလှမ်းတို့ကို လှမ်းလိုက်ပြန်သည်။

" တတိယဂြိုဟ်၊ အဝါရောင် မီးလျှံတာအို "

" စတုတ္ထဂြိုဟ်၊ အစိမ်းရောင် အပင်တာအို "

သူသည် တဖြည်းဖြည်းနှင့် အပေါ်သို့ မြင့်တက်သွားနေသောကြောင့် ကောင်းကင်ယံထဲသို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ ခြေထောက်များ အောက်သို့ ပြန်ကျလာချိန်တွင် တတိယမြောက်ဂြိုဟ်နှင့် စတုတ္ထမြောက် ဂြိုဟ်တို့မှာလည်း ချက်ချင်းပေါ်ပေါက်လာ၏။ ထို့နောက် အဝါရောင် အလင်းရောင်စက်ဝန်းတစ်ခုနှင့် အစိမ်းရောင် အလင်းရောင်စက်ဝန်းတစ်ခုမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

သူ၏ အငွေ့အသက်များမှာလည်း ပို၍ အားကောင်းလာသဖြင့် သူ့ဆီမှ ထွက်ပေါ်နေသည့် တုန်ခါမှုလှိုင်းများမှဆိုလျှင် ယခင်တုန်းကထက် ဆယ်ဆတိတိ ပို၍ပြင်းထန်နေပြီ ဖြစ်သည်။ မီးလျှံတာအိုမှာဆိုလျှင် အလင်းရောင်စက်ကွင်းများထဲ၌ အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေသောကြောင့် ကမ္ဘာကြီးတစ်ခုလုံး၏ အပူချိန်မှာ မြင့်တက်လာရ၏။ အပင်တာအိုမှာဆိုလျှင် ပို၍ပင် အစွမ်းထက်ပေသည်။ ၎င်းကြောင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ကောင်းကင်ယံကြီးထဲ၌ ပန်းပွင့်ပေါင်း ထောင်သောင်းများစွာ၏ ပုံရိပ်များ ပေါ်ပေါက်လာကြပြီး အစွမ်းကုန် ဖူးပွင့်နေကြတော့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံထဲ၌ ခြေလှမ်းသုံးလှမ်း ထပ်လှမ်းလိုက်သဖြင့် ကြယ်တာရာများ၏ ကြားသို့ ရောက်ရှိသွားသည်။ ထို့နောက် သူ၏ စကားသံများ ပဲ့တင်ထပ်သွားချိန်တွင် ပဉ္စမမြောက်၊ ဆဋ္ဌမမြောက်နှင့် သတ္တမမြောက် ဂြိုဟ်များမှာ သူ၏အောက်၌ အသီးသီးပေါ်ပေါက်လာကြတော့သည်။

" ပဉ္စမဂြိုဟ်၊ မိုးပြာရောင် တိမ်တာအို "

" ဆဋ္ဌမဂြိုဟ်၊ အပြာရောင် လေတာအို "

" သတ္တမဂြိုဟ် ခရမ်းရောင် ဝါးမျိုခြင်းတာအို "

တိမ်တိုက်များမှာ အပြောင်အလဲ လွယ်ပေသည်။ သို့ဖြစ်ရာ တိမ်တာအိုမှာ ပုံရိပ်ယောင်များနှင့် သက်ဆိုင်သည့် ပညာရပ်တစ်ခု ဖြစ်သည်။ ထိုတာအို ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွားရ၏။ ထို့နောက် သူ ၎င်းအား နားလည်သွားချိန်တွင် မျက်ဝန်းများထဲ၌ တိမ်တိုက်များ၏ စိတ်ဆန္ဒများ ပေါ်ပေါက်လာတော့သည်။

လေတာအိုမှာမူ အမြန်နှုန်းအား ကိုယ်စားပြု၏။ ထို တာအို ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ထစ်ချုန်းသံများ မြည်ဟည်းသွားရပြီး သူ၏ အမြန်နှုန်းမှာလည်း ကြောက်ခမန်းလိလိ ထိုးတက်သွားသည်။

နောက်ဆုံးတာအိုမှာ ခရမ်းရောင် ဝါးမျိုခြင်းတာအို ဖြစ်ပေသည်။

ထို တာအိုမှာ ဝါးမျိုခြင်းအား ကိုယ်စားပြုပြီး စကြဝဠာကြီးထဲရှိ အရာအားလုံးကို ဝါးမျိုးပစ်နိုင်စွမ်း ရှိပေသည်။ ထိုတာအို ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ဝဲကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ထိုဝဲကြီးမှာ အဆုံးမရှိဘဲ အရာအားလုံးကို ဝါးမျိုပစ်တော့မည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို တာအိုအား သူ၏ ဝါးမျိုခြင်းသစ်စေ့နှင့်အတူ တွဲဖက်၍ အသုံးပြုလိုက်မည်ဆိုပါက ၎င်းမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်သွားလိမ့်မည်ဟု တွေးမိလိုက်၏။ ထို့အပြင် သူ၏ ခေါင်းထဲ၌ နောက်ထပ်အတွေးတစ်ခု ပေါ်ပေါက်လာသေးသည်။ ၎င်းမှာ ထို ဝါးမျိုခြင်းသစ်စေ့သည်လည်း ယခင်တုန်းက တာအိုဂြိုဟ်တစ်လုံး ဖြစ်နေခဲ့လောက်ပေသည်ဆိုသည့် အတွေးပင်။

သို့သော် ယခုတွင် အတွေးများထဲ၌ နစ်မျောနေရန် အချိန်မရှိသောကြောင့် သူသည် ထိုအတွေးအား ချက်ချင်း မေ့ပျောက်ထားလိုက်ရ၏။ ခဏအကြာတွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အငွေ့အသက်များမှာ ထပ်၍ အားကောင်းလာပြန်သည်။ သူ၏ ဆံပင်များနှင့် အဝတ်အစားများမှာလည်း လေထဲတွင် တလူလူလွင့်နေ၏။ သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ဆိုလျှင် သူ ကြယ်သုသာန်ထဲသို့ ရောက်မလာခင်အချိန်တုန်းကနှင့် ယှဉ်လိုက်ပါက ဆယ်ဆကျော် ပို၍ တိုးတက်လာပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ယခုအထိ ဆက်လက်မြင့်တက်နေဆဲပင်။

ယခုတွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံထဲ၌ ကြယ်များနှင့် အတူရှိနေ၏။ သူသည် ၎င်းတို့နှင့်အတူ ထွန်းလင်းတောက်ပနေရင်း အဋ္ဌမမြောက်ခြေလှမ်းအား လှမ်းလိုက်သည်။

" အဋ္ဌမမြောက်ဂြိုဟ်၊ အဖြူရောင် အလင်းတာအို "

ထိုအခါ အဋ္ဌမမြောက် ဂြိုဟ်ကြီးမှာ အဖြူရောင်းအလင်းရောင်များ ထုတ်လွှတ်ကာ ပေါ်ပေါက်လာ၏။ ၎င်းဆီမှ ထွက်ပေါ်လာနေသည့် အလင်းရောင်စက်ဝန်းမှာ မျက်စိကျိန်းစရာကောင်းပြီး အရာအားလုံးထက် ပို၍ တောက်ပနေသည်။ အဘယ်ကြောင့်ဆိုသော် အလင်းရောင်မှာ ၎င်း၏ တာအို ဖြစ်နေသောကြောင့်ပင်။

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံထဲ၌ သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည့် အဖြူရောင် အလင်းရောင်များကို မြင်လိုက်ရသည်။ ထို့နောက် သူ၏ အငွေ့အသက်များမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ အားကောင်းလာသဖြင့် သူသည် နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။ နောက်ဆုံးတွင် သူသည် နဝမမြောက် ခြေလှမ်းအား လှမ်းကာ မိုးကောင်းကင်ကြီး၏ အဆုံးသို့ ရောက်ရှိသွား၏။

" နဝမမြောက်ဂြိုဟ်၊ အနက်ရောင် မရဏတာအို "

၎င်း၏ တာအိုမှာ မရဏတာအို ဖြစ်သည်။ ၎င်းမှာ အမှောင်ဂိုဏ်း၏ တာအိုနှင့် ဆင်တူသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ လုံးဝတူညီမှုမရှိပေ။ အမှောင်ဂိုဏ်း၏ တာအိုမှာ ပြန်လည်မွေးဖွားခြင်းအား ကိုယ်စားပြုပြီး ဤ မရဏတာအိုမှာမူ သေဆုံးခြင်းကိုသာ ကိုယ်စားပြုပေးသည်။

ထို ဂြိုဟ်ကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူ၏ မျက်ဝန်းများမှာလည်း မည်းနက်သွားသလို သူ၏ ခန္ဓာကိုယ်ထဲမှလည်း သေမင်းအငွေ့အသက်များ အဆက်မပြတ် ထိုးထွက်လာသည်။ ထို အခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအား တုန်ခါမှုလှိုင်းများမှာ အားအကောင်းဆုံး အနေအထားသို့ ရောက်ရှိသွားသဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာလည်း အပြင်းအထန် တုန်ရီသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ဉာဏ်အလင်းပွင့်နေသည့် မျက်ဝန်းများဖြင့် မိုးကောင်းကင်ကြီး၏ အဆုံးတွင် ရစ်ဝဲနေ၏။

" အနာဂတ်မှာ ဒီ ဂြိုဟ်ကိုးလုံးရဲ့ စည်းမျဉ်းဥပဒေသတွေကို အသုံးပြုပြီးတော့ ငါ့ရဲ့ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်ကိုးခုကို ဖန်တီးမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး မြေပြင်ကြီးအား ငုံ့ကြည့်လိုက်၏။ ထို့နောက် သူသည် ခေါင်းပြန် မော့လာပြီး ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်ပြန်သည်။ အချိန် အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူ၏ ခြေထောက်အောက်တွင် ရှိနေသည့် အလင်းရောင်စက်ဝန်းကိုးခုမှာ ဝင်းလက်တောက်ပလာကြသဖြင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွား၏။ ထို့နောက် ထို ဂြိုဟ်ကြီးကိုးလုံးထဲမှ တဝီဝီမြည်သံများ ထွက်ပေါ်လာစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ကြီးအဆုံးသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

၎င်းမှာ ဒဿမမြောက် ခြေလှမ်းဖြစ်၏။

သူ၏ ခြေထောက် အောက်သို့ ပြန်ကျလာချိန်တွင် ဂြိုဟ်ကြီးကိုးလုံးမှာ အပြင်းအထန် တုန်ရီသွားကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်၍ ဝင်ရောက်သွားကြ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲတွင် ၎င်းတို့မှာ ကိုးရောင်ခြယ် တာအိုဂြိုဟ်ကြီးအဖြစ် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။

အလင်းရောင်စက်ဝန်း ကိုးခုမှာလည်း သူ၏အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ ထို့နောက် ၎င်းတို့မှာ သူ၏ နဖူးပေါ်၌ အကွင်းကိုးကွင်းပုံစံ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် သူ၏ အငွေ့အသက်များမှာလည်း ချက်ချင်းဆိုသလိုပင် တမဟုတ်ချင်း ထိုးတက်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ နားထဲ၌ မှန်ကွဲသံများ ပဲ့တင်ထပ်သွားပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဖောက်ထွက်သွားတော့သည်။

သူသည် ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုအချိန်တွင် သူ၏အမြင်၌ ကမ္ဘာကြီးတစ်ခုလုံးမှာ ယခင်တုန်းကနှင့် မတူလောက်အောင် ပြောင်းလဲသွားတော့သည်။

မိုးကောင်းကင်၊ ကမ္ဘာမြေကြီး၊ တိမ်တိုက်များနှင့်တိုက်ခတ်နေသည့် လေများသာမက သက်ရှိများအားလုံးပေါ်ရှိ ခြုံလွှာများ ပျောက်ကွယ်သွားကြပြီး ၎င်းတို့၏ သရုပ်မှန်များ ပေါ်ပေါက်လာသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အားလုံးကို ငေးကြည့်နေရင်း ထို တာအိုဂြိုဟ်ထဲ၌ အသစ် ပေါ်ပေါက်လာသည့် စည်းမျဉ်းဥပဒေသအား နားလည်သွားတော့သည်။

" အစွမ်းထက်လိုက်တဲ့ စည်းမျဉ်းဥပဒေသ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ လှန်လိုက်၏။ ထိုအခါ သူ၏ လက်ထဲ၌ မြူခိုးလုံးတစ်လုံး ပေါ်ပေါက်လာပြီး ၎င်းမှာ စက္ကူရွက်တစ်ရွက်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

အစွမ်းထက်ပုဂ္ဂိုလ်ကြီးများသာမက ပြင်ပနယ်မြေထဲမှ ဖန်ဆင်ရှင်ကြီးကိုယ်တိုင် အသိအမှတ်ပြုထားသည့် တာအိုဂြိုဟ်၏ တစ်ခုတည်းသော စည်းမျဉ်းဥပဒေမှာ စက္ကူတစ်မျိုးတည်း မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲရှိ စက္ကူရွက်အား စိုက်ကြည့်ကာ ၎င်းအား သူ၏ စိတ်ဆန္ဒဖြင့် မြူခိုးများအဖြစ်သို့ ပြန်လည် ပြောင်းလဲလိုက်ပြီးနောက် ပြုံးလိုက်၏။ ထို့နောက် သူသည် သူတစ်ယောက်သာ ကြားနိုင်သည့် လေသံဖြင့် ရေရွတ်လိုက်တော့သည်။

" စကြဝဠာကြီးထဲက တာအိုပေါင်း ထောင်သောင်းများစွာကို ရေးထိုးနိုင်တဲ့ ပညာရပ်ပဲ။ ဒီ တာအိုဂြိုဟ်ရဲ့ အကူအညီနဲ့သာဆို ... ကိုယ်ရေးထိုးချင်တဲ့ အရာက တခြားတာအိုဂြိုဟ်တစ်လုံးရဲ့ ကိုယ်ပိုင် စည်းမျဉ်းဥပဒေသတစ်ခု ဖြစ်နေရင်တောင် စိတ်ကြိုက် ရေးထိုးဖန်တီးခွင့်ရှိသွားမှာ။ ငါ အဲဒီလို ရေးထိုးဖန်တီးပြီးသွားရင် ဘယ်သူက ပိုပြီးတော့ အစွမ်းထက်သလဲဆိုတာ သိနိုင်ဖို့ လွယ်တော့မှာ မဟုတ်ဘူး “

All Chapters