နောက်ထပ် သခင်လေးတစ်ယောက်
Vol. 22 Ch. 302
ပွဲစဉ် ၁၆၇၇ ကို အရောက်မှာတော့ မုယုံဒီးနဲ့ ရှဟိုချောင်တို့ ထိပ်တိုက် တွေ့ကြ ပါတော့တယ်။
လီဖူချန်းကို ရှုံးနိမ့်ပြီးတော့ နောက်မှာတော့ မုယုံဒီးရဲ့ တိုက်ပွဲ ဝင်လိုစိတ်တွေက လျော့ကျ သွားခဲ့ပါပြီ။ သူက သိုင်းကွက်၂၀ အရောက်မှာပဲ ရှဟိုချောင်ကို အရှုံးပေးလိုက် ရပါတော့တယ်။
ဒါပေမယ့် ဒါက ရှဟိုချောင်ရဲ့ အစွမ်းထက်မှုကို သက်သေ ပြလိုက်တာနဲ့ အတူတူပါပဲ။
ဓားပျံသခင်လေး လျိုဖေးယွင်နဲ့ တိုက်ခိုက်တုန်းကလည်း ရှဟိုချောင်ဟာ လက်ရည်တူ တိုက်ခိုက် နိုင်ခဲ့ပါတယ်။ လျိုဖေးယွင်က သူ့ရဲ့ ဓားပျံကို ထုတ်သုံး လိုက်မှသာ ရှဟိုချောင် တစ်ယောက် အရှုံးပေးလိုက် ရတာပါ။
မုယုံဒီးနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲမှာတော့ ရှဟိုချောင်ကပဲ တစ်ဖက်သက် အသာစီးရယူပြီး အနိုင်ယူ သွားခဲ့တယ်လေ။
' တိုက်ခိုက်လာသမျှကို ခြေလှမ်းတစ်လှမ်းမှ မရွေ့ဘဲ ပြန်တိုက်တယ်။ သည်နည်းစနစ်က လွယ်တော့ မလွယ်ဘူး။ ကိုယ်ဖော့ပညာ ဘယ်လောက်ပဲ ကောင်းကောင်း တစ်ဖက်လူက တောင်ကြီးလို ငြိမ်သက်နေမှတော့ ဘယ်လိုလုပ်ပြီး တိုက်တော့မှာလည်း။ ကိုယ်ဖော့ပညာ သုံးတာနဲ့ မသုံးတာနဲ့က အတူတူပဲ '
လီဖူချန်းက ရှဟိုချောင်ရဲ့ တိုက်ခိုက်ပုံကို ရှင်းရှင်းလင်းလင်းကြီး နားလည်လိုက်ပါတယ်။
ကိုယ်ဖော့ပညာက ကြောက်စရာ ကောင်းတဲ့ အဆင့်မှာ ရှိမနေရင်တော့ ရှဟိုချောင်နဲ့ တိုက်ခိုက်တဲ့ နေရာမှာ မသုံးတာ အကောင်းဆုံးပါပဲ။ ရှဟိုချောင်ရဲ့ တိုက်ခိုက်ပုံနဲ့ ဆိုရင် ကိုယ်ဖော့ ပညာက အသုံးဝင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် လီဖူချန်းကလည်း သာမန်လူ မဟုတ်ပါဘူး။ သူက ဒီလိုနည်းစနစ်ကို အသုံးပြုတဲ့ လူတွေအတွက် နည်းလမ်း တစ်ခုကို စဉ်းစားထားပြီးပါပြီ။
" ဟား……ဟား……ဟား……။ မုယုံပထျန်…… ကြည့်ရတာ မင်းရဲ့သားက သခင်လေး စာရင်းထဲကို ဝင်ဖို့အတွက် အဆင့်မမီ သေးဘူးဘဲ။ မင်းရဲ့သားက လိုတာထက်ပိုပြီး နာမည်ကျော် နေတာပဲ ဖြစ်ရမယ်"
တုံလက်ကလန် ခေါင်းဆောက် ရှဟိုရှန်ကတော့ ကောင်းကောင်းကြီး လှောင်ပြောင် နေပါတယ်။
မုယုံပထျန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
" ဟမ့်…… ငါ့သားက အခုမှ ၂၃ နှစ်ပဲ ရှိသေးတာ……။ မင်းတို့ တုံလင်ကလန်က ရှဟိုချောင်က ၂၆နှစ်တောင် ရှိနေပြီ။ ဒါကို ဘယ်လိုလုပ်ပြီး ယှဉ်ရဲတာလည်း……။ သိပ်လည်း ပျော်မနေနဲ့ဦး……။ ငါ့ရဲ့သားက လီဖူချန်းကို မယှဉ်နိုင်ဘူးဆိုရင် မင်းရဲ့ သားကလည်း ယှဉ်နိုင်မှာ မဟုတ်ဘူး"
ရှဟိုရှန်က ခပ်ထေ့ထေ့ ရယ်လိုက်ပြီး
"ဟား…ဟား……။ အဲဒီကိစ္စကိုတော့ ပူမနေပါနဲ့ကွာ……။ အဲဒီ ကလေးက မင်းရဲ့သားထက် နည်းနည်းလေးပဲ ပိုအစွမ်းထက် တာပါကွ။ မင်းမယုံရင် စောင့်ကြည့်နေလိုက် ငါ့ရဲ့ သားက အဲဒီ ကလေးကို အနိုင်ယူလိမ့်မယ်…… ဟား…ဟား……ဟား……"
" ဟုတ်ပါပြီလေ…… စောင့်ကြည့်ကြသေးတာပေါ့……"
မုယုံပထျန်က တေးထား လိုက်ပါတယ်။
သူ့ရဲ့ စိတ်ထဲမှာတော့ လီဖူချန်းက ရှဟိုချောင်ကို အနိုင်ယူနိုင်ပါစေလို့ အမှန်အကန် ဆုတောင်း နေပါပြီ။ ဒါမှ သူ့အနေနဲ့ ရှဟိုရှန်ကို ပြန်ပြီး လှောင်ပြောင်လို့ ရမှာ ဖြစ်ပါတယ်။
၃၅ပွဲ ဆက်တိုက် နိုင်ပွဲ ...
၃၈ပွဲ ဆက်တိုက် နိုင်ပွဲ ...
၃၉ပွဲ ဆက်တိုက် နိုင်ပွဲ ...
လီဖူချန်းကတော့ ဆက်တိုက်နိုင်ပွဲတွေ ရယူနေဆဲပါပဲ။ သူက ကျားနဂါးစာရင်းရဲ့ အဆင့်၁၄ ဖြစ်တဲ့ လူငယ်တစ်ယောက် ကိုတောင် အနိုင်ယူထား လိုက်ပါသေးတယ်။ ကျန်တဲ့ လူငယ်တွေ ကတော့ လီဖူချန်းနဲ့ မတွေ့ဖို့အတွက် အကြီးအကျယ် ဆုတောင်းနေကြပါပြီ။
လီဖူချန်းရဲ့ ကျောက်တုံး မဏ္ဍိုင်ကနေ ထွက်နေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေ ကလည်း စပါးအုံးမြွေ ပုံသဏ္ဍာန်ကို အပြည့်အဝ ပြောင်းလဲ သွားခဲ့ပါပြီ။
မူလအစတုန်းက အဝါရောင် မြွေကြီးထက် စာရင်တော့ သည်စပါးအုံး မြွေကြီးက ပိုပြီး လျှို့ဝှက်နက်နဲတဲ့ ပုံပါပဲ။ သည်စပါးအုံး မြွေကြီး ထံကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေက လုံးဝကို ပိုင်စိုးပိုင်နင်း ဆန်လွန်းပါတယ်။ ဒါက မာန်မာန ကြီးလွန်းတဲ့ သက်ဦးဆံပိုင် ဘုရင်တစ်ပါးရဲ့ အငွေ့အသက်တွေ လိုပါပဲ။
လီဖူချန်း တစ်ယောက် ပြိုင်ပွဲစင်မြင့်ပေါ်ကို အကြိမ်၄၀မြောက် ခြေချလာတဲ့ အချိန်မှာတော့ လူတိုင်းဟာ အသက်ပြင်းပြင်းတောင် မရှူရဲတော့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ လီဖူချန်းရဲ့ သည်တစ်ကြိမ် ပြိုင်ဘက်က သခင်လေး ၆ယောက်ထဲက တုံလင် သခင်လေး ရှဟိုချောင် ဖြစ်နေလို့ပါပဲ။
" နောက်ဆုံးတော့ သူတို့နှစ်ယောက် တွေ့ပြီဟေ့……။ ရှဟိုချောင်က လီဖူချန်းကို အနိုင်ယူနိုင်မလား ဒါမှမဟုတ် လီဖူချန်းကပဲ ရှဟိုချေညင်ကို အနိုင်ယူသွားမလား ဆိုတာကို ငါအရမ်း သိချင်နေပြီ"
" မင်းရူးနေတာလား……။ လီဖူချန်းက မုယုံဒီးကို အနိုင်ယူဖို့ အတွက် သိုင်းကွက်၁၀၀ ကျော် အသုံးပြုခဲ့ ရတာကွ။ ရှဟိုချောင်ကတော့ မုယုံဒီးကို သိုင်းကွက် ၂၀နဲ့ အနိုင်ယူခဲ့တာ။ ရှဟိုချောင်က လီဖူချန်းထက် သာတယ်ဆိုတာ အသိသာကြီးပဲ …"
" ငုံလိုက်လေ……။ မင်းဘကြီးကို ရှဟိုချောင်က သာပါလား။ အစောပိုင်းတုန်းက မုယုံဒီးက သူ့ရဲ့ စတေးခံ လျှို့ဝှက်နည်း စနစ်ကို သုံးလိုက်တဲ့ အချိန်မှာတောင်မှ လီဖူချန်းက ဓားကွက် တစ်ကွက်ထဲနဲ့ အနိုင်ယူသွားတာ မဟုတ်ဘူးလား……"
"ဟုတ်တယ် ……။ ငါလည်း မင်းပြောတာကို ထောက်ခံတယ်။ လီဖူချန်း နောက်ဆုံး သုံးသွားတဲ့ ဓားချက်ကို ရှဟိုချောင်တောင်မှ အသည်းအသန် ခုခံရလိမ့်မယ်။ ပြီးတော့ လီဖူချန်းက သူ့ရဲ့ အရည်အချင်း အစစ်ကို လျှိုထားသေးသလား ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး"
လူတွေအားလုံးက မတူညီတဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေ ရှိနေကြပါတယ်။ အချို့က လီဖူချန်းနိုင်မယ်လို့ ထင်နေသလို အချို့ကလည်း ရှဟိုချောင်နိုင်မယ်လို့ ထင်နေပါတယ်။
ဒါပေမဲ့ တကယ်တမ်းလက်တွေ့ မတိုက်ခိုက် သေးဘဲနဲ့တော့ ဘယ်သူနိုင်မယ် ဆိုတာကို ယတိပြတ် ပြောလို့ မရသေးပါဘူး။
စက်ဝိုင်းပုံ သိုင်းစင်မြင့် ပေါ်မှာတော့ ...
ရှဟိုချောင်က သူ့ရဲ့ အင်အားတွေကို စကားပြောတဲ့နေရာမှာ ဖြုန်းတီးပစ်ချင်ပုံ မရပါဘူး။
သူက လီဖူချန်း လာတိုက်တာကိုတောင် မစောင့်တော့ဘဲ လက်ဝါးနဲ့ လှမ်းရိုက် လိုက်ပါတယ်။
သူ့ရဲ့ လက်ဝါးကနေ ထွက်လာတဲ့ ချီအတွင်းအားတွေက စင်မြင့် တစ်ဝက်လောက် ကိုတောင် လွှမ်းခြုံ သွားခဲ့ပါပြီ။
ရှဟိုချောင်ရဲ့ လက်ဝါးဖိအား အောက်မှာ ရောက်နေတဲ့ လီဖူချန်းက သူ့ကိုယ်သူ ကျောက်တုံး ကြိတ်ဆုံကြီး တစ်ခုထဲမှာ ထည့်ကြိတ် ခံနေရသလို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ချီအတွင်းအားတွေနဲ့ သွေးလည်ပတ် မှုတွေကလည်း ပြိုကွဲ သွားတော့မလိုပါပဲ။
မုယုံဒီးနဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ရှဟိုချောင်က သိသိသာသာကြီးကို အစွမ်းထက်တယ် ဆိုတာ ယုံမှားသံသယ ဝင်စရာ မလိုတော့ပါဘူး။ ပြီးတော့ ရှဟိုချောင်ရဲ့ လက်ဝါးသိုင်းက အရမ်းကို ရိုးစင်းပြီး ထိရောက်မှု ရှိလွန်းပါတယ်။ သူ့ရဲ့ ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်ဖြစ်တဲ့ တောင်တန်းပြာနဲ့ မြစ်ပြင်ကျယ် နည်းစနစ်ကိုပါ ပူးတွဲ အသုံးပြုလိုက်တဲ့ အခါမှာတော့ ကျားကို အတောင် တပ်ပေးလိုက်တဲ့ အတိုင်းပါပဲ။
ဒီတိုက်ပွဲကိုတော့ ရှဟိုချောင်က ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။
တကယ်လို့ လီဖူချန်းနေရာမှာသာ အခြားသူ တစ်ယောက် ဆိုရင်တော့ ရှဟိုချောင်ကို ပြန်တိုက်ဖို့ မပြောနဲ့။ ရှဟိုချောင်ရဲ့ လက်ဝါး ချီအတွင်းအား ဖိနှိပ်မှုထဲကနေ ရှောင်ထွက်ဖို့ အတွက်တောင် ချီအတွင်းအား တစ်ဝက်လောက် ကုန်ခန်းသွားနိုင်ပါတယ်။
ဒါပေမဲ့… လီဖူချန်းကတော့ ချွင်းချက်ပါပဲ။
ရှဟိုချောင်ရဲ့ သိပ်သည်းတဲ့ လက်ဝါးအားနဲ့ ရင်ဆိုင်အတွေ့မှာတော့ လီဖူချန်းက တုံ့ဆိုင်းနေခြင်း မရှိဘဲ ဓားကွက်တစ်ကွက် ထုတ်လိုက်ပါတယ်။
" မီးတောက်နဂါး "
ကြက်သွေးရောင် ဓားအလင်းတန်းတွေက ကြက်သွေးရောင် နဂါးကြီးတစ်ကောင် အဖြစ် ပြောင်းသွားခဲ့ပါပြီ။ အဲဒီနဂါးကြီးက မာန်ဟုန်ပြင်းစွာဖြင့် ရှဟိုချောင်ရဲ့ လက်ဝါးရိုက်ချက် ချီအရှိန်အဝါ ဖိအားအောက်ကနေ ဖောက်ထွက်ဖို့ ကြိုးစားနေပါတော့တယ်။
စင်မြင့်ပေါ်မှာတော့ ချီအတွင်းအားတွေက အားပြိုင် နေကြပါတယ်။ စင်မြင့်ရဲ့ တစ်ဝက်ကို ကြက်သွေးရောင် ဓားအလင်းတန်း တစ်ခုက လွှမ်းခြုံထားသလို ကျန်တဲ့ စင်မြင့်တစ်ဝက်ကိုတော့ လက်ဝါးရိပ် တစ်ခုက ဖုံးလွှမ်းနေပါတယ်။
" အဟင့် "
ရှဟိုရှောင်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပါတယ်။ သည်လိုမျိုး ထိပ်တိုက် ရင်ဆိုင်တဲ့ တိုက်ခိုက် နည်းမျိုးက သူအကြိုက်ဆုံး တိုက်ခိုက်နည်းပင် မဟုတ်ပါလော။
သူ့ရဲ့ လက်ဝါးရိုက်ချက် တစ်ခုက စင်မြင့် တစ်ဝက်လုံးကို လွှမ်းခြုံထားနိုင်တယ် ဆိုတာကို လူတိုင်း တွေ့မြင်နိုင်ပါတယ်။
" မုယုံဒီး ရှုံးသွားတာက အံ့သြစရာတော့ မဟုတ်ဘူး"
လီဖူချန်းက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
တိုက်ပွဲတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် တိုက်ခိုက်ရတာနဲ့ လက်တွေ့ တိုက်ခိုက် ရတာက လုံးဝကို ခြားနားလွန်း လှပါတယ်။
ရှဟိုချောင်ရဲ့ ချီအရှိန်အဝါက ပင်လယ်ကြီး တစ်ခု သို့မဟုတ် တောင်ကြီးတစ်လုံး ပိကျလာ သလိုပါပဲ။ သူ့ရဲ့ ချီအရှိန်အဝါနဲ့ လက်ဝါးအားက လုံးဝကို သဟဇာတ ဖြစ်လွန်းနေပါတယ်။
ဒီလောက် ဧရိယာ အကျယ်ကြီးကို လက်ဝါးရိုက်ချက် တစ်ချက်ထဲနဲ့ လွှမ်းခြုံ ထားနိုင်မှတော့ တော်ရုံ ကိုယ်ဖော့ပညာက ဘာအသုံးကျတော့မည်နည်း။
"တကယ်လို့ ငါက ဆန်းကြယ်အဆင့်မြင့် ကိုယ်ဖော့ပညာ ဆန္ဒတစ်ခုကို အသုံးချနိုင်မယ် ဆိုရင်တော့ သည်လက်ဝါးရိုက်ချက်နဲ့ ချီအရှိန်အဝါ ဖိအားထဲက လွတ်မြောက်အောင် ရုန်းထွက် နိုင်လိမ့်မယ် '
လီဖူချန်းက ကိုယ်ဖော့ပညာကို တော်ရုံတန်ရုံ လောက်သာ လေ့ကျင့်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အချိန်အကန့်အသတ် ရှိပါတယ်။ လီဖူချန်းအနေနဲ့ အဘက်ဘက်မှာ ထူးချွန်အောင် လေ့ကျင့်နိုင်ဖို့ အချိန် မလုံလောက် ခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ လီဖူချန်းက သင်ခန်းစာတစ်ခု ရသွားခဲ့ပါပြီ။ သည်ကျားနဂါး ပြိုင်ပွဲ ပြီးပြီဆိုတာနဲ့ တစ်ပြိုင်နက် သူ့အနေဖြင့် ကိုယ်ဖော့ ပညာကိုလည်း အချိန် ကောင်းကောင်းပေးပြီး လေ့ကျင့်မှ ဖြစ်ပါတော့မယ်။
'မဖြစ်တော့ဘူး……။ သည်အတိုင်းဆိုရင်တော့ ငါရှုံးတော့မယ်။ ငါ့ရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်စွမ်းနဲ့ ဟာကွက် ရှာနိုင်တဲ့ အသိစိတ်အာရုံကို ဆက်ပြီး သုံးမှ တော်ကာကျတော့မယ်။ '
သာမန် ပါရမီရှင်တွေ ဆိုရင်တော့ သည်လို ဖိအားမျိုးနဲ့ ကြုံနေရတဲ့ အချိန်မှာ ဟာကွက်ကို ရှာဖို့ အချိန်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လီဖူချန်းက ဟာကွက်ရှာဖို့ အတွက် အချိန်ရခဲ့ပါတယ်။
လီဖူချန်းက ရှဟိုချောင်ရဲ့ ဟာကွက်ကို တွေ့နေပါပြီ။ အဲဒီ ဟာကွက်က ရှဟိုချောင်ရဲ့ ဧရိယာ ကျယ်လွန်းတဲ့ လက်ဝါးအားကြောင့် ဖြစ်ပေါ်လာတာပါ။
' အလှမ်းကျယ်၊ အလယ်လှပ် ' ဆိုတဲ့ စကားပုံတောင် ရှိသေးသည် မဟုတ်ပါလား။
တိုက်ခိုက်နိုင်တဲ့ ဧရိယာ ကျယ်လွန်းလာတဲ့အမျှ အဲဒီ သိုင်းကွက်ရဲ့ အလယ်ဗဟိုမှာ အားနည်းချက်တွေ ပိုရှိလာလေလေ ပါပဲ။
အဲဒီ ဟာကွက်ကို မြင်အောင် ကြည့်နိုင်ဖို့ပဲ လိုတာပါ။
လီဖူချန်းကတော့ အဲဒီ ဟာကွက် ကို မြင်အောင် ကြည့်နိုင်ခဲ့ပါတယ်။
အခုချိန်မှာတော့ လီဖူချန်းအနေနဲ့ လုပ်စရာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ ရှဟိုချောင်ရဲ့ ဟာကွက်ထဲကို တိုက်ခိုက်ဖို့ပါပဲ။
" မီးတောက်မိစ္ဆာရဲ့ ဦးချို "
လီဖူချန်းရဲ့ လက်ရှိ ဓားကွက်တွေထဲမှာတော့ မီးတောက်နဂါး ဓားကွက် ပြီးရင် သည်ဓားကွက်က အားအကောင်းဆုံးပါပဲ။
(note - မီးတောက်နဂါးဓားကွက်က ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ဖြစ်ပြီး မီးတောက် မိစ္ဆာရဲ့ ဦးချိုက မိစ္ဆာနှင်ဓားသိုင်းရဲ့ နောက်ဆုံးသိုင်းကွက် ဖြစ်ဟန် တူပါတယ်။)
မီးတောက်နဂါး ဓားကွက်က ပြင်းထန်မှု အပိုင်းမှာ သာလွန်ပြီး မီးတောက်မိစ္ဆာရဲ့ ဦးချိူ ဓားကွက်က တိကျမှုအပိုင်းမှာ သာပါတယ်။
လီဖူချန်းရဲ့ ဓားနက်ကြီး ထံကနေ ကြက်သွေးရောင် ဦးချိုကြီး တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
သည်ဓားကွက်က ရက်စက်ပြီးတော့ ပြတ်သားတိကျ လွန်းပါတယ်။
ဓားကွက်ရဲ့ ထိရောက်မှုကလည်း ကြောက်စရာပါပဲ။
ရှဟိုချောင်ရဲ့ လက်ဝါး ချီအရှိန်အဝါ တွေကတော့ သံနဲ့ ထိုးစိုက်ခြင်း ခံလိုက်ရတဲ့ ဘောလုံး တစ်လုံးလို ပျော့ဖတ် သွားခဲ့ပါပြီ။
" ဘာဖြစ်သွားတာလဲ…"
ရှဟိုချောင်က စိတ်ရှုပ်ထွေး သွားခဲ့ပါတယ်။
ရှဟိုချောင်ရဲ့ လက်ဝါးချီ အရှိန်အဝါကို ထိုးဖောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ရှဟိုချောင်ဆီကို ဖျတ်ခနဲ ပြေးဝင်သွားပြီး တိုက်ခိုက် လိုက်ပါတယ်။
" မိစ္ဆာနှင် သတ်ဖြတ်ခြင်းအရိပ် "
ရှဟိုချောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သွေးရောင် ဓားရိပ်တွေ ဖုံးလွှမ်း သွားခဲ့ပါပြီ။
ရှဟိုချောင်ကလည်း သူ့ဆီကို တိုးဝင်လာတဲ့ ကြက်သွေးရောင် ဓားချီတွေကို တုံ့ဆိုင်း မနေဘဲ အလျင်အမြန် ခုခံလိုက်ပါတယ်။
ထန်…… ထန်…… ထန် ...
ရုတ်တရက် ရှဟိုချောင်က ခေါင်းသုံးလုံး လက်ခြောက်ဖက် ဖြစ်လာသလိုပါပဲ။ သူရဲ့ လက်ဝါးရိပ်တွေက လီဖူချန်းရဲ့ ဓားချီတွေကို တစ်ခုမကျန် ရိုက်ထုတ် ပစ်လိုက်ပါတယ်။
တောင်တန်းပြာနဲ့ မြစ်ပြင်ကျယ် လျှို့ဝှက်နည်းစနစ်က တိုက်ခိုက်မှု အပိုင်းမှာတင်မက ခုခံမှု အပိုင်းမှာပါ အသုံးပြုလို့ ရပုံပင်။
သည်လျှို့ဝှက်နည်းစနစ်ကို လက်ဝါးသိုင်းနဲ့ တွဲသုံးလိုက်တဲ့ အခါမှာတော့ ရှဟိုချောင်ရဲ့ ခံစစ်က ရေပက် မဝင်အောင် လုံခြုံသွားခဲ့ပါပြီ။
ဓားပျံသခင်လေး လျိုဖေးယွင်တောင်မှ သူ့ရဲ့ဓားပျံကို ထုတ်သုံးလိုက်လို့သာ ရှဟိုချောင်ရဲ့ လက်ဝါးရိပ်တွေကို ဖောက်ထွက်ပြီး အနိုင်ယူနိုင်ခဲ့တာပါ။
***