← Chapters

ပိတ်မိခြင်း

Vol. 101 Ch. 1398

ပိတ်မိခြင်း

Vol. 101 Ch. 1398

တိမ်ခွေတောင်တန်းဒေသကို ထိုသို့ အမည်ပေးထားရခြင်းမှာ အကြောင်းရှိသည်။ သဲဝါစီရင်စုနယ်ဟု အမည်ပေးရခြင်းတွင်လည်း အကြောင်းရှိသည်။

သဲဝါမြို့ တည်ရှိရာနေရာ၏ မြေမျက်နှာသွင်ပြင်က ထူးခြားသည်။ နေရာအနှံ့တွင် သဲကန္တာရာများရှိသည်။ အချို့နေရာများတွင်ဆိုလျှင် နတ်ဘုရားလှေကိုစီး၍ ကီလိုမီတာသန်းချီ သွားမည်ဆိုလျှင်ပင် ကန္တာရနှင့် လေထဲရှိ သဲဝါများကိုသာ မြင်ရမည်ဖြစ်သည်။ ရာသီဥတုကလည်း အလွန်ဆိုးဝါးသည်။ သဲဝါမြို့မှာ သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင် တည်ရှိခြင်းဖြစ်သော်လည်း သဲဝါစီရင်စုနယ်နှင့် နီးကပ်သဖြင့် သဲဝါမြို့ဟု အမည်ပေးထားခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက် မြို့ထဲမှ လမ်းလျှောက်ထွက်လိုက်မည်ဆိုလျှင် သဲဝါစီရင်စုနယ်ထဲသို့ ရောက်သွားပေလိမ့်မည်။

တိမ်ခွေ‌တောင်တန်းဒေသမှာမူ ထို့ထက်ပင် ပိုထူးခြားသေးသည်။ ထိုနေရာတွင် မကြာခဏဆိုသလို လေမုန်တိုင်းများ ဖြစ်ပွားတတ်သည်။ အဝေးမှ ကြည့်မည်ဆိုလျှင် ထိုနေရာရှိ တောင်များကို တိမ်များက ရစ်ခွေထားသည်ကို မြင်ရ၏။ ထို့ကြောင့် ထိုဒေသကို တိမ်ခွေတောင်တန်းဒေသဟု မှည့်ခေါ်ထားခြင်းပင်။

ထိုနေရာရှိ လေမုန်တိုင်းများက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ထိုမုန်တိုင်းများကြား ရောက်သွားလျှင် နတ်ဘုရားလှေများပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ သာမန် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများသည် ထိုမုန်တိုင်းများကြောင့် သေသွားနိုင်သည်။ သို့ဖြစ်ရာ ၎င်းလေမုန်တိုင်းများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။

“ဘာလို့ လေမုန်တိုင်းတွေက အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ။ အဲ့ထဲမှာ အားကောင်းတဲ့ လေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်တစ်ခု ရှိနေလို့လား”

ကျန်းရီသည် နတ်ဘုရားလှေထဲမှနေ၍ ကောင်းကင်ထဲတွင် ပြည့်နှက်နေသော သဲဝါများကို ကြည့်လိုက်၏။ မှောင်လာသော ကောင်းကင်ကို ကြည့်ရင်းဖြင့် သူ့ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ ထိုလေမုန်တိုင်းများက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများကိုပင် သတ်နိုင်ကြသည်။ အကယ်၍ ထိုအကြောင်းကို ပြောပြသူမှာ ရှောင်လန်သာ မဟုတ်ပါက ကျန်းရီသည် ထိုသို့ပြောသူကို ပါးပိတ်ရိုက်ကာ ပေါက်ကရများ မပြောဖို့ ကြိမ်း‌မောင်းမိလိုက်မည်သာ။

“မဟုတ်ပါဘူး”

ရှောင်လန်က ခေါင်းခါ၍ ရှင်းပြသည်။

“အဲ့ဒါက ကြောက်စရာကောင်းတဲ့ ဟွင့်သွမ့်သားရဲတွေကြောင့်ပါ။ အဲ့ဟွင့်သွမ်းသားရဲတွေက သဲဝါပိုးကောင်လို့ခေါ်တဲ့ ပိုးကောင်အမျိုးအစားတစ်မျိုးပါ။ သူတို့က အရွယ်အစားသေးပြီး ပုံစံက သဲနဲ့ မကွာပါဘူး။ လေထဲမှာ မရေမတွက်နိုင်တဲ့ သဲဝါပိုးကောင်တွေရှိလို့ သူတို့က အရမ်းကြောက်စရာကောင်းတာပါ။ မြို့အရှင်ကျန်း လေမုန်တိုင်းထဲကို ရောက်သွားတာနဲ့ ရာချီ၊ ထောင်ချီ၊ သန်းချီတဲ့ သဲဝါပိုးကောင်တွေရဲ့ တိုက်ခိုက်မှုကို ခံရပါလိမ့်မယ်။ အဲ့လေမုန်တိုင်းတွေထဲမှာ စွမ်းအားကြီး သိုင်းသမားတွေရဲ့ ကောင်းကင်စွမ်းအားက ရှုပ်ထွေးကုန်တယ်။ အဲ့တော့ သူတို့ရဲ့ တိုက်ခိုက်စွမ်းအားကလည်း ကျဆင်းသွားတယ်။ အဲ့ဒါကြောင့် သူတို့က သဲဝါပိုးကောင်တွေရဲ့ တိုက်ခိုက်တာကို ခံရတာနဲ့ သေကုန်ကြရတာပဲ”

“အဲ့လိုကိုး...”

ကျန်းရီ နားလည်သွားသည်။ ကျန်းရီနှင့် ပါလာခဲ့သော တပ်မှူးလေးယောက်သည် ထိုအကြောင်းများကို ယခင်ကတည်းက ကြားခဲ့ပြီးဖြစ်၍ ရှောင်လန်၏ ရှင်းပြမှုကို ကြားသောအခါ အံ့အားသင့်မသွားကြပေ။ ကျန်းရီက ထပ်မေးလိုက်သည်။

“အဲ့ဒါဆို တိမ်ခွေတောင်တန်းဒေသ အောက်ခြေက အရမ်းအန္တရာယ်မများဘူးလား”

“များပါတယ်...”

ရှောင်လန်က ခေါင်းညိတ်လိုက်သည်။

“တိမ်ခွေတောင်တန်းဒေသအောက်ခြေမှာ မရေမတွက်နိုင်တဲ့ သဲဝါပိုးကောင်တွေ နေပါတယ်။ မြေအောက်ထဲကို ကီလိုမီတာသုံးဆယ်ထက်ပိုပြီး ဖောက်ဝင်သွားရဲသူတိုင်း မရေမတွက်နိုင်တဲ့ သဲဝါပိုးကောင်တွေရဲ့ တိုက်ခိုက်တာကို ရင်ဆိုင်ရမှာပါ။ ပြီးတော့ တိမ်ခွေတောင်တန်းဒေသမှာ မကြာခဏဆိုသလို သဲမုန်တိုင်းတွေလည်း တိုက်ပါတယ်။ အဲ့သဲမုန်တိုင်းတွေက လေမုန်တိုင်းတွေလောက် ကြောက်စရာ မကောင်းပေမဲ့ မုန်တိုင်းအချင်းကတော့ တော်တော်လေး ကျယ်ပါတယ်။ အဲ့တော့ အဲ့သဲမုန်တိုင်းတွေကလည်း အန္တရာယ်များတာပါပဲ”

ကျန်းရီ ခေါ်ညိတ်လိုက်၏။ သူ ခေါင်းကိုက်လာပေပြီ။ သူ့တွင် ပေါင်းစည်းမီးတောက်တစ်လုံးသာ ကျန်တော့သည်။ အကယ်၍ တမလွန်ကိုးပါးမီးတောက်အေးများကို သားရဲလေးကသာ ဝါးမျိုမသွားခဲ့လျှင် သူ့တွင် သူ့အသက်ကို ကယ်နိုင်မည့် ဆန်းကြယ်စွမ်းရည်နောက်တစ်မျိုး ရှိနေနိုင်ပေသည်။

ကျန်းရီသည် မီးဝိညာဉ်ပုလဲကို အာရုံခံ၍ သားရဲလေးကို စူးစမ်းလိုက်၏။ ၎င်းက အိပ်မောကျနေဆဲပင်။ ကျန်းရီတွင် အအေးမီးတောက်များလည်း သိပ်မရှိတော့ပေ။ သားရဲလေးက ၎င်းတို့အများစုကို စုပ်ယူလိုက်ပေပြီ။

နတ်ဘုရားလှေက အရှေ့သို့ ဆက်ပျံသန်းနေသည်။ အတော်ကြာပြီးနောက် သူတို့အရှေ့တွင် ဧရာမတောင်ကြီးများ ထွက်ပေါ်လာသည်။ သို့သော် ထိုတောင်အားလုံးက တောင်ကတုံးများပင်။ ၎င်းတို့ပေါ်၌ မည်သည့်သစ်ပင်ပန်းမန်များမှ ပေါက်မနေကြပေ။ ထို့ကြောင့် တောင်များမှာ တောင်ဟုဆိုသော်လည်း ကန္တာရနှင့် မခြားချေ။

တောင်တန်းဒေသထဲ စတင်ဝင်ရောက်လာသောအခါ ရှောင်လန်က အော်ပြောလိုက်သည်။

“နတ်ဘုရားလှေထဲက ဆင်းကြပါ။ ပျံသန်းတဲ့အခါမှာလည်း တောင်တွေနဲ့ကပ်ပြီး ပျံသန်းကြပါ”

တပ်မှူးလေးယောက်က တုံ့ဆိုင်းမှုမရှိဘဲ နတ်ဘုရားလှေထဲမှ ပျံထွက်သွားကြ၏။ ကျန်းရီသည်လည်း ရွေးချယ်စရာမရှိသဖြင့် နတ်ဘုရားလှေထဲမှ ပျံထွက်သွားလိုက်ရသည်။ ရှောင်လန်က နတ်ဘုရားလှေကို သိမ်းပြီးမှ ကျန်းရီကို ကြည့်၍ ရှင်းပြလေသည်။

“တိမ်ခွေတောင်တန်းဒေသထဲမှာ ကျုပ်တို့ ကောင်းကင်ထက်မှာ ဆက်ရှိနေလို့ မဖြစ်ဘူး။ အဲ့လိုဆို လေမုန်တိုင်းတွေ စုပ်ယူတာကို အလွယ်တကူ ခံလိုက်ရလိမ့်မယ်။ ကျုပ်တို့ တောင်တွေနဲ့ကပ်ပျံမှ ရမယ်”

“အဲ့ဒါက ဘယ်လို အကြောင်းပြချက်မျိုးလဲ”

ယခုတွင် ကျန်းရီ ခေါင်းရှုပ်နေပေပြီ။ လေထဲတွင် ပျံသန်းခြင်းက လေမုန်တိုင်းများနှင့် မည်သို့ ပတ်သတ်နေသနည်း။ ရှောင်လန်သည် ထပ်ရှင်းပြမနေတော့ဘဲ ခေါင်းခါ၍သာ ပြောလိုက်သည်။

“ခဏနေရင် မြို့အရှင်ကျန်း သိလာပါလိမ့်မယ်”

ကျန်းရီတို့အုပ်စုနှင့် တောင်များနှင့်ကပ်၍ ပျံသန်းနေကြ၏။ သူတို့ ကီလိုမီတာ အနည်းငယ် ပျံသန်းပြီးနောက်တွင် လေပြင်းများ စတင်တိုက်ခတ်လာသည်။ သဲဝါများက သူတို့ခြောက်ယောက်စလုံးကို လွှမ်းခြုံထားကြသည်။ ထို့ကြောင့် သူတို့၏ အမြင်များလည်း သိသိသာသာ ဝေဝါးလာကြသည်။ တော်သေးသည်မှာ ရှောင်လန် ရှိနေသဖြင့် ကျန်းရီက ပတ်ဝန်းကျင်ကို ထောက်လှမ်းရန် မလိုခြင်းပင်။ ရှောင်လန်၏ ကောင်းကင်စိတ်အာရုံက အလွန်အားကောင်းသည်။ သူသည် ပတ်ဝန်းကျင် ကီလိုမီတာတစ်သောင်း အဝန်းအဝိုင်းအတွင်း အလွယ်တကူ အာရုံခံနိုင်ပေသည်။

ကျန်းရီတို့သည် နေ့တစ်ဝက်ကြာအောင် အရှေ့သို့ ပျံသန်းခဲ့ကြ၏။ လမ်းတစ်လျှောက်တွင် သူတို့သည် အခြားလူတစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် စိတ်မချင့်မရဲဖြင့် မေးလိုက်လေသည်။

“ရှောင်လန်... ဒီတိမ်ခွေတောင်တန်းဒေသက ဘယ်လောက်တောင်ကြီးတာလဲ”

“အရမ်းကြီးပါတယ်”

ရှောင်လန်က ကျန်းရီကို မျက်လုံးငဲ့ကြည့်၍ ပြောလိုက်၏။

“ဒီဒေသကမကြီးရင် အဆိပ်ဝိညာဉ်က ဘယ်လိုလုပ် ဒီမှာ အချိန်အကြာကြီး ပုန်းအောင်းနေနိုင်ခဲ့မှာလဲ။ ဒီနေရာမှာ ကောင်းကင်စိတ်အာရုံတွေလည်း ကန့်သတ်ခံရတယ်။ ပြီးတော့ နတ်ဘုရားဓားပြတွေလည်း အများကြီး ရှိတယ်။ ဒီနေရာက မြေမျက်နှာသွင်ပြင်က ထူးခြားတော့ နိုင်ငံတော်သုံးခုက ဒီနေရာကို စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ အခု မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေ အများကြီး ဒီကို ရောက်နေပြီဆိုတော့ နတ်ဘုရားဓားပြတွေက တခြားနေရာတွေကို ပြောင်းရွှေ့သွားလောက်ပါပြီ”

ကျန်းရီက ခေါင်းညိတ်၍ ဆက်ပျံသန်းလိုက်သည်။ သူက လျင်မြန်စွာ မပျံသန်းသော်လည်း ရှောင်လန်က စိတ်ရှိပုံ မပေါ်ပေ။ ဤနေရာတွင် နှေးနှေးပျံသန်းခြင်းက ပိုလုံခြုံပေသည်။ ထို့ပြင် သူတို့က ဤနေရာတွင် လူလာရှာခြင်းဖြစ်သည်။ တိမ်ခွေတောင်တန်းဒေသကို အမြန်ဆုံး ပျံသန်းဖြတ်ကျော်နိုင်သည့် စံချိန်ကို လာချိုးခြင်း မဟုတ်ပေ။

“ရပ်လိုက်”

နှစ်နာရီကြာအောင် ဆက်ပျံသန်းပြီးနောက် ရှောင်လန်က အေးစက်စက် လေသံဖြင့် ရုတ်တရက် အော်ပြောလိုက်သည်။ သူသည် မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်းကို စက္ကန့်ပိုင်းမျှ လှည့်ပတ်ကြည့်ပြီးနောက် ထပ်မံ အော်ပြောလိုက်သည်။

“အခုချက်ချင်း ဘယ်ဘက်ကို ပျံသွားလိုက်ပါ”

တပ်မှူးလေးယောက်သည် ချက်ချင်း တောင့်တင်းသွားကြ၏။ သူတို့သည် ကျန်းရီကို ခေါ်၍ ဘယ်ဘက်သို့ တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားကြသည်။ ရှောင်လန်က သူတို့နောက်မှ လိုက်လာသော်လည်း သူ၏အကြည့်များကတော့ အခြားတစ်ဘက်တွင် ဖြစ်သည်။ သို့သော် နောက်ထပ်ငါးမိနစ် ပျံသန်းပြီးနောက် ရှောင်လန် ထပ်မံအော်လိုက်ပြန်သည်။

“ကောင်းပြီ.. ရပ်လိုက်ကြတော့။ လူတွေက နှစ်ဘက်စလုံးကနေ လာနေကြတယ်။ သူတို့က ကျုပ်တို့နောက် လိုက်လာတာဆိုတာ သိသာတယ်။ သူတို့ဘက်က အင်အားအရမ်းများတယ်။ ကျုပ်တို့ ဆက်ပြေးနိုင်မှာ မဟုတ်ဘူး။ ခဏနေလို့ ကျုပ်တို့ စပြီးတိုက်ခိုက်ကြပြီဆိုရင် ခင်ဗျားတို့လေးယောက်က မြို့အရှင်ကျန်းကို ကာကွယ်ပါ။ ကျန်တဲ့ကိစ္စတွေကို အရေးမစိုက်ပါနဲ့”

ကျန်းရီနှင့် တပ်မှူးလေးယောက်တို့၏ မျက်နှာများ မည်းမှောင်သွားကြသည်။ အဘယ်ကြောင့် သူတို့က ဒေသထဲ ဝင်လာပြီးနောက် မကြာခင်မှာပင် လူများစွာနှင့် တွေ့ဆုံရသနည်း။ ထို့ပြင် အဘယ်သို့ လူများနှင့် တွေ့ဆုံခြင်းက ထိုမျှကြီးကျယ်ပြီး သူတို့နှင့် တိုက်ခိုက်ရလောက်သည်အထိ ဖြစ်ရမည်နည်း။ ရှောင်လန်၏ အမြန်နှုန်းက အလွန်မြန်ပေသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူက ကျန်းရီကိုခေါ်၍ အဝေးသို့ ပျံမပြေးရသနည်း။

မကြာခင်မှာပင် ကျန်းရီသည် အကြောင်းကို နားလည်သွားသည်။ သူသည် သူ့အရှေ့မှနေ၍ လူများ လေကိုခွင်း၍ ပျံသန်းလာသံကို ကြားလိုက်ရ၏။ အရှေ့မှ အုပ်စုမှာ စစ်နတ်ဘုရားအဆင့်ရှိသည့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်ဖြစ်သည်။ သူတို့က အလွန်လျင်မြန်စွာ ပျံသန်းလာကြပေသည်။ ထို့နောက် ကျန်းရီပေါ်သို့ ကောင်းကင်စိတ်အာရုံများစွာ ကျရောက်လာလေသည်။

ဝှစ်...ဝှစ်...

မကြာခင်မှာပင် လူများ ပို၍ ပို၍ ရောက်ရှိလာကြ၏။ တိရှစစ်တပ်မှ တပ်မှူးလေးယောက်၏ မျက်နှာထားများက အေးစက်လာသည်။ စစ်နတ်ဘုရားအဆင့် သိုင်းသမားတစ်ယောက်စီက နတ်ဘုရားဘုရင်အဆင့် သိုင်းသမားအယောက်သုံးဆယ်စီကို ဦးဆောင်လာကြသည်။ အကယ်၍ သူတို့သာ အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် အကျိုးဆက်က တွေးမကြည့်နိုင်အောင် ဖြစ်သွားပေလိမ့်မည်။

ရှောင်လန်က အုပ်စု၏ အရှေ့တွင် ရပ်လိုက်ပြီး တပ်မှူးလေးယောက်က ကျန်းရီကို ဝန်းရံလိုက်ကြသည်။ သူတို့သည် သူတို့၏ လက်နက်များကိုလည်း ထုတ်ကာ ကောင်းကင်စွမ်းအားကို အသင့်ပြင်ထားလိုက်ကြသည်။ တိုက်ပွဲက အချိန်မရွေး စတင်လာနိုင်ပေသည်။ ရှောင်လန်သည် ရန်သူများကို ဝေ့ဝဲကြည့်လိုက်ပြီး မျက်နှာတည်သွား၏။ ထို့နောက် သူ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“သူတို့က နတ်ဘုရားဓားပြတွေ ဖြစ်မယ်။ စံအိမ်သုံးခုက လူတွေတော့ မဟုတ်ဘူး”

စွမ်းအားကြီး သိုင်းသမားတစ်စုက ကျန်းရီတို့ထံသို့ ဦးတည်ဝင်ရောက်လာ၏။ အရှေ့ ညာဘက်ရှိ စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမားက ကျန်းရီနှင့် သုံးကီလိုမီတာ အကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး ကျန်းရီတို့ အုပ်စုကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ ရှောင်လန်က အနက်ရောင်စစ်ချပ်ဝတ် ဝတ်ထားပြီး တပ်မှူးလေးယောက်ကလည်း သူတို့၏ အနက်ရောင်စစ်ချပ်ဝတ်များကို ဝတ်ထားကြသည်။ ထိုစဉ် ရှောင်လန် အော်ပြောလိုက်သည်။

“ကျုပ်တို့က တိရှစစ်တပ်ကပဲ။ ဒီကို တာဝန်တစ်ခုနဲ့ ရောက်လာတာ။ ခင်ဗျားတို့အားလုံး ထွက်သွားကြပါ”

တိတိကျကျဆိုရလျှင် ရှောင်လန်က တိရှစစ်တပ်မှ မဟုတ်ပေ။ သူက ရှောင်မျိုးနွယ်မှသာ။ သို့သော် သူ့အတွက် တိရှစစ်တပ်၏ ဝတ်စုံကို ဖန်တီးရန်မှာ အလွန်လွယ်ကူပေသည်။ ထို့ကြောင့်လည်း သူက ဤနေရာသို့ လာရန် လုံခြုံသည်ဟု ယုံကြည်မှု ရှိခဲ့ခြင်းဖြစ်သည်။ တိရှဘုံထဲတွင် တိရှစစ်တပ်က လေးစားခံရသည် မဟုတ်ပါလား။

“တိရှစစ်တပ်လား”

အရှေ့ ညာဘက်မှ စွမ်းအားကြီး သိုင်းသမားက အခြားလူအချို့နှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်၏။ ထို့နောက် သူ၏ အကြည့်များက တင်းမာလာသည်။ စစ်နတ်ဘုရားစံအိမ်၊ တိရှစံအိမ် သို့မဟုတ် မိစ္ဆာသတ်ဖြတ်စံအိမ်တို့မှ လူများဆိုလျှင် သူတို့သည် ထိုလူများကို သတ်ပစ်လိုက်ရုံသာ။ သို့သော် ထိုလူများက တိရှစစ်တပ်မှ ဖြစ်ရာ သူတို့၏သေဆုံးမှု ပေါက်ကြားသွားလျှင် သူတို့သည် ဝရမ်းပြေးများ ဖြစ်သွားပြီး တစ်ဘဝလုံး ရှောင်ပြေးနေရတော့မည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီတို့ဆီသို့ ဘယ်ဘက်မှ နေ၍လည်း လူရာကျော် ပျံသန်းလာ၏။ ထိုဘက်တွင်လည်း စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမား ပါလာပေသည်။ ထိုနတ်ဘုရားဓားပြအဖွဲ့က အတော်လေးကြီးသည်။ သူတို့အဖွဲ့တွင် စစ်နတ်ဘုရားအဆင့် သိုင်းသမား နှစ်ယောက်နှင့် စစ်ဘုရင်အဆင့် သိုင်းသမား အယောက်ငါးဆယ်ကျော်၊ ခြောက်ဆယ် ပါလာသည်။ ထိုလူအင်အားမှာ မြို့ငယ်လေးတစ်မြို့နှင့် မျိုးနွယ်စုလေးတစ်စုကို ရှင်းပစ်ရန်ပင် လုံလောက်ပေသည်။ သို့သော် မည်သည့် နတ်ဘုရားဓားပြအုပ်စုကမှ တိရှဘုံထဲတွင် မဆင်မခြင် မပြုမူဝံ့ပါပေ။ သူတို့ မြို့များကို ဖျက်ဆီးလိုက်လျှင် သေချာပေါက် လိုက်ဖမ်းခံရမည်သာ။

“တိုက်ကြ...”

နောက်မှ ရောက်လာသော စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမားက ကျန်းရီတို့ အုပ်စုကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်၏။ ကျန်းရီတို့ဘက်က ခြောက်ယောက်သာ ရှိကြောင်း အတည်ပြုပြီးသောအခါ သူသည် သူ့အဖွဲ့ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ တိရှဘုံတွင် တိရှစစ်တပ်က လေးစားခံရသည်။ သို့သော် ကျန်းရီတို့ တစ်အုပ်စုလုံး သေသွားမည်ဆိုလျှင် ထိုသေဆုံးမှု၏ တာဝန်ရှိသူများမှာ သူတို့ဖြစ်ကြောင်းကို မည်သူက သိနိုင်တော့မည်နည်း။

***

All Chapters