သဲဝါပိုးကောင်များ
Vol. 101 Ch. 1399
ရှောင်လန်၏ ခန့်မှန်းချက်က မှန်ခဲ့သည်။ ဤတစ်ခေါက်တွင် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများစွာ ရောက်လာခဲ့သည်။ သို့သော် သူတို့သည် နတ်ဘုရားဓားပြများကို ခြောက်မလွှတ်နိုင်ခဲ့ပေ။ ထိုအစား ထိုနတ်ဘုရားဓားပြများကို ပို၍ပင် စိတ်လှုပ်ရှားလာစေခဲ့သည်။ သတ်ဖြတ်ရန် ဆူဖြိုးနေသည့် သိုးများ ဤမျှများများ မည်သည့်အခါက ရှိခဲ့ဖူးပါသနည်း။
မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများစွာသည် အဆိပ်ဝိညာဉ်ကို သတ်ရမည့် တာဝန်အကြောင်းကို သတင်းရခဲ့ကြ၏။ အဆိပ်ဝိညာဉ်က ခြေတစ်ချောင်း ကျိုးနေပြီး အချိန်တိုအတွင်း ပြန်ကောင်းလာဦးမည် မဟုတ်ချေ။ သူ့ကို သတ်နိုင်လျှင် တိုက်ပွဲအမှတ်လေးသောင်းရမည် ဖြစ်ရာ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများစွာက လိုချင်တပ်မက်လာကြပေသည်။ အရေးအကြီးဆုံးမှာ အဆိပ်ဝိညာဉ်က သဲဝါစီရင်စုနယ်ရှိ မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်ကို သတ်၍ ရှေးဦးဝိညာဉ်ရတနာတစ်ခုကို ခိုးယူသွားခဲ့သည်ဆိုသော ကောလာဟလတစ်ခု ပျံ့နှံ့နေခြင်းပင်။
ထိုကောလာဟလများသည် ၎င်းမိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများထံသို့ ‘လျှို့ဝှက်လမ်းကြောင်း’များမှနေ၍ ရောက်လာကြပြီး စစ်နတ်ဘုရားများကို ရုတ်ခြည်း စိတ်လှုပ်ရှားသွားစေခဲ့သည်။ သို့ဖြင့် သူတို့သည် လူစုရန်ပင် အရေးမစိုက်ကြတော့ဘဲ တစ်ကိုယ်တော် ထွက်သွားကြသည်။ ရှေးဦးဝိညာဉ်ရတနာက တစ်ခုတည်း ရှိရာ သူတို့လူစုလိုက်လျှင် မည်သို့ ဝေစုခွဲမည်နည်း။ ထို့ကြောင့် အုပ်စုနှင့်လာခြင်းက နောင်တွင် ပြဿနာကိုသာ ဖြစ်စေမည်ဖြစ်သည်။
သို့ဖြင့် တိမ်ခွေတောင်တန်းဒေသ၌ ကျက်စားသော နတ်ဘုရားဓားပြအဖွဲ့ ငါးဖွဲ့စလုံးလည်း စိတ်လှုပ်ရှားလာကြသည်။ ဆူဖြိုးသော သိုးများက အပေါ်ခံရန် တစ်ကိုယ်တော် လာနေကြသည်။ သူတို့က ထိုအခွင့်အရေးကို အသုံးချ၍ တစ်ယောက်ချင်းကို အမဲမဖျက်နိုင်လျှင် နတ်ဘုရားဓားပြများဟူသော အမည်နှင့် ထိုက်တန်တော့မည် မဟုတ်ချေ။ သူတို့က ထိုလူများကို သတ်ပြီးနောက် တိမ်ခွေတောင်တန်းဒေသထဲ၌ ပုန်းအောင်းနေမည်ဆိုလျှင် လုံခြုံလိမ့်မည် မဟုတ်လော။ ထိုနတ်ဘုရားဓားပြများတွင် ကိုယ်ပိုင်ရှင်သန်ရေးနည်းလမ်းများ ရှိပြီး ထိုနေရာမှ ပြောင်းရွှေ့ရလျှင်လည်း နေရာအသစ်တစ်ခု၌ လူသစ်စိတ်သစ်ဖြင့် ဘဝသစ် ပြန်စတင်နိုင်ကြပေသည်။
အမှန်တွင်...
ရှောင်လန်သည် ထိုသတင်းများကို ရထားပြီးဖြစ်သည်။ မဟုတ်လျှင် သူသည် ဤတာဝန်ကို စွန့်စား၍ လက်ခံခဲ့မည် မဟုတ်ပေ။ သို့သော် ထိုနတ်ဘုရားဓားပြများက အလွန်ရဲတင်းကာ တိရှစစ်တပ်မှ တပ်သားများကိုပင် သတ်ဝံ့လောက်မည်ဟုတော့ သူ မျှော်လင့်မထားခဲ့ချေ။
လူများမသိသည်မှာ ထိုနတ်ဘုရားဓားပြအုပ်စုက အရဲစွန့် တိုက်ခိုက်ရခြင်း၏ အဓိကအကြောင်းမှာ ကျန်းရီကြောင့်ဖြစ်သည် ဆိုခြင်းပင်။
ကျန်းရီ၏ အင်အားက အလွန်နိမ့်သည်။ သို့သော် လူတစ်စုက သူ့ကို ဝန်းရံကာကွယ်ပေးနေကြသည်။ ထို့ကြောင့် နတ်ဘုရားဓားပြများသည် ကျန်းရီက မျိုးနွယ်တစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်ပြီး ရတနာများစွာနှင့် နတ်ဘုရားအမြစ်များစွာ ပိုင်ဆိုင်ထားသူဟု ယူဆမိသွားကြခြင်းပင်။ ကျန်းရီကိုသာ သတ်နိုင်လိုက်လျှင် တစ်ဘဝလုံး သက်တောင့်သက်သာနှင့် နေရတော့မည်ဟု သူတို့ ထင်ကြပေသည်။
“သတ်ကြ...”
ရှောင်လန်၏ လက်ထဲတွင် အနက်ရောင် စစ်ဓားတစ်လက် ထွက်ပေါ်လာသည်။ သူသည် အော်ပြောလိုက်ပြီး တပ်မှူးလေးယောက်ထံသို့လည်း အသံပို့လွှတ်လိုက်သည်။
“မြို့အရှင်ကျန်းကို ခေါ်ပြီး မြေအောက်ထဲက ထွက်ပြေးကြတော့။ အောက်ဘက်မှာ သဲဝါပိုးကောင်တွေ ရှိလိမ့်မယ်။ ခင်ဗျားတို့ အဲ့ပိုးကောင်တွေကို သုံးပြီး နောက်ကလိုက်လာမဲ့ ဓားပြတွေကို တားပေါ့။ တကယ်လို့ ခင်ဗျားတို့ လွတ်သွားရင် သဲဝါမြို့ကို ချက်ချင်းပြန်ပါ။ ကျုပ်တို့ ဒီတာဝန်ကို စွန့်ရတော့မယ်...”
ကျန်းရီတို့သည် တောင်တန်းဒေသထဲသို့ ဝင်လာခါစသာ ရှိသေးသော်လည်း နတ်ဘုရားဓားပြများ၏ တိုက်ခိုက်မှုကို ခံနေရပေပြီ။ ထို့ကြောင့် တာဝန်ကို ဆက်ထမ်းဆောင်ရန် မဖြစ်နိုင်တော့ပေ။ လက်ရှိအခြေအနေတွင် အားလုံး အသက်ရှင်လျက် ပြန်နိုင်လျှင်ကို ကောင်းနေပြီဖြစ်သည်။ ရန်သူဘက်တွင် စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်ရှိသည်။ ထို့ကြောင့် တပ်မှူးလေးယောက်၏ အစွမ်းမျှနှင့် နောက်မှလိုက်လာမည့်သူများကို တားနိုင်လောက်မည် မဟုတ်ချေ။ ထို့ကြောင့် ရှောင်လန်သည် စွမ်းအားကြီး သိုင်းသမားများကို သူကိုယ်တိုင် တားထားပြီး ကျန်းရီကို ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခု ပေးရန် ဆုံးဖြတ်ထားပေသည်။
“မြို့အရှင် သွားကြစို့”
တပ်မှူးတစ်ယောက်က ကျန်းရီကို ခေါ်၍ အောက်ဘက်သို့ ပျံဆင်းသွားသည်။ ကျန်းရီသည် ရှောင်လန်က နတ်ဘုရားဓားပြခေါင်းဆောင်ဆီသို့ ပြတ်သားစွာ ပျံသန်းသွားသည်ကို ကြည့်၍ အော်ပြောလိုက်၏။
“ရှောင်လန်... ခင်ဗျား အသက်ရှင်ရမယ်။ ကျွန်တော်တို့ နတ်သိမ်းငှက်မြို့ကို ပြန်ရောက်ရင် ကျွန်တော် ခင်ဗျားကို မိန်းမလှတစ်ရာ ခေါ်ပေးမယ်”
ရွှက်...ရွှက်...
တပ်မှူးသည် လက်ထဲမှ ဓားဖြင့် သဲပြင်ကို ပိုင်းဖြတ်၍ ကန္တာရအောက်ထဲ ဝင်သွားလိုက်၏။ ကျန်တပ်မှူးသုံးယောက်ကလည်း အရပ်မျက်နှာအနှံ့သို့ တိုက်ခိုက်မှုတစ်ခုစီ ပစ်လွှတ်လိုက်ကာ ကျန်းရီတို့နောက်သို့ လိုက်သွားသည်။
“ရှီယန်... မင်းတို့တွေ သူတို့နောက်ကို လိုက်သွားလိုက်ကြ။ တစ်ယောက်မှ လွတ်သွားလို့ မရဘူးဆိုတာ မှတ်ထားပါ။ မဟုတ်ရင် အကျိုးဆက်တွေက ဆိုးသွားလိမ့်မယ်”
နတ်ဘုရားဓားပြခေါင်းဆောင်တစ်ယောက်က အော်ပြောလိုက်သည်။ ရှောင်လန်တွင် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် နှစ်ခု ရှိသည်။ နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်သည် ရှောင်လန်ကို လျှော့တွက်ရန် အစီအစဉ်မရှိပေ။ သူတို့သည် ရှောင်လန်ကို အတူတကွ ရင်ဆိုင်၍ သတ်ပစ်ပြီး ထိပ်တန်းအဆင့် နတ်ဘုရားဓားနှင့် နတ်ဘုရားချပ်ဝတ်တို့ကို ယူရန် ဆုံးဖြတ်ထားကြသည်။
“ဟားဟားဟား... မင်းတို့က ဒီရှောင်လန်ကို သတ်ချင်ရင် တန်ကြေးကြီးကြီး ပေးဖို့ ပြင်ထားရလိမ့်မယ်”
သူသေကိုယ်သေတိုက်ပွဲ နွှဲရတော့မည် ဆိုသော အသိက ရှောင်လန်၏ သွေးများကို ဆူပွက်လာစေသည်။ သူသည် ထွက်မပြေးပေ။ ထို့ပြင် နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်ကိုလည်း မတိုက်ခိုက်လိုက်ပေ။ ထိုအစား အဆင့်နိမ့် ဓားပြအုပ်စုဆီသို့ ဦးတည်ပျံဝင်သွားလိုက်သည်။ သူ၏ အမြန်နှုန်းက အလွန်လျင်မြန်ပြီး သူ၏တိုက်ခိုက်မှုများက အလွန်ပြင်းထန်သည်။ သူ၏ဓားချက်တစ်ချက် လက်သွားတိုင်း လူနှစ်ယောက် သေသွားသည်။ သူက အလွန်အန္တရာယ်များပေသည်။
“လူဖြန့်ကြ... ငါတို့ သူ့ကို ရှင်းလိုက်မယ်”
နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်သည် ဒေါသထွက်လာပြီး ရှောင်လန်နောက်သို့ ချက်ချင်း ပျံလိုက်သွားလိုက်သည်။ အခြားနတ်ဘုရားဓားပြများမှာမူ လူစုခွဲလိုက်ကြသည်။ နတ်ဘုရားဘုရင်အဆင့် ဓားပြသုံးဆယ်လောက်ကလည်း မြေအောက်ထဲဝင်ကာ ကျန်းရီတို့နောက်သို့ လိုက်သွားကြသည်။
“ကျန်မေ့... မင်းတို့ သုံးယောက်က မတူတဲ့ အရပ်မျက်နှာတစ်ခုစီကို ပြေးသွားပြီး ရန်သူတွေကို မျှားခေါ်သွားကြ။ တကယ်လို့ မင်းတို့ အသက်ရှင်ရက် မလွတ်နိုင်တော့ဘူးဆိုရင် သဲဝါမြို့ကို ချက်ချင်း ပြန်ကြပါ”
ကျန်းရီကို ခေါ်သွားသော တပ်မှူးက စွမ်းအားအကြီးဆုံးဖြစ်ပြီး ရာထူးအကြီးဆုံးလည်းဖြစ်သည်။ သူ၏အင်အားက နတ်ဘုရားဘုရင် အထွတ်အထိပ်အဆင့်တွင် ရှိပေသည်။ သူသည် ကျန်းရီကို ခေါ်သွားနေရင်း နောက်ဘက်မှ လိုက်လာသူများကို အာရုံခံမိလိုက်၍ သူ့အဖော်သုံးယောက်ကို အော်ပြောလိုက်သည်။
လူခွဲ၍ ပြေးမည်ဆိုလျှင် အားလုံးတွင် အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်။ အတူစုနေလျှင်မူ အားလုံး သေသွားလောက်သည်။ ယခုတွင် သူတို့နောက်သို့ နတ်ဘုရားဘုရင် အယောက်သုံးဆယ်လောက် လိုက်လာနေပေပြီ။ ထိုနတ်ဘုရားဓားပြများက လှုပ်ရှားလိုက်ပြီဖြစ်၍ သူတို့ကို တစ်ယောက်မှ အလွတ်ပေးတော့မည် မဟုတ်ပေ။ အကယ်၍ သူတို့ထဲမှ တစ်ယောက် လွတ်သွားလျှင်မူ ထိုနတ်ဘုရားဓားပြများက ထွက်ပြေးကြမည်ဖြစ်သည်။
“ကောင်းပြီ... အစ်ကိုကျန်ဟိုင်လည်း ဂရုစိုက်ပါ”
တပ်မှူးတစ်ယောက်က အံကြိတ်၍ ပြန်အော်ပြောလိုက်၏။ ကျန်ဟိုင်က ကျန်းရီကို ခေါ်သွားရသူဖြစ်၍ အန္တရာယ်အများဆုံး ဖြစ်သည်။ တပ်မှူးသုံးယောက်သည် လက်နက်များကို အသင့်ပြင်၍ ကွဲပြားသော အရပ်များသို့ လူခွဲသွားလိုက်ကြသည်။ ကျန်ဟိုင်က ကျန်းရီကို ခေါ်၍ လျင်မြန်စွာ သွားနေရာ မကြာခင်မှာပင် သူတို့ မြေအောက် ပေတစ်သိန်းအနက်သို့ ရောက်လာကြသည်။
ရှောင်လန်သည် မြေအောက် ထိုအနက်သို့ ရောက်သည်နှင့် သဲဝါပိုးကောင်များကို တွေ့ရနိုင်ကြောင်း၊ ၎င်းပိုးကောင်များက အလွန်အန္တရာယ်များကြောင်း ပြောခဲ့သည်။ သို့သော် ကျန်ဟိုင်တွင် အခြားရွေးချယ်စရာ မရှိပေ။ သဲဝါပိုးကောင်များက လိုက်လာသူများကို နှောင့်နှေးသွားအောင် လုပ်မပေးနိုင်လျှင် ကျန်ဟိုင်သည် မည်သို့လုပ်ရမည်ကို မသိတော့ပေ။
ရှဲ...ရှဲ...ရှဲ....
နောက်ထပ် ပေတစ်သောင်း ဆက်သွားပြီးသောအခါ ကျန်းရီတို့ အောက်ဘက်တွင် ရုတ်တရက် လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။ နေရာအချို့မှနေ၍ သဲဝါများ ထိုးထလာကြသည်။ ကျန်းရီက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ရာ ရုတ်ခြည်းပင် သူတို့ပတ်ပတ်လည်ရှိ သဲဝါလှိုင်းများကို ခံစားလိုက်ရလေသည်။
မကြာခင်မှာပင် လက်မအရွယ်အစားရှိသော အချို့ သဲဝါပိုးကောင်များက သူတို့ထံသို့ လျင်မြန်သော အမြန်နှုန်းဖြင့် လာနေကြောင်းကို ကျန်းရီ သိလိုက်ရသည်။ ထိုပိုးကောင်များ၏ ဦးခေါင်းက ရွှေရောင်ဖြစ်ပြီး ချပ်ဝတ် ဝတ်ဆင်ထားသကဲ့သို့ ထင်ရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အဝါရောင်အကြေးခံများ ရှိပေသည်။ ၎င်းတို့၏ ပါးစပ်ထဲတွင် ထက်ရှသော သွားလေးချောင်း ရှိပြီး ၎င်းတို့က လေကဲ့သို့ လျင်မြန်ကြသည်။ ၎င်းတို့သည် အဆိပ်ရှိသော မြွေများကဲ့သို့ လှုပ်ရှားနေကြပြီး ယခုတွင် ဆယ်ချီသော ပိုးကောင်များက ကျန်းရီနှင့် ကျန်ဟိုင်တို့ထံ လျင်မြန်စွာ ဦးတည်လာနေကြပေသည်။
“ကျန်ဟိုင်... သဲဝါပိုးကောင်တွေ လာနေပြီ”
ကျန်းရီက တံတွေးမျိုချ၍ ကျန်ဟိုင်အား လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။ ကျန်ဟိုင်သည်လည်း သဲဝါပိုးကောင်များ၏ အငွေ့အသက်ကို အာရုံခံမိပြီးဖြစ်၍ သူ့လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ ပတ်ပတ်လည်မှ သဲဝါပိုးကောင်များကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်သည်။ ဆယ်ချီသော ဓားချက်များက ပတ်ပတ်လည်သို့ ယပ်တောင်ပုံစံ ဖြန့်ထွက်သွားပြီး မြေပြင်တွင် အပေါက်ကလေးများ ထိုးဖောက်သွားသည်။ ထိုအခါ ၎င်းအပေါက်များမှနေ၍ သဲဝါပိုးကောင်များ ထပ်၍ ထွက်လာကြသည်။
ဝှစ်...
ကျန်ဟိုင်သည် တိုက်ခိုက်မှု ထုတ်ပြီးနောက် မရပ်တန့်ဝံ့တော့ပေ။ သူသည် ဦးတည်ချက်ပြောင်း၍ ညာဘက် အထက်သို့ မြွေလိမ်မြွေကောက် သွားလိုက်သည်။ သူ၏ ပြေးလမ်းကို အလွန်အမြော်အမြင်ကြီးစွာ ရွေးချယ်ထားခြင်းပင်။ နောက်မှလိုက်လာသူများက သူတို့ကို မီလာခါနီးနေပြီး သဲဝါပိုးကောင်များကလည်း အနှောင့်အယှက်ခံရ၍ ထိုနေရာသို့ ဦးတည်နေကြသည်။
နတ်ဘုရားဓားပြများက အလွန်ခက်ထန်ကြပြီး သဲဝါပိုးကောင်များမှာ အဆင့်အနိမ့်ဆုံး ဟွင့်သွမ့်သားရဲများ ဖြစ်ကြသည်။ ၎င်းပိုးကောင်များက အသိဉာဏ်မရှိကြသဖြင့် ၎င်းတို့ကို နှောင့်ယှက်သွားသော ကျန်ဟိုင်တို့အစား နောက်မှ အသည်းအသန်လိုက်လာကြသော ဓားပြများကိုသာ တိုက်ခိုက်ကြမည် ဖြစ်သည်။
မျှော်လင့်ထားသလိုပင်...
ဓားပြများက အစောတွင် ကျန်ဟိုင်တို့ ရှိနေခဲ့သော နေရာသို့ ရောက်လာသောအခါ သဲဝါပိုးကောင် အကောင်တစ်ရာနီးပါး ထွက်ပေါ်လာသည်။ ဓားပြများက အင်အားများပြီး ထိုသဲဝါပိုးကောင်များကို မကြောက်သော်လည်း ၎င်းပိုးကောင်များကို ဖယ်ရှားရန်၊ သတ်ရန်အတွက် အချိန်တစ်ခု လိုမည်ဖြစ်သည်။ သို့ဆိုလျှင် ကျန်ဟိုင်နှင့် ကျန်းရီတို့ လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ရသွားနိုင်ပေသည်။
“အား...”
အဝေးမှနေ၍ ကြောက်မက်ဖွယ် အော်သံတစ်သံ ရောက်ရှိလာသဖြင့် ကျန်းရီနှင့် ကျန်ဟိုင်တို့ မျက်နှာပျက်သွားကြ၏။ ကျန်ဟိုင်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ စို့တက်လာသည်။ ထိုအော်သံမှာ သူ၏ ဝမ်းကွဲညီ ကျန်မေ့၏ အော်သံပင်။
‘လခွမ်းပဲကွာ...’
ကျန်းရီသည် စိတ်ထဲမှ ဆဲလိုက်ပြီး အလွန်ဒေါသထွက်လာသည်။ တိရှစစ်တပ်မှ ထိုတပ်မှူးလေးယောက်က သူနှင့်အတူ ရှိနေခဲ့သည်မှာ အချိန်တစ်ခုသာ ရှိသေးသည်။ သူသည် ထိုလေးယောက်ကို တပ်မှူးလျှိုလောက် အကြိမ်ရေများများ မတွေ့ဖူးခဲ့ပေ။ သို့သော် သူတို့က သူ၏ လက်အောက်ငယ်သားများဖြစ်ပြီး ယခု တစ်ယောက်က သူ့ကြောင့် သေသွားခဲ့ပေပြီ။ ထို့ကြောင့် သူ မည်မျှဒေါသထွက်နေကြောင်း တွေးကြည့်နိုင်ပေသည်။
ရှဲ...ရှဲ...ရှဲ...
မရေမတွက်နိုင်သော သဲဝါပိုးကောင်များက ဆက်၍ တိုက်ခိုက်နေကြသဖြင့် ကျန်းရီနှင့် ကျန်ဟိုင်တို့တွင် ပူးဆွေးနေရန်ပင် အချိန်မရှိချေ။ တုံ့ဆိုင်းနေလျှင် သူတို့နှစ်ယောက်လည်း အသတ်ခံလိုက်ရပေမည်။
ကျန်ဟိုင်က သူ၏ဓားကို ဆက်၍ ဝှေ့ယမ်းနေသည်။ သို့သော် သူ၏ ဓားချက်များက သဲဝါပိုးကောင်များကို နောက်သို့သာ ဆုတ်သွားစေနိုင်သည်။ ထိုဟွင့်သွမ့်သားရဲများ၏ ခံနိုင်ရည်က အလွန်ကောင်းသည်။ ကျန်ဟိုင်က သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို ထုတ်လွှတ်မည်ဆိုလျှင်မူ သူ ၎င်းတို့ကို အလွယ်တကူ သတ်ပစ်နိုင်လောက်သည်။ ပြဿနာမှာ သဲဝါပိုးကောင်အရေအတွက်က အလွန်များနေခြင်းပင်။ သူက သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုကို မည်သို့ ထပ်ခါ၊ ထပ်ခါ အကြိမ်ကြိမ် ထုတ်လွှတ်နိုင်ပါမည်နည်း။
ငါးမိနစ်ကြာပြီးနောက်တွင် ကျန်ဟိုင်သည် အနည်းဆုံး သဲဝါပိုးကောင်ငါးရာလောက်က သူတို့နောက်သို့ လိုက်လာကြောင်း အာရုံခံမိလိုက်၏။ သူ၏မျက်ဝန်းများက မည်းမှောင်လာ၏။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။
“မြို့အရှင်... ကျွန်တော် အရှင့်ရဲ့ နောက်ပိုင်းကို ကာကွယ်ပေးထားပါမယ်။ အရှင် အရင်ဆုံး ထွက်ပြေးသွားလိုက်ပါ။ မဟုတ်ရင် ကျွန်တော်တို့ နှစ်ယောက်စလုံး ဒီမှာ သေရလိမ့်မယ်။ အရှင် မြေပေါ် ပြန်ရောက်သွားရင်... ကံကောင်းပြီး နတ်ဘုရားဓားပြတွေကို ရှောင်နိုင်ခဲ့ရင်...”
“ဟင့်အင်း...”
ကျန်းရီ၏ မျက်ဝန်းက နီရဲလာသည်။ သူ အံကြိတ်၍ ပြောလိုက်သည်။
“ကျန်ဟိုင်... ကျွန်တော့်ရဲ့ ဟွင့်သွမ့်ချီပုလဲထဲ ဝင်လိုက်ပါ။ ကျွန်တော် အဲ့သဲဝါပိုးကောင်တွေကို သတ်တာကို စောင့်နေပါ။ ပြီးမှ ခင်ဗျား ကျွန်တော့်ကို ခေါ်ပြီး အတူထွက်ပြေးပေါ့”
***