မြက်တစ်ပင်ပင် မကျန်ခဲ့
Vol. 101 Ch. 1401
‘လောဘက တကယ့်ကို အဆိပ်ပြင်းတာပဲ...’
ရှောင်လန်သည် ဆက်၍ တောင့်မခံနိုင်တော့ပေ။ သူ့ကိုယ်ပေါ်ရှိ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကြောင့်သာ မဟုတ်လျှင် သူ သေပြီးနေလောက်ပေပြီ။
ရှောင်လန်၏ ရင်ထဲတွင် နောင်တများနှင့် ပြည့်နှက်နေသည်။ သူသာ လောဘဆိပ်မမိခဲ့လျှင်၊ အဆိပ်ဝိညာဉ်၏ ရှေးဦးဝိညာဉ်ရတနာကို မလိုချင်မတပ်မက်ခဲ့လျှင် သူ ဤနေရာသို့ လုံးဝလာခဲ့မည် မဟုတ်ချေ။ သူက သဘောမတူလျှင် ကျန်းရီသည်လည်း ဤနေရာသို့ လာရန် နှစ်ခါပြန်တွေးခဲ့မည်သာ။ ယခုကဲ့သို့ အလျင်စလို ပြုမူခဲ့မည် မဟုတ်ပေ။
ရှောင်လန်၏ ကိုယ်ထဲရှိ အရိုးများစွာက ကျိုးပြီးနေပေပြီ။ နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်က အလွန်စွမ်းအားကြီးပြီး ခက်ထန်ကြသည်။ သူ၏ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်က သက်ရောက်အားအများစုကို စုပ်ယူသွားခဲ့၍သာ တော်တော့သည်။ မဟုတ်လျှင် ယခုလောက်ဆို သူ့အရိုးများသာမက သူ့တစ်ကိုယ်လုံး စုတ်ပြတ်နေလောက်ပြီဖြစ်သည်။
“သေစမ်း...သေကြစမ်း...”
ရှောင်လန်သည် နတ်ဘုရားဓားပြဘုရင်များ၏ တိုက်ခိုက်မှုများကို အရေးမစိုက်တော့ဘဲ အော်လိုက်၏။ ထို့နောက် သူသည် ဓားပြခေါင်းဆောင်များကို ဆက်မတိုက်တော့ဘဲ နတ်ဘုရားဘုရင်များကိုသာ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သူ သေရမည်ဆိုလျှင်ပင် သူနှင့်အတူ ဓားပြများနိုင်သမျှများများ ခေါ်သွားရပေမည်။ ရှောင်မျိုးနွယ်တွင် သူရဲဘောကြောင်သူ မရှိပါပေ။
ရှောင်လန်သည် အင်အားကုန်သုံး၍ သူ၏ဓားရှည်ကို အဆက်မပြတ် ဝှေ့ယမ်းနေ၏။ ဓားအလင်းတန်းများက လေကို ဖြတ်၍ တရွှီရွှီ ပျံထွက်သွားကြသည်။ သူ ဓားတစ်ချက် ယမ်းလိုက်တိုင်း နတ်ဘုရားဘုရင်များနှင့် နတ်ဘုရားစစ်သူကြီးများ တစ်ယောက်၊ နှစ်ယောက် သေသွားကြသည်ချည်းသာ။ သို့သော် သူသည်လည်း တန်ကြေးပြန်ပေးရသည်။ နတ်ဘုရားဓားပြခေါင်းဆောင်နှစ်ယောက်က သူ့အား ဆက်၍ တိုက်ခိုက်နေပြီး အချက်တိုင်းတွင် သူ့ကို လွင့်ပျံထွက်သွားစေနေသည်။ သူ့ကိုယ်ထဲရှိ အရိုးများ၏ တစ်ဝက်ကျော်လောက်က ကျိုးနေပြီဖြစ်သည်။ သူ့ကိုယ်တွင်းအင်္ဂါများလည်း သွေးထွက်နေကာ သူ့ကိုယ်တွင်းရှိ သွေးကြောတစ်ဝက်လောက်က စုတ်ပြဲနေပေပြီ။ သူ၏ လှုပ်ရှားမှုက တဖြည်းဖြည်း နှေး၍လာသည်။ ထိုအတိုင်းသာ ဆက်သွားပါက သုံးမိနစ်မပြည့်ခင်မှာပင် သူ လှုပ်နိုင်တော့မည် မဟုတ်ချေ။ သူ ထိုနေရာမှာပင် လဲလျောင်း၍ သေပွဲဝင်ရပေလိမ့်မည်။
ဝုန်း...
ရှောင်လန်တစ်ယောက် ထပ်မံ၍ အနောက်သို့ လွင့်ထွက်သွား၏။ သူ၏ခန္ဓာကိုယ်က သဲပြင်နှင့် ပြင်းထန်စွာ ဝင်ဆောင့်သည်။ အစတွင် သူသည် ပြန်ခုန်ထ၍ နတ်ဘုရားဓားပြများကို ထပ်မံတိုက်ခိုက်လိုခဲ့သည်။ သို့သော် ထိုအခိုက်၌ သူသည် မြေအောက်မှ လှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်၏။ ရှောင်လန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့အား မြေအောက်မှနေ၍ အလစ်တိုက်ခိုက်ရန် ကြံနေခြင်းဟု သူ တွေးမိသွားသည်။ ထို့ကြောင့် သူ ဓားရှည်ကို ဝှေ့ယမ်းကာ အောက်ဘက်မှ လာမည့် တိုက်ခိုက်သူကို ရင်ဆိုင်ရန် ဟန်ပြင်လိုက်သည်။
“အန်...”
ရုတ်ခြည်းဆိုသလိုပင် ရှောင်လန်၏ ဓားရှည်က ရပ်တန့်သွား၏။ သူ ကောင်းကင်စိတ်အာရုံဖြင့် မြေအောက်ထဲကို အာရုံခံလိုက်ကြည့်လိုက်ရာ တက်လာသူမှာ ကျန်းရီဖြစ်နေကြောင်း သိလိုက်ရပေသည်။ သူသည် မြေပြင်ထက်သို့ လျင်မြန်စွာ တက်လာနေသော ကျန်းရီကို မြင်လိုက်ရသောအခါ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ကျန်းရီဘေးတွင် တပ်မှူးတစ်ယောက်သာ ရှိတော့သည်။ ကျန်တပ်မှူးများက တိုက်ပွဲထဲတွင် သေခဲ့ပုံပင်။ ကျန်းရီတွင် အခြားထွက်ပြေးရန်လမ်း မရှိတော့ခြင်းလော။ ထို့ကြောင့် သူထံလာ၍ အကူအညီတောင်းခြင်းလော။ သို့သော် ကျန်းရီ မသိသည်မှာ သူသည်လည်း သေအံ့ဆဲဆဲ ဖြစ်နေသည်ကိုပင်။
“အာ...”
ရှောင်လန်သည် မကြာခင်မှာပင် ကျန်းရီ၏နောက်သို့ သိပ်သည်းသော သဲဝါပိုးကောင်အုပ်တစ်အုပ်က လိုက်လာကြောင်း သိလိုက်ရ၏။ သူ့မျက်နှာပေါ်မှာ ခါးသက်သက်အပြုံးက ပို၍ခါးသီးသွား၏။ ယခုတွင် မသေမျိုးများပင် သူတို့ကို ကယ်နိုင်တော့မည် မဟုတ်ချေ။ သဲဝါပိုးကောင်များက အလွန်များလွန်းနေသည်။ သူတို့မဆိုထားနှင့် ဓားပြခေါင်းဆောင်နှစ်ယောက် အပါအဝင် ဓားပြတစ်ဖွဲ့လုံးလည်း ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
“ဟားဟားဟား...”
ရှောင်လန် အသက်မဲ့စွာ ရယ်လိုက်သည်။ သူနှင့်အတူ နတ်ဘုရားဓားပြ နှစ်ရာ၊ သုံးရာလောက် အတူသေသွားခြင်းကလည်း ဆိုးသောကိစ္စ မဟုတ်ပေ။ သူ ဆက်၍ မတိုက်ခိုက်လိုတော့ချေ။ ထို့ကြောင့် ကျန်းရီ မြေကြီးထဲမှ ထွက်လာသည်အထိ စောင့်နေရန်သာ သူ ဆုံးဖြတ်လိုက်လေသည်။
ဝှစ်...ဝှစ်...
လေခွင်းသံနှစ်သံကို ကြားလိုက်ရ၏။ နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်က ရှောင်လန်ကို လက်စတုံးရန် ရောက်လာပေပြီ။ သူတို့၏ လက်ထဲမှ လက်နက်များက အနက်ရောင်အလင်း တောက်ပနေကြသည်။ ထိုအလင်းမှာ သေမင်း၏ တမလွန်ဘုံအရှိန်အဝါနှင့်ပင် တူပေသည်။ သူတို့သည် ရှောင်လန်၏ ဝိညာဉ်ကို ခြွေရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
“အာ...”
နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်၏ ကောင်းကင်စိတ်အာရုံများက ရှောင်လန်ကို အာရုံခံလိုက်ကြ၏။ သူတို့သည် တိုက်ခိုက်တော့မည့် အခိုက်တွင် မြေကြီးထဲမှနေ၍ အထက်သို့ တက်လာသော ကျန်းရီကို သတိပြုမိလိုက်ကြသည်။ သူတို့၏ မျက်နှာထားများက ရုတ်ခြည်း ပြောင်းလဲသွား၏။ ထို့နောက် သူတို့ ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
“အားလုံး ထွက်ပြေးကြ။ ငါတို့ဘက်ကို သဲဝါပိုးကောင်တွေ အများကြီး လာနေတယ်...”
ဝှစ်...ဝှစ်...ဝှစ်...
အော်သံအဆုံးတွင် မရေမတွက်နိုင်သော သဲဝါပိုးကောင်များက ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။ ၎င်းတို့သည် တစ်ကောင်ပြီးတစ်ကောင် မြေအောက်ထဲမှ ပျံထွက်လာကြသည်။ ၎င်းတို့က အဆုံးမရှိသကဲ့သို့ပင်။ ၎င်းတို့သည် ကောင်းကင်တစ်ခွင်လုံးနှင့် နတ်ဘုရားဓားပြခေါင်းဆောင်နှစ်ယောက် အပါအဝင် ပတ်ဝန်းကျင်းရှိ နတ်ဘုရားဓားပြအားလုံးကို လွှမ်းခြုံလိုက်သည်။ ထို့ပြင် အရပ်မျက်နှာအနှံ့သို့လည်း ပျံထွက်သွားကြသည်။ ထိုသဲဝါပိုးကောင်များ လေကိုခွင်း၍ ပျံသန်းသံက ပတ်ဝန်းကျင်တွင် ဆူညံနေပေသည်။ ထိုအသံများသည် သေမင်းခေါ်သံကဲ့သို့ပင်။
“ပြေးကြ...”
နတ်ဘုရားဓားပြအားလုံး ကြောက်ရွံ့သွားကြ၏။ သဲဝါပိုးကောင် အရေအတွက်က အလွန်များရာ မည်သူက ၎င်းတို့ကို ပြန်တိုက်နိုင်ပါမည်နည်း။ စစ်နတ်ဘုရားအဆင့် ခေါင်းဆောင်များပင် ထိုပိုးကောင်များကို ကြာရှည် ခုခံနို်ငလိမ့်မည် မဟုတ်ချေ။ ပိုကောင်းများတွင် ထူးခြားသော မည်သည့်ဆန်းကြယ်စွမ်းရည်မှ မရှိသော်လည်း ၎င်းတို့၏ သွားများက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ၎င်းတို့၏ သွားများက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များကိုပင် ငါးမိနစ်အတွင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ကိုက်ပစ်နိုင်သည်ဟု ပြောကြသည်။
မည်သူကမှ တုံ့ဆိုင်းမနေပေ။ နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်သည် ရှောင်လန်ကို လက်စတုံးရန်ပင် အရေးစိုက်မနေတော့ဘဲ သက်တန့်အလင်းတန်းနှစ်တန်း အဖြစ်ပြောင်းလဲ၍ ဝေးနိုင်သမျှ အဝေးဆုံးသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ ကျန်နတ်ဘုရားဓားပြများကလည်း အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြလေသည်။
အဆင့်နိမ့် နတ်ဘုရားစစ်သူကြီးများက ခြေလှမ်းအနည်းငယ်သာ ပြေးနိုင်လိုက်ပြီး နာကျင်တကြီး စတင် အော်ဟစ်ကုန်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ကျန်းရီ၏ မျက်စိရှေ့မှာပင် အရိုးကျသွားကြသည်။ သူတို့၏ စစ်ချပ်ဝတ်များက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး သူတို့၏ အသားများကို ပိုးကောင်များက စားသောက်လိုက်ကြသည်။
သဲဝါပိုးကောင်များမှာ ကျိုင်းကောင်များကဲ့သို့ပင်။ ၎င်းတို့သည် ၎င်းတို့ ဖြတ်သွားသော နေရာတိုင်းတွင် မြက်ပင်တစ်ပင်ပင် မချန်ခဲ့ကြပေ။
“ဒါက...”
သဲပြင်ထဲတွင် နစ်ဝင်နေသေးဆဲဖြစ်သော ရှောင်လန်သည် ထိုအဖြစ်အပျက်အားလုံကို တုန်လှုပ်တကြီး ကြည့်နေလေသည်။ သူသည် ပင့်သက်ရှိုက်၍ သူ့မျက်နှာကို လက်ဖြင့် ပွတ်ကာ ကြည့်လိုက်၏။ သဲဝါပိုးကောင်များသည် သူ့အား သတိပင် မပြုမိပုံဖြင့် သူ့ကိုကွေ့ပတ်၍ ပျံသွားနေကြသည်။ ၎င်းတို့က နတ်ဘုရားဓားပြများနောက်သို့သာ လိုက်နေကြခြင်းပင်။ သူ့ကိုတော့ တစ်ကောင်မှ ရန်မပြုပေ။
“ကျန်းရီ...”
ရှောင်လန် ချက်ချင်းပင် အသိပြန်ကပ်လာသည်။ သူသည် မြေအောက်ထဲမှနေ၍ သူ့ထံသို့ ပျံသန်းလာနေသော ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီသည်လည်း သဲဝါပိုးကောင်များ၏ တိုက်ခိုက်မှုကို မခံရပေ။ ထိုအခိုက်တွင် သူတို့နှစ်ယောက်က ကိုယ်ပျောက်နေသကဲ့သို့ပင်။ အနည်းဆုံးတော့ သဲဝါပိုးကောင်များကို သူတို့ကို မြင်ပုံမပေါ်ချေ။
“ရှောင်လန်... ခင်ဗျား မသေဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဟားဟားဟား...”
ကျန်းရီက ရယ်လိုက်ပြီး ရှောင်လန်ကို သဲထဲမှ ဆွဲထူလိုက်၏။ သူ၏ မျက်နှာထားက အလွန်ဝမ်းမြောက်နေပုံပင်။ ချက်ချင်းပင် သူသည် အားဖြည့်ဆေးလုံးထုတ်၍လည်း ရှောင်လန်ကို တိုက်လိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
“ရှောင်လန်... အခုလောလောဆယ် ကျွန်တော့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်နေလိုက်ပါ။ မစိုးရိမ်ပါနဲ့... ကျွန်တော် ရှိနေရင် ခင်ဗျား မသေပါဘူး”
‘ကျွန်တော် ရှိနေရင် ခင်ဗျား မသေပါဘူး...’
ရှောင်လန်သည် ကျန်းရီ၏ ထိုစကားကို ကြားလိုက်သောအခါ အိုးတိုးအန်းတန်း ခံစားလိုက်ရ၏။ သူက တိထျန်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ သို့သော် သူ့အတွက် နတ်ဘုရားစစ်သူကြီးအဆင့်သာ ရှိသော ကျန်းရီ၏ ကာကွယ်ပေးမှုကို လိုအပ်နေသည်လော။ ထိုစကားကို သူကသာ ကျန်းရီအား ပြောသင့်သည် မဟုတ်လော။
ရှောင်လန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် ထပ်မံ တုန်လှုပ်သွား၏။
“မြို့အရှင်ကျန်း... အရှင်က အဲ့သဲဝါပိုးကောင်တွေကို ထိန်းချုပ်နေတာပါလား”
“ဟီးဟီး...”
ကျန်းရီက ရယ်ရုံသာ ရယ်လိုက်ပြီး မည်သို့မှ ရှင်းမပြလိုက်ဘဲ ဟွင့်သွမ့်ချီပုလဲကိုသာ ထုတ်၍ ရှောင်လန်ကို အထဲသို့ ပို့လိုက်သည်။ ထို့နောက် သူ အရှေ့သို့ ပျံသန်းသွားလိုက်၏။ တိုက်ပွဲကျန်ပစ္စည်းများကို သူ စုဆောင်းရပေမည်။
သဲဝါပိုးကောင်များကို လွှတ်လိုက်သည်မှာ စက္ကန့်အနည်းငယ်သာ ရှိသေးသော်လည်း အနည်းဆုံး နတ်ဘုရားဓားပြ တစ်ရာလောက် သေသွားပေပြီ။ ထို့ကြောင့် မြေပြင်ပေါ်တွင် နတ်ဘုရားအသုံးအဆောင်များ ပြန့်ကျဲနေသည်။ လေထဲတွင်လည်း သိုလှောင်လက်စွပ်များစွာ မျောလွင့်နေကြသည်။ ကျန်းရီသည် ထိုပစ္စည်းအားလုံးကို မည်သို့ လက်လွတ်ခံပါမည်နည်း။
“ဟုတ်ပြီ... သဲဝါပိုးကောင်တွေ ပြန်လာခိုင်းလိုက်တော့။ သူတို့နောက်ကို ဆက်မလိုက်ခိုင်းနဲ့တော့”
ကျန်းရီသည် တစ်ပတ်လှည့်ပတ်ပျံသန်း၍ သိုလှောင်လက်စွပ်များနှင့် နတ်ဘုရားအသုံးအဆောင်များကို သိမ်းယူလိုက်၏။ ထို့နောက် သူသည် သူ၏အင်္ကျီလက်အတွင်းရှိ သားရဲလေးကို အမိန့်ပေးလိုက်သည်။ ဓားပြခေါင်းဆောင်နှစ်ယောက်က လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ နတ်ဘုရားဘုရင် ဆယ်ယောက်ကျော်လည်း လွတ်သွားခဲ့သည်။ ကျန်လူများမှာမူ အကိုက်ခံရကာ သေကုန်ကြပေပြီ။
“ကျီ...”
သာရဲလေးက ကျယ်လောင်စွာ အော်လိုက်ရာ မရေမတွက်နိုင်သော သဲဝါပိုးကောင်များက အရပ်မျက်နှာအနှံ့မှနေ၍ ပြန်ပျံသန်းလာကြ၏။ ကျန်းရီ အောက်ဘက်သို့ ပျံဆင်းသွားလိုက်သည်။ နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်က သေသည်၊ ရှင်သည်ကို သူ မသိပေ။ ထို့ပြင် နတ်ဘုရားဘုရင် ဆယ်ယောက်ကျော်ကလည်း လွတ်မြောက်သွားခဲ့သည်။
မြေပေါ်သို့ ရောက်၍ သုံးမိနစ်ကြာပြီးနောက် ကျန်းရီသည် နတ်ဘုရားဘုရင်များကို ရှာတွေ့လိုက်၏။ သူတို့က မြေအောက်ထဲမှာပင်။ ယင်းက သူ၏အလုပ်ကို များစွာပိုလွယ်ကူသွားစေသည်။ သူသည် သဲဝါပိုးကောင်တစ်အုပ်ကို မြေကြီးထဲ စေလွှတ်လိုက်၏။ နတ်ဘုရားဘုရင်များသည် သူတို့၏ အသက်အတွက် ခေတ္တမျှ ရုန်းကန်ခဲ့ပြီး သဲဝါပိုးကောင်များကို ရာနှင့်ချီ၍ သတ်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သူတို့လည်း သေဆုံးသွားရပေသည်။
ကျန်းရီသည် ထိုသဲဝါပိုးကောင်များ သေသည်ကို တွေ့ရသဖြင့် လုံးဝရင်မနာပေ။ တိမ်ခွေတောင်တန်းဒေသထဲတွင် သဲဝါပိုးကောင်များ မရေမတွက်နိုင်အောင် ရှိသည်။ သူသည် သားရဲလေးအား ၎င်းသဲဝါပိုးကောင်များကို ထောင်နှင့် သောင်းနှင့်ချီ၍ ထိန်းချုပ်ခိုင်းနိုင်ပေသည်။
“ကျန်လီ... ယွင်ရွှယ်...”
ကျန်းရီကို ရင်အနာစေဆုံးမှာ မြေအောက်ထဲတွင် မိနစ်သုံးဆယ် ရှာပြီးနောက် အခြားတပ်မှူးနှစ်ယောက်၏ အလောင်းကို တွေ့လိုက်ရခြင်းပင်။ သို့သော် တပ်မှူးများ၏ အလောင်းများက မပြည့်စုံတော့ပေ။ သူတို့နှစ်ယောက်စလုံးက မရှုမလှ အသတ်ခံခဲ့ရခြင်းပင်။ ကျန်းရီသည် ကျန်မေ့၏ အလောင်းကိုလည်း ရှာတွေ့လိုက်သည်။ ကျန်မေ့၏အလောင်းမှာလည်း မပြည့်စုံတော့ချေ။ သူ၏ ခြေနှစ်ဘက်က သူအသက်ရှင်နေဆဲမှာပင် အဖြတ်ခံခဲ့ရသည်။
“သတ်မယ်...”
မြေအောက်ထဲတွင် နတ်ဘုရားဘုရင်အချို့ ကျန်နေသေးသည်။ ကျန်းရီသည် အလောင်းသုံးလောင်းကို သူ၏သိုလှောင်လက်စွပ်ထဲတွင် သိမ်းလိုက်ပြီး မိုးမြေစွမ်းအားကို ထုတ်၍ နတ်ဘုရားဘုရင်များကို အမြန်ဆုံး လှည့်ပတ်ရှာလိုက်၏။
သို့သော် ကီလိုမီတာငါးထောင် ရှာပြီးသည်ပင် ကျန်းရီသည် ကျန်နေသေးသော နတ်ဘုရားဘုရင်များကို ရှာမတွေ့ပေ။ သူတို့က မြေပြင်ထက်သို့ ပြန်တက်သွားခြင်း ဖြစ်နိုင်သည်။ သူတို့သည် သူတို့အဖော်များ၏ အရိုးများကို မြင်သွား၍ ကြောက်ရွံ့ကာ မြေပေါ် ထွက်ပြေးကြခြင်းဖြစ်နိုင်ကြောင်း ကျန်းရီ ခန့်မှန်းလိုက်သည်။
ဟူး...ဟူး...
နောက်ဆုံးတွင် ကျန်းရီသည် ခြေလှမ်းရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူ အရှေ့သို့ မျှော်ကြည့်လိုက်ပြီး သားရဲလေးကို အော်ပြောလိုက်သည်။
“ငါ့အတွက် သဲဝါပိုးကောင် သိန်းနဲ့ချီပြီး ထိန်းချုပ်ပေးပါ။ ငါတို့ တိမ်ခွေတောင်တန်းဒေသတစ်ခုလုံးကို မြေလှန်ပစ်ရမယ်ဆိုရင်တောင် ငါ အဲ့နတ်ဘုရားဓားပြတွေ အကုန်လုံးကို ရှာချင်တယ်။ ငါ သူတို့ကို တစ်ယောက်မကျန် သတ်ပစ်ချင်တယ်။ ငါ ကျန်မေ့တို့အတွက် လက်စားချေချင်တယ်...”
***