← Chapters

ကောင်းကင်ဝါးမျိုသားရဲ

Vol. 101 Ch. 1402

ကောင်းကင်ဝါးမျိုသားရဲ

Vol. 101 Ch. 1402

သားရဲလေးသည် ကျန်းရီ ပြောသကဲ့သို့ သိန်းချီသော သဲဝါပိုးကောင်များကို မထိန်းချုပ်နိုင်ပေ။ ၎င်းက ထိုအမိန့်ကို မနာခံလို၍ မဟုတ်ဘဲ ၎င်းတွင် ထိုသို့လုပ်နိုင်စွမ်း မရှိခြင်းသာဖြစ်သည်။ ၎င်းက သေးငယ်လွန်းနေသေးပြီး ၎င်း၏ခန္ဓာကိုယ်ကလည်း အလွန်အားနည်းနေသေးသည်။ ထို့ကြောင့် ၎င်းသည် ကျန်းရီကို ကူညီရန် သဲဝါပိုးကောင်ငါးသောင်းကိုသာ ထိန်းချုပ်ပေးလိုက်၏။ ထို့နောက်တွင် ၎င်း၏ အကန့်အသတ်သို့ ရောက်သွားပေသည်။ ထိုပမာဏကို ထိန်းချုပ်နိုင်ရန်ပင် ၎င်းသည် ကျန်းရီ၏ မီးဝိညာဉ်ပုလဲထဲရှိ မီးတောက်အားလုံးကို စားခဲ့ရပေသည်။

သဲဝါပိုးကောင်ငါးသောင်းမှာ အတော်လေး မဆိုးလှသော ပမာဏဖြစ်သည်။ ကျန်းရီသည် သူ နာရီအနည်းငယ် အနားယူနိုင်ရန်အတွက် သဲဝါပိုးကောင်များကို သူ၏ပတ်ပတ်လည်၌ ဝန်းရံခိုင်းထားဖို့ သားရဲလေးအား ပြောလိုက်၏။ ထိုအခိုက်တွင် မဟာနတ်ဘုရားအတတ်၏ ဘေးထွက်ဆိုးကျိုးက စတင် ပေါ်လာပေပြီ။ ထို့ကြောင့် ကျန်းရီသည် ပြန်အားဖြည့်ပြီးမှ ဟွင့်သွမ့်သားရဲအမြုတေ နှစ်ခုကို ထုတ်၍ မီးတောက်များ အန်ထုတ်စေလိုက်၏။ ယင်းနောက် သူသည် ထိုမီးတောက်များကို သူ၏ နဝမမြောက် ကြယ်စက်လုံးအတွင်းသို့ စုပ်ယူကာ ပေါင်းစည်းလိုက်လေသည်။

လက်ရှိတွင် သားရဲလေးက အလွန်အားနည်းနေသည်။ ထို့ကြောင့် နောက်ထပ်တိုက်ပွဲတစ်ပွဲ ဖြစ်လာပါက သားရဲလေး ထပ်မံအိပ်မောကျသွားပြီး သဲဝါပိုးကောင်များကို မထိန်းချုပ်နိုင်တော့ဘဲနေမည်ကို ကျန်းရီ စိုးရိမ်နေသည်။ ထိုသို့ဖြစ်လာလျှင် ကျန်းရီလည်း အဆုံးသတ်ရပေလိမ့်မည်။ ကျန်းရီ၏ မီးတောက်‌ပေါင်းစည်းနှုန်းက အလွန်မြန်သဖြင့် ထိုနာရီအနည်းငယ်အတွင်း သူ မီးတောက်များ ပေါင်းစည်းနေနိုင်ပေသည်။

“အို့ ဟုတ်သား...”

မီးတောက်များကို ငါးမိနစ်ကြာအောင် ပေါင်းစည်းပြီးနောက် ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွား၏။ သူက တစ်စုံတစ်ခုကို တွေးမိသွားခြင်းပင် သူ့တွင် အတော်လေး စွမ်းအားကြီးသော ဟွင့်သွမ့်ပုလဲ နောက်တစ်လုံး ရှိနေသေးသည် မဟုတ်လော။ သူသည် မိစ္ဆာမီးတောက်တောင်မှ မီးကန်ထဲတွင် ရှေး‌ဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ကို သတ်ခဲ့သည်။ ထိုဟွင့်သွမ့်သားရဲ၏ အလောင်းက သူ့သိုလှောင်လက်စွပ်ထဲတွင် ရှိနေပေသေးသည်။

ရွှီး...

ကျန်းရီသည် မြေပြင်ထက်သို့ ထိုးတက်သွားလိုက်၏။ ထို့နောက် သူ ဧရာမ ဟွင့်သွမ့်သားရဲအလောင်းကြီးကို ထုတ်လိုက်သည်။ ၎င်းသားရဲ၏ အလောင်းက တစ်ဝက်သာ ကျန်တော့သည်။ ကျန်တစ်ဝက်မှာ မီးလောင်ပြာကျသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်လည်း ကျန်းရီသည် ၎င်းကို ရောင်းချရန် များစွာအရေးမစိုက်ခဲ့ခြင်းပင်။

“ဟွင့်သွမ့်သားရဲအမြုတေ”

ကျန်းရီသည် မီးနဂါးဓားကို ထုတ်၍ ဟွင့်သွမ့်သားရဲအ‌လောင်းကို ထိုးစိုက်လိုက်၏။ ခေတ္တကြာပြီးနောက် သူသည် သွေးနီရောင် ဟွင့်သွမ့်သားရဲအမြုတေကို အလွယ်တကူ ရှာတွေ့လိုက်သည်။ ထို့နောက် သူ အတွင်းအား ထုတ်ကာ ထိုအမြုတေကို သန့်စင်လိုက်သည်။ မကြာခင်မှာပင် ထိုဟွင့်သွမ့်သားရဲအမြုတေက သွေးနီရောင် မီးတောက်တစ်မျိုးကို စတင် ထုတ်ပေးလေသည်။

“ပေါင်းစည်း...”

ကျန်းရီသည် ထိုမီးတောက်အသစ်ကို စုပ်ယူလိုက်ပြီး အခြားမီးတောက်နှစ်မျိုးနှင့် ပေါင်းစည်းလိုက်၏။ ၎င်းတို့ ပေါင်းစည်းပြီးသွားသောအခါ ကျန်းရီသည် ပေါင်းစည်းမီးတောက်များကို မီးဝိညာဉ်ပုလဲထဲ ချက်ချင်း စုပ်ယူလိုက်သည်။ သားရဲလေးသည် ပေါင်းစည်းမီးတောက်များကို တွေ့သည်နှင့် အလွန်စိတ်လှုပ်ရှားသွားပြီး ၎င်းမီးတောက်များထံ အလျင်အမြန် သွားလိုက်လေသည်။ ထို့နောက် ၎င်းသည် ၎င်း၏ပါးစပ်လေးကို ဟ၍ မီးတောက်များကို ဝါးစားပစ်လိုက်သည်။ မျက်တောင်နှစ်ခတ်အတွင်းမှာပင် ထိုမီးတောက်လုံးများက အစားခံလိုက်ရပေသည်။

ရွှီး....

သားရဲလေးသည် မီးတောက်လုံးများကို စားပြီးသော်လည်း ဗိုက်ဆာနေသေးသဖြင့် ၎င်းဘာသာ မီးဝိညာဉ်ပုလဲထဲမှ ထွက်လာပြီး ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ဒီမီးတောက်တွေက မဆိုးဘူး။ အဲ့ဒါတွေက အရင်ကဟာတွေလောက် အားမကောင်းပေမဲ့ မဆိုးပါဘူး။ အဲ့မီးတောက်တွေ များများ လုပ်စမ်းပါ”

“ဖြည်းဖြည်းပေါ့... မင်း ငါ့နောက်ကို လိုက်မယ်ဆိုရင် စားဖို့အတွက် မီးတောက်တွေ အကန့်အသတ်မရှိ ရလိမ့်မယ်လို့ ငါ အာမခံတယ်”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ယခုတွင် ထိုသားရဲလေးက သူ့အတွက် မူလရတနာတစ်ခုပင်။ ၎င်း မပျော်သဖြင့် ထွက်သွားမည်ကို သူ စိုးပေသည်။ သားရဲလေးက မီးတောက်များမဟုတ်ဘဲ ဟွင့်သွမ့်သားရဲအမြုတေများကို စားလိုသည်ဆိုလျှင်ပင် ကျန်းရီသည် တစ်ချက်တွန့်ဆုတ်မည် မဟုတ်ပေ။ ကျန်းရီ အလိုရှိသည်မှာ သားရဲလေးက သူ့စကားကို အပြည့်အဝနာခံလာမည်ကိုပင်။

ကျန်းရီသည် သားရဲလေး ဝမ်းဝအောင်စားနိုင်ရေးအတွက် ဟွင့်သွမ့်သားရဲအမြုတေသုံးခုကို အဆက်မပြတ်ထိန်းချုပ်၍ မီးတောက်များထုတ်ကာ ထိုမီး‌တောက်များကို လျင်မြန်စွာ ပေါင်းစည်းနေရလေသည်။ မူလတွင် ထိုသားရဲလေးက ပင်ပန်းနုံးခွေနေခဲ့သည်။ ပေါင်းစည်းမီးတောက်လုံး တစ်ဒါဇင်လောက်ကို စားပြီးမှ ၎င်းသည် သိသိသာသာ တက်ကြွလာသည်။ ၎င်း၏ခန္ဓာကိုယ်ကကလည်း အရွယ်အစားပိုကြီးလာသည်။ ၎င်းက အရွယ်ရောက်လာပုံပင်။

အနိမ့်ဘုံအချိန်တစ်ရက် သုံးပြီးနောက် ကျန်းရီသည် သားရဲလေး စားရန်အတွက် ပေါင်းစည်းမီးတောက်လုံး ရာဂဏန်းအနည်းငယ် ဖန်တီးပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် သားရဲလေးက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကောင်းပြီ.. အခု ငါဝသွားပြီ။ လောလောဆယ် ငါ ဆက်မစားတော့ဘူး... နောက်မှ စားမယ်။ အရင်ဆုံး ငါ အဲ့မီးတောက်တွေကို သန့်စင်ရဦးမယ်”

“အဲ့ဒါဆိုလည်း သွားကြစို့”

ကျန်းရီသည် မီးတောက်လုံးအနည်းငယ် ထပ်မံ ပေါင်းစည်းလိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်၏။ သားရဲလေးက ကျန်းရီ၏ ပခုံးထက်တွင် ရပ်ကာ မျက်လုံးများမှိတ်၍ အိပ်စက်နေသည်။ ထိန်းချုပ်ခံထားရပြီးဖြစ်သော သဲဝါပိုးကောင်များကလည်း မြေအောက်ထဲမှနေ၍ ကျန်းရီနောက်သို့ လိုက်လာကြသည်။ ပို၍ တိတိကျကျဆိုရလျှင်မူ ၎င်းတို့ကို သားရဲလေးနောက်သို့ လိုက်လာကြခြင်းပင်။

ကျန်းရီသည် သဲဝါပိုးကောင်ငါးသောင်းကို အတူခေါ်လာနိုင်သဖြင့် ပို၍ ယုံကြည်မှု ရှိလာသည်။ သူ စစ်နတ်ဘုရားများနှင့် ကြုံရမည် ဆိုလျှင်ပင် သူတို့ကို ကြောက်ရန် မလိုတော့ပေ။ သူသည် ပျံသန်းနေရင်းဖြင့် မှိန်းနေသော သားရဲလေးအား နှိုးကာ သဲဝါပိုးကောင်များကို ကီလိုမီတာငါးရာပတ်လည်အတွင်း စောင့်ကြည့်ခိုင်းထားဖို့ ပြောလိုက်၏။ ထိုမှ တစ်ယောက်ယောက် ချဉ်းကပ်လာသည်နှင့် သားရဲလေးက ချက်ချင်းသိကာ သူ့ကို သတိပေးနိုင်မည်ဖြစ်သည်။

ကျန်းရီသည် သားရဲလေးနှင့် ပိုရင်းနှီးလာစေရန် လမ်းတစ်လျှောက်တွင် စကားစမြည်ပြောခဲ့သည်။ ယခုတွင် သားရဲလေးက ဗိုက်ဝနေသဖြင့် အတော်လေး ပျော်ရွှင်နေကာ ကျန်းရီထံ မပြတ်အသံပို့လွှတ်၍ စကားပြန်ပြောပေသည်။ နောက်ဆုံးတွင် ကျန်းရီသည် သားရဲလေးနှင့် ပတ်သတ်သည့် သတင်းအချက်အလက် အချို့ကို ရလိုက်ပေသည်။

သားရဲလေး၏ ပြောစကားအရ ၎င်းတို့မျိုးနွယ်ကို ကောင်းကင်ဝါးမျိုသားရဲမျိုးနွယ်ဟု ခေါ်ကြောင်း သိရသည်။ ၎င်းတို့က မိုးမြေမှ မွေးဖွားလာခြင်းပင်။ ၎င်းသည်လည်း မကြာသေးခင်ကမှ ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကျန်းရီ၏ မီးဝိညာဉ်ပုလဲထဲရှိ မီးတောက်များကို အာရုံခံမိခဲ့၍ ကျန်းရီအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဝါးမျိုသားရဲတွင် မည်သည့်ထူးခြားသောစွမ်းရည်များရှိသည်၊ ၎င်းက အဘယ်ကြောင့် မီးတောက်များကို စားနိုင်သည်၊ အဘယ်ကြောင့် ထူးဆန်းသောကျောက်တုံးများကို စားလိုနေသည်၊ အဘယ်ကြောင့် ကျန်းရီကို သခင်အဖြစ် အသိအမှတ်မပြုရသည်တို့ကိုတော့ သားရဲလေးလည်း မသိပေ။

သားရဲလေး၏ ဦးနှောက်ထဲတွင် ရှိနေသော မှတ်ဉာဏ်များက ၎င်းကို စွမ်းအားကြီး မီးတောက်များ ဆက်စားရန်၊ ရွှေရောင်မီးကျောက်များ၊ အနက်ရောင်မိုးကျောက်များနှင့် ထျန်းချီပန်းတို့ကို စားရန် ပြောနေသည်။ ၎င်း၏ ထူးခြားသော စွမ်းရည်များထဲမှ တစ်ခုကိုမူ ကျန်းရီ မြင်ခဲ့ဖူးပြီဖြစ်သည်။ ၎င်းသားရဲလေးက အဆင့်နိမ့်ဟွင့်သွမ့်သားရဲများကို ထိန်းချုပ်နိုင်ပုံပင်။

‘ကောင်းကင်ဝါးမျိုသားရဲတဲ့လား’

ကျန်းရီသည် သူပခုံးထက်ရှိ လက်မအရွယ် မလောက်လေးမလောက်စား သားရဲလေးကို ငဲ့ကြည့်၍ ထိုအမည်က ရယ်စရာကောင်းသည်ဟု တွေးလိုက်၏။ ထိုသားရဲလေးသည် ထိုအရွယ်အစားလေးနှင့် ကောင်းကင်ကို ဝါးမျိုလိုသည်လော။

သို့သော် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများကလည်း သူတို့ကိုယ်သူတို့ ကြီးကြီးကျယ်ကျယ် အမည်များ ပေးကြကြောင်းကို တွေးမိသောအခါ ကျန်းရီ ထိုအကြောင်းကို များစွာဆက်တွေးမနေတော့ပေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်နှင့် အရည်ကျိုနတ်ဘုရားခေါင်းလောင်းတို့ပင် ရှိသည် မဟုတ်ပါလား။ သို့သော် အထက်ဘုံမှ မည်သည့်နတ်ဘုရားကမဆို ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးကို သူတို့၏ ဖြစ်တည်မှုသက်သက်ဖြင့်ပင် ဖျက်ဆီးပစ်နိုင်သည် မဟုတ်လော။ အမည်များ၊ ဘွဲ့ထူးများမှာ များစွာ အရေးမပါပါပေ။

“အဲ့ဒါဆို ငါ မင်းကို နာမည်တစ်ခု ပေးရမလား”

ကျန်းရီသည် အမည်များအကြောင်း တွေးရင်းဖြင့် သားရဲလေးကို မေးလိုက်၏။ သားရဲလေးသည် မျက်လုံးများ အရောင်လက်သွားပြီး အသံပို့လွှတ်လိုက်သည်။

“ကောင်းသားပဲ။ ငါ အရှိန်အဝါကြီးပြီး ကြီးကျယ်ခမ်းနားတဲ့ နာမည်တစ်ခု လိုချင်တယ်’

“ရှောင်ကျင်းဆိုရင်ရော”

“မကောင်းဘူး”

“ရှောင်ချန်ဆိုရင်ရော.. ချန်ဆိုတာ စွမ်းအားပဲ”

“ဟင့်အင်း...”

“မင်းက ကောင်းကင်ဝါးမျိုသားရဲဆိုတော့ ရှောင်ထျန်းဆိုရင်ရော ဘယ်လိုလဲ”

“အဲ့ဒါကလည်း မကောင်းသေးဘူး”

“မင်းက အရှိန်အဝါကြီးပြီး ကြီးကျယ်ခမ်းနားတဲ့ နာမည်ကို လိုချင်တာ မလား။ အဲ့လိုဆိုတော့ ရှောင်ဝေ(ကြီးမြတ်)၊ ရှောင်မုန့်(ခက်ထန်) ဒါမှမဟုတ် ရှောင်ပါး(အရှိန်အဝါကြီး) ဆိုရင်ရော”

“ငါ ရှောင်မုန့်ကို ကြိုက်တယ်။ အခုကစပြီး ငါ့ကို ရှောင်မုန့်လို့ ခေါ်တော့”

“...”

ကျန်းရီ မျက်လုံးပင့်လိုက်၏။ ထိုကောင်းကင်ဝါးမျိုသားရဲက အလွန်မရင့်ကျက်ပုံပင်။ ၎င်းသည် ထိုကဲ့သို့ ထူးဆန်းသော အမည်ကို အမှန်ပင် ကြိုက်နေပေသည်။ သို့သော် ထိုကောင်းကင်ဝါးမျိုသားရဲက ယခုမှ မွေးဖွားလာခြင်းဖြစ်၍ မရင့်ကျက်သေးသည်မှာ မထူးဆန်းဟု ကျန်းရီ တွေးလိုက်သည်။

“ကောင်းပြီ... အခုကစပြီး မင်းရဲ့ နာမည်က ရှောင်မုန့်ပဲ။ မင်းကတော့ ငါ့ကို သခင် ဒါမှမဟုတ် သခင်လေး အဲ့ဒါမှမဟုတ်သေးလဲ ဆရာလို့ ခေါ်ပေါ့”

ကျန်းရီသည် သားရဲလေးနှင့် ရင်းနှီးမှု တည်ဆောက်ရန် စကားဆက်ပြောလိုက်သည်။ သို့သော် သားရဲလေးက ခေါင်းခါ၍ အသံပို့လွှတ်လိုက်၏။

“မင်းက ငါ့ကို ရှောင်မုန့်လို့ ခေါ်မှတော့ ငါက မင်းကို တမုန့်လို့ ခေါ်မယ်။ အခုကစပြီး ငါ မင်းကို တမုန့်လို့ ခေါ်မယ်”

“ငါ...”

ကျန်းရီသည် ကိုယ့်ခြေထောက်ကိုယ် တက်နင်းမိသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သားရဲလေးကတော့ အလွန်စိတ်လှုပ်တရှားဖြင့် သူ့ပခုံးထက်တွင် ခုန်နေ၏။ ကျန်းရီက သူ့အမည်ကို ပြောင်းပေးဖို့ ဖျောင်းဖျရန် ဟန်ပြင်လိုက်စဉ်တွင် အရှေ့၌ သဲဝါပိုးကောင်တစ်ကောင် ထွက်ပေါ်လာသည်။ သားရဲလေး၏ မျက်ဝန်းများက ရုတ်တရက် အေးစက်သွား၏။ ထို့နောက် ၎င်းက အသံပို့လွှတ်လိုက်သည်။

“တမုန့်... အရှေ့မှ လူငါးယောက် ချဉ်းကပ်လာတယ်”

“ငါးယောက်လား”

ကျန်းရီက မျက်ခုံးပင့်၍ ပြောလိုက်သည်။

“ရှောင်မုန့်... သဲဝါပိုးကောင်တွေကို ပုန်းအောင်နေဖို့ ပြောလိုက်ပါ”

“ကောင်းပြီ တမုန့်... ကျီ...ကျီ...”

သားရဲလေးက ခပ်ဖွဖွ ‌အော်လိုက်ရာ ပတ်ဝန်းကျင်မှာ သဲဝါပိုးကောင်အားလုံးက မြေအောက်ထဲသို့ စတင် ငုပ်လျှိုးသွားကြ၏။ မကြာခင်တွင် ၎င်းတို့က မြေအောက်အနက် ပေတစ်ရာသို့ ရောက်သွားကြသည်။ ကျန်းရီသည် သူက သဲဝါပိုးကောင်များအား ထိန်းချုပ်နိုင်ကြောင်းကို အခြားလူများကို သိမသွားစေလိုပေ။ ယခုတွင် လူငါးယောက်သာ ချဉ်းကပ်လာရာ ထိုလူများက နတ်ဘုရားဓားပြများ မဟုတ်လောက်ချေ။

ဝှစ်...

မကြာခင်မှာပင် အရိပ်ငါးခုက အရှေ့မှနေ၍ ကျန်းရီထံ ပျံသန်းလာကြသည်။ သူတို့က အလွန်မြန်ကြပေသည်။ ကောင်းကင်စိတ်အာရုံငါးခုက အဝေးမှနေ၍ ကျန်းရီအပေါ် ကျလာ၏။ ထိုကောင်းကင်စိတ်အာရုံများထဲမှ လေးခုမှာ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့် သိုင်းသမားများထံမှ ဖြစ်ပြီး ကျန်တစ်ခုမှာ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့် သိုင်းသမားထံမှ ဖြစ်သည်။

“မိစ္ဆာသတ်ဖြတ်စစ်သူကြီလား”

ဆံပင်အပြာရောင်ရှိသော သခင်လေးတစ်ယောက်က အခြားလေးယောက်ကို ဦးဆောင်လာ၏။ သူသည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူက မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်တွင်သာ ရှိသေးသော်လည်း ထိုငါးယောက်ထဲတွင် အဆင့်အတန်းအမြင်ဆုံး ဖြစ်ပုံပင်။ သူက ကျန်းရီကို တစ်ချက်ကြည့်၍ လက်မြှောက်ကာ သူ့‌နောက်လိုက်များကို ရပ်တန့်စေလိုက်သည်။ ထို့နောက် သူ ကျန်းရီကို လှမ်းပြောလိုက်သည်။

“ဒီတိမ်ခွေတောင်တန်းဒေသက အရမ်းအန္တရာယ်များတယ်။ မင်းရဲ့အင်အားက အားနည်းနေတော့ မင်း အလွယ်လေး အသတ်ခံရမှာပဲ။ မြန်မြန် ဒီနေရာက ထွက်သွားလိုက်ပါ”

ထိုသခင်လေး၏ လေသံက အတော်လေး ယဉ်ကျေးသည်။ သူသည် ကျန်းရီကို သတိပေးရန်အတွက် တမင်ပင် ရပ်တန့်ခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ထိုသခင်လေးအပေါ် အတန်ငယ် အကောင်းမြင်စိတ် ပေါက်သွားပြီး ခေါင်းညိတ်ကာ လေးလေးစားစား ပြန်ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်။ ကျွန်တော် အခုပဲ ထွက်သွားပါမယ်”

“သခင်လေး သွားကြစို့။ ကျုပ်တို့ ပစ်မှတ်ကို အလွတ်ခံလို့ မဖြစ်ဘူး။ လောင်စန်းနဲ့ တခြားသူတွေက ပစ်မှတ်ကို မဖမ်းနိုင်လောက်ဘူး”

သခင်လေး၏ အနီးမှ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တစ်ယောက်က စတင် ပြောလိုက်၏။ ဆံပင်ပြာနှင့် သခင်လေးက ကျန်းရီကို ကြည့်ကာ ခေါင်းဆတ်ပြလိုက်သည်။ ထို့နောက် သူသည် လက်ဝှေ့ယမ်း၍ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား လေးယောက်ကို ဦးဆောင်ကာ သူတို့၏ ပစ်မှတ်နောက်သို့ လျင်မြန်စွာ လိုက်သွားကြလေသည်။ ကျန်းရီသည် ထိုငါးယောက် ထွက်သွားသည်ကို ကြည့်နေရင်း မျက်လုံးများ အရောင်လက်သွား၏။

ပစ်မှတ်...

ဤတစ်ကြိမ်တွင် မိစ္ဆာသတ်ဖြတ်စံအိမ်မှ စွမ်းအားကြီး သိုင်းသမားများစွာ ရောက်လာခဲ့သည်။ သူတို့အားလုံးက အဆိပ်ဝိညာဉ်ကို သတ်ရန် ရောက်လာကြခြင်းပင်။ ထိုလူများ ပြောခဲ့သည့် ပစ်မှတ်ဆိုသည်မှာ အဆိပ်ဝိညာဉ် ဖြစ်နေသလော။

‘လိုက်ရမယ်...’

ကျန်းရီသည် တွေးတောပြီးနောက် ထိုငါးယောက်နောက်သို့ ရုတ်ခြည်း လိုက်သွားလိုက်၏။ လက်ရှိတွင် သူက နတ်ဘုရားဓားပြများကို လိုက်သတ်ရန် ဦးတည်ရာမဲ့ လျှောက်သွားနေခြင်းဖြစ်ရာ ထိုလူများနောက်သို့ လိုက်သွားသဖြင့် အဆိပ်ဝိညာဉ်ကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ သူ့အတွက် အရှုံးမရှိပါပေ။

***

All Chapters