ရှောင်မုန့်... မင်းက အရမ်းခတ်ထန်လွန်းတယ်
Vol. 101 Ch. 1403
ထိုလူငါးယောက်က အလွန်လျင်မြန်သဖြင့် ကျန်းရီသည် သူတို့နောက်သို့ ခေတ္တမျှ လိုက်ပြီးနောက် သူတို့ကို မျက်ခြည်ပြတ်သွားလေသည်။ သူသည် မိုးမြေစွမ်းအားကို မဆင်မခြင် မသုံးဝံ့ပေ။ နောက်ဆုံးတစ်ခေါက် သူ အသုံးပြုခဲ့စဉ်က နာရီများစွာကြာအောင် ဘေးထွက်ဆိုးကျိုး ခံခဲ့ရသည်။ သဲဝါပိုးကောင်များက သူ့ကို ကာကွယ်ပေးနေခဲ့၍ မဟုတ်လျှင် သူ အသတ်ပင် ခံခဲ့ရနိုင်ပေသည်။
ကျန်းရီသည် ရှောင်လန်ကိုလည်း အပြင်သို့ မထုတ်ဝံ့သေးပေ။ ယင်းမှာ သူက ရှောင်လန်ကို မယုံ၍ မဟုတ်ချေ။ သူက သဲဝါပိုးကောင်များအား ထိန်းချုပ်နိုင်ကြောင်းကို လူများများ သိသွားမည်ကို စိုး၍သာ။ မဟုတ်လျှင် သူသည် စွမ်းအားကြီး သိုင်းသမားများစွာ၏ မလိုလားအပ်သော အာရုံစိုက်မှုများကို ခံရနိုင်သည်။ ထို့ပြင် ရှောင်လန်၏ ဒဏ်ရာများက အတော်လေး ပြင်းထန်သည်။ ထို့ကြောင့် ကျန်းရီသည် ရှောင်လန်ကို ဟွင့်သွမ့်ချီပုလဲထဲတွင် ဆက်၍ အားဖြည့်နေစေရန်သာ ဆုံးဖြတ်လိုက်လေသည်။
ယခုတွင် ကျန်းရီတစ်ယောက် မည်သို့ သွားရမည်ကို မသိတော့ပေ။ သူ အရှေ့သို့ ဆင်ကန်းတောတိုးသာ ဆက်သွားနေနိုင်သည်။ ထိုသို့ နှစ်နာရီကြာ သွားပြီးနောက် သားရဲလေး၏ တစ်ချောင်းတည်းသော ဦးချိုက လင်းလက်လာ၏။ ထို့နောက် ၎င်းက အသံပို့လွှတ်လိုက်သည်။
“တမုန့်... လူတွေအများကြီး ချဉ်းကပ်လာနေတယ်။ အနည်းဆုံး လူနှစ်ရာကျော်၊ သုံးရာလောက် ရှိတယ်”
“နတ်ဘုရားဓားပြတွေ...”
မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက အများအားဖြင့် တစ်ကိုယ်တော်သာ လှုပ်ရှားကြပြီး အုပ်စုဖွဲ့လျှင်လည်း အုပ်စုခပ်သေးသေးသာ ဖွဲ့တတ်ကြသည်။ နတ်ဘုရားဓားပြများသာ ထိုသို့ လူများများ စုဝေးနေတတ်ကြပေသည်။ ကျန်းရီ၏ မျက်ဝန်းများက အေးစက်လာသည်။ သူ ရုတ်တရက် အော်ပြောလိုက်သည်။
“ရှောင်မုန့်... သဲဝါပိုးကောင်တွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားခိုင်းလိုက်တော့”
“ကောင်းပြီ... ငါက လူတွေကိုသတ်ရတာ ကြိုက်တယ်”
သားရဲလေး၏ ရွှေအိုရောင်မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် လင်းလက်လာ၏။ ကျန်းရီသည် ထိုအခြင်းအရာကို မြင်သောအခါ ကျောစိမ့်သွားပေသည်။ ထိုသားရဲလေးက သွေးဆာနေသော သားရိုင်းကောင်တစ်ကောင်ကဲ့သို့ပင်။
ဝှစ်...ဝှစ်...ဝှစ်...
လေခွင်းသံများစွာကို ကြားပြီးနောက် ကောင်းကင်စိတ်အာရုံများက ကျန်းရီအပေါ်သို့ ကျရောက်လာကြသည်။ ကောင်းကင်စိတ်အာရုံ တစ်ဒါဇင်မျှ ဖြတ်သန်းသွားပြီးနောက် ထိုလူများက နတ်ဘုရားဓားပြများဖြစ်ကြောင်း ကျန်းရီ သိလိုက်သည်။ သူ့အား ပွတ်တိုက်ဖြတ်သန်းသွားသော ကောင်းကင်စိတ်အာရုံတိုင်းတွင် သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်နေပေသည်။
ဝှစ်...ဝှစ်...
အရိပ်နက်များက သဲဝါများကို ဖြတ်သန်း၍ ကျန်းရီထံသို့ ပျံသန်းလာကြ၏။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် ပေတစ်သိန်းပတ်လည်အတွင်းကို အာရုံခံနိုင်နေပြီး ဓားပြများကို ရှေ့ဆုံးမှ ဦးဆောင်လာသည့် လူဆယ်ယောက်ကို အလွယ်တကူ အာရုံခံနိုင်လိုက်သည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ အော်ပြောလိုက်သည်။
“သတ်ကြ...”
“ကျီ...ကျီ...”
သားရဲလေးက စူးရှစွာ အော်လိုက်ရာ ကျန်းရီ၏ နားစည်ပင် နာသွား၏။ ထိုအသံ ထွက်ပေါ်လာပြီးနောက် ကျန်းရီ၏ ရှေ့မှ သဲဝါပြင်က ပွင့်ထွက်သွားပြီး ရွှေရောင်အလင်းတန်းများက တစ်တန်းပြီးတစ်တန်း ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ ယင်းနောက် ၎င်းအလင်းတန်းများသည် နတ်ဘုရားဓားပြများထံ ပျံဝင်သွားကြလေသည်။
ကျန်းရီက တိုက်ခိုက်ရန် ပြတ်သားစွာ အမိန့်ပေးလိုက်ရခြင်းအကြောင်းမှာ ထိုနတ်ဘုရားဓားပြအဖွဲ့၏ ရှေ့တန်းက သူတို့၏ လက်နက်များကို ထုတ်ထားကြ၍ပင်။ သူတို့က အဆွေးအနွေးမရှိ သတ်ပစ်ရန် ကြံရွယ်လာကြကြောင်း ထင်ရှားသည်။ ထိုလူများမှာ နတ်ဘုရားဓားပြများဖြစ်ကြောင်းလည်း အလွန်သိသာကြသည်။ သို့ဖြစ်ရာ ကျန်းရီသည် သူတို့ကို ရှင်းပစ်ရန် လက်တွန့်မနေပေ။
“အာ... သဲဝါပိုးကောင်တွေလား”
“သဲဝါပိုးကောင်တွေ အများကြီးပါလား။ ဘာတွေ ဖြစ်နေတာလဲ”
“ပြေးကြ... မြန်မြန် ပြေးကြ”
“အား...”
နတ်ဘုရားဓားပြအဖွဲ့ ပရမ်းပတာဖြစ်သွား၏။ သဲဝါပိုးကောင်များက အနည်းငယ်သာ ဆိုလျှင် ပြဿနာ မဟုတ်ပေ။ သို့သော် ယခုတွင် သဲဝါပိုးကောင်များက အလွန်များလွန်းနေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သဲဝါပိုးကောင်များက သောင်းနှင့်ချီ၍ ထွက်ပေါ်လာခဲ့ခြင်းပင်။ နတ်ဘုရားဓားပြများက နှစ်ရာကျော်၊ သုံးရာလောက်သာ ရှိသည်။ ထို့ပြင် သူတို့ထဲမှ တစ်ယောက်ကသာ စစ်နတ်ဘုရားအဆင့်တွင် ရှိပေသည်။ သို့ဖြစ်ရာ သူတို့သည် အဘယ်သို့ သဲဝါပိုးကောင်များစွာကို ရင်ဆိုင်နိုင်ပါမည်နည်း။
နတ်ဘုရားဓားပြခေါင်းဆောင်၏ လှံရှည်က အရှေ့သို့ ထိုးထွက်လာ၏။ ကောင်းကင်ထဲတွင် လှံရိပ်များ ပြည့်နှက်သွားသည်။ သဲဝါပိုးကောင်များသည် သူ့အနားသို့ အလွယ်တကူကပ်၍ မရတော့ပေ။ အချို့က သူ့အနားသို့ အလစ်ကပ်သွားနိုင်သော်လည်း သူသည် ၎င်းတို့ကို လွင့်ပျံထွက်သွားအောင် လုပ်ပစ်လိုက်သည်။
ထိုခေါင်းဆောင်သည် သူ၏ လက်အောက်ငယ်သားများကို ကြည့်လိုက်၏။ လက်အောက်ငယ်သား အများစုက သဲဝါပိုးကောင်များ၏ တွယ်ကပ်ကိုက်ဝါးမှုကို ခံနေရသည်။ တစ်ယောက်ပြီးတစ်ယောက်လည်း အောက်ဘက်သို့ ပြုတ်ကျနေကြပြီး ကြောက်မက်ဖွယ်နှုန်းဖြင့် အရိုးကျကုန်ကြသည်။ ထို့ကြောင့် သူ ဒေါသတကြီး အော်လိုက်သည်။
“ဘာတိုက်စရာ ရှိသေးလို့လဲ။ ပြေးကြတော့”
သဲဝါပိုးကောင်များက အလွန်များလွန်းသည်။ သူတို့သည် ၎င်းတို့အားလုံးကို သတ်နိုင်မည် မဟုတ်ချေ။ ဓားပြခေါင်းဆောင်အပြင် အချို့ စွမ်းအားကြီး နတ်ဘုရားဘုရင် အနည်းငယ်သာ ထိုသဲဝါပိုးကေငာ်များကို သတ်နိုင်ကြသည်။ ထို့ကြောင့် ကျန်လူများက ထွက်မပြေးလျှင် သေချာပေါက် ဤနေရာတွင် သေကြရမည်သာ။ သို့သော် အများစုသည် အလိုလို ပြန်တိုက်ခိုက်မိနေကြပေသည်။
ပြဿနာမှာ...
သူတို့ မည်သည့်နေရာသို့ ပြေးရမည်နည်း။
သူတို့အများစုသည် သဲဝါပိုးကောင်များ၏ တွယ်ကပ်မှုကို ခံထားကြရသည်။ သူတို့ ကီလိုမီတာဆယ်ချီ ထွက်ပြေးလျှင်ပင် လမ်း၌ အရိုးကျသွားမည်သာ။ ယခုတွင် နာကျင်တကြီး အော်ဟစ်သံများကလည်း ငရဲပွက်နေပြီဖြစ်သည်။ အများစုသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားကြောင်းကိုပင် နားမလည်နိုင်ကြပေ။ ပုံမှန်ဆိုလျှင် လေမုန်တိုင်းထဲသို့ စုပ်ယူမခံရသ၍ ထိုမျှများသော သဲဝါပိုးကောင်များ၏ တိုက်ခိုက်မှုကို ခံရစရာအကြောင်း မရှိချေ။ သို့သော် ယခုတွင် အဘယ်ကြောင့် သဲဝါပိုးကောင်များက မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာကြပြီး သူတို့အား အတင်းတိုက်ခိုက်နေရသနည်း။
‘တစ်ခုခုတော့ မှားနေပြီ။ ပြီးခဲ့တဲ့ နှစ်ရာကျော်အတွင်း သဲဝါပိုးကောင်တွေက ဒီလောက် အတင်းကာရော ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်ဆိုတာကို ငါ တစ်ခါမှ မကြားခဲ့ဖူးဘူး’
နတ်ဘုရားဓားပြခေါင်းဆောင်၏ မျက်ဝန်းများထဲတွင် သံသယအရိပ်အယောင် လက်သွား၏။ သူသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ မကြာခင်မှာပင် သံသယဖြစ်စရာတစ်ခုကို သူ တွေ့သွားသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် လူတစ်ယောက်က လျင်မြန်စွာ ပျံသန်းဆုတ်ခွာနေသော်လည်း သူ့အား သဲဝါပိုးကောင်တစ်ကောင်ကမှ တိုက်ခိုက်မနေပေ။
‘အဲ့လူက တစ်ခုခုတော့ တစ်ခုခုပဲ’
ထိုလူမှာ ကျန်းရီပင်။ နတ်ဘုရားဓားပြခေါင်းဆောင်သည် ကျန်းရီကို ပြဿနာအဖြစ် ချက်ချင်း သတ်မှတ်လိုက်သည်။ ထို့နောက် သူသည် လှံရိပ်များကို တစ်ရိပ်ပြီးတစ်ရိပ် ပြင်းထန်စွာ ထုတ်လွှတ်လိုက်ပြီး ဆယ်ချီသော သဲဝါပိုးကောင်များကို လွင့်ပျံထွက်သွားစေလိုက်သည်။ ပြီးမှ သူသည် လှံကို ယမ်း၍ ကျန်းရီထံ လျင်မြန်စွာ ပျံသန်းသွားလေသည်။
“ဟင်းဟင်း...”
ကျန်းရီသည် သူ့ထံသို့ ပျံသန်းလာသူတစ်ယောက်ကို တွေ့လိုက်၍ ပြုံးလိုက်၏။ သူ လက်ဝှေ့ယမ်းလိုက်ရာ သူ့အင်္ကျီလက်ထဲတွင် ပုန်းနေသော သားရဲလေးက ထပ်မံ၍ စူးရှစွာ အော်ဟစ်လိုက်သည်။ အော်သံထွက်ပေါ်လာသောအခါ ထိုနတ်ဘုရားဓားပြခေါင်းဆောင်၏ အရှေ့ရှိ မြေကြီးထဲမှနေ၍ ထောင်ချီသော သဲဝါပိုးကောင်များ ထွက်လာပြီး နံရံကြီးတစ်ခုကဲ့သို့ ကာရံလိုက်ကြသည်။ ထိုနတ်ဘုရားဓားပြခေါင်းဆောင်၏ အရှိန်က အလွန်လျင်မြန်သဖြင့် သူ အရှိန်မသတ်နိုင်ဘဲ သဲဝါပိုးကောင်နံရံကြီးအတွင်း ဝင်တိုးမိသွားလေသည်။
“အား...”
ဤတစ်ကြိမ်တွင် နတ်ဘုရားဓားပြခေါင်းဆောင်သည် သဲဝါပိုးကောင်များ၏ တိုက်ခိုက်မှုများကို မကာကွယ်နိုင်တော့ပေ။ သူ၏ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်၏ အချို့နေရာများက သဲဝါပိုးကောင်များ၏ ကိုက်ဖြတ်မှုကို ခံလိုက်ရ၏။ အချို့ပိုးကောင်များက ချပ်ဝတ်အောက် တိုးဝင်ကာ သူ၏အသားကို စတင်ကိုက်ဝါးလာကြသည်။ သူ အကြိမ်အနည်းငယ် နာကျင်တကြီး အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ ဆက်မသွားဝံ့တော့ဘဲ သူ့ကိုယ်ပေါ်မှ သဲဝါပိုးကောင်အချို့ကိုသာ အာရုံစိုက်လိုက်လေသည်။
သို့သော် သူ့ကိုယ်ပေါ်တွင် အနည်းဆုံး သဲဝါပိုးကောင်တစ်ထောင်ကျော် ရှိနေပေပြီ။ သူက ၎င်းတို့ကို အတင်းဖယ်ပစ်လိုလျှင်ပင် ဖယ်နေချိန်၌ ပိုးကောင်အသစ်များက သူ့ကိုယ်ပေါ် ထပ်တက်လာမည်သာ။ သို့သော် သူ၏ တုံ့ပြန်မှုက အလွန်လျင်မြန်ခဲ့သည်။ သူသည် ယနေ့တွင် သူသေရတော့မည်ကို သိသည်နှင့် ဒေါသတကြီး အော်ဟစ်ကာ သဲဝါပိုးကောင်များကို အရေးမစိုက်တော့ဘဲ ကောင်းကင်စွမ်းအား ထုတ်၍ ကျန်းရီထံသို့သာ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူသေရမည်ဆိုလျှင်လည်း ကျန်းရီကိုပါ အပါခေါ်သွားရပေမည်။
“လခွမ်း...”
သို့သော် နတ်ဘုရားဓားပြဘုရင်က သဲဝါပိုးကောင်နံရံကြီးထဲမှ ထွက်လာနိုင်လိုက်သည်နှင့် ကျန်းရီ၏ လက်က ထပ်မံ ဝေ့ယမ်းသွားပြီး သူ့အရှေ့ မြေကြီးပေါ်တွင် အက်ကြောင်းများ ပေါ်လာကာ ထောင်ချီသော သဲဝါပိုးကောင်များ ထပ်မံ ထိုးထွက်လာပြန်သည်။ ၎င်းတို့က နောက်ထပ် ပိုးကောင်နံရံတစ်ခုကို ဖန်တီးလိုက်ကြသည်။ နတ်ဘုရားဓားပြခေါင်းဆောင်၏ မျက်ဝန်းများက မည်းမှောင်သွား၏။ သူ သွေးလည်းအန်လိုက်သည်။ ထို့နောက် သူသည် သူ့တွင်ကျန်သေးသော စွမ်းအင်အကုန်သုံး၍ လှံကို အရှေ့သို့ ထိုးလိုက်လေသည်။
ရွှစ်...
ထိုလှံချက်က နတ်ဘုရားဓားပြခေါင်းဆောင်၏ စွမ်းအားအကြီးဆုံး တိုက်ကွက်ပင်။ လှံရိပ်က အလွန်သေးလာသော်လည်း ၎င်း၏အမြန်နှုန်းက အလွန်လျင်မြန်ပေသည်။ တိရှဘုံ၏ အလွန်ခိုင်မာသော အာကာပြင်ပင် စုတ်ပြဲသွားပြီး အက်ကြောင်လေးတစ်ကြောင်း ထွက်ပေါ်လာသည်။ ထိုလှံအားက ရပ်တန့်၍ မရနိုင်ပေ။ ပိုးကောင်များ တစ်ကောင်ပြီးတစ်ကောင် ထိုးဖောက်ခံလိုက်ရပြီး သွေးမှုန်သွေးမွှားများအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားသည်။ သို့သော် လှံရိပ်၏ အမြန်နှုန်းကတော့ တစ်စက်မှ လျော့ကျမသွားချေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ပိုးကောင်နံရံကြီးကို ထိုးဖောက်၍ ကျန်းရီထံ တန်းတန်းမတ်မတ် ဦးတည်ပျံဝင်သွားလေသည်။
“မိုးမြေစွမ်းအား”
ကျန်းရီသည် မျက်မှောင်ကြုတ်၍ မိုးမြေစွမ်းအားကို ချက်ချင်းထုတ်လိုက်ပြီး ထိုလှံချက်ကို ရှောင်ရန် ကြိုးစားလိုက်၏။ သို့သော် ထိုလှံချက်က သူ့နောက်သို့ လိုက်လာပေသည်။ သူ ဘေးသို့ ရှောင်လျှင် လှံရိပ်က ဘေးသို့ ကွေ့သွားသည်။ ကျန်းရီသည် သူ ကမ္ဘာအဆုံးအထိ ပြေးလျှင်ပင် ထိုလှံရိပ်က သူ့နောက်လိုက်လာလိမ့်မည်ဟုပင် တွေးမိသွားပေသည်။
‘ငါ ဘာလုပ်သင့်လဲ’
စက္ကန့်ဝက်အတွင်း ကျန်းရီ၏ ဦးနှောက်က အလွန်လျင်မြန်စွာ လည်ပတ်သွားသည်။ ယင်းနောက် သူ အံကြိတ်လိုက်ပြီး မီးနဂါးဓားကို ထုတ်၍ ၎င်းက ထိုလှံချက်ကို ကာနိုင်မည်၊ မကာနိုင်မည်ကို ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ မကာနိုင်လျှင်မူ သူ သေချာပေါက် သေရပေလိမ့်မည်။
“တိမုန့်... မင်းက သုံးစားမရပါလား။ ဖယ်.. ငါ လုပ်မယ်”
အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ကျန်းရီ၏ အင်္ကျီလက်ထဲရှိ ကောင်းကင်ဝါးမျိုသားရဲက ပျံထွက်လာပြီး လှံရိပ်ကို ဝင်တိုးလိုက်လေသည်။
“အာ...”
ထိုအခိုက်တွင် ကျန်းရီ ရင်ကွဲမတတ် ဖြစ်သွား၏။ ထိုသားရဲလေးသာ သေသွားလျှင် ကျန်းရီအတွက် များစွာဆုံးရှုံးသွားပေလိမ့်မည်။ လက်ရှိတွင် ထိုသားရဲလေးက သူ၏ အကြီးမားဆုံး ထောက်တိုင်ပင်။
သို့သော်...
လှံရိပ်သည် သားရဲလေးကို ပြင်းထန်စွာ ဝင်တိုက်ပြီးနောက် နောက်ပြန်လွင့်သွားပြီး မြေကြီးထဲ စိုက်ဝင်သွား၏။ သို့သော် သားရဲလေးကမူ အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားနိုင်လိုက်သည်။ ၎င်း၏ ရွှေအိုရောင်အကြေးခွံတစ်ခုပင် ကျွတ်ထွက်မသွားခဲ့ပေ။ ၎င်းက အတန်ငယ် ပင်ပန်းသွားပုံသာ ပေါ်ပေသည်။ ၎င်းသည် ကျန်းရီ၏ ပခုံးထက်သို့ ပျံသန်းလာပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။
“အဲ့ဒါက အရမ်းနာတာပဲ။ တိမုန့်... မင်း အဲ့ဒါအတွက် မီးတောက်တွေ အများကြီး အလျော်ပြန်ပေးရမယ်။ မဟုတ်လို့ကတော့ နောက်တစ်ခါကျရင် ငါ မင်းကို ထပ်ကူညီတော့မှာ မဟုတ်ဘူး”
“ဟားဟားဟား”
ကျန်းရီသည် အလွန်ဝမ်းမြောက်စွာဖြင့် ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သူ ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ... ရှောင်မုန့်... မင်းက အရမ်းခက်ထန်တာပဲ။ မင်းသာ အဆင်ပြေရင် ငါ သေချာပေါက် မင်း ဗိုက်အဝစားဖို့ မီးတောက်တွေ အများကြီး လုပ်ပေးမှာပါ”
***