အကြံအစည်
Vol. 101 Ch. 1404
ဤတစ်ခေါက်မှ နတ်ဘုရားဓားပြ သုံးရာနီးပါးထဲတွင် တစ်ယောက်မျှ မလွတ်မြောက်ခဲ့ချေ။ ယင်း၏ အဓိကအကြောင်းမှာ ကျန်းရီ၏ အစီအစဉ်က အလွန်ကောင်းခဲ့၍ဖြစ်သည်။ သူသည် သားရဲလေးအား သဲဝါပိုးကောင်များကို ကီလိုမီတာငါးရာ အဝန်းအတွင်း၌ ပုန်းအောင်းခိုင်းကာ ဓားပြအားလုံးကို ဝန်းရံစေခဲ့သည်။ ထိုနည်းဖြင့် တစ်စုံတစ်ယောက်က ပထမလှိုင်းတွင် လွတ်မြောက်သွားမည် ဆိုလျှင်ပင် နောက်ဆုံး၌ အသတ်ခံရမည်သာ။ ထိုသို့လုပ်ထားခြင်းက ကျန်းရီအတွက် အန္တရာယ်များကိုလည်း ကြိုသိစေသည်။ သို့သော် သားရဲလေး သဲဝါပိုးကောင်များကို ထိန်းချုပ်နိုင်သော အကွာအဝေးက ကီလိုမီတာငါးရာအတွင်းသာ ဖြစ်နေခြင်းမှာတော့ နှမြောစရာပင်။
ထိန်းချုပ်နိုင်သည့် အကွာအဝေးက ကီလိုမီတာ ငါးသောင်း၊ တစ်သိန်း ဆိုလျှင် ပြီးပြည့်စုံပေလိမ့်မည်။
ကျီ...ကျီ...
သားရဲလေးက ရုတ်တရက် ဟစ်အော်၍ သတင်းအချို့ ပို့လိုက်၏။ ကျန်းရီသည် ထိုသတင်းကို ခေတ္တမျှ မယုံနိုင်ပင် ဖြစ်သွားလေသည်။
“တမုန့်... လူငါးယောက်က အရှေ့ဘက်ကို ပျံသွားတယ်။ အဲ့ငါးယောက်က အစောက မင်းလိုက်နေခဲ့တဲ့ လူတွေပဲ”
“အာ...”
ကျန်းရီ အံ့အားသင့်သွား၏။ သူတို့၏ အမြန်နှုန်းအရဆိုလျှင် ဆံပင်ပြာနှင့် သခင်လေးတို့က ယခုလောက်ဆို အဝေးသို့ ရောက်သွားသင့်ပေပြီ။ သို့ဖြစ်ရာ အဘယ်ကြောင့် သူတို့က အရှေ့ဘက် ကီလိုမီတာငါးရာ အဝန်းအဝိုင်းအတွင်း၌ ရှိနေရသေးသနည်း။
ထို့ပြင် အစော၌ နတ်ဘုရားဓားပြများစွာ ရှိခဲ့ရာ ထိုငါးယောက်က ဓားပြများနှင့် မတွေ့ဆုံခဲ့ဘဲ မနေလောက်ပေ။ ထိုငါးယောက်ထဲမှ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား လေးယောက်သည် ကီလိုမီတာငါးရာ အဝန်းအဝိုင်းအတွင်း၌ နတ်ဘုရားဓားပြများကို အာရုံမခံမိဘဲလည်း နေမည် မဟုတ်ချေ။ သို့ဆိုလျှင် အဘယ်ကြောင့် သူတို့က လာမကူညီရသနည်း။ ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မိစ္ဆာသတ်ဖြတ်စံအိမ်၏ အမဲလိုက်တမန်တော်တစ်ယောက် မဟုတ်ပါလား။
‘အဲ့ငါးယောက်က တစ်ခုခုတော့ တစ်ခုခုပဲ’
ကျန်းရီ၏ ရင်ထဲတွင် မကောင်းသော နမိတ်တစ်ခု ထွက်ပေါ်လာ၏။ သို့သော် ထိုအခိုက်၌ သူ့တွင် များစွာတွေးတောနေရန် အချိန်မရှိပေ။ ထိုငါးယောက်က ထွက်သွားပေပြီ။ ကျန်းရီသည် အရှေ့သို့ ပျံသန်းသွားပြီး ဓားပြများ၏ ပစ္စည်းများကို ယူလိုက်၏။ နတ်ဘုရားဓားပြများက ပစ္စည်းများ အနည်းနှင့်အများဆိုသလို ချန်ခဲ့သည်။ သူ ၎င်းတို့အားလုံးကို စုဆောင်းလိုက်မည်ဆိုလျှင် အနည်းငယ်တော့ တန်နိုင်ပေသည်။
ကျန်းရီသည် ပစ္စည်းအားလုံးကို သိမ်းယူပြီးနောက် ဆက်၍ တွေးတောလိုက်၏။ သူ လူငါးယောက်နောက်သို့ ဆက်မလိုက်ဝံ့တော့ပေ။ အစောတွင် သူတို့က ပတ်ဝန်းကျင်၌ ထွက်ပေါ်လာခဲ့သည်။ ယင်းက ကျန်းရီကို တစ်နေရာရာ၌ အကြံအစည်တစ်ခု ရှိနေသည်ဟု ခံစားရစေသည်။ သူ ထိုငါးယောက်နောက်သို့ လိုက်သွားလျှင် အရူးလုပ်ခံရခြင်း သို့မဟုတ် ပြဿနာတက်ခြင်းတို့ ဖြစ်သွားနိုင်ပေသည်။
ကျန်းရီသည် မည်သည့်နေရာသို့ သွားရမည်ကိုလည်း မသိပေ။ ထို့ကြောင့် သူသည် ဦးတည်ရာတစ်ခုကို ကျပန်းရွေးချယ်၍ ထိုဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ ကီလိုမီတာသောင်းချီ သွားပြီးနောက် ကျန်းရီသည် မြေအောက်ထဲတွင် ပုန်းအောင်းကာ သားရဲလေး အားပြန်ဖြည့်ရန်အတွက် မီးတောက်အချို့ ဖန်တီးပေးလိုက်၏။ သားရဲလေးက လှံရိပ်တိုက်ခိုက်မှုကို ခုခံခဲ့ရသဖြင့် ထပ်မံ၍ ပင်ပန်းနွမ်းနယ်လာခဲ့ပေသည်။ သို့သော် မီးတောက်လုံး တစ်ရာနီးပါးကို ဝါးမျိုစားသောက်ပြီးနောက် ၎င်းက ပြန်၍လန်းဆန်းလာလေသည်။
‘အဲ့ကောင်က အစားကြီးတာပဲ’
ကျန်းရီသည် သားရဲလေးကို ကြည့်၍ ခေါင်းခါလိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို စတင်တွေးတောလိုက်၏။ အစောမှ နတ်ဘုရားဓားပြခေါင်းဆောင်၏ သေစေလောက်သော တိုက်ခိုက်မှုက သူ၏ လိုအပ်ချက်များကို ထင်ရှားသွားစေခဲ့သည်။ သူ့တွင် သဲဝါပိုးကောင်များ ရှိသော်လည်း သူက မထိခိုက်နိုင်သူ မဟုတ်ပေ။ အကယ်၍ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်နှင့် ညီသောအဆင့်ရှိသည့် စွမ်းအားကြီး သိုင်းသမားနှစ်ယောက်က သူ့အား သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုလျှင် သူ အန္တရာယ်ရှိနိုင်ပေသည်။
ကျန်းရီ အဆိပ်ဝိညာဉ်ကို ဆက်ရှာသင့်သလော။ လူများစွာ ရှာနေသည်ပင် အဆိပ်ဝိညာဉ်ကို မတွေ့သေးပေ။ ထို့ကြောင့် ကျန်းရီသည် သူက အဆိပ်ဝိညာဉ်ကို ရှာတွေ့လိမ့်မည်ဟု ယုံကြည်မှု မရှိချေ။
ကျန်းရီသည် အတော်ကြာ တွေဝေနေပြီးနောက် နောက်ထပ်သုံးရက် ဆက်ရှာရန် ဆုံးဖြတ်လိုက်၏။ သုံးရက်ပြည့်၍မှ သူ အဆိပ်ဝိညာဉ်ကို ရှာမတွေ့သေးလျှင် သဲဝါမြို့သို့ ပြန်မည်ဖြစ်သည်။ ကျန်မေ့နှင့် အခြားတပ်မှူးနှစ်ယောက်က သေသွားခဲ့ပေပြီ။ သို့ဖြစ်၍ သူ ကြာရှည် ဆက်ရှာနေ၍ မဖြစ်ပေ။ ကျဆုံးသွားသော တပ်မှူးများ၏ မိသားစုများကို ထောက်ပံ့ရန်နည်းလမ်းများကိုလည်း သူ ရှာရဦးမည်ဖြစ်သည်။
ကျန်းရီသည် နှစ်နာရီကြာ ဆက်သွားပြီးနောက် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တစ်ယောက်နှင့် ဆုံ၏။ သို့သော် ထိုလူသည် ကျန်းရီကို အာရုံခံပြီးနောက် သူ့အား လျစ်လျူရှုကာ ကွေ့ရှောင်၍ သွားသည်။ တစ်ရက်ကြာပြီးနောက်တွင်မူ ကျန်းရီကို အလွန်သံသယဖြစ်စေသည့် ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။ သူ နောက်နတ်ဘုရားဓားပြတစ်ဖွဲ့နှင့် ထပ်တိုးပြန်သည်။ ထို့ပြင် ထိုနတ်ဘုရားဓားပြအဖွဲ့၌ စစ်နတ်ဘုရားအဆင့်ရှိသော စွမ်းအားကြီး သိုင်းသမားနှစ်ယောက် ပါသည်။ ဓားပြအရေအတွက်ကလည်း ငါးရာလောက်ရှိပေသည်။
‘ထူးဆန်းလိုက်တာ... ဘာလို့ နတ်ဘုရားဓားပြတွေက ငါ့ကို ပစ်မှတ်ထားနေရတာလဲ’
ကျန်းရီ၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ လက်သွား၏။ သို့သော် သူ၏ တုံ့ပြန်မှုက အလွန်လျင်မြန်ခဲ့သည်။ သူသည် ဟွင့်သွမ့်ချီပုလဲထဲရှိ ရှောင်လန်ထံ ရုတ်ခြည်း သတင်းပို့လိုက်၏။
“ရှောင်လန်... အချိန်မရွေး အပြင်ထွက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားတော့။ ပြဿနာရှိလာပြီ”
ရှောင်လန်နှင့် ကျန်ဟိုင်တို့က ကျန်းရီ၏ ဟွင့်သွမ့်ချီပုလဲထဲတွင် တင်ပျဉ်ခွေ ထိုင်နေကြသည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်၍ ရှောင်လန်၏ ဒဏ်ရာများက အနည်းနှင့်အများဆိုသလို သက်သာနေပေပြီ။ သို့သော် အပြည့်အဝတော့ ပြန်မကောင်းသေးပေ။ ကျန်းရီ၏ သတင်းစကားကို ကြားလိုက်သောအခါ ရှောင်လန် မျက်လုံးပင့်၍ ပြောလိုက်သည်။
“ကျုပ်ကို ချက်ချင်း အပြင်ထုတ်လိုက်ပါ”
ကျန်းရီက ရှောင်လန်၏စကားကို လျစ်လျူရှုလိုက်၏။ ရှောင်လန်က သူ၏ ဝှက်ဖဲပင်။ အရေးကြီးသော အခိုက်တွင်သာ သူ ရှောင်လန်ကို ထုတ်မည်ဖြစ်သည်။ ကျန်းရီသည် ထိုနတ်ဘုရားဓားပြများ နီးကပ်လာသည်အထိ စောင့်ပြီးမှ အော်ပြောလိုက်သည်။
“ရှောင်မုန့်... အခုပဲ”
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီ၏ အရှေ့ရှိ မြေပြင်က ရုတ်တရက် အက်ကွဲသွားပြီး သဲဝါပိုးကောင်များက ကောင်းကင်ထက်သို့ ပျံတက်ကာ အရှေ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပျံသန်းသွားကြ၏။ ၎င်းတို့က ရာချီသော နတ်ဘုရားဓားပြများကို ဝန်းရံ၍ စတင် သတ်ဖြတ်ကြလေသည်။
“အာ... သဲဝါပိုးကောင်တွေလား”
“ပြေးကြ...”
အဆင့်နိမ့် နတ်ဘုရားဓားပြများက ချက်ချင်း ဖရိုဖရဲဖြစ်သွားကြ၏။ သို့သော် နတ်ဘုရားဓားပြခေါင်းဆောင် နှစ်ယောက်မှာမူ ကျန်းရီ၏ ဗျူဟာကို သိထားပုံပေါ်ပြီး ထိတ်လန့်မသွားကြပေ။ ထိုအစား သူတို့သည် ကျန်းရီထံသို့ ထက်ရှသော ဓားများအလား ပျံသန်းသွားကာ အဝေးမှနေ၍ တိုက်ခိုက်မှုများ ထုတ်လွှတ်ရန် ဟန်ပြင်လိုက်ကြသည်။
“ကျီ...ကျီ...ကျီ...”
ဤတစ်ကြိမ်တွင် ကျန်းရီက အစီအစဉ်များ လုပ်ထားပေသည်။ သားရဲလေးက သုံးကြိမ်ဆက်တိုက် အော်လိုက်၏။ ထိုအခါ နတ်ဘုရားဓားပြခေါင်းဆောင်နှစ်ယောက် အရှေ့ရှိ မြေပြင်က အက်ကွဲသွားကာ သဲဝါပိုးကောင်နံရံ သုံးခု ထွက်ပေါ်လာသည်။ သဲဝါပိုးကောင်များက တစ်ကောင်နှင့်တစ်ကောင် တင်းကြပ်စွာ ပူးကပ်နေကြရာ အဝေးမှကြည့်လျှင် မြေကြီးထဲမှနေ၍ နံရံကြီးသုံးခု ထိုးထွက်နေသည်ဟု ထင်ရပေသည်။ ထိုနံရံကြီးသုံးခုသည် ကျန်းရီနှင့် နတ်ဘုရားဓားပြခေါင်းဆောင်များကို ခြားနားပေးထားလေသည်။
“ချိုးဖျက်...”
နတ်ဘုရားဓားပြခေါင်းဆောင်တစ်ယောက်က အော်လိုက်၏။ ထို့နောက် သူ့ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ထွက်ပေါ်လာကာ လျှပ်စီးဒိုင်းကာတစ်ခုအဖြစ် စုစည်းသွား၏။ ထိုဒိုင်းအတွင်း ရောက်သွားသော သဲဝါပိုးကောင်အားလုံး မလှုပ်နိုင်ဖြစ်သွားကြသည်။ သို့ဖြင့် ထိုဓားပြခေါင်းဆောင်သည် သဲဝါပိုးကောင်နံရံသုံးခုကို အလွယ်တကူ ဖြတ်ကျော်ကာ ကျန်းရီထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာလေသည်။
အခြားနတ်ဘုရားဓားပြခေါင်းဆောင်က အတန်ငယ် ပိုအားနည်းပုံ ပေါ်ပြီး ပိုးကောင်နံရံတစ်ခုထဲတွင် ပိတ်မိနေသည်။ သူ့ပတ်ပတ်လည်တွင် သဲဝါပိုးကောင်များစွာ ရှိနေ၍ သူ့တွင် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် မရှိပါက သေပြီးနေလောက်ပြီဖြစ်သည်။ သို့သော် သူ့တွင် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ရှိလျှင်ပင် သဲဝါပိုးကောင်နံရံထဲ၌ စက္ကန့်သုံးဆယ်ကျော်အောင် ပိတ်မိနေပါက သေသွားလောက်မည်သာ။
ကျန်းရီသည် နံရံထဲတွင် ပိတ်မိနေသော နတ်ဘုရားဓားပြခေါင်းဆောင်အကြောင်းကို မစဉ်းစားအားပေ။ သူသည် သူ့ထံသို့ ချဉ်းကပ်လာသော နတ်ဘုရားဓားပြခေါင်းဆောင်ကို ကြည့်၍ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ဤတစ်ခေါက်က တိုက်ဆိုင်မှု မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့အား သတ်ရန် ကြံနေခြင်းပင်။ ထိုနတ်ဘုရားဓားပြခေါင်းဆောင်နှစ်ယောက်မှာ သူ့အတွက် လာခဲ့ခြင်းဖြစ်ပေသည်။
ရွှီး...
ကျန်းရီ၏ လက်ထဲရှိ ဟွင့်သွမ့်ချီပုလဲက လင်းလက်လာ၏။ ရှောင်လန်ကို မထုတ်သေးလျှင် သူ အဆုံးသတ်ရပေတော့မည်။ ထို့ကြောင့် သူသည် ရှောင်လန်ကို ဝှက်ဖဲအဖြစ် ဆက်မသိမ်းထားဝံ့တော့ပေ။ ဤတစ်ခေါက် ရန်သူက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
ဝှစ်...ဝှစ်...
တစ်ချိန်တည်းမှာပင် ကျန်းရီသည် သားရဲလေးအား သဲဝါပိုးကောင်များကို သူ့ပတ်ပတ်လည်၌ ပိုးအုံတစ်ခုကဲ့သို့ ဝန်းရံခိုင်းလိုက်၏။ ထိုမှ တစ်စုံတစ်ယောက် သူ့အား အသေတိုက်ခိုက်လျှင် သဲဝါပိုးကောင်များကို ထိုတိုက်ခိုက်မှုကို ကာ၍ အားနည်းသွားအောင် လုပ်နိုင်မည် ဖြစ်သည်။
“ဟွန်း...”
ရှောင်လန်သည် ဟွင့်သွမ့်ချီပုလဲထဲမှာကတည်းက တိုက်ခိုက်ရန် အသင့်ပြင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် အပြင်သို့ ရောက်သည်နှင့် သူ့ထံသို့ ပျံသန်းလာနေသော နတ်ဘုရားဓားပြခေါင်းဆောင်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ဓားရှည်က ကောင်းကင်ကို ခုတ်ပိုင်းလိုက်၏။ အာကာပြင်ထဲတွင် အဖြူရောင်လိုင်းတစ်လိုင်း ထွက်ပေါ်သွားသည်။ ထိုအဖြူရောင်လိုင်းသည် နတ်ဘုရားဓားပြခေါင်းဆောင်ထံ ပြင်းထန်စွာ ဦးတည်သွားလေသည်။
“အာ...”
ရန်သူသည် ကျန်းရီထံတွင် စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ရှောင်လန်က တိုက်ခိုက်လိုက်သည်နှင့် ဓားပြခေါင်းဆောင်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့ပတ်ပတ်လည်ရှိ လျှပ်စီးတန်းများကလည်း သူ့အရှေ့တွင် အဖြူရောင်မိုးကြိုးဒိုင်းတစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားသည်။ ထိုဒိုင်းက ရှောင်လန်၏ တိုက်ခိုက်မှုကို ကာနိုင်လိုက်၏။ တစ်ချိန်တည်းမှာပဲ ဓားပြခေါင်းဆောင်သည် အောက်ဘက်သို့ လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
ရွှီ...ရွှီ...
မြေအောက်ထဲမှနေ၍ မြွေဖြူတစ်ကောင်နှင့်တူသော အဖြူရောင်အလင်းတန်း ထွက်လာ၏။ ၎င်းအလင်းတန်း၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် မကြာခင်မှာပင် ကျန်းရီ၏အောက်ဘက်သို့ ရောက်သွား၏။ အဖြူရောင်အလင်းတန်းသည် သဲဝါပိုးကောင်များကို အလွယ်တကူ ထိုးဖောက်ဖြတ်ကျော်ကာ ကျန်းရီကို ထိမှန်သွားသည်။
“အား...အား...အား...”
ကျန်းရီ၏ တစ်ကိုယ်လုံးက တရှဲရှဲ မြည်လာပြီး မီးခိုးနက်များ ထွက်လာ၏။ သူက မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်သည် မရပ်မနား တုန်ယင်နေပြီး သူ့မွေးညင်းအားလုံးလည်း ထောင်ထနေသည်။ သူ့ကို ဝန်းရံထားသော သဲဝါပိုးကောင်များကသာ အဖြူရောင်အလင်းတန်းကို အားပျော့မသွားစေခဲ့လျှင်၊ သူ မိုးမြေစွမ်းအားကို အချိန်မီ မထုတ်နိုင်ခဲ့လျှင် ယခုလောက်ဆို သူ မီးကျွမ်း၍ သေဆုံးနေလောက်ပေပြီ။
ကျီ...ကျီ...
ကျန်းရီ တိုက်ခိုက်ခံနေရသည်ကို မြင်သောအခါ ကောင်းကင်ဝါးမျိုသာရဲက ဒေါသထွက်သွား၏။ ၎င်းသည် အဆက်မပြတ် စူးရှစွာအော်လိုက်ပြီး သဲဝါပိုးကောင်အုပ်များကို တစ်အုပ်ပြီးတစ်အုပ် ထိန်းချုပ်၍ ထိုနတ်ဘုရားဓားပြခေါင်းဆောင်အား တိုက်ခိုက်လိုက်သည်။ ၎င်း၏မျက်လုံးထဲတွင် သဲဝါပိုးကောင်များက အဆင့်အနိမ့်ဆုံး သက်ရှိများဖြစ်သည်။ ထိုပိုးကောင်များ၏ သေဆုံးမှုက ၎င်းအတွက် မည်သို့မှ အရေးမပါပေ။
“သေပေတော့...”
သားရဲလေး၏ ထိန်းချုပ်မှုက ပိုတိကျလာသည်။ သဲဝါပိုးကောင်တစ်ကောင်ကမှ ရှောင်လန်ကို တိုက်ခိုက်မနေပေ။ ရှောင်လန်သည် နတ်ဘုရားဓားပြခေါင်းဆောင်ကို ကျန်းရီအနား ကပ်မလာစေနိုင်ရန်နှင့် ထွက်မပြေးစေနိုင်ရန် ဆက်တိုက်ခိုက်နေသည်။ နတ်ဘုရားဓားပြခေါင်းဆောင်သည် ရှောင်လန်၏ တိုက်ခိုက်မှုများကို ခုခံရသလို သူ့ထံသို့ အရပ်မျက်နှာအနှံ့မှ ပျံသန်းလာသော သဲဝါပိုးကောင်များကိုလည်း ခုခံရသည်။ ထို့ကြောင့် သူသည် ကျဉ်းထဲကြပ်ထဲအခြေအနေအတွင်း ရောက်နေပေသည်။
“အား...”
ရှောင်လန်က အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် နတ်ဘုရားဓားပြခေါင်းဆောင်သည် ဆက်၍ မခုခံနိုင်တော့ပေ။ သူ့စစ်ချပ်ဝတ်၏ နောက်ကျောတွင် အပေါက်အနည်းငယ် ပေါ်လာ၏။ ယင်းတို့မှာ သဲဝါပိုးကောင်များ၏ လက်ချက်ပင်။ ပိုးကောင်အချို့က သူ့ခန္ဓာကိုယ်ထဲဝင်၍ သူ၏အသားများကို စတင်ကိုက်ဝါးကြသည်။
ထိုနတ်ဘုရားဓားပြခေါင်းဆောင်က ဤနေရာ၊ ဤအချိန်တွင် သေရတော့မည်ကို သိလိုက်သောအခါ ရှောင်လန်၏ သတ်ဖြတ်အရှိန်အဝါက တိုးလာ၏။
အဝေးတွင်လည်း တိုက်ပွဲက ပြီးဆုံးတော့ပေမည်။ နတ်ဘုရားဓားပြငါးရာထဲတွင် လက်တစ်ဆုပ်စာလောက်သာ လွတ်မြောက်သွားခဲ့သည်။ အခြားနတ်ဘုရားဓားပြခေါင်းဆောင်ကလည်း သဲဝါပိုးကောင်များ၏ တွယ်ကပ်မှုကို ခံထားရပြီး မြေပြင်ပေါ်တွင် လူးလွန့်ကာ အဆက်မပြတ် အော်ဟစ်နေသည်။ သူလည်း အချိန်တစ်ခုအတွင်း သေသွားတော့မည်ဖြစ်သည်။
ကျီ...ကျီ...
ကျန်းရီက စိတ်အေးသွားဟန် သက်ပြင်းချလိုက်ချိန်တွင် သားရဲလေး၏ မျက်ဝန်းများက ရုတ်တရက် အေးစက်လာ၏။ ထို့နောက် သားရဲလေးသည် အဆက်မပြတ် အော်ဟစ်၍ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“တမုန့်... ဟိုလူငါးယောက် ထပ်ပေါ်လာပြန်ပြီ။ သူတို့က အမြန် ချဉ်းကပ်လာနေတယ်”
“ရှောင်လန်... တိုက်ပွဲကို အမြန်အဆုံးသတ်လိုက်တော့”
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထိုလူငါးယောက်က အမှန်ပင် တစ်ခုခု မှားနေပေသည်။ သူ မကောင်းသော နမိတ်ကို ခံစားနေရသည်။ ထိုငါးယောက်က သူ့နောက်သို့ လိုက်နေခြင်းဖြစ်မည်။ နတ်ဘုရားဓားပြအဖွဲ့များကလည်း ထိုငါးယောက်နှင့် ပတ်သတ်နေနိုင်ပေသည်။
***