အဖမ်းခံရပြီ
Vol. 101 Ch. 1406
“ရှောင်လန်... မင်း ဉာဏ်ရှိရင် ဘေးဖယ်နေလိုက်။ မဟုတ်ရင်တော့ ငါတို့က မင်းကို ပုရွက်ဆိတ်တစ်ကောင် သတ်သလို အလွယ်လေး သတ်ပစ်လိုက်မှာပဲ။ ရှောင်ဟုန်တောင် ငါ့အစွမ်းကို အရင်တုန်းက မြည်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့ ငါက ကျန်းရီအတွက် လာခဲ့တာပဲ.. နားလည်လား”
တစ္ဆေအော်သံကဲ့သို့သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။ ရှောင်လန် ရင်ခုန်ရပ်သွားသည်။ ထိုလူက သေချာပေါက် အဆိပ်ဝိညာဉ်ပင်။ ထို့ပြင် သူက ရှောင်ဟုန်နှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည်လော။ ထိုအဆိပ်ဝိညာဉ်တွင် ရှောင်လန်ကို အလိုလို ထွက်ပြေးလိုစိတ် ပေါက်လာစေသော ဆန်းကြယ်သည့် မှော်စွမ်းအားတစ်ခုလည်း ရှိနေပုံပင်။ ကျန်းရီသည်ပင် သူက သေချာပေါက် သေရတော့မည်ဟု ခံစားလာရလေသည်။
‘စိတ်ဝိညာဉ်တိုက်ခိုက်မှုလား’
ရှောင်လန်၏ မျက်ဝန်းများက ပြန်၍ ကြည်လင်လာ၏။ သူက သစ္စာရှိ၍ ဖြောင့်မတ်သော ယောက်ျားတစ်ယောက်ဖြစ်သည်။ သူသည် ကျန်းရီကို ကာကွယ်ပေးမည်ဟု ရှောင်ဟုန်အား ကတိပေးခဲ့၏။ ထို့ကြောင့် သူ မသေခင်တွင် ကျန်းရီကို သေခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် အစောတွင် နတ်ဘုရားဓားပြအဖွဲ့နှင့် တွေ့ကတည်းက သူ ထွက်ပြေးခဲ့မည်ဖြစ်သည်။
ဝှစ်...
ရှောင်လန်သည် သူ့အရှေ့မှ မြေထုကို ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ တောက်ပသော ဓားအလင်းတစ်ခုက မြေကြီးကို ဖြတ်တောက်သွားပြီး သူတို့ထံ ဦးတည်လာနေသော အဆိပ်ဝိညာဉ်အတု နတ်ဘုရားဘုရင်ဆီသို့ လျင်မြန်စွာ ဦးတည်သွားလေသည်။ သူ ထိုနတ်ဘုရားဘုရင်ကို သတ်နိုင်လိုက်လျှင် အဆိပ်ဝိညာဉ်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နိုင်လာပေလိမ့်မည်။ သူက အဆိပ်ဝိညာဉ်ကို ထိန်းထားနိုင်မည်ဆိုလျှင် ကျန်းရီက ထွက်ပြေးရန် အချိန်ရမည်ဖြစ်သည်။
ရွှက်...ရွှက်...
ရှောင်လန်၏ တိုက်ခိုက်စွမ်းရည်များကို သံသယဖြစ်စရာ မရှိပေ။ နတ်ဘုရားဘုရင်သည် သူ့ကိုယ်သူပင် မကာကွယ်နိုင်လိုက်ချေ။ ဓားအလင်းက သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားပြီး ပိုင်းဖြတ်ရာနေရာတွင်လည်း အပူလောင်သွားစေ၍ သူ့သွေးများက အငွေ့ဖြစ်သွားသည်။ ထိုအခါမှ ရှောင်လန်က ကျန်းရီကို အော်ပြောလိုက်လေသည်။
“မြို့အရှင်ကျန်း... အဝေးကို ထွက်ပြေးပါတော့။ ကျုပ် သူ့ကို ထိန်းထားလိုက်မယ်”
ကျန်းရီက သဲဝါပိုးကောင်များကို ထိန်းချုပ်နိုင်သည်။ သူ မြေအောက်အနက် ကီလိုမီတာဆယ်ချီအကွာသို့ တူးဝင်သွားလျှင် မရေမတွက်နိုင်သော သဲဝါပိုးကောင်များကို ရှာတွေ့နိုင်သည်။ ထိုအခါ သူ့တွင် အသက်ရှင်နိုင်မည့် အခွင့်အရေးတစ်ခုလည်း ရှိလာနိုင်ပေသည်။ ရှောင်လန်သည် သူက အဆိပ်ဝိညာဉ်၏ ပြိုင်ဘက်မဟုတ်ကြောင်း သိ၏။ သို့သော် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ အဆိပ်ဝိညာဉ်ထံ ဦးတည်သွားလိုက်သည်။ အဆိပ်ဝိညာဉ်က ကျန်းရီနားသို့ မကပ်နိုင်အောင် သူ တားရပေမည်။
“ရှောင်လန်...”
ကျန်းရီသည် ရှောင်လန်၏ မျက်ဝန်းများထဲမှ ပြတ်သားမှုများကို မြင်လိုက်၍ ရင်ထဲထိသွား၏။ ထိုအခိုက်တွင် သူ ရှောင်လန်ကို ဆက်၍ သံသယဖြစ်မနေတော့ပေ။ သူ ထိုအရုပ်ဆိုးသောရှောင်လန်ကို သူ့မိသားစုဝင်တစ်ယောက်အဖြစ် ဆက်ခံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် ရှောင်လန်ကို သူ၏ လူကြီးသူမတစ်ယောက်အဖြစ် မြင်ပေသည်။
“ပြေးတော့...”
ကျန်းရီသည် ရှောင်လန်ကဲ့သို့ သေခြင်းတရားဆီ ရူးရူးမိုက်မိုက် ပြေးဝင်မသွားနိုင်ပေ။ သူသည် မိုးမြေစွမ်းအားကို ထုတ်၍ မြေအောက်ထဲ ဆက်တူးဝင်သွားလိုက်သည်။ ရှောင်လန်က သူ့အသက်ကို အသုံးပြု၍ ကျန်းရီအတွက် လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ရှာပေးလိုနေခြင်းပင်။ ကျန်းရီ ထိုအခွင့်အရေးကို ဖြုန်းတီးပစ်၍ မဖြစ်ပေ။ မဟုတ်လျှင် သူ ရှောင်လန်ကို စိတ်ပျက်စေမိပေလိမ့်မည်။
“တုံးအတယ်...”
အဆိပ်ဝိညာဉ်က အထက်မှနေ၍ ခြောက်ကပ်ကပ် ရယ်လိုက်၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပလာပြီး မရေမတွက်နိုင်သော အဆိပ်ဝိညာဉ်များအဖြစ် ရုတ်ခြည်း ပြောင်းလဲသွား၏။ ထိုအဆိပ်ဝိညာဉ်များက တစ်ယောက်နှင့်တစ်ယောက် တစ်ပုံစံတည်း တူညီပေသည်။ သူတို့၏ လက်ထဲတွင် သံလွန်သွားတစ်ခုစီ ရှိနေကြပြီး ထိုလွန်သွားများဖြင့် မြေကြီးကို တူးကာ ကိုယ်စီလမ်းကြောင်းဖော်၍ သွားကြ၏။ သူတို့အားလုံးက ရှောင်လန်ဆီ ဦးတည်သွားနေကြပြီး သူ့ကို သတ်ရန် အသင့်ဖြစ်နေကြပေသည်။
ရှောင်လန်သည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်ပြီးနောက် လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွား၏။ အဆိပ်ဝိညာဉ်က တိုက်ခိုက်လိုက်သည်နှင့် သူ အရှုံးကို လက်ခံလိုက်ပေပြီ။ ထိုကိုယ်ပွားအတတ်က အပြစ်အနာအဆာကင်းသည်။ အဆိပ်ဝိညာဉ်တိုင်းက အစစ်နှင့်တူသည်။ ထို့ကြောင့် ရှောင်လန်သည် နေရာတွင် ရပ်၍ ဓားကို ဝှေ့ယမ်းကာ ဓားအလင်းများကို များနိုင်သမျှများများ ဖန်တီးရန်သာ ရှိတော့ပေသည်။
ဝှစ်...ဝှစ်...
ရာချီသော အဆိပ်ဝိညာဉ်များ၏ သံလွန်သွားများက တစ်ပြိုင်တည်း ထိုးထွက်လာ၏။ ထို့နောက် ရာချီသော အနက်ရောင်အလင်းတန်းများ ပျံထွက်လာသည်။ ၎င်းတို့အားလုံးက ရှောင်လန်၏ ရင်ဘတ်ကို ဦးတည်နေခြင်းပင်။ ရှောင်လန်သည် သူက ဧရာမတောင်ကြီးများစွာ၏ ဖိနှိပ်မှုကို ခံနေရသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်က ဥက္ကာခဲတစ်ခုအလား ပြုတ်ကျသွားပြီး အောက်ဘက်သို့ ဆက်သွားနေဆဲဖြစ်သော ကျန်းရီကို ဝင်တိုက်မိသွားသည်။ ကျန်းရီသည် ရှောင်လန်၏ ဝင်တိုက်မှုကြောင့် လဲပြိုသွား၏။
ကျန်းရီ စိတ်ဓာတ်ကျသွား၏။ ရှောင်လန်၏ တိုက်ခိုက်စွမ်းအားက အဆိပ်ဝိညာဉ်၏ တိုက်ခိုက်စွမ်းအားကို လုံးဝမယှဉ်နိုင်ကြောင်း ထင်ရှားသည်။ သို့သော် ကျန်းရီသည် ဆက်ထွက်မပြေးတော့ဘဲ ဟွင့်သွမ့်ချီပုလဲကို ထုတ်၍ သတိလစ်နေကာ အသက်ရေးရေးသာ ရှိတော့သော ရှောင်လန်ကို ပုလဲအတွင်း စုပ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဝါးမျိုသားရဲကိုလည်း မီးဝိညာဉ်ပုလဲအတွင်း စုပ်ယူလိုက်သည်။ နောက်ဆုံးတွင် သူသည် သူထံသို့ ဦးတည်လာနေသော အဆိပ်ဝိညာဉ်ကို တည်ငြိမ်စွာ မျက်နှာချင်းဆိုင်လိုက်လေသည်။
ရွှစ်...ရွှစ်...
လူရိပ်တစ်ခုက ကျန်းရီထံသို့ လျင်မြန်စွာ ပျံသန်းလာ၏။ ဖြူဆွတ်နေသော လက်တစ်ဘက်က ကျန်းရီ၏ လည်ပင်းကို ဆုပ်ကိုင်ကာ သူ့ကိုယ်ထဲ စွမ်းအင်တစ်ခု စီးဆင်းသွားစေ၍ သူ၏ဒန်တျန်ကို ချိပ်ပိတ်လိုက်၏။ ထို့နောက် အဆိပ်ဝိညာဉ်အနောက်ရှိ ရာချီသော အခြားအဆိပ်ဝိညာဉ်များ ပျောက်ကွယ်သွားသည်။ အဆိပ်ဝိညာဉ်သည် ကျန်းရီကို ကြည့်ကာ နွေးထွေးစွာပြုံး၍ ပြောလိုက်၏။
“မြို့အရှင်ကျန်း... မဆိုးဘူး။ အခြေအနေနဲ့ အချိန်အခါကို နားလည်တဲ့လူက အမြော်အမြင်ရှိတဲ့လူပဲ”
ကျန်းရီက သားရဲလေးကို မီးဝိညာဉ်ပုလဲအတွင်း စုပ်ယူထားပြီဖြစ်သည်။ ထို့ကြောင့် သဲဝါပိုးကောင်များက သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ မြေပြင်ထက်ရှိ ပိုးကောင်နံရံများကလည်း ပြိုပျက်ကုန်ပြီဖြစ်သည်။ အဆိပ်ဝိညာဉ်က ကျန်းရီကို မြေပြင်ထက်သို့ အလွယ်တကူ ခေါ်သွားလိုက်သည်။
မြေပြင်ထက်ရှိ လူလေးယောက်လည်း မသေခဲ့ပေ။ သို့သော် သူတို့ထဲမှ နှစ်ယောက်က ဒဏ်ရာရထားသည်။ ကျန်းရီက သားရဲလေးကို အတန်ငယ် နောက်ကျပြီးမှ မီးဝိညာဉ်ပုလဲထဲတွင် သိမ်းခဲ့လျှင် ထိုနှစ်ယောက်က သေသွားလောက်ပေသည်။ သူတို့ထဲမှ တစ်ယောက်သည် အဆိပ်ဝိညာဉ်က ကျန်းရီကို မြေကြီးထဲမှ ခေါ်လာကြောင်း တွေ့လိုက်သောအခါ ရုတ်ခြည်း ဒေါသထွက်သွား၏။ သူသည် ခြေထောက်တစ်ဘက် မြှောက်ကာ ကျန်းရီကို နင်းချရန် လုပ်လိုက်သည်။ သူက ကျန်းရီကို နှိပ်စက်၍ လက်စားချေလိုခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
ဝှစ်...
အဆိပ်ဝိညာဉ်က ရုတ်ခြည်း ဘေးသို့ တိုးလိုက်ပြီး ကျန်းရီကို ခြေနင်းချက်နှင့် လွဲသွားစေ၏။ ထို့ကြောင့် ခြေနင်းချက်က မြေပြင်ပေါ်တွင်သာ တွင်းနက်ကြီးတစ်ခု ဖြစ်သွားစေသည်။ ထိုအခါ ခြေနင်းလိုက်သူသည် ချက်ချင်း အဆိပ်ဝိညာဉ်ထံ သွား၍ အော်ပြောလိုက်သည်။
“အဆိပ်ဝိညာဉ် ခင်ဗျား ဘာလုပ်တာလဲ။ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေလဲ။ မျိုးနွယ်နဲ့ သခင်မလေးကြောင့်သာ မဟုတ်ရင် ခင်ဗျားက ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူး”
ရွှီး...
အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပလာပြီး အလွန်သာမန်ဆန်၍ အားနည်ပုံပေါ်သော အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
“တတိယသခင်လေး... သခင်မလေး ဘာပြောလိုက်လဲဆိုတာကို ခင်ဗျား မေ့သွားပြီလား။ ခင်ဗျား အဲ့ကောင်လေးကို သတ်လိုက်ရင် ရှေးဦးဝိညာဉ်ရတနာကို ဘယ်က သွားယူမလဲ။ ကျုပ်တို့ ဒီတစ်ခေါက် တန်ကြေးကြီးကြီး ပေးခဲ့ရတယ်။ ကျုပ်တို့ ရှေးဦးဝိညာဉ်ရတနာကို မရခဲ့လို့ သခင်မလေးက ဒေါသူပုန်ထလာရင် အကျိုးဆက်ကို ခင်ဗျား ခံနိုင်မှာလား”
“ဟားဟား...”
တတိယသခင်လေးဟု ခေါ်သူက ခြောက်ကပ်ကပ် ရယ်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အားဖြည့်ဆေးလုံးနှစ်လုံး သောက်၍ အေးစက်စက် ပြန်ပြောလိုက်၏။
“အဲ့ဒါဆို ခင်ဗျား ဘာလို့ မစသေးတာလဲ။ အို့... ဟုတ်သား.. အဲ့ကောင်စုတ်လေးကို သဲဝါပိုးကောင်တွေကို ထိန်းချုပ်နိုင်တဲ့ ဆန်းကြယ်စွမ်းရည်အကြောင်းလည်း မေးလိုက်ဦး။ ကျုပ်တို့ မျိုးနွယ်ကို အဲ့အကြောင်း တင်ပြရမယ်။ အဲ့ဒါကိုသာ ရလိုက်ရင် ကျုပ်တို့ အသိအမှတ်ပြုခံရမှာပဲ”
‘သခင်မလေး... ရှေးဦးဝိညာဉ်ရတနာ’
ကျန်းရီသည် ထိုတစ်ချိန်လုံး နှုတ်ဆိတ်နေပြီး သူတို့၏ စကားများကိုသာ စူးစမ်းနေ၏။ ထိုအခိုက်တွင် သူ ခနဲ့တဲ့တဲ့ လေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
“ခင်ဗျားတို့က သခင်မလေးရွှမ်ယွမ်အကြောင်းကို ပြောနေကြတာမလား။ ဒါပေမဲ့ ရွှမ်ယွမ်ရှန်ရှန်လား၊ ရွှမ်ယွမ်လင်းယန်လား”
ကျန်းရီတွင် ရှေးဦးဝိညာဉ်ရတနာတစ်ခု ရှိကြောင်းကို သိသည့်သူ များစွာ မရှိပေ။ တိရှဘုံတွင် ထိုအကြောင်းကို ရွှမ်ယွမ်ရှန်ရှန်သာ သိသည်။ ယခု ထိုလူများက ‘သခင်မလေး’ဟု ဆိုနေကြပြီး သူတို့၏မျိုးနွယ်က အဆိပ်ဝိညာဉ်နှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား လေးယောက်ကိုပင် ခိုင်းစေနိုင်ရာ ဤကိစ္စ၏နောက်ကွယ်မှသူမှာ ရွှမ်ယွမ်ရှန်ရှန် သို့မဟုတ် ရွှမ်ယွမ်လင်းယန်သာ ဖြစ်ရပေမည်။
“ဟင်းဟင်း...”
အဆိပ်ဝိညာဉ်က ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး လက်မထောင်ပြလိုက်၏။
“ကောင်စုတ်လေး... မင်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ။ အစောကလည်း ဟာကွက်တွေကို မြန်မြန်ဆန်ဆန် သတိပြုမိခဲ့တယ်။ ငါ သိချင်လွန်းလို့ပါ.. ငါက ချင်ရုံ မဟုတ်ဘူးဆိုတာကို မင်း ဘယ်လိုသိခဲ့တာလဲ”
ကျန်းရီသည် မည်သည့်အရာကိုမှ အရေးမစိုက်တော့သဖြင့် ပခုံးတွန့်၍ ပြောလိုက်သည်။
“ကျွန်တော့်ကို ပထမဆုံး နတ်ဘုရားဓားပြအဖွဲ့ တိုက်ခိုက်တုန်းက ခင်ဗျားတို့က အနားမှာ ရှိနေခဲ့တယ်...”
“အို့...”
အဆိပ်ဝိညာဉ်က သဘောပေါက်သွားဟန်ဖြင့် ခေါင်းတဆတ်ဆတ်လုပ်လိုက်၏။ ထိုစဉ် ကျန်းရီ မေးလိုက်သည်။
“ဘာလို့ ခင်ဗျားတို့ ကျွန်တော့်ကို တွေ့တွေ့ချင်း မလှုပ်ရှားခဲ့တာလဲ။ အဲ့လိုဆို ကျွန်တော့်ကို ဖမ်းဖို့က အများကြီး ပိုလွယ်မယ် မဟုတ်ဘူးလား”
“ငါတို့က ငါတို့ဘယ်သူဆိုတာကို ထုတ်မပြချင်ခဲ့တာပဲ”
အဆိပ်ဝိညာဉ်၏ မျက်နှာပေါ်တွင် မချင့်မရဲဖြစ်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။
“အတော်ဆုံး လုပ်ကြံရေးသမားဆိုတာ အမြဲပုန်းအောင်းနေမှာ။ လုပ်ကြံရေးမှာ တစ်ချက်ခြေလှမ်းမှားတာနဲ့ အသက်ပေးလိုက်ရနိုင်တယ်။ မင်းကို သတ်ဖို့က နတ်ဘုရားဓားပြအဖွဲ့ နည်းနည်းလောက်နဲ့ဆို လုံလောက်ပြီလို့ ငါ တွေးခဲ့တာ။ မင်းက သဲဝါပိုးကောင်တွေကို ထိန်းချုပ်နိုင်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ကောင်စုတ်လေး... မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲလို့ ငါ ဝန်ခံရလိမ့်မယ်။ မင်းက တိမ်ခွေတောင်တန်းဒေသထဲ ဝင်လာပြီးမှ သဲဝါပိုးကောင်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို သိခဲ့တာ မလား”
ဤတစ်ကြိမ်တွင် ကျန်းရီသည် အဆိပ်ဝိညာဉ်၏ မေးခွန်းကို ပြန်မဖြေလိုက်ပေ။ သူ့ခေါင်းထဲရှိ မေးခွန်းအများစု၏ အဖြေများကို ရလိုက်ပြီဖြစ်၍ သူ အဆိပ်ဝိညာဉ်နှင့် အပိုစကားများ ဆက်ပြောမနေလိုတော့ပေ။ ထို့ကြောင့် သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ... ခင်ဗျား လုပ်စရာရှိတာကို လုပ်ပါ။ ကျွန်တော်က ရှေးဦးဝိညာဉ်ရတနာကို ကျိုးထျန်းကျဲဆီ ရောင်းလိုက်ပြီ။ ပြီးတော့ ကျွန်တော်က ခင်ဗျားတို့ကို သဲဝါပိုးကောင်တွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သင်ပေးမယ်ဆိုရင်တောင် ခင်ဗျားတို့ လိုက်သင်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျွန်တော်နဲ့ မျိုးနွယ်မတူရင် သဲဝါပိုးကောင်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ အဆိပ်ဝိညာဉ် ကျွန်တော် ခင်ဗျားကို လေးစားပါတယ်။ လုပ်စရာရှိတာကို မြန်မြန်လုပ်လိုက်ပါ”
ကျန်းရီသည် ယခုတွင် သူက အဆိပ်ဝိညာဉ်လက်ထဲသို့ ရောက်နေပြီဖြစ်၍ အသက်ရှင်လျက် ထွက်သွားနိုင်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိ၏။ အစောတွင် သူ နှုတ်ဆိတ်နေခဲ့စဉ်က သူသည် မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုကို စိတ်ဖြင့်အော်ခေါ်နေခဲ့၏။ သို့သော် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။ ယခု လောကထဲရှိ မည်သည့်ပုဂ္ဂိုလ်ကမှ သူ့ကို ကယ်နိုင်တော့မည် မဟုတ်ချေ။ သူသည် ရှောင်လန်နှင့် ကျန်ဟိုင်တို့အားလည်း သူ့ကို ကြိုးစားကယ်တင်ပေးရန် မတောင်းဆိုလိုက်ပေ။ အဆိပ်ဝိညာဉ်ကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်က နှလုံးသားနုလိမ့်မည် မဟုတ်ချေ။ အသနားခံနေလျှင်လည်း တံတွေးဖြုန်းနေသလိုသာ ရှိပေလိမ့်မည်။ ကောင်းကင်ဝါးမျိုသားရဲအတွက်မူ ကျန်းရီသည် များစွာ တွေးတောမနေပေ။ သားရဲလေး၏ အနာဂတ်က ၎င်း၏ကံကြမ္မာအပေါ်တွင်သာ မူတည်ပေသည်။
“ဟားဟား...”
ဒဏ်ရာကုသနေသော တတိယသခင်လေးက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။ ထို့နောက် သူသည် ဒေါသခိုးများဝေနေသော မျက်ဝန်းများဖြင့် အေးစက်စက် အော်ပြောလိုက်လေ၏။
“အဆိပ်ဝိညာဉ်... ခင်ဗျား မလုပ်ရက်ရင် ကျုပ်လုပ်မယ်။ သူ့ဘဝကို သေရတာထက် ဆိုးသွားအောင် လုပ်ပစ်မယ်လို့ ကျုပ်ကတိပေးတယ်။ ပြီးရင် သူက ကျုပ်တို့ ပြောခိုင်းတာမှန်သမျှကို ပြောလာရမှာပါ”
***