← Chapters

ပုန်ကန်သူ

Vol. 101 Ch. 1407

ပုန်ကန်သူ

Vol. 101 Ch. 1407

တတိယသခင်လေး၏ မျက်ဝန်းများထဲမှ ခက်ထန်သော အကြည့်ကို မြင်သောအခါ ကျန်းရီသည် သူ ပြောသောစကားများကို အနည်းငယ်ပင် သံသယမဖြစ်ပေ။ ထိုတစ်ယောက်မှာ ရက်စက်သူပင်။ သို့သော် ကျန်းရီသည် သားရဲလေးနှင့် ပတ်သတ်သော လျှို့ဝှက်ချက်ကို မထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပေသည်။

ထိုကောင်းကင်ဝါးမျိုသားရဲကို အရှိန်အဝါ သို့မဟုတ် သားရဲစွမ်းအားတို့မှနေ၍ မထောက်လှမ်းနိုင်ပေ။ ၎င်းတွင် ထိုးထွက်ထင်ရှားနေသော အရာဟူ၍လည်း မရှိပေ။ ထိုလူများက ကျန်းရီ၏ ပိုင်ဆိုင်မှုအားလုံးကို ယူသွားလျှင်ပင် ထိုသားရဲလေးကို ရှာတွေ့မည် မဟုတ်ချေ။

အရေးအကြီးဆုံးမှာ ဆန်းကြယ်သော အဘိုးအိုက ကျန်းရီအား အကယ်၍ ကျန်းရီသေသွားလျှင် မီးနဂါးဓားနှင့် မီးဝိညာဉ်ပုလဲတို့က အဝေးသို့ ပျံထွက်သွားကာ ပိုင်ရှင်အသစ်လိုက်ရှာလိမ့်မည်ဟု ပြောခဲ့ခြင်းပင်။ ထို့ကြောင့် ကျန်းရီ သေသွားလျှင်လည်း သားရဲလေးက သခင်မလေးရွှမ်ယွမ်၏လက်ထဲသို့ ရောက်သွားမည် မဟုတ်ချေ။ သို့ဖြစ်ရာ ကျန်းရီသည် သားရဲလေးနှင့် ပတ်သတ်သော အကြောင်းများကို ဖုံးကွယ်ထားပြီး ထိုလူများကို မည်သို့မှ မပြောပြရန် ငြင်းဆန်ရုံသာ ရှိပေသည်။

“မလောပါနဲ့ တတိယသခင်လေး”

အဆိပ်ဝိညာဉ်က ခပ်ရေးရေး ပြုံးလုက်၏။ သူက လုံးဝဒေါသထွက်နေပုံမပေါ်ပေ။ ထိုအစား သူ ကျန်းရီကို မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

“ထူးခြားတဲ့မျိုးနွယ်လား။ ကောင်လေး... မင်းက ဘယ်ထူးခြားတဲ့မျိုးနွယ်ကလဲဆိုတာ ဘာလို့ ငါ့ကို ပြောမပြတာလဲ။ မင်းပြောတာ အဓိပ္ပာယ်ရှိရင် ငါ မင်းကို လွှတ်ပေးနိုင်ပါတယ်”

အဆိပ်ဝိညာဉ်၏ အသံက စတင်၍ အတန်ငယ် ထူးဆန်းလာသည်။ သူက ကျန်းရီကို စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြင့် တိုက်ခိုက်နေသကဲ့သို့ပင်။ ကျန်းရီက အရာအားလုံးကို သိမ်းထားပြီးဖြစ်သည်။ သို့သော် ထိုအခိုက်တွင် သူ၏မူလစိတ်ဝိညာဉ်မှနေ၍ မီးနဂါးသုံးကောင် ပျံထွက်လာပြီး တံဆိပ်စာလုံးများ ထုတ်လွှတ်ကာ ၎င်းတို့၏ ပိုင်ရှင်ကို ကာကွယ်လိုက်ကြသည်။ ထိုမှ ကျန်းရီ အတွေးပြတ်သွားပြီး အသိပြန်ကပ်လာ၏။ သို့သော် သူသည် အသိမဲ့သွားသလို ဟန်ဆောင်၍ ဖြည်းဖြည်းချင်း ထရပ်ကာ အသက်ကင်းမဲ့သော အသံဖြင့် ပြောလိုက်လေသည်။

“ကျွန်တော်က ဝိညာဉ်မျိုးနွယ်ကပါ။ အဲ့ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ ထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခုပဲ”

“အာ...”

တတိယသခင်လေးနှင့် အခြားလူသုံးယောက်၏ မျက်နှာထားများက ထူးဆန်းသွား၏။ သူတို့ အဆိပ်ဝိညာဉ်ကိုလည်း ငေးကြည့်လိုက်ကြသည်။ ထိုစဉ် တတိယသခင်လေးက အံ့ဩတကြီး အော်ပြောသည်။

“သူက ဝိညာဉ်မျိုးနွယ်ကလား”

“ဟားဟားဟား...”

အဆိပ်ဝိညာဉ်က ကျယ်လောင်စွာရယ်၍ ကျန်းရီကို ခနဲ့လိုက်၏။

“ကောင်းပြီ ကောင်လေး... ဟန်ဆောင်မနေနဲ့တော့။ မင်းက ငါ့ဝိညာဉ်ခွင်းအသံရဲ့ သက်ရောက်မှုကို မခံလိုက်ရဘူးဆိုတာ ငါသိတယ်။ တိရှဘုံတစ်ခွင်လုံးမှာ ငါ့လောက် ဘယ်သူမှ ဝိညာဉ်မျိုးနွယ်အကြောင်းကို ကောင်းကောင်းမသိဘူး။ အဲ့တော့ ဟန်ဆောင်မနေနဲ့တော့”

ကျန်းရီ၏ မျက်ဝန်းများ ကြည်လင်လာ၏။ အဆိပ်ဝိညာဉ်က သူ၏ဟန်ဆောင်မှုကို သိသွားပြီဖြစ်၍ ဆက်ဟန်ဆောင်နေစရာ မရှိတော့ပေ။ သူက ဝိညာဉ်မျိုးနွယ်ကို အသုံးချ၍ ရန်သူများကို ခြောက်လှန့်လိုခဲ့ခြင်းပင်။ သို့သော် ကြည့်ရသည်မှာ ယင်းက ရူးမိုက်သော အိပ်မက်တစ်ခု ဖြစ်ခဲ့ပုံပင်။

ကျန်းရီသည် မည်သို့မှ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေ၏။ ယခုတွင် တတိယသခင်လေးက လုံးဝဒေါသူပုန်ထနေပေပြီ။ သူ ထခုန်ရပ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် တလက်လက်တောက်ပနေသော သံကွေးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အားကောင်းသော သတ်ဖြတ်အရှိန်အဝါဖြင့် ပြောလိုက်သည်။

“အဆိပ်ဝိညာဉ် ဘေးဖယ်လိုက်။ တတိယသခင်လေးက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်လဲဆိုတာကိုပဲ ကြည့်နေလိုက်”

“မလိုပါဘူး”

အဆိပ်ဝိညာဉ်က ထပ်မံပြုံးလိုက်၏။ သူ၏ ဖြူဆွတ်ရှည်လျားသော လက်က ကျန်းရီ၏ သိုလှောင်လက်စွပ်ကို ပွတ်လိုက်၏။ ယင်းနောက် သူ့လက်သည် အသံတစ်ချက်မထွက်ဘဲ သိုလှောင်လက်စွပ်ထဲ ဝင်သွားလေသည်။ သူ့လက် ပြန်ထွက်ပေါ်လာသောအခါ လက်ထဲ၌ မီးဝိညာဉ်ပုလဲနှင့် ဟွင့်သွမ့်ချီပုလဲတို့ ပါလာသည်။ အဆိပ်ဝိညာဉ်သည် ကျန်းရီကို ကြည့်၍ ပြုံးလိုက်၏။

“သခင်မလေးရွှမ်ယွမ်က တန်ကြေးကြီးကြီး ကမ်းလှမ်းခဲ့ပေမဲ့ မင်းဆီကနေ ရှေးဦးဝိညာဉ်ရတနာကို မရခဲ့ဘူးတဲ့လား.. ရတနာက ဒီထဲမှာပဲ ဖြစ်ရမယ်”

ရွှီး...

အဆိပ်ဝိညာဉ်၏ လက်က လင်းလက်သွားပြီး အစိမ်းရောင်အလင်းတစ်ခုက သိုလှောင်လက်စွပ်ကို လွှမ်းခြုံသွား၏။ ထို့နောက် ကျန်းရီကို အံ့အားသင့်သွားစေသော အရာတစ်ခု ဖြစ်ပျက်လာသည်။

သိုလှောင်လက်စွပ်က လင်းလက်လာပြီး အထဲရှိ ပစ္စည်းများနှင့် ရတနာများက တစ်ခုပြီးတစ်ခု ထွက်လာသည်။ ထိုအဆိပ်ဝိညာဉ်က ကျန်းရီ၏ သိုလှောင်လက်စွပ်ပေါ်ရှိ ဝိညာဉ်အမှတ်အသားကို အလွယ်တကူ ဖျက်ပစ်နိုင်ပေသည်။ သူက အထဲရှိ ရတနာအားလုံးကို ပြဿနာတစ်ခုမရှိဘဲ ထုတ်ယူနိုင်နေသည်။

‘ငါတော့သွားပြီ...’

ကျန်းရီ ရင်ခုန်မြန်သွားသည်။ အကယ်၍ အဆိပ်ဝိညာဉ်က မီးဝိညာဉ်ပုလဲထဲရှိ သားရဲလေးကို ထုတ်နိုင်စွမ်း ရှိနေလျှင် သူ၏အလိမ်အညာများက ပေါ်သွားပေလိမ့်မည်။ ထို့ပြင် အဆိပ်ဝိညာဉ်က ရှေးဦးဝိညာဉ်ရတနာကို ရသွားသည်နှင့် သူ၊ ရှောင်လန်နှင့် ကျန်ဟိုင်တို့လည်း သေရမည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

လက်စွပ်ထဲမှနေ၍ ရတနာများ အဆက်မပြတ် ပျံထွက်လာနေသည်။ လူငါးယောက်၏ ကောင်းကင်စိတ်အာရုံများက ရတနာတစ်ခုစီကို အာရုံခံစူးစမ်းနေ၏။ ကျန်းရီ၏ သိုလှောင်လက်စွပ်ထဲတွင် အမှိုက်များစွာ ရှိပေသည်။ ၎င်းတို့အများစုက အသုံးမဝင်သော အရာများပင်။ သူ့လက်စွပ်ထဲတွင် ရီချန်၏ အတွင်းဝတ်များနှင့် အခြားဇနီးများက သူ့အတွက် ထိုးပေးလိုက်သော အတွင်းဝတ်များပင် ရှိပေသေးသည်။

သိုလှောင်လက်စွပ်ထဲ၌ ရတနာများစွာ မရှိပေ။ ၎င်းထဲရှိ အဖိုးတန်အရာဟူ၍ ကျန်းရီ စုဆောင်းထားသော အခြားသိုလှောင်လက်စွပ်များသာ ရှိသည်။ ၎င်းလက်စွပ်များကို နတ်ဘုရားဓားပြများဆီမှ ယူထားခြင်းပင်။ သို့သော် ၎င်းတို့အပြင် ကျိုးထျန်းကျဲက သူ့အား ပေးထားသော ဆွမ်းမွှေးပင်နှင့် လက်ဖက်ခြောက်များလည်း ရှိပေသေးသည်။

“ဆွမ်းမွှေးပင်လား”

တတိယသခင်လေးသည် ယွန်းဘူးကို အာရုံခံပြီးနောက် လှမ်းယူကာ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

“အခု ဒီဆေးပင်က ကျုပ်ဟာဖြစ်သွားပြီ”

အခြားလူသုံးယောက်သည် မည်သည့်ပစ္စည်းကိုမှ မယူပေ။ အဆိပ်ဝိညာဉ်ကလည်း မည်သည်ကိုမှ မယူချေ။ သူသည် ကျန်းရီ၏ ပစ္စည်းများကို စေ့စေ့စပ်စပ် ကြည့်၍သာ ရှေးဦးဝိညာဉ်ရတနာကို ရှာနေပေသည်။ ထိုစဉ် စက္ကူအချို့ ပျံထွက်လာပြီး အဆိပ်ဝိညာဉ်၏ မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွား၏။ ကျန်းရီ၏ မျက်နှာထားလည်း မည်းမှောင်သွားသည်။

ထိုစက္ကူများမှာ ရတနာများ မဟုတ်ပေ။ ၎င်းတို့က ကျန်းရီ ရေးဆွဲထားသော ပန်းချီကားများဖြစ်သည်။ ကျန်းရီသည် သူ သတိရသော အမျိုးသမီးအားလုံး၏ ပုံတူကို ရေးဆွဲထားခြင်းပင်။

ထိုပန်းချီကားအားလုံးမှာ ကောင်းကင်ပန်းချီကားများဖြစ်၍ အလွန်အသက်ဝင်သည်။ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ ကျန်းရှောင်နူနှင့် ရီဖျောင်ဖျောင်တို့၏ ပုံတူများက ပန်းချီကားတစ်ချပ်စီပေါ်တွင် နေရာယူထားကြသည်။ ကျန်းရီသည် သူ အထက်ဘုံတွင် အနေကြာသွားလျှင် သူမတို့၏ပုံစံကို မေ့သွားမည်စိုး၍ ထိုသို့ပုံတူရေးဆွဲထားခြင်းပင်။ သူသည် လုပ်စရာမရှိသည့် အခါတိုင်း ထိုပန်းချီကားများကို ထုတ်၍ ကြည့်တတ်ပေသည်။

ထိုအခိုက်တွင်...

အဆိပ်ဝိညာဉ်သည် ပန်းချီကားတစ်ချက်ကို ငေးကြည့်နေရင်း အကြည့်များ အလွန်စူးရှလာ၏။ သူသည် ပန်းချီကားကို အတော်ကြာ ကြည့်ပြီးနောက် ကျန်းရီထံ ရုတ်တရက် အသံပို့လွှတ်လိုက်သည်။

“ကောင်လေး... ဘာလို့ မင်းဆီမှာ သူ့ပုံတူပန်းချီ ရှိနေရတာလဲ။ မင်း ဒီပန်းချီကားထဲကလူကို သိလား”

ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူက အဆိပ်ဝိညာဉ်၏ လက်ထဲတွင် ကိုင်ထားသော ပန်းချီကားကိုကြည့်၍ ပြောလိုက်သည်။

“သူက ကျွန်တော့်အမေပဲ.. ကျွန်တော် သူ့ကို ဘယ်လိုလုပ် မသိဘဲ နေမလဲ”

“အာ...”

အဆိပ်ဝိညာဉ်၏ မျက်ဝန်းများ ရုတ်ခြည်း အရောင်လက်သွား၏။ သူ ထပ်မံ၍ အသံပို့လွှတ်လိုက်ပြန်သည်။

“သူက မင်းအမေဆိုတာ သေချာလား”

ယခုတွင် ကျန်းရီ ပို၍ နားမလည်နိုင် ဖြစ်လာပေပြီ။ သို့သော် သူ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်က အဲ့လိုကိစ္စမျိုးကို လိမ်နိုင်မှာလား”

“အဲ့ဒါဆို သူ့နာမည်ကို ငါ့ကို ပြောစမ်း။ သူက ဘယ်ကလဲဆိုတာကိုလည်းပြော”

အဆိပ်ဝိညာဉ်က ကျန်းရီ၏ တုံ့ပြန်စကားကို ကြားပြီးလျှင်ကြားပြီးချင်း အသံထပ်မံ ပို့လွှတ်ပြန်၏။ ကျန်းရီသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားလိုတော့၍ အမှန်အတိုင်းသာ ပြောလိုက်သည်။

“သူ့နာမည်က ရီဖျောင်ဖျောင်ပါ။ သူက သူတော်စင်ဝိညာဉ်ဘုံကပါ”

ဝှစ်...

ကျန်းရီ၏စကား ဆုံးသွားသောအခါ အဆိပ်ဝိညာဉ်က လှုပ်ရှားလိုက်သည်။ သူသည် ကိုယ်ခွဲရာကျော် ထုတ်လိုက်၏။ ဤတစ်ကြိမ်တွင် ကိုယ်ခွဲများက သံလွန်သွားများကို မကိုင်ထားတော့ဘဲ အနက်ရောင်လက်အိပ်များ ဝတ်ဆင်ထားကြသည်။ ထို့နောက် သူသည် ကျန်းရီကို မယုံနိုင်လောက်အောင် အံ့အားသင့်သွားစေသော ကိစ္စတစ်ခုကို လုပ်လိုက်လေသည်။ သူ၏ကိုယ်ပွားအားလုံးက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများဆီ ဦးတည်သွားလိုက်ကြသည်။

“အာ...”

ထိုအခိုက်တွင် တတိယသခင်လေးက ဆွမ်းမွှေးပင်ကို ငေးကြည့်နေခဲ့သည်။ အဆိပ်ဝိညာဉ်က သူတို့ကို ဆန့်ကျင်လိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားပေ။ ထို့ပြင် သူက အစောမှ တိုက်ပွဲကြောင့် ဒဏ်ရာအပြင်းအထန်လည်း ရထားခဲ့သည်။ သို့ဖြစ်ရာ အဆိပ်ဝိညာဉ်၏ ကိုယ်ပွားအချို့က သူ့အား တိုက်ခိုက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေတော့သည်။

“အဆိပ်ဝိညာဉ် ခင်ဗျား ရူးသွားပြီလား”

“အဆိပ်ဝိညာဉ် ခင်ဗျားက ကျုပ်တို့မျိုးနွယ်ကို သစ္စာဖောက်တာလား”

“အဲ့အမှိုက်ကောင်ကို သတ်..အား...”

ကျန်မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားသုံးယောက်က ကြောက်ရွံ့တကြီး အော်လိုက်ကြ၏။ သို့သော် သူတို့၏ ဟစ်အော်သံတစ်သံက မကြာခင်မှာပင် အော်ညည်းသံအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ စစ်ချပ်ဝတ်များကလည်း အဆိပ်ဝိညာဉ်၏ လက်သည်းများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြ၏။ ကျန်လူနှစ်ယောက်သည် ခုခံဆန်းကြယ်စွမ်းရည်များကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများက အဆိပ်ဝိညာဉ်များ၏ ခန္ဓာကိုယ်များကို ဖြတ်ဝင်သွား၏။ သူတို့နှင့် အနီးဆုံးရှိ အဆိပ်ဝိညာဉ်များက ကိုယ်ပွားများ ဖြစ်ကြောင်း ထင်ရှားပေသည်။

‘မဟုတ်သေးဘူး...’

ကျန်းရီသည် တိတ်တဆိတ် မှင်တက်နေ၏။ လူနှစ်ယောက်က ခန္ဓာကိုယ်များစွာကို တိုက်ခိုက်ခဲ့၏။ သို့သော် ၎င်းတို့အားလုံးက ပုံရိပ်သက်သက် ဖြစ်နေခဲ့ကြသည်။ ထိုစဉ် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တစ်ယောက်၏ ဘေးမှ အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်က ခန္ဓာကိုယ်အစစ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ အနက်ရောင် အဆိပ်လက်သည်းများက စစ်နတ်ဘုရား၏ စစ်ချပ်ဝတ်ကို စုတ်ဖြဲလိုက်၏။ အလယ်အလတ်အဆင့် စစ်ချပ်ဝတ်က စက္ကူတစ်စကဲ့သို့ အလွယ်တကူ စုတ်ပြဲသွားပြီး စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ကလည်း သွေးချင်းချင်းရဲသွားလေသည်။

“ထွက်ပြေးရမယ်...”

နောက်ဆုံးကျန်သော လူသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေ၏။ သူတစ်ယောက်တည်းဖြင့် အဆိပ်ဝိညာဉ်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူသည် ရူးသွပ်သွားသော နဂါးတစ်ကောင်အလား အဝေးသို့ မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးလိုက်သည်။ သို့သော် အဆိပ်ဝိညာဉ်က သူ့ထက် များစွာပိုလျင်မြန်ပေသည်။ အဆိပ်ဝိညာဉ်၏ အမြန်နှု်နးက ရှောင်လန်ထက်ပင် နှစ်ဆနီးပါး ပိုမြန်သည် မဟုတ်ပါလား။ ခန္ဓာကိုယ်တစ်ရာလောက်က ထိုလူ့ထံသို့ လျင်မြန်စွာ ပျံဝင်သွားကြသည်။ သို့ဖြင့် နောက်ဆုံးလူလည်း အလွယ်တကူ သေဆုံးသွားပေသည်။

‘ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ’

ကျန်းရီသည် ထိုမြင်ကွင်းကို ကြည့်ရင်း တဆတ်ဆတ် တုန်ယင်နေ၏။ သူ့နောက်ကျောပြင် တစ်ပြင်လုံးတွင်လည်း ချွေးများ ရွှဲနေသည်။ အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်ပြီးလျှင် ကြောက်မက်ဖွယ်အကောင်းဆုံး လုပ်ကြံရေးသမား အမျန်ပင် ဖြစ်နိုင်ပေသည်။ သူ၏ ဆန်းကြယ်စွမ်းရည်များက အဆိပ်လက်သည်းများက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည် ထို့ပြင် သူသည် ကိုယ်ပွားရာကျော် ထုတ်နိုင်ပြီး ထိုကိုယ်ပွားများထဲမှ ကြိုက်သည့်ကိုယ်ပွားကို သူ၏ခန္ဓာကိုယ်အစစ် ဖြစ်သွားအောင်လည်း လျှပ်တစ်ပြက်အတွင်း လုပ်နိုင်ပေသည်။ ယင်းစွမ်းရည်က သူ့ကို တစ်နေရာမှတစ်နေရာသို့ ရုတ်ခြည်း နေရာပြောင်းရွှေ့ခွင့်လည်း ပေးပေသည်။

ထိုကိုယ်ပွားများထဲတွင် မည်သည်က ခန္ဓာကိုယ်အစစ်ဖြစ်ကြောင်း ခွဲခြားနိုင်မည့် အားကောင်းသော စိတ်ဝိညာဉ် မရှိလျှင် မည်သူကမှ အဆိပ်ဝိညာဉ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

ဝှစ်...

ရာချီသော ကိုယ်ပွားများက တစ်ယောက်ဆီတစ်ယောက် ပျံသန်းသွားပြီး ခန္ဓာကိုယ်အစစ်တစ်ခုအဖြစ် ပြန်ပေါင်းစည်းနေကြ၏။ နောက်ဆုံး ခန္ဓာကိုယ်တစ်ခုပဲ ကျန်တော့သောအခါ အဆိပ်ဝိညာဉ်သည် ရုတ်တရက် ဒူးထောက်ချ၍ ပြောလိုက်လေသည်။

“ဝိညာဉ်မျိုးနွယ်ရဲ့ ပုန်ကန်သူ ရီဖန် အရှင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်။ အရှင်ငယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝိညာဉ်မျိုးနွယ်ဆီ ပြန်ခေါ်သွားပေးပါ”

***

All Chapters