← Chapters

သူတော်စင်ဝိညာဉ်ပန်း

Vol. 101 Ch. 1408

သူတော်စင်ဝိညာဉ်ပန်း

Vol. 101 Ch. 1408

အကြွင်းမဲ့ လှည့်စားခံနေရခြင်း...

ယင်းမှာ ကျန်းရီ၏ အခြေအနေဖြစ်သည်။ သူသည် ဘဝတွင် အနိမ့်အမြင့်များစွာကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ သို့သော် ဤအမြင့်က အတန်ငယ် မြင့်လွန်းနေသည်။ မြင့်လွန်းသဖြင့် လက်ခံရန်ပင် ခက်ခဲနေပေသည်။

အစောတွင် ကျန်းရီသည် အချိန်မရွေး သေရန် မျှော်လင့်ထားခဲ့သည်။ သို့မဟုတ် အနည်းဆုံးတော့ နှိပ်စက်ခံရနိုင်သည်။ သို့သော် ရန်သူများက အချင်းချင်း ပြန်တိုက်ခိုက်ခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျန်လေးယောက်ကို သတ်ပစ်လိုက်ပြီး ယခု သူ့အရှေ့တွင် ဒူးထောက်ကာ သူ့အား အရှင်ငယ်ဟု ခေါ်နေပေသည်။

‘ဝိညာဉ်မျိုးနွယ်ရဲ့ ပုန်ကန်သူလား’

အရှုပ်အထွေးများကြားတွင် ကျန်းရီသည် တစ်စုံတစ်ခုကို စတင် နားလည်လာသည်။ ထိုအဆိပ်ဝိညာဉ်က ကျန်းရီ၏အမေကို သိပုံပေါ်၏။ ထို့ပြင် သူက ကျန်းရီအား သူ့ကို ဝိညာဉ်မျိုးနွယ်သို့ ပြန်ခေါ်သွားစေလိုနေသည်။

အဆိပ်ဝိညာဉ်သည် ကျန်းရီ၏ ယုံကြည်မှုကို ရရန် သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းလော။

ကျန်းရီသည် တစ်စုံတစ်ခု လွဲနေကြောင်း ခံစားလိုက်ရ၏။ အဓိကပြဿနာမှာ ကိစ္စများက အလွန်တိုက်ဆိုင်လွန်းနေခြင်းပင်။ အကယ်၍ ထိုကိစ္စက သူ့ထံတွင် ဖြစ်မလာလျှင် သူ ၎င်းကို ယုံကြည်နိုင်မည် မဟုတ်ပေ။ ကျန်းရီသည် အဆိပ်ဝိညာဉ်ကို သံသယဖြင့် ကြည့်လိုက်ပြီး အဆိပ်ဝိညာဉ်က ရှေးဦးဝိညာဉ်ရတနာကို မောင်ပိုင်စီးလိုနေခြင်းလောဟု ခန့်မှန်းလိုက်၏။ ထို့ကြောင့် သူက ဟန်ဆောင်နေခြင်းလော။

ကျန်းရီသည် အကြည့်လွှဲ၍ ခြောက်ကပ်ကပ်ရယ်လိုက်သည်။

“အဆိပ်ဝိညာဉ်... ခင်ဗျားက တကယ်ကြီးလား”

အဆိပ်ဝိညာဉ်က မော်ကြည့်၍ ယုံကြည်မှုရှိရှိ ပြန်ပြော၏။

“ကျွန်တော် တကယ်ပြောတာပါ။ အခုကစပြီး အရှင်ငယ်က ကျွန်တော့်ရဲ့ အရှင်ငယ်ပါပဲ။ အရှင်ငယ်ကို ထိခိုက်အောင် လုပ်ချင်တဲ့သူတိုင်း အရင်ဆုံး ကျွန်တော်ရီဖန်ရဲ့ အလောင်းကို ဖြတ်ကျော်သွားရပါမယ်”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ကျန်းရီ ပခုံးတွန့်လိုက်၏။

“ခင်ဗျားက တကယ်ပဲ ကျွန်တော့်ကို ခင်ဗျားရဲ့အရှင်အနေနဲ့ လက်ခံတယ်ဆိုရင် ခင်ဗျားရဲ့ ဝိညာဉ်ကို ကျွန်တော့်ကို ပေးပါ။ အဲ့ဒါဆို ကျွန်တော် ခင်ဗျားကို ယုံမယ်”

“အာ...”

အဆိပ်ဝိညာဉ် တောင့်တင်းသွား၏။ သူ့မျက်ဝန်းများထဲတွင်လည်း ဒွိဟများဖြင့် ပြည့်နှက်လာသည်။ ကျန်းရီက ခပ်သဲ့သဲ့ပြုံး၏။ ထိုအဆိပ်ဝိညာဉ်က အမှန်ပင် ဟန်ဆောင်နေခြင်းပင်။ သူက ရှေးဦးဝိညာဉ်ရတနာကို မောင်ပိုင်စီးရန် ကြံနေခြင်းဖြစ်ပေမည်။ အဆိပ်ဝိညာဉ်သည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ဝိညာဉ်မျိုးစေ့ကို လွှဲပေးရင် အရှင်ငယ်က ကျွန်တော့်ကို ဝိညာဉ်မျိုးနွယ်ဆီ ခေါ်သွားပေးဖို့ အကောင်းဆုံးကြိုးစားမယ်လို့ ကတိပေးနိုင်ပါသလား”

“ကျွန်တော် ခင်ဗျားကို ဝိညာဉ်မျိုးနွယ်ဆီ ပြန်ခေါ်သွားဖို့ အကောင်းဆုံးကြိုးစားမယ်လို့ ကောင်းကင်ဘုံဧကရာဇ် သွေးသစ္စာဆိုနိုင်တယ်”

ကျန်းရီက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။ ထိုအဆိပ်ဝိညာဉ်တစ်ယောက် မည်မျှ ဆက်သရုပ်ဆောင်နိုင်မည်ကို သူ မြင်လိုပေသည်။ သို့သော် ဆက်၍ ဖြစ်လာသော အဖြစ်က သူ့ကို ဆွံ့အမှင်တက်သွားစေလေသည်။ အဆိပ်ဝိညာဉ်၏ ဦးခေါင်းထဲမှနေ၍ ရွှေရောင်ဝိညာဉ်မျိုးစေ့တစ်ခု ပျံထွက်လာပြီး ကျန်းရီ၏ခေါင်းထံသို့ ဖြည်းဖြည်းချင်း ရွေ့လျားလာပေသည်။

ရွှီး...

ကျန်းရီသည် အစကတည်းမှနေ၍ ရန်သူတစ်ယောက်က သူ့ခေါင်းထဲ ကျူးကျော်လာသကဲ့သို့ တုံ့ပြန်ခဲ့၏။ သို့သော် ဝိညာဉ်မျိုးစေ့ကို စူးစမ်းပြီးသောအခါ ၎င်းတွင် သံသယဖြစ်ဖွယ်အရာ မရှိကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် အခြားအရာများကို များစွာအရေးမစိုက်တော့ဘဲ သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ထိုဝိညာဉ်မျိုးစေ့ကို လျင်မြန်စွာ သန့်စင်လိုက်လေသည်။

“အာ...”

ဝိညာဉ်မျိုးစေ့ကို ပြီးမြောက်အောင် သန့်စင်ပြီးသောအခါ ကျန်းရီသည် အဆိပ်ဝိညာဉ်နှင့် ဝိညာဉ်ချိတ်ဆက်နိုင်လိုက်၏။ ရုတ်တရက် အရာအားလုံးက အိပ်မက်ကဲ့သို့ ခံစားလိုက်ရ၏။ ထိုကိစ္စမှာ မဖြစ်နိုင်လောက်အောင် ပြက်လုံးဆန်ပေသည်။ ဆိုရလျှင် ရယ်ချင်ဖွယ်ပင် ကောင်းသည်။ ထိုကဲ့သို့သော ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်ခဲ့မည် မဟုတ်ပေ။

“အရှင်ငယ်...”

အဆိပ်ဝိညာဉ်က အလေးအနက် ဦးညွှတ်၍ စိတ်ရင်းအမှန်ဖြင့် ပြောလိုက်၏။

“အရှင်ငယ် ကောင်းကင်ဘုံဧကရာဇ် သွေးသစ္စာ ဆိုစရာ မလိုပါဘူး။ အရှင်ငယ်သာ ကျွန်တော့်ကို ဝိညာဉ်မျိုးနွယ်ဆီ ပြန်ခေါ်သွားဖို့ အကောင်းဆုံး ကြိုးစားမယ်ဆိုရင် ကျွန်တော်ရီဖန် ကျေနပ်ပါပြီ”

“ကျွန်တော်... ကျွန်တော်...”

ထိုအခိုက်တွင် ကျန်းရီသည် အလွန်အားတုံ့အားနာ ဖြစ်နေ၏။ သူ နှာခေါင်းပွတ်ကာ အိုးတိုးအန်းတန်း ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်.. အစောတုန်းက ခင်ဗျား လိမ်နေခဲ့တာလို့ ကျွန်တော်က ထင်နေတာ။ အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားရဲ့ တောင်းဆိုချက်ကို ဘာမှသိပ်မတွေးဘဲ သဘောတူလိုက်တာ။ ရှင်းရှင်းပြောရရင် ကျွန်တော့်မှာ ခင်ဗျားကို ဝိညာဉ်မျိုးနွယ်ဆီ ပြန်ခေါ်သွားနိုင်မဲ့ အင်အား မရှိဘူး”

ကျန်းရီသည် သူတော်စင်ဝိညာဉ်ဘုံသို့ သွားလိုလျှင်ပင် မသွားနိုင်ချေ။ ယင်းအပြင် သူ ထိုဘုံသို့ ရောက်သွားလျှင်လည်း မည်သို့ ဆက်လုပ်ရမည်နည်း။ ရီဖျောင်ဖျောင်က တောင်တစ်လုံး၏ ဖိနှိပ်မှုကို ခံထားရသည်။ သို့ဖြစ်ရာ သူမသည် ဝိညာဉ်မျိုးနွယ်မှ ‌မောင်းထုတ်ခံခဲ့ရသော အဆိပ်ဝိညာဉ်ကိုလည်း ကူညီနိုင်မည် မဟုတ်ပေ။ ဝိညာဉ်မျိုးနွယ်ကဲ့သို့သော မျိုးနွယ်ကြီးတစ်ခုက ပုန်ကန်သူတစ်ယောက်ကို သေချာပေါက် ပြန်ခေါ်မည် မဟုတ်ချေ။

“အရှင်ငယ်မှာ အင်အားရှိပါတယ်”

အဆိပ်ဝိညာဉ်က တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ယုံကြည်မှုရှိရှိ ပြန်ပြော၏။

“အရှင်ငယ်သာ အရှင်ငယ်ရဲ့အမေကို ပြောလိုက်ရင် ကျွန်တော့်အတွက် ဝိညာဉ်မျိုးနွယ်ထဲ ပြန်ဝင်နိုင်မဲ့ အခွင့်အရေး ရှိလာမှာပါ”

“အမေ...”

ကျန်းရီ၏ မျက်ဝန်းများ မည်းမှောင်သွားသည်။ သူသည် အဆိပ်ဝိညာဉ်ကို ဖုံးကွယ်မထားလို၍ ပြောပြလိုက်သည်။

“အဆိပ်ဝိညာဉ်... အခု ကျွန်တော့်အမေက တောင်တစ်လုံး ဖိနှိပ်တာကို ခံထားရတယ်လို့ ပြောတယ်...”

“ကျွန်တော် သိပါတယ်”

အဆိပ်ဝိညာဉ် ပြန်ပြောသောစကားက ကျန်းရီကို လုံးဝအံ့အားသင့်သွားစေ၏။ အဆိပ်ဝိညာဉ်က ဆက်ပြောသည်။

“သခင်မလေးဖျောင်ဖျောင်က သူတော်စင်ဝိညာဉ်တောင်အောက်မှာ ဖိနှိပ်ခံထားရပါတယ်။ သူက အနိမ့်ဘုံကို လျှို့ဝှက်သွားခဲ့ပြီး သေမျိုးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်၊ ကလေးတစ်ယောက်တောင် မွေးခဲ့တယ်။ သူက မျိုးနွယ်ရဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာပဲ။ အဲ့ဒါကြောင့် သူတော်စင်တောင်အောက်မှာ ဆယ်နှစ် အပြစ်ပေးခံထားရတာပါ။ အဲ့ကိစ္စတစ်ခုလုံးက အထက်ဘုံမှာ အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့တယ်”

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို စိုက်ကြည့်၍ ခပ်သွက်သွက် မေးလိုက်၏။

“ခင်ဗျား ပြောချင်တာက ဝိညာဉ်မျိုးနွယ်မှာ အ‌မေ့ရဲ့ အဆင့်အတန်းက မနိမ့်ဘူးဆိုတာလား”

အဆိပ်ဝိညာဉ်က ခေါင်းညိတ်သည်။

“သူက မျိုးနွယ်ခေါင်းဆောင်ရဲ့ အငယ်ဆုံးသမီးပါ။ ပြီးတော့ ကျွန်တော်တို့ မျိုးနွယ်ရဲ့ အလှဆုံး သူတော်စင်ဝိညာဉ်ပန်းပါ။ သူက အထက်ဘုံရဲ့ ထိပ်တန်းအလှပဂေးဆယ်ယောက်ထဲမှာ ဒုတိယပါ”

“အာ...”

ကျန်းရီ၏ အတွေးထဲတွင် ရီဖျောင်ဖျောင်၏ မျက်နှာ ထွက်ပေါ်လာ၏။ အကြောင်းအချို့ကြောင့် သူ ရင်နာလာသည်။ ရီဖျောင်ဖျောင်က တောင်တစ်လုံးအောက်တွင် အမှန်ပင် ဆယ်နှစ်ကြာ ဖိနှိပ်ခံထားရသည်။ အနိမ့်ဘုံအချိန်နှင့်ဆိုလျှင် နှစ်တစ်ထောင်နီးပါးဖြစ်သည်။ သူမက ခန္ဓာကိုယ်နာကျင်မှုကိုသာမက တွေးကြည့်၍ပင် မရနိုင်သော စိတ်ဆင်းရဲမှုကိုလည်း ခံစားနေရပေသည်။ သူမက ကျန်းရီကို အလွန်သတိရနေပြီး သူ့အတွက် မယုံကြည်နိုင်လောက်အောင် စိုးရိမ်နေလောက်သည်။ ထိုအမျိုးသမီး၏ ဘဝက အလွန်ခါးသီးလွန်းပေသည်။ ထိုခါးသီးမှု၏ အရင်းခံမှာ ကျန်းရီနှင့် ကျန်းပိုင်လီတို့ ဖြစ်ပေသည်။

အဆိပ်ဝိညာဉ်သည် ကျန်းရီ မျက်နှာပျက်နေသည်ကို သတိမပြုမိသဖြင့် မကျေနပ်ဟန်ဖြင့် ဆက်ပြောလိုက်၏။

“အရင်တုန်းက ကျွန်တော် အမှားတစ်ခု ကျူးလွန်မိခဲ့တယ်။ အဲ့ဒါကြောင့် မျိုးနွယ်က ကျွန်တော့်ကို မောင်းထုတ်ခဲ့တယ်.. ဘယ်တော့မှ ပြန်လာခွင့် မပြုဘူး။ ကျွန်တော်ရော၊ ကျွန်တော့်ရဲ့ မျိုးဆက်တွေရောက ဝိညာဉ်မျိုးနွယ်ရဲ့ နာမည်ကို သုံးခွင့်မရှိဘူး။ ကျွန်တော်တို့ ဝိညာဉ်မျိုးနွယ်ဝင်တွေအတွက် အဲ့ဒါက အနာကျင်ရဆုံး အပြစ်ပေးမှုပါပဲ။ ဒီဘဝမှာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဆန္ဒက မျိုးနွယ်ဆီကနေ ခွင့်လွှတ်မှုရဖို့ပါပဲ။ ကျွန်တော် ကျွန်တော့်ရဲ့မျိုးနွယ်ကို ပြန်သွားချင်ပါတယ်။ ကျွန်တော်တို့ ဝိညာဉ်မျိုးနွယ်ဝင်တွေက အသေတော့ခံနိုင်တယ်... ဂုဏ်သိက္ခာတော့ အကျမခံနိုင်ဘူး...”

“အရှင်ငယ်... အရှင်ငယ်ရဲ့အမေက မျိုးနွယ်ခေါင်းဆောင်ရဲ့ အငယ်ဆုံးသမီးပါ။ သူက အမှားတစ်ခု လုပ်ခဲ့ပေမဲ့ ဆယ်နှစ်ဆိုတာ လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားမှာပါ။ မျိုးနွယ်ခေါင်းဆောင်က သူ့ကို အရမ်းချစ်ပါတယ်။ ကျွန်တော်သိသလောက်ကတော့ မျိုးနွယ်ခေါင်းဆောင်က သူ့ကို အချိန်မပြည့်ခင်မှာတင် လွှတ်ပေးလောက်မှာပါ။ အရှင်ငယ်သာ ကျွန်တော့်ကို အရှင်ငယ်နဲ့အတူ ခေါ်သွားပြီး သခင်မလေးဖျောင်ဖျောင်ဆီမှာ ကျွန်တော့်အတွက် စကားကောင်းလေးတွေ ပြောပေးရင် ကျွန်တော်ရီဖန် ကျွန်တော့်ရဲ့မျိုးနွယ်ဆီ ပြန်ခွင့်ရနိုင်မှာပါ”

ကျန်းရီသည် တဖြည်းဖြည်း စိတ်ပြန်တည်ငြိမ်လာ၏။ ယခုတွင် အဘယ်ကြောင့် အဆိပ်ဝိညာဉ်က ထိုသို့ပြုမူနေခြင်းဖြစ်ကြောင်း သူ အပြည့်အဝ နားလည်သွားပေပြီ။ ဒေသခံ နတ်ဘုရားမျိုးနွယ်ဝင်များထံတွင် မွေးရာပါ ဂုဏ်ယူဝံ့ကြွားစိတ်တစ်ခု ရှိနေပုံပင်။ သူတို့သည် မျိုးနွယ်နှင့်အတူ ပါလာသော ဂုဏ်သိက္ခာကို ဆုံးရှုံးခံရမည့်အစား အသက်သာ အသေခံကြမည့်သူများပင်။ သို့ဖြစ်၍ ကျန်းရီသည် အဘယ်ကြောင့် ရီဖျောင်ဖျောင်က ကျန်းပိုင်လီနှင့် ချစ်ကျွမ်းဝင်ခဲ့ရကြောင်းကို နားမလည်နိုင်ပေ။

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်၏။ လောလောဆယ် သူ ရီဖျောင်ဖျောင်အကြောင်းကို မတွေးသေးဘဲ နေရပေမည်။ စိတ်ဆုံးဖြတ်ပြီးနောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဒီအနီးတစ်ဝိုက်မှာ ခင်ဗျားတို့ လူတွေ ရှိသေးလား”

“မရှိတော့ပါဘူး”

အဆိပ်ဝိညာဉ်က ပြောသည်။

“ဒီတစ်ခေါက် ကျွန်တော်တို့ ငါးယောက်ပဲ လာခဲ့တာပါ။ ကျွန်တော်တို့က နတ်ဘုရားဓားပြအဖွဲ့ တချို့ကို လာဘ်ထိုးပြီး အရှင်ငယ်ကို ရှင်းပစ်ခိုင်းခဲ့တာပါ။ ဒါပေမဲ့ အရှင်ငယ်ကပဲ ဓားပြသုံးဖွဲ့ကို ရှင်းပစ်ခဲ့ပါတယ်။ ဓားပြအဖွဲ့နှစ်ဖွဲ့တော့ ကျန်သေးတယ်ဆိုပေမဲ့ သူတို့ရဲ့အင်အားက မကြီးပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင်လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”

“အဲ့ဒါဆို ဒီတိုက်ပွဲပြင်ကို ရှင်းလင်းလိုက်ပါ။ ဒီကထွက်သွားပြီးမှ တခြားကိစ္စတွေကို ဆက်ဆွေးနွေးကြတာပေါ့”

ကျန်းရီက လက်ဝှေ့ယမ်း၍ အဆိပ်ဝိညာဉ်ကို လောလိုက်၏။ ဤတစ်ခေါက်တွင် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများစွာ လာခဲ့သည်။ သူတို့ နောက်ထပ် ခြေလှမ်းမှား၍ မဖြစ်တော့ပေ။ အဆိပ်ဝိညာဉ်က ရွှမ်ယွမ်မျိုးနွယ်မှ လူများကို သတ်ပစ်ခဲ့သည်။ ထိုအကြောင်းကို မည်သူကမှ သိသွား၍ မဖြစ်ချေ။

“ကောင်းပါပြီ”

အဆိပ်ဝိညာဉ်သည် လျှပ်တစ်ပြက်အတွင်း တစ်ပတ်လှည့်လည်ပျံသန်းကာ ‌ဆေးမှုန့်တစ်မျိုး ဖြူးလိုက်၏။ ဆေးမှုန့်က တတိယသခင်လေးနှင့် အဖော်များ၏ အလောင်းများကို မီးတောက်သွားစေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် အလောင်းများက ပြာကျသွားပေသည်။

ဝှစ်...

အဆိပ်ဝိညာဉ်က သိုလှောင်လက်စွပ်အချို့ကို ယူ၍ ပြန်လာပြီး ၎င်းတို့ကို ကျန်းရီအား ပေးလိုက်၏။

“အရှင်ငယ်... ဒါတွေက အရှင်ငယ်အတွက်ပါ။ ကျွန်တော် အဲ့ဒါတွေကို မလိုအပ်ပါဘူး”

ကျန်းရီသည် ငြင်းမနေတော့ဘဲ သိုလှောင်လက်စွပ်များကို ယူလိုက်၏။ သူ ၎င်းလက်စွပ်များကို အလွယ်တကူ သန့်စင်နိုင်လိုက်ပြီး မကြာခင်မှာပင် သူ၏မျက်ဝန်းများ စတင် အရောင်လက်လာသည်။ သူသည် လက်စွပ်တစ်ကွင်းထဲမှနေ၍ ဘုံပြာသာဒ်တစ်ခုကို ထုတ်လိုက်ပြီး အတန်ကြာ သန့်စင်လိုက်၏။ ထို့နောက် မချင့်မရဲဖြင့် ခေါင်းခါကာ ပြောလိုက်သည်။

“ဒီလေဟာနယ်နတ်ဘုရားအသုံးအဆောင်က ကျွန်တော့်ရဲ့ ဟွင့်သွမ့်ချီပုလဲထက် သိပ်မကြီးဘူး...”

“အရှင်ငယ်... အရှင်ငယ်က လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခု လိုချင်လို့ပါလား”

အဆိပ်ဝိညာဉ်၏ လက်စွပ်က လင်းလက်လာ၏။ သူ လက်စွပ်ထဲမှနေ၍ ပုလဲတစ်လုံး ထုတ်ယူလိုက်သည်။

“ဒါက ကျွန်တော် အရင်တုန်းက ရထားခဲ့တဲ့ ရတနာတစ်ခုပါ။ အဲ့ဒါကို မဟာဇင်ပုလဲလို့ ခေါ်ပါတယ်။ အဲ့ပုလဲထဲက နေရာက အတော်ကျယ်ပါတယ်။ အရှင်ငယ်... အဲ့အကျယ်က လုံလောက်သလားဆိုတာ ကြည့်ကြည့်ပါလား”

အဆိပ်ဝိညာဉ်သည် မဟာဇင်ပုလဲပေါ်ရှိ သူ၏ဝိညာဉ်အမှတ်အသားကို ဖျက်ကာ ၎င်းကို ကျန်းရီအား ပေးလိုက်သည်။ ကျန်းရီသည် ထိုပုလဲကို သန့်စင်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။

“မဆိုးဘူး... အဲ့ဒါက ကျွန်တော့်ရဲ့ ဟွင့်သွမ့်ချီပုလဲထက် အဆတစ်ရာလောက် ပိုကြီးတယ်။ အဲ့ဒါ လုံလောက်ပါတယ်”

“အရှင်ငယ် အဲ့ပုလဲကို ယူလိုက်ပါ။ ကျွန်တော့်မှာ အဲ့ဒါကို သုံးစရာမရှိပါဘူး”

အဆိပ်ဝိညာဉ်က လေးလေးစားစား ပြောသည်။ ထို့နောက် သူ စိတ်ဝင်တစား မေးလိုက်သည်။

“အရှင်ငယ်... အရှင်ငယ်က ဘာလို့ ကျယ်တဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုကို လိုချင်ရတာပါလဲ။ အဲ့ဒါက...”

“ဟင်းဟင်း...”

ကျန်းရီက ရယ်၍ ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... ကျွန်တော်က သဲဝါပိုးကောင်တွေကို သိမ်းထားချင်လို့”

ဤတစ်ကြိမ်တွင် ကျန်းရီတို့သည် အဆိပ်ဝိညာဉ်ကိုသတ်ရန် ရောက်လာခဲ့ခြင်းပင်။ ယခုတွင်မူ အဆိပ်ဝိညာဉ်က သူ၏ ဝိညာဉ်ကျွန် ဖြစ်သွားပေပြီ။ ထို့ကြောင့် ကျန်းရီသည် ပြန်သွားလိုနေပြီဖြစ်သည်။ သို့သော် သူက သဲဝါပိုးကောင်များကို ပေါ်ပေါ်ထင်ထင် ခေါ်သွား၍ မရပေ။ ၎င်းတို့ကို ခေါ်သွားရန် အကောင်းဆုံးနည်းလမ်းမှာ လေဟာနယ်နတ်ဘုရားအသုံးအဆောင် တစ်ခုခုထဲထည့်၍ ခေါ်သွားရန်ဖြစ်သည်။

ကျန်းရီသည် ပြန်သွားရန် တွေးမိသောအခါ မျက်နှာထား တင်းမာလာ၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“အဆိပ်ဝိညာဉ်... ဒီတစ်ခေါက် ခင်ဗျားကို ဘယ်သူ စေလွှတ်လိုက်တာလဲ။ ရွှမ်ယွမ်ရှန်ရှန်လား ဒါမှမဟုတ် ရွှမ်ယွမ်လင်းယန်လား”

အဆိပ်ဝိညာဉ်က အတန်ငယ် တုံ့ဆိုင်းနေ၏။ သို့သော် နောက်ဆုံးတွင် သူ ပြောလိုက်ပေသည်။

“သခင်မလေးလင်းယန်ပါ”

“အဟင်း... စံအိမ်အရှင်မလင်းယန်”

ကျန်းရီ၏ ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာ၏။ ထိုအခိုက်တွင် သူ့နှလုံးသားထဲ၌ ရွှမ်ယွမ်လင်းယန်က သေလူဖြစ်သွားပေပြီ။ ကျန်းရီ၏ အကျင့်စရိုက်မှာ အမြဲထိုသို့ပင် ဖြစ်ခဲ့သည်။ သူသည် ကြင်နာမှုကို ကြင်နာမှုနှင့် ပြန်တုံ့ပြန်ကာ ရန်ငြိုးကို လက်စားချေမှုနှင့် ပြန်တုံ့ပြန်မည်ဖြစ်သည်။ တစ်ဘက်ရန်သူက မည်မျှ အင်အားကြီးသည်ကို သူ အရေးမစိုက်ပေ။ ထိုသူများကို အရင်ဆုံး သတ်ပစ်မည်သာ။

***

All Chapters