ဓားမိုး
Vol. 22 Ch. 304
လူတစ်ယောက်မှာ ကန့်သတ်ချက် စွမ်းအင်တွေ ရှိပါတယ်။ လူတစ်ယောက်က အဘက်ဘက်မှာ တော်နေဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဒါပေမဲ့ လူတစ်ယောက်က အဘက်ဘက်မှာ ထူးချွန်နေပြီ ဆိုရင်တော့ အခြားလူတွေ အတွက် ပြဿနာပါပဲ။ အဆင့်တူ နယ်ပယ် အချင်းချင်းမှာတော့ ထိုလူက အရမ်းကို အစွမ်းထက် သွားပါပြီ။
ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ...
ဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ပေးတဲ့ အပြင်အား ကျင့်စဉ်တွေပါပဲ။ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်တွေဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်တွေကို တိုးမြှင့် ပေးရုံသာမက လေ့ကျင့်သူရဲ့ စွမ်းရည်ကိုလည်း အနည်းငယ် တိုးမြှင့် ပေးနိုင်ပါတယ်။
ဥပမာ ပြောရမယ်ဆိုရင်တော့ ကီလိုဂရမ် တစ်သောင်းအား ရှိတဲ့ အပြင်အားက မြေကမ္ဘာ နယ်ပယ် အဆင့်၈ ပညာရှင်ဖြစ်တဲ့ လီဖူချန်းရဲ့ ချီအတွင်းအားကို မယှဉ်နိုင်ပေမယ့်လည်း လီဖူချန်းရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို အနည်းငယ် ပိုပြီး လျင်မြန် လာစေပါတယ်။
*****
မုယုံဒီးကတော့ ရှဟိုချောင်ရဲ့ အရှုံးကို ဝမ်းသာ ပေးရမလား ဒါမှမဟုတ် ဝမ်းနည်း ပေးရမလား ဆိုတာကို ဝေခွဲမရတော့ပါဘူး။
"ဟား……ဟား……ဟား……။ ရှဟိုရှန်…… အစောပိုင်းကလို ကြီးကြီးကျယ်ကျယ်တွေ ပြောပါဦးလား……။ ဟမ်…… မင်းရဲ့ ရှဟိုချောင်က လီဖူချန်းကို ရှုံးသွားပြီ မဟုတ်ဘူးလား……"
မုယုံပထျန်ကတော့ ရှဟိုရှန်ကို ကောင်းကောင်းကြီး လှောင်ပြောင် နေပါပြီ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူက လီဖူချန်းရဲ့ ပညာရပ် ပေါင်းစုံမှာ ထူးချွန်နေတာကို အရမ်း အံ့အားသင့်မိ ပါတယ်။ ဒါပေမဲ့ လီဖူချန်းက မြေကမ္ဘာနယ်ပယ်မှာ ရှိသေးတာ ဖြစ်တဲ့အတွက် အဲဒီကိစ္စက မုယုံပထျန် အတွက် သိပ်အရေး မကြီးသေးပါဘူး။ အခုချိန်မှာ သူ့အတွက် အရေးအကြီးဆုံး ကတော့ ရှဟိုရှန်ကို ပြန်ပြီး လှောင်ဖို့ပါပဲ။
ရှဟိုရှန်ကတော့ မုယုံပထျန်ကို ပြန်တောင် မပြောနိုင်တော့ပါဘူး။ သူက အလွန်အမင်းကို အရှက်ရ နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက သူ့ကို လှောင်ပြောင်နေတဲ့ မုယုံပထျန်ရဲ့ ပါးစပ်ကြီးကို ဓားဖြင့် ဆွဲဖြဲ လိုက်ချင်ပါတယ်။ သူက စိတ်ကို အတင်း ချုပ်တည်းပြီး နေနေရတာပါ။
ရှဟိုရှန် အတွက်ကတော့ ရှဟိုချောင် ရှုံးသွားတာနဲ့ ပတ်သက်ပြီး ဘာမှ မခံစားရပါဘူး။ ဒါက ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့အတွက် အရှုံးနဲ့ အနိုင် နှစ်ခုသာ ရှိမှာပါပဲ။ ဒါပေမဲ့ မုယုံပထျန်ရဲ့ လှောင်ရယ်သံ ကြီးကတော့ တကယ်ကို ခံစားရ ခက်လွန်းပါတယ်။
ရှဟိုချောင်ကို အနိုင်ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ဆက်တိုက်နိုင်ပွဲက ပွဲ၄၀အထိ ရှိလာခဲ့ပါပြီ။
ပွဲ၄၀ ဆက်တိုက် နိုင်ပွဲ ရတယ်ဆိုတာက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။
အခုဆိုရင် ပွဲ၄၀ ဆက်တိုက် အနိုင်ရထားသူတွေက ၁၀ယောက်သာ ရှိပါတော့တယ်။
အဲဒီသူတွေကတော့ ကြယ်ဘုရင်၃ပါး ၊ သခင်လေး ၆ယောက်ထဲက ၄ယောက် ၊ နတ်မိမယ် ၄ဖော်ထဲက ၂ ဖော်နဲ့ လီဖူချန်းတို့ပါပဲ။
၄၁ပွဲ ဆက်တိုက် နိုင်ပွဲ ...
၄၂ပွဲ ဆက်တိုက် နိုင်ပွဲ ... ... …
သည်လိုနဲ့ပဲ လီဖူချန်းရဲ့ ဆက်တိုက်နိုင်ပွဲက ၄၅ ပွဲအထိ ရှိလာခဲ့ပါပြီ။
လီဖူချန်းရဲ့ ပြိုင်ဘက်တွေက သူ့ရဲ့ ဓားကွက် တစ်ကွက်ကိုတောင် မခံနိုင်ခဲ့ပါဘူး။
လူတွေအားလုံးရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက် အတွင်းကို သေချာပေါက် ဝင်နေပါပြီ။
မေးစရာ တစ်ခုပဲ ရှိပါတယ်။ လီဖူချန်းက အဆင့်ဘယ်လောက်မှာ ရပ်တည်နေနိုင်မှာလဲ ... …။
အဆင့်၉လား ...
အဆင့် ၁၀ လား ...
ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ အဆင့်လား ... …။
ဒါပေမဲ့ အဆင့်မြင့်မြင့်ကို လိုချင်ရင်တော့ ပိုခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရမှာပါပဲ။ ဘယ်အရာမှတော့ လွယ်လွယ်ကူကူ မရပါဘူး။
သခင်လေး ၆ယောက်ထဲမှာ ဆိုရင် မုယုံဒီးနဲ့ ရှဟိုချောင်က လွဲပြီး ကျန်တဲ့ သူတွေက တကယ့် ထိပ်သီးတွေပါပဲ။
ပွဲစဉ် ၂၅၀၀ ကို အရောက်မှာတော့ ... …
ဝုန်း ...
လီဖူချန်းနဲ့ ဓားပျံသခင်လေး လျိုဖေးယွင်တို့ရဲ့ ကျောက်တုံး မဏ္ဍိုင်တွေက ပြိုင်တူနီးပါး နိမ့်ဆင်းသွားခဲ့ပါပြီ။
" အိုး…… လီဖူချန်းနဲ့ လျိုဖေးယွင်တို့ ထိပ်တိုက် တွေ့ကြပြီဟေ့……"
" လီဖူချန်း ကို လျိုဖေးယွင်ပါ ရှုံးသွားရင်တော့ ကျန်တဲ့ သခင်လေးတွေ အနေနဲ့ အခြေအနေ သိပ်မကောင်းဘူး။ နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်က လွဲလို့ပေါ့……"
" ငါကတော့ လီဖူချန်း ဘယ်လောက် အစွမ်းထက်ထက် နဂါးဓား သခက်လေး ချူးယီကိုတော့ နိုင်မယ် မထင်ဘူး"
" လေပြင်းသခင်လေး ဟန်ရိမင်ရဲ့ ကိုယ်ဖော့ ပညာကလည်း အရမ်း အစွမ်းထက်တာကွ။ လီဖူချန်းက ဘယ်လိုလုပ်ပြီး ဟန်ရိမင်ကို ထိအောင် တိုက်နိုင်မှာလဲ…"
" တော်ကြတော့ဟေ့ … ပါးစပ်ပိတ်ပြီးသာ ကြည့်စမ်းပါ"
" ဘာလို့တော်ရမှာလည်း… မင်းပါးစပ်ကို ငှားပြီး ပြောနေတာလား…"
လူငယ်တွေကတော့ အကြီးအကျယ် ငြင်းခုံနေကြပါပြီ။
ဟူး…
အရိပ်တစ်ခုက သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်း လာခဲ့ပါတယ်။ ထိုသူကတော့ လျိုဖေးယွင်ပါပဲ။ ကိုယ်ဖော့ပညာက လျိုဖေးယွင် ရဲ့ အထူးချွန်ဆုံး ပညာရပ်တွေထဲမှာ ပါဝင်ပါတယ်။ ဒီတစ်ကြိမ် ကျားနဂါးပြိုင်ပွဲရဲ့ အကောင်းဆုံး ကိုယ်ဖော့ပညာရှင်တွေကို စာရင်းပြုစု လိုက်မယ် ဆိုရင် လျိုဖေးယွင်က ထိပ်ဆုံး၅ယောက် အတွင်းမှာ သေချာပေါက် ပါမှာပါ။
လျိုဖေးယွင်က စင်မြင့် တစ်ဖက်ခြမ်းမှာ ရပ်နေတဲ့ လီဖူချန်းကို ကြည့်လိုက်ပြီး တည်ကြည် လေးနက်စွာဖြင့်
"လီဖူချန်း……။ ငါ့ဘဝမှာ လေးစားအားကျတဲ့ သူဆိုလို့ သိပ်မရှိခဲ့ဘူး။ မင်းက ငါလေးစား အားကျတဲ့ သူတွေထဲက တစ်ယောက်ပါ။ သည်တိုက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင်၊ ဘယ်သူပဲ ရှုံးရှုံး အရေးမကြီးဘူး။ ငါက မင်းနဲ့ တိုက်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ် "
ဓားသိုင်းပညာချင်း ယှဉ်မယ်ဆိုရင်တော့ သူက လီဖူချန်းကို ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာ သိထားပြီးပါပြီ။ အဲဒီအတွက် လျိုဖေးယွက်က သူ့ရဲ့ ဓားပျံပစ်ခတ်ခြင်း လျှို့ဝှက် နည်းစနစ်ကိုပဲ အားထား ရတော့မှာပါ။
သူ့ရဲ့ ဓားပျံပစ်ခတ်ခြင်း လျှို့ဝှက်နည်း စနစ်ဟာ အထက်ကောင်းကင်ဘုံ ဓားဂိုဏ်းရဲ့ ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်တွေထဲ အခက်ခဲဆုံး လျှို့ဝှက်နည်းစနစ် ဖြစ်ပါတယ်။
ဒီလျှို့ဝှက်နည်း စနစ်ကို လေ့ကျင့်မယ့် လူတစ်ယောက်ဟာ အစွမ်းထက်တဲ့ အသိစိတ်အာရုံနဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင် ထားရပါမယ်။ အထက် ကောင်းကင်ဘုံ ဓားဂိုဏ်းရဲ့ လူငယ်မျိုးဆက်တွေ ထဲမှာတော့ လျှိုဖေးယွင် တစ်ယောက်သာလျှင် ဓားပျံပစ်ခတ်ခြင်း လျှို့ဝှက်နည်း စနစ်ကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားနိုင်တာ ဖြစ်ပါတယ်။
ပြီးတော့ လျှိုဖေးယွင်က ဒီဓားပျံပစ်ခတ်ခြင်း လျှို့ဝှက်နည်းစနစ်ကို ကိုယ်ပိုင် ပစ်ခတ်နည်း ပုံစံတစ်ခုအဖြစ် စတင် ဖန်တီး နေနိုင်ပါပြီ။
" ကျွန်တော်ကလည်း အစ်ကိုလျိုနဲ့ တိုက်ခိုက်ခွင့်ရတာကို ဂုဏ်ယူပါတယ်"
လီဖူချန်းကလည်း ပြန်ပြောလိုက်ပါတယ်။
" သတိထားတော့ "
စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် လျိုဖေးယွင်ရဲ့ လက်ထဲမှာ ဓားပျံတစ်လက် ပေါ်ထွက်လာခဲ့ပါပြီ။
လျိုဖေးယွင်က လီဖူချန်းကို ဓားသိုင်းချင်း ယှဉ်တိုက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ သူက ပွဲစပြီ ဆိုတာနဲ့ ဓားပျံကို ထုတ်သုံး ပါတော့တယ်။
ရွှီး ...
အေးစက်တဲ့ အငွေ့အသက်ရှိတဲ့ အလင်းတန်း တစ်ခုကတော့ လေဟာနယ်ကို ဖြတ်သန်းပြီး လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါပြီ။
သည်အလင်းတန်းက အလွန်လျင်မြန်တယ် ဆိုပေမယ့်လည်း လီဖူချန်းကို ဒုက္ခပေးနိုင်တဲ့ အဆင့်မှာတော့ ရှိမနေပါဘူး။ သူက ခေါင်းကို အသာအယာ ငဲ့စောင်းကာ ရှောင်တိမ်း လိုက်ပါတယ်။
လဖေးယွင်က ပစ်လိုက်တဲ့ ပထမဆုံးဓားပျံက ရန်သူရဲ့ အခြေအနေကို အကဲစမ်းတဲ့ ပုံပင်။
" အိုး…… သူ့ရဲ့ အသိစိတ်အာရုံ "
လျိုဖေးယွင်က လီဖူချန်းရဲ့ ထူးကဲလှတဲ့ အသိစိတ်အာရုံကို အသိအမှတ် ပြုလိုက်ပါပြီ။ အစောပိုင်းတုန်းက သူပစ်လိုက်တဲ့ ဓားပျံက လီဖူချန်းရဲ့ ဦးခေါင်းကို ချိန်ရွယ်ပြီးတော့ ပစ်ခတ် လိုက်တာပါ။ ကြည့်ရတာတော့ လီဖူချန်းက ဓားပျံရဲ့ ဦးတည်ရာ ပစ်မှတ်ကို ခန့်မှန်း နိုင်တဲ့ ပုံပင်။
လီဖူချန်းနဲ့ ကိုယ်တိုင်ကိုယ်ကျ မတိုက်ခိုက်သေးဘဲနဲ့တော့ သူ့ရဲ့ အသိစိတ် အာရုံ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာကို သိမှာ မဟုတ်ပါဘူး။
ပြီခဲ့တဲ့တစ်ခေါက် ကျားနဂါး ပြိုင်ပွဲတုန်းကဆိုရင် မိုးကြိုး ကြယ်ဘုရင် စီးတုလေ့ တစ်ယောက်သာ သူ့ရဲ့ ဓားပျံကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်ခဲ့တာပါ။
သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာ သူ့ရဲ့ဓားပျံကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်သူ အချို့ ပေါ်လာနိုင်တယ် ဆိုတာကိုလည်း လျိုဖေးယွင် တစ်ယောက် ခန့်မှန်းထားပြီးပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းလို သူ့ရဲ့ ဓားပျံကို အလွယ်တကူ ရှောင်တိမ်းနိုင်တဲ့ လူတစ်ယောက် ပေါ်လာ လိမ့်မယ်လို့ လျိုဖေးယွင်အနေနဲ့ လုံးဝ မခန့်မှန်း ထားမိပါဘူး။
ရွှီး…… ရွှီး…… ရွှီး…… ရွှီး……
လျိုဖေးယွင် သူ့ရဲ့ လက်ကို အဆက်မပြတ် လှုပ်ရှားလိုက်ပါတယ်။
မတူညီတဲ့ အရှိန် အမျိုးမျိုးနဲ့ ဓားပျံတွေဟာ လီဖူချန်းဆီကို နေရာ အမျိုးမျိုးကနေ ပြေးဝင် လာခဲ့ပါပြီ။ အချို့သော ဓားပျံတွေဆိုရင် လမ်းတစ်ဝက်မှာ အချင်းချင်း တိုက်မိပြီး လားရာတွေတောင် ပြောင်းကုန် ပါသေးတယ်။ လျိုဖေးယွင်ရဲ့ ဓားပျံ ပစ်ခတ်နည်းကတော့ တကယ်ကို နက်နက်သိမ်မွေ့ လွန်းလှပါတယ်လေ။
ဖတ်……ဖတ်…… ဖတ်……
လီဖူချန်းက ကိုယ်ပွားတွေက ပေါ်လာပြီး အရပ်လေးမျက်နှာကို ခုန်ထွက် သွားကြပါပြီ။ လျိုဖေးယွင်ရဲ့ ဓားပျံတွေကတော့ ပစ်မှတ်ကို လွဲချော် ခဲ့ပြန်ပါတယ်။
" ဟုတ်ပြီလေ…… မင်းဘယ်လောက်အထိ ရှောင်နိုင်မလဲဆိုတာကို ကြည့်ကျသေးတာပေါ့ ……"
လျိုဖေးယွင်က သူ့ရဲ့ဓားပျံတွေကို ရှောင်ပြနေတဲ့ လီဖူချန်းအပေါ်မှာ ဒေါသ ထွက်လာခဲ့ပါပြီ။ လီဖူးချန်းရဲ့ လုပ်ပုံက သူ့ရဲ့ ' ပစ်မလွဲ လျိုဖေးယွင်' ဆိုတဲ့ ဘွဲ့ထူးကို သိက္ခာချနေတာနဲ့ အတူတူပါပဲ။
" လက်ချောင်း၁၀၀ ဓားပျံ ပစ်ခတ်ခြင်း "
လျိုဖေးယွင်ရဲ့ အနောက်မှာ မသဲမကွဲ အရိပ်ကြီး တစ်ခု ပေါ်လာခဲ့ပါပြီ။ အဲဒီ အရိပ်ကြီးမှာတော့ လက်တွေ အများကြီး ရှိနေပြီး လက်တိုင်းမှာလည်း ဓားပျံ တစ်ချောင်းစီကို ကိုင်ဆောင်ထားပါတယ်။ အဲဒီဓားပျံတွေက ပုံရိပ်ယောင်တွေ လိုပါပဲ။
" သည်တစ်ခါ ရှောင်နိုင်ရင် ရှောင်စမ်း "
လျိုဖေးယွင်ရဲ့ ညာဘက် လက်တစ်ချက် အလှုပ်မှာတော့ ဓားပျံပေါင်း မြောက်များစွာက လီဖူချန်းဆီကို ပြေးဝင်သွားခဲ့ပါပြီ။
သည်မြင်ကွင်းက ဘာနဲ့ တူနေသလည်းဆိုတော့ အရွယ်ရောက်နေတဲ့ ဒေါင်းတစ်ကောင်ဟာ သူ့ရဲ့ အမြီးကို ဖြန့်ပြီး လီဖူချန်းကို အုပ်ချလိုက် သလိုပါပဲ။ ဓားပျံအရိပ်တွေက စင်မြင့် တစ်ဝက်လောက်ကို ဖုံးလွှမ်း သွားခဲ့ပါပြီ။
" ဒါကြောင့်လည်း ဓားပျံ သခင်လေးလို့ အမည်တွင်နေတာကိုး "
လီဖူချန်းက သူ့ရဲ့ လေနက် ကိုယ်ပွားသုံးခု ကိုယ်ဖော့ပညာကို အစွမ်းကုန် သုံးထားသလို သူ့ရဲ့ အသိစိတ် အာရုံကိုလည်း ဖြန့်ကြက်ထားခဲ့ပါတယ်။ လီဖူချန်းရဲ့ လှုပ်ရှားမှုနှုန်းက ဘယ်လောက်အထိ မြန်လည်းဆိုရင် စင်မြင့် တစ်ဝက်လောက်ကို သူ့ရဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက် သွားပါတယ်။ မသိရင်တော့ တစ်ချိန်တည်းမှာ လီဖူချန်းတွေ အများကြီး ပေါ်လာခဲ့သလိုပါပဲ။
ထန်…… ထန်…… ထန်…… ထန် ...
ဓားပျံတွေကတော့ ပစ်မှတ်ကို မထိဘဲ သိုင်းစင်မြင့် မျက်နှာပြင်ပေါ်ကိုသာ စိုက်ဝင် သွားခဲ့ပါတယ်။ အဲဒီထဲက ဓားအချို့ကတော့ သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားပြီး အချို့ကတော့ သိုင်းစင်မြင့် မျက်နှာပြင်ပေါ်မှာ စိုက်လျက်သား ကျန်နေခဲ့ပါတယ်။
" ငါ့ရဲ့ လက်ချောင်းတစ်ရာ ဓားပျံပစ်ခတ်ခြင်း တောင်မှ သူ့ကို ဘာမှ မလုပ်နိုင်ဘူးလား……"
လျိုဖေးယွင်က အတော်လေး မျက်နှာ ပျက်နေခဲ့ပါပြီ။
သူ့ရဲ့ လက်ချောင်းတစ်ရာ ဓားပျံပစ်ခတ်ခြင်း နည်းစနစ်က တစ်ဖက်လူရဲ့ ရှောင်တိမ်းပုံနဲ့ အရပ် အနိမ့်အမြင့်ကို တွက်ချက်ပြီး ပစ်ခတ်ရတဲ့ နည်းစနစ် ဖြစ်ပါတယ်။ လျိူဖေးယွင်က လီဖူချန်း ရှောင်တိမ်း နိုင်လောက်တဲ့ နေရာတွေကိုပါ တွက်ချက် ထားခဲ့တာပါ။ အချက်အလက်နဲ့ ပြောရမယ် ဆိုရင်တော့ သူ့ရဲ့ သည်တစ်ခါ ဓားပျံ ပစ်ခတ်ပုံက လုံးဝကို ဟာကွက် မရှိပါဘူး။ လီဖူချန်းအနေနဲ့ ဘယ်လိုလုပ်ပြီး သည်ဓားပျံတွေကို ရှောင်တိမ်း သွားသလဲ ဆိုတာကို လျိုဖေးယွင် တစ်ယောက် နားမလည် နိုင်တော့ပါဘူး။
လီဖူချန်းရဲ့ မျက်လုံးတွေဟာ သူပစ်လွှတ် လိုက်တဲ့ ဓားပျံတွေရဲ့ လားရာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ် ဆိုတာကို လျိုဖေးယွင် တစ်ယောက် မသိတာကတော့ သနားစရာပါပဲ။
လီဖူချန်းက သူ့ဆီကို အရင် ရောက်လာမယ့် ဓားပျံတွေ၊ နောက်ကျပြီးတော့ ရောက်လာမယ့် ဓားပျံတွေ၊ သူရှောင်တိမ်းမယ့် ဘက်ကို ကြိုပစ်ထားတဲ့ ဓားပျံတွေ နဲ့ သူ့ကို ဒုက္ခပေးနိုင်မယ့် ဓားပျံတွေ အားလုံးကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရပါတယ်။
အဲဒီအတွက် လီဖူချန်းအနေနဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာကို ချိန်ဆပြီးတော့ ဓားပျံတွေကို ရှောင်ရုံပါပဲ။
လီဖူချန်းက ဓားပျံတွေကို လွတ်လွတ် ကျွတ်ကျွတ် ရှောင်ပြီးပြီ ဆိုတာနဲ့ တန်ပြန်တိုက်စစ် စတင်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ လျိုဖေးယွင်က သူ့ကို အော်ပြောလာပါတယ်။
" လီဖူချန်း… ငါ့ရဲ့ သည်တစ်ကြိမ်ပစ်တဲ့ ဓားပျံကို ခုခံနိုင်မယ် ဆိုရင် ငါမင်းကို ကျေကျေနပ်နပ်ကြီး အရှုံးပေးလိုက်မယ်။ "
လျိုဖေးယွင်ရဲ့ ချီအရှိန်အဝါတွေက အမြင့်ဆုံး အခြေအနေ တစ်ခုအထိ ရောက်ရှိ သွားခဲ့ပါပြီ။ သူ့ရဲ့ နောက်မှာ ရှိနေတဲ့ ဝိုးတဝါး ပုံရိပ်ကြီးကလည်း ပိုပြီး ထင်ရှားပီသ လာခဲ့ပါတယ်။
" လက်ချောင်း ၁၀၀ နဲ့ ဓားမိုး "
လျိုဖေးယွင်က သူ့ရဲ့ လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး ဓားပျံတွေကို ပစ်ခတ် လိုက်ပါပြီ။
ရွှီး… ရွှီး… ရွှီး… ရွှီး…
လျိုဖေးယွင် ပစ်လိုက်တဲ့ ဓားပျံတွေက ရေတွက်လို့တောင် မရတော့ပါဘူး။ အဲဒီထဲက ဓားပျံ အချို့ဟာ ပုံရိပ်ယောင်တွေနဲ့ တူသလို အချို့ဓားပျံတွေက လေဟာနယ်ထဲမှာတင် ပျောက်ဆုံး ကုန်ပါတယ်။ လျိုဖေးယွင်က သူ့မှာရှိသမျှ ဓားပျံတွေ အကုန်လုံးကို အိတ်သွန်ဖာမှောက် ထုတ်ပြီး ပစ်ခတ်လိုက်တဲ့ ပုံပါပဲ။ လီဖူချန်းဆီကိုတော့ ဓားမိုးတွေ ရွာကျလာခဲ့ပါပြီ။
***