← Chapters

အထက်ဘုံကို လှုပ်ခတ်ရမည်လော

Vol. 101 Ch. 1409

အထက်ဘုံကို လှုပ်ခတ်ရမည်လော

Vol. 101 Ch. 1409

“ဒီသားရဲလေးက...”

အဆိပ်ဝိညာဉ်က ကျန်းရီကို မြေအောက်ထဲသို့ ခေါ်သွားပေး၏။ မြေအောက်ထဲ ရောက်သောအခါ သားရဲလေး၏ တစ်ခုတည်းသော ဦးချိုက အဆက်မပြတ် လင်းလက်လာသည်။ ၎င်း၏ဦးချိုမှ အလင်းက သဲဝါပိုးကောင်အားလုံးကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်သွားစေ၏။ အဆိပ်ဝိညာဉ်၏ စွမ်းရည်များအရ သူသည် အဘယ်သို့ သားရဲလေး၏ အံ့အားသင့်ဖွယ်စွမ်းအားကို သတိမပြုမိဘဲ နေပါမည်နည်း။ ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ဖုံးကွယ်မနေလို၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့ဒါက ရှေးဦးဝိညာဉ်ရတနာလေ။ သဲဝါပိုးကောင်တွေကို ထိန်းချုပ်တာလည်း သူပဲ”

“ပစ္စည်းကောင်းပဲ”

အဆိပ်ဝိညာဉ်က အံ့အားသင့်သော‌ လေသံဖြင့် ပြောလိုက်၏။

“အရှင်ငယ်... အရှင်ငယ်က တကယ့်ကို သခင်မလေး‌ဖျောင်ဖျောင်ရဲ့ သားပဲ။ အရှင်ငယ်က မိုးမြေရဲ့ စွမ်းအားကြီး မိစ္ဆာတစ်ကောင်ကို အရှင်ငယ့်နောက်ကို လိုက်လာစေနိုင်တယ်။ အရှင်ငယ်ရဲ့ အလားအလာက အကန့်အသတ်မဲ့ပဲ”

ကျန်းရီသည် အိုးတိုးအန်းတန်း ရယ်လိုက်ပြီး မည်သို့မှ ပြန်မပြောတော့ပေ။ လက်ရှိအခိုက်တွင် သူနှင့် ထိုသားရဲလေး၏ ဆက်ဆံရေးက မဆိုးလှဟု ဆိုနိုင်သည်။ သို့သော် ၎င်းက သူ့ကို ၎င်း၏ပိုင်ရှင်အဖြစ် အသိအမှတ်မပြုသေးပေ။ ထို့ကြောင့် သားရဲလေးက အရွယ်တစ်ခု ရောက်လာလျှင် သူ့အား စွန့်ခွာသွားမည်ကို ကျန်းရီ စိုးရိမ်နေရပေသည်။ ထိုကဲ့သို့သော စွမ်းအားကြီး သားရဲတစ်ကောင်က ၎င်းထက် အားနည်းသူတစ်ယောက်နောက်သို့ မလိုက်လောက်သည် မဟုတ်ပါလော။

ကျန်းရီသည် ထိုကိစ္စများကို နောင်ခါလာနောင်ခါဈေးအဖြစ်သာ သဘောထားလိုက်၏။ လောလောဆယ်တွင် ထိုသားရဲလေးအား သဲဝါပိုးကောင်ငါးသောင်းကို ထိန်းချုပ်၍ မဟာဇင်ပုလဲထဲသို့ ထည့်ပေးဖို့ ခိုင်းရပေမည်။

သဲဝါပိုးကောင်များကို သိမ်းပြီးနောက်တွင် ကျန်းရီက အဆိပ်ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။

“သွားကြစို့... ကျွန်တော်တို့ ရွှမ်ယွမ်လင်းယန်နဲ့ စာရင်းရှင်းဖို့ နတ်သိမ်းငှက်မြို့ကို ပြန်ကြမယ်”

“အရှင်ငယ်... ကျွန်တော် တစ်ခုလောက် တောင်းဆိုလို့ ရမလား”

အဆိပ်ဝိညာဉ်၏ မျက်ဝန်းများထဲတွင် ဒွိဟတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ပြောလိုက်သည်။

“ပြောပါ”

အဆိပ်ဝိညာဉ်သည် အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်၏။

“အရှင်ငယ် ရွှမ်ယွမ်လင်းယန်ကို မသတ်ဘဲ နေလို့ရမလား။ အရင်တုန်းက ကျွန်‌တော် မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လိုက်ဖမ်းတာကို ခံခဲ့ရတုန်းက သခင်မလေးရွှမ်ယွမ်က ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာပါ။ သူက ကျွန်တော့်ကို အသုံးချချင်လို့ဆိုတာ ကျွန်တော် သိပေမဲ့၊ ဒီနှစ်တွေအတွင်းမှာ ကျွန်တော် သူ့အတွက် ကိစ္စတွေအများကြီး လုပ်ပေးခဲ့ပေမဲ့ သူက ကျွန်တော့်ရဲ့အသက်ကို ကယ်ပေးခဲ့တဲ့သူ မဟုတ်လား။ ကျွန်‌တော် သူ့အပေါ် အသက်ကြွေးတင်နေပါတယ်။ ကျွန်တော် အဆိပ်ဝိညာဉ်က ဘဝတစ်လျှောက်လုံးမှာ မကောင်းတဲ့အလုပ်တွေ အများကြီးလုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အပေါ် ကြင်နာမှု ပြခဲ့တဲ့သူတွေကိုလည်း ကျေးဇူးပြန်ဆပ်ခဲ့ပါတယ်...”

“အဲ့လိုကိုး...”

ကျန်းရီ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ အဆိပ်ဝိညာဉ်က သူ၏ ဝိညာဉ်ကျွန်ဖြစ်သည်။ သူ ရွှမ်ယွမ်လင်းယန်ကို သတ်ရန် ကြိုးစားလျှင်လည်း အဆိပ်ဝိညာဉ်က မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုတွင် အဆိပ်ဝိညာဉ်က သူ၏ မိတ်ဆွေတစ်ယောက်ကဲ့သို့ ဖြစ်နေပေပြီ။ အဆိပ်ဝိညာဉ် ရင်ကွဲရမည့်အဖြစ်ကို ကျန်းရီ မလိုလားပေ။ ထို့ကြောင့် သူ ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကျွန်တော် သူ့ကို မသတ်ရင် ရပြီမလား”

“ဟုတ်ကဲ့ ရပါပြီ”

အဆိပ်ဝိညာဉ်က ခေါင်းတဆတ်ဆတ်ညိတ်၏။ ကျန်းရီ ငါးခူပြုံး ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ဘဲ အခြားအရာကို မေးလိုက်သည်။

“ဟုတ်သား.. အဆိပ်ဝိညာဉ်.. အရင်တုန်းက ခင်ဗျားက မြို့တစ်မြို့လုံးနဲ့ မျိုးနွယ်စုတစ်ခုလုံးကို သတ်ပစ်ခဲ့တယ်လို့ ပြောကြတယ်။ အဲ့လိုကိစ္စက တကယ်ပဲ ဖြစ်ခဲ့တာလား”

“ဟုတ်ပါတယ်”

အဆိပ်ဝိညာဉ်က ခေါင်းညိတ်သည်။

“ဒါပေမဲ့ ကျွန်တော်က ချင်မျိုးနွယ်က လူတွေကိုပဲ သတ်ခဲ့တာပါ။ အပြစ်မဲ့တဲ့သူတွေကို မသတ်ခဲ့ပါဘူး။ မြို့ထဲနဲ့ မျိုးနွယ်စုထဲက လူအများစုက ချင်မျိုးနွယ်နဲ့ ပတ်သတ်တဲ့ မျိုးနွယ်တစ်ခုကပါ။ ကျွန်တော် သူတော်စင်ဝိညာဉ်ဘုံက မောင်းထုတ်ခံခဲ့ရတုန်းက ကျွန်တော့်ရဲ့မိန်းမကို ‌ခေါ်ပြီး တိရှဘုံကို လာခဲ့ပါတယ်။ တိရှဘုံကိုရောက်တော့ ပထမဆုံးတွေ့တဲ့ မြို့တစ်မြို့မှာ အခြေချနေခဲ့ပါတယ်။ ကျွန်တော်တို့က သိုသိုသိပ်သိပ် နေချင်ခဲ့တာပါ။ ဒါပေမဲ့ မြို့အရှင်ရဲ့သားက ကျွန်တော့်ရဲ့မိန်းမကို လိုချင်ခဲ့ပါတယ်။ ကျွန်တော် တာဝန်တစ်ခု သွားထမ်းဆောင်နေချိန် သူက ကျွန်တော့်မိန်းမကို အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့ပါတယ်။ ကျွန်တော် မြို့ကို ပြန်ရောက်လာတော့ ဒေါသထွက်ပြီး ချင်မျိုးနွယ်ဝင်အကုန်လုံးကို သတ်ပစ်လိုက်ပါတယ်။ တစ်ယောက်ကိုမှ ချမ်းသာမပေးခဲ့ပါဘူး...”

“ကောင်းတယ်...”

ကျန်းရီ အော်ပြောလိုက်၏။ သို့သော် ရုတ်ခြည်းပင် တစ်စုံတစ်ခု လွဲနေကြောင်း သူ ခံစားလိုက်ရသည်။ ချင်မျိုးနွယ်မှ သခင်လေးက အမှန်ပင် မှားခဲ့သော်လည်း သက်ကြီးရွယ်အိုများနှင့် မုဆိုးမများက အပြစ်မရှိသည် မဟုတ်လော။

ကျန်းရီ ခေါင်းခါလိုက်သည်။ ထိုအရာအားလုံးက အတိတ်တွင် ဖြစ်ခဲ့ခြင်းပင်။ ၎င်းတို့ကို ဆက်ဆွေးနွေးနေလျှင်လည်း မည်သည့်အကျိုးမှ မရှိပေ။ သူ အဆိပ်ဝိညာဉ်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့.. ကျွန်တော် ခင်ဗျားကို ဝိညာဉ်မျိုးနွယ်ဆီ ပြန်ခေါ်သွားဖို့ နည်းလမ်းတစ်ခု ရှာမှာပါ။ ကျွန်တော်တို့ သူတော်စင်ဝိညာဉ်ဘုံကို ရောက်ရင် ကျွန်တော် ခင်ဗျားရဲ့ ဝိညာဉ်မျိုးစေ့ကို ပြန်ပေးပါမယ်”

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်ငယ်”

အဆိပ်ဝိညာဉ်က ကျေးဇူးတင်စွာဖြင့် လက်ဆုပ်လိုက်၏။ ကျန်းရီသည် အဆိပ်ဝိညာဉ်၏ ဝိညာဉ်မျိုးစေ့ကို ချက်ချင်း ပြန်ပေးလို၏။ သို့သော် အတန်ကြာ ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ အဆိပ်ဝိညာဉ်က ကြောက်မက်ဖွယ်ကောင်းသူတစ်ယောက် မဟုတ်ပါလား။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် သဲဝါမြို့ဆီသို့ ဦးတည်ပျံသန်းနေကြ၏။ ယခုတွင် အဆိပ်ဝိညာဉ်က ရှောင်လန်နှင့် တူနေပေပြီ။ တစ်ချက်တစ်ချက်တွင် ကျန်းရီပင် အဆိပ်ဝိညာဉ်က အမှန်ပင် ရှောင်လန်ဟု တွေးမိသွားတတ်သည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်၏ ရုပ်ဖျက်အတတ်ကို သူ စိတ်ထဲမှ ချီးကျူးလိုက်ရသည်။

ကျန်းရီသည် ရှောင်လန်ကို တွေးမိသောအခါ အဆိပ်ဝိညာဉ်က သူ့အား ပြန်ပေးထားသော ဟွင့်သွမ့်ချီပုလဲကို ချက်ချင်း ထုတ်လိုက်၏။ သူ ပုလဲအတွင်းသို့ အာရုံခံကြည့်လိုက်ရာ ရှောင်လန်က သတိမေ့နေသေးကြောင်း တွေ့ရသည်။ ကျန်ဟိုင်က ရှောင်လန်ကို ပြုစုပေးနေသည်။ ကျန်းရီသည် ကျန်ဟိုင်ထံ အသံပို့လွှတ်၍ သူ ဘေးကင်းပြီး ဖြစ်ပျက်ခဲ့သည်များကို နတ်သိမ်းငှက်မြို့ရောက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ဤတစ်ခေါက်တွင် ကျန်းရီနှင့်အတူ အဆိပ်ဝိညာဉ် ပါလာ၍ လမ်းတစ်လျှောက်၌ မည်သည့်အနှောင့်အယှက်နှင့်မှ မတွေ့ရပေ။ ကျန်းရီသည် သဲဝါမြို့သို့ ရောက်သောအခါ ချက်ချင်း တည်နေရာမပြောင်းရွှေ့ဘဲ အနားယူရန် နေရာတစ်ခု ရှာလိုက်၏။ သူက သေဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် အရိုးများထဲအထိ ပင်ပန်းနွမ်းနယ်နေပေသည်။

ကျန်းရီသည် ဆယ့်ခြောက်နာရီကြာအောင် အိပ်စက်လိုက်၏။ နိုးလာသော အခါတွင်မူ ကျန်းရီ လန်းဆန်းနေပေပြီ။ အိပ်စက်ခြင်းက ဆေးကောင်းတစ်လက်ပင်။ ကျန်းရီသည် အခန်းကို လှည့်ပတ်ကြည့်လိုက်သော်လည်း အဆိပ်ဝိညာဉ်ကို မတွေ့သဖြင့် လေသံတိုးတိုးဖြင့် အော်ခေါ်လိုက်၏။

“အဆိပ်ဝိညာဉ်...”

ဝှစ်...

တစ္ဆေကဲ့သို့ အရိပ်တစ်ခု ပျံထွက်လာ၍ ကျန်းရီ လန့်သွား၏။ ထို့နောက် သူ စိတ်ပြန်ငြိမ်သွားမှ အဆိပ်ဝိညာဉ်ကို ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျား အထဲကို ဘယ်လို ဝင်လာတာလဲ”

“ကျွန်တော်က တစ်ချိန်လုံး အခန်းထဲမှာ ရှိနေခဲ့တာပါ”

အဆိပ်ဝိညာဉ်က ပြုံး၍ ဆိုသည်။

“ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ ထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခုပါ... ပုန်းကွယ်ခြင်းအတတ်လို့ ခေါ်ပါတယ်”

“ပုန်းကွယ်ခြင်းအတတ်တဲ့လား”

ကျန်းရီ၏ မျက်ဝန်းများ ပြူးကျယ်သွား၏။ ထို့နောက် သူ ပြောလိုက်သည်။

“ကျွန်တော်လည်း ပုန်းကွယ်ခြင်းအတတ်ကို သိတယ်”

“ဟားဟားဟား”

အဆိပ်ဝိညာဉ်က ရယ်လိုက်၏။

“အရှင်ငယ်ရဲ့ အတတ်က တုပထားတဲ့အတတ်တစ်ခုပဲ။ အဲ့ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ ဆန်းကြယ်စွမ်းရည်ကို အခြေခံပြီး ထွင်ထားတဲ့အတတ်ပါ။ သာမန်နတ်ဘုရားဘုရင်တွေတောင် အရှင်ငယ်ရဲ့ ပုန်းကွယ်ခြင်းအတတ်ကို ဖောက်မြင်နိုင်တယ်မလား။ ကျွန်တော့်ရဲ့ ပုန်းကွယ်ခြင်းအတတ်ကိုတော့ ဘွဲ့ထူးရ စစ်နတ်ဘုရားတွေနဲ့ အဲ့အထက်အဆင့်က သူတွေကလွဲလို့ တခြားဘယ်သူကမှ ဖောက်မမြင်နိုင်ပါဘူး။ ဒါတောင် အဲ့ဘွဲ့ထူးရ စစ်နတ်ဘုရားတွေက အားကောင်းတဲ့ စိတ်ဝိညာဉ်ရှိမှာ မြင်နိုင်မှာပါ။ သာမန်စစ်နတ်ဘုရားတွေက ဘယ်လိုမှ မြင်နိုင်မှာ မဟုတ်ပါဘူး”

“စွမ်းလှပါလား”

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ခေတ္တကြာပြီးနောက် သူ ဆက်ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... အခု ကျွန်တော်တို့ သူတော်စင်ဝိညာဉ်ဘုံကို သွားကြတော့မှာလား။ ကျွန်တော် ကျွန်တော့်အမေကို သွားရှာချင်တယ်”

“သွားလို့မရသေးဘူး”

အဆိပ်ဝိညာဉ်က ခေါင်းခါသည်။

“အခု ကျွန်တော်တို့ ပြန်သွားရင် သခင်မလေးဖျောင်ဖျောင်ကို မရှာနိုင်ရုံတင်မကဘူး အရှင်ငယ်ပါ အသတ်ခံရနိုင်ပါတယ်။ ကျွန်တော်တို့မျိုးနွယ်ဝင်တွေက သခင်မလေးဖျောင်ဖျောင် အနိမ့်ဘုံကို လျှို့ဝှက်ပြီးဆင်းသွားခဲ့တာကို အရမ်းရှက်စရာကောင်းတဲ့ကိစ္စလို့ မြင်နေကြပါတယ်...”

“အဲ့ဒါလည်း ဟုတ်တာပဲ”

ကျန်းရီ၏ အကြည့်က မည်းမှောင်လာ၏။ အဆိပ်ဝိညာဉ်က ကိစ္စများကို ရှင်းရှင်းလင်းလင်း ရှင်းမပြသော်လည်း ကျန်းရီသည် သူ့စကား၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်ပေသည်။ ဝိညာဉ်မျိုးနွယ်အတွက် ရီဖျောင်ဖျောင်က သေမျိုးတစ်ယောက်နှင့် ကလေးရခဲ့သောကိစ္စမှာ အလွန်အရှက်ရဖွယ်ကောင်းသောကိစ္စ ဖြစ်သည်။ ကျန်းရီမှာ ထိုအလွန်အရှက်ရဖွယ်ကိစ္စ၏ ရလဒ်ဖြစ်ပေသည်။

ယခုတွင် ကျန်းရီ သူတော်စင်ဝိညာဉ်ဘုံတွင် ထွက်ပေါ်လာပါက ဝိညာဉ်မျိုးနွယ်ခေါင်းဆောင်က အလွန်ဒေါသူပုန်ထသွားပေလိမ့်မည်။ ထိုအခါ သူ ချက်ချင်း အသတ်ခံလိုက်ရနိုင်သည်။ သူ အသတ်မခံရလျှင်ပင် ဘုံထဲမှ ‌‌မောင်းထုတ်ခံရနိုင်သည်။ အကျိုးဆက်အနေနှင့် ရီဖျောင်ဖျောင်ကလည်း ပိုကြီးလေးသော ပြစ်ဒဏ်များကို ခံလာရနိုင်သည်။

“အဲ့ဒါဆို ကျွန်တော် သူတော်စင်ဝိညာဉ်ဘုံကို ဘယ်တော့မှ မသွားရတော့ဘူးလား”

ကျန်းရီသည် မည်သို့လုပ်ရမည်မသိတော့သဖြင့် စိတ်ပျက်စွာ ရေရွတ်လိုက်၏။ သူသည် သူ၏ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့လည်း ခံစားနေရသည်။ အဆိပ်ဝိညာဉ်သည် ကျန်းရီကို ကြည့်၍ ခေါင်းခါကာ ပြောလိုက်၏။

“အရှင်ငယ် သွားနိုင်ပါတယ်။ ဒါပေမဲ့ မသွားခင် အရှင်ငယ် အဆင့်တစ်ခု၊ ကျော်ကြားမှုတစ်ခုတော့ ရှိနေရမယ်။ အရှင် အထက်ဘုံတစ်ခုလုံးကို လှုပ်ခတ်နိုင်ရင် မျိုးနွယ်ခေါင်းဆောင်က အရှင်ငယ်ကို လက်ခံပြီး သခင်မလေးဖျောင်ဖျောင်ကို စောစောလွှတ်ပေးဖို့ နှစ်ကြိမ်ပြန်တွေးမှာ မဟုတ်ပါဘူး”

“အထက်ဘုံကို လှုပ်ခတ်ရမှာလား”

ကျန်းရီ၏ ရင်ထဲတွင် ထွက်ပေါ်လာခါစ မျှော်လင့်ချက်က ထပ်မံ ပျောက်ဆုံးသွား၏။ သူ ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော် အဲ့လိုလုပ်နိုင်ဖို့ အချိန်ဘယ်လောက်တောင် ကြာမှာလဲ။ တစ်နှစ်လား၊ ဆယ်နှစ်လား။ ဒါမှမဟုတ် နှစ်တစ်ရာလား”

“အရှင်ငယ် စိတ်ဓာတ်မကျပါနဲ့”

အဆိပ်ဝိညာဉ်က ယုံကြည်မှုရှိရှိ ပြော၏။

“အရှင်ငယ်မှာ ရှေးဦးဝိညာဉ်ရတနာတစ်ခု ရှိနေတာပဲ။ အရှင်ငယ်ရဲ့ တိုက်ခိုက်စွမ်းအားက အရမ်းမြန်မြန် တိုးတက်လာမှာပါ။ အရှင်ငယ်ရဲ့ စွမ်းရည်တွေ တိုးတက်လာအောင်လည်း ကျွန်တော်က ကူညီပေးမှာပါ။ အချိန်ကျလာတဲ့အခါကျ အရှင်ငယ် သူတော်စင်ဝိညာဉ်ဘုံကို ခေါင်းမော့ရင်ကော့ပြီး ပေါ်ပေါ်ထင်ထင် သွားနိုင်မှာပါ”

“ဟုတ်တယ်...”

ကျန်းရီ၏ မျက်ဝန်းများ ပြန်တောက်ပလာသည်။ သားရဲလေးမှာ ယခုမှ မွေးကင်းစအရွယ်သာ ရှိသေးသည်ဟု ဆိုနိုင်သည်။ သို့ပင်လျှင် ၎င်းက သဲဝါပိုးကောင်များကို ထိန်းချုပ်နိုင်နေပေပြီ။ အကယ်၍ ကျန်းရီက ၎င်း ကြီးထွားဖို့အတွက် စွမ်းအားကြီးမီးတောက်များကို ရှာပေးလျှင် သို့မဟုတ် အထူး ‘အစာ’ကို ရှာပေးလျှင် ၎င်းသည် ပို၍စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်များကို ထုတ်သုံးနိုင်လာလောက်ပေသည်။

ယခုတွင်ပင် သဲဝါပိုးကောင်များကြောင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများက ကျန်းရီကို အလွယ်တကူ ရန်မပြုနိုင်တော့ပေ။ ကျန်းရီ အထက်ဘုံကို တက်လာခဲ့သည်မှာ အချိန်မည်မျှသာ ရှိသေးသနည်း။ ဤနှုန်းအတိုင်းဆိုလျှင် မကြာခင်တွင် သူ အထက်ဘုံတစ်ခုလုံးကို လှုပ်ခတ်နိုင်ပေလိမ့်မည်။ ထိုအခါ သူ သူတော်စင်ဝိညာဉ်ဘုံထဲသို့ ခေါင်းမော့ရင်ကော့ကာ ဝင်သွားပြီး ရီဖျောင်ဖျောင်ကို သူတော်စင်ဝိညာဉ်တောင်အောက်မှ ကယ်တိုင်နိုင်မည်ဖြစ်သည်။

“အမေ... ကျွန်တော့်ကို စောင့်နေပါ။ အမေ့ရဲ့သားက အမေ့ကို သေချာပေါက် လာကယ်မှာပါ”

ကျန်းရီ ရေရွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် သူ ထရပ်လိုက်သည်။

“သွားကြစို့... ကျွန်တော်တို့ နတ်သိမ်းငှက်မြို့ကို ပြန်ကြမယ်”

***

All Chapters