အနက်ရောင်မိုးကျောက်တုံးများ
Vol. 101 Ch. 1411
ကျန်းရီသည် အခန်းအကာရံက်တွေ့ရဲတော့မည် မဟုတ်ပေ။ ယခုတွင် ကျန်းရီထံ၌ သူမ၏ ဝစ်လစ်စလစ် ပန်းချီကား ရှိနေသည်။ ၎င်းပန်းချီကားမှာ အလွန်လည်း အသက်ဝင်သည်။ အကယ်၍ ထိုပန်းချီကားသာ အပြင်သို့ ပျံ့နှံ့သွားလျှင် သူမသည် သူမ၏မျိုးနွယ်အတွက် သူမကိုယ်သူမ သတ်သေရလောက်ပေသည်။
အတော်ကြာပြီးနောက် ရွှမ်ယွမ်လင်းယန်သည် ခေါင်းမော့၍ မျက်လုံးမျာများကို ဖွင့်၍ အပြင်သို့ ရဲတင်းစွာ လျှောက်သွား၏။ ရွှမ်ယွမ်လင်းယန်က ချက်ချင်း ထခုန်ရပ်ကာ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် သူမသည် အခန်းထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်၍ အချိန်အတော်ကြာ ငိုနေလိုက်၏။ ဤတစ်ခေါက်တွင် သူမ အမှန်တကယ် ကြောက်ရွံ့ခဲ့ခြင်းပင်။ သူမသည် ကျန်းရီနှင့် ထပ်မံ၍ ထိပ်တိုး ဖွင့်ကြည့်လိုက်၏။ သူမက တစ်စုံတစ်ခုကို မေ့နေခဲ့ခြင်းပင်။ သူမ၏ ကိုယ်ပေါ်၌ မည်သည့်အဝတ်အစားမှ မရှိသေးချေ။ ယခု သူမတွင် သိုလှောင်လက်စွပ် ရှိမနေသဖြင့် အဝတ်အစားအသစ်များလည်း မရှိချေ။ သူမက အဝတ်မပါဘဲ အခန်းထဲမှ ထွက်သွား၍ မဖြစ်သည် မဟုတ်လော။ သို့မဟုတ် သူမ အခန်းထဲမှာပင် ထာဝရ ပုန်းအောင်းနေရမည်လော။
“ကျန်းရီ... ရှင် အသေဆိုးနဲ့သေပါစေလို့ ကျွန်မ ဆုတောင်းတယ်”
မိစ္ဆာသတ်ဖြတ်စံအိမ်၏ အနောက်ဘက်ခြံဝန်းထဲတွင် အမုန်းတရားများနှင့် ပြည့်နှက်နေသည့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၍ အစောင့် နတ်ဘုရားဘုရင်အချို့ပင် ကြက်သီးထသွားကြသည်။ သူတို့သည် မည်သို့လုပ်ရမည်ကို မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤတစ်ခေါက်တွင် ကျန်းရီက မည်သည့်အရာကို လုပ်ခဲ့၍ ရွှမ်ယွမ်လင်းယန်က သူ့အား ထိုမျှမုန်းတီးနေသည်ကို သူတို့ မသိပါပေ။
နောက်ဆုံးတွင် ရွှမ်ယွမ်လင်းယန်သည် စားပွဲခင်းအစွန်းကို စုတ်ဖြဲ၍ သူမကိုယ်ကို ရစ်ပတ်လိုက်၏။ ထို့နောက် အပြင်ဘက်ရှိ နတ်ဘုရားဘုရင်များထံ အသံပို့လွှတ်လိုက်ကာ အမျိုးသမီးအစေခံတစ်ယောက်ကို ရှာ၍ အခန်းထဲ အဝတ်အစားအချို့ ပို့စေလိုက်ဖို့ ခိုင်းလိုက်၏။ သူမသည် အဝတ်အစားများ ဝတ်ဆင်ပြီးသောအခါ တစ်စုံတစ်ယောက်အား သူမ၏ နတ်ဘုရားအမြုတေပေါ်မှ ချိပ်စည်းကို ဖွင့်စေလိုက်သည်။ ယင်းနောက် နှောင့်နှေးခြင်းမရှိဘဲ နတ်ဘုရားသိမ်းငှက်မြို့သို့ ချက်ချင်းသွားကာ အဝေးသို့ တည်နေရာပြောင်းရွှေ့သွားလေတော့သည်။
အဆိပ်ဝိညာဉ်က ရွှမ်ယွမ်လင်းယန်ကို သစ္စာဖောက်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရွှမ်ယွမ်လင်းယန်၏ အကြီးဆုံး ထောက်တိုင်ကြီး ပြိုကျသွားပေပြီ။ ယခုတွင် နတ်သိမ်းငှက်မြို့နှင့် နတ်သိမ်းငှက်မျိုးနွယ်စုတို့ကို ကျန်းရီ၏အပိုင် ဖြစ်နေ၍ ထိုနေရာများ၌ ဆက်နေလျှင် သူမ အချိန်မရွေး အန္တရာယ်ကြုံရနိုင်သည်။ ကံဆိုးလျှင် အသတ်ပင်ခံရနိုင်သည်။ ထို့ကြောင့် သူမသည် ထွက်သွားနိုင်သည်နှင့် ချက်ချင်းထွက်သွားခြင်းဖြစ်ပြီး မည်သည့်အခါတွင်မှ ပြန်မလာလိုတော့ပေ။
***
“အရှင်ငယ် သူ ထွက်သွားပါပြီ”
ရွှမ်ယွမ်လင်းယန် ထွက်သွားပြီး မကြာခင်မှာပင် အဆိပ်ဝိညာဉ်က ကျန်းအိမ်တော်၏ အနောက်ခြံဝန်းထဲသို့ လွင့်မျောလာပြီး ကျန်းရီကို တင်ပြလိုက်၏။ အဆိပ်ဝိညာဉ်က အတန်ငယ် စိုးရိမ်ဟန်ဖြင့် ပြောသည်။
“အရှင်ငယ်... အဲ့ဒါက နည်းနည်း တရားလွန်တယ်လို့ မထင်ဘူးလား။ သူက အဲ့ကိစ္စကို သူ့မိသားစုကို တင်ပြလိုက်ရင် ဘယ်လိုလုပ်မလဲ။ ရွှမ်ယွမ်မျိုးနွယ်က သေချာပေါက် ဒေါသူပုန်ထသွားမှာပဲ”
“ကျွန်တော်က ဘာလုပ်ခဲ့လို့လဲ”
ကျန်းရီက ရွှင်ပြစွာ ပြုံးလိုက်၍ အဆိပ်ဝိညာဉ် မှင်တက်သွား၏။ အဆိပ်ဝိညာဉ်သည် မိစ္ဆာသတ်ဖြတ်စံအိမ်၏ အနောက်ခြံဝန်းထဲတွင် တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ခြင်းပင်။ ရွှမ်ယွမ်လင်းယန်က မုန်းတီးစွာ ဟစ်အော်၍ အဝတ်များ တောင်းခဲ့စဉ်တွင် သူ ထိုနေရာတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ကျန်းရီက ရွှမ်ယွမ်လင်းယန်ကို ဖျက်ဆီးခဲ့ပြီဟု သူ မှားယွင်းကာ ထင်မိနေခြင်းဖြစ်ပေသည်။
ထိုအခိုက်တွင် ကျန်းရီ၏ သရော်တော်တော် မျက်ဝန်းများကို မြင်လိုက်သောအခါ အဆိပ်ဝိညာဉ် သဘောပေါက်သွားသည်။ ကျန်းရီက အခန်းထဲတွင် တစ်ခဏမျှသာ နေခဲ့ခြင်းပင်။ ကျန်းရီက ငယ်ရွယ်၍ သန်မာသူတစ်ယောက်ဖြစ်၍ ထိုမျှ မမြန်နိုင်ပေ။ ထိုသို့တွေးမိမှ အဆိပ်ဝိညာဉ် ပြုံးနိုင်တော့သည်။
“ဘာဖြစ်လို့လဲ အရှင်ငယ်။ သူက လှတယ်လို့ မထင်လို့လား။ သခင်မလေးရွှမ်ယွမ်က တိရှဘုံက အရမ်းကျော်ကြားတဲ့ အလှပဂေးလေးတစ်ယောက်ပဲ”
“ကျွန်တော် စိတ်မဝင်စားဘူး”
ကျန်းရီက ပခုံးတွန့်၍ သက်ပြင်းချကာ ဆိုသည်။
“အခု ကျွန်တော့်ဆီမှာ သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပြီ။ သူက သေချာပေါက် ဒီကိစ္စကို သူ့မျိုးနွယ်ဆီ တင်ပြမှာ မဟုတ်ဘူး။ သူ ကျွန်တော်တို့ကိုလည်း ထပ်ပြီးတော့ အကွက်ဆင်ရဲတော့မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်က မိုလင်းချိုးနဲ့ ပတ်သတ်နေတယ်လို့ သူ ထင်နေတာမလား။ သူ အဲ့ကိစ္စကို တင်ပြလိုက်ရင်တောင် ရလဒ်က သူ့အတွက်ကောင်းမှာ မဟုတ်ပါဘူး။ နောက်ဆုံးကျတော့ သူ့ရဲ့ဂုဏ်သိက္ခာပဲ ထိခိုက်ရမှာ”
“အာ...”
အဆိပ်ဝိညာဉ်က စိတ်ဝင်တစား မေး၏။
“အရှင်ငယ်က မိုလင်းချိုးနဲ့ ပတ်သတ်မနေဘူးလား။ အဲ့ဒါဆို ဘာလို့ သူက အရှင်ငယ်ကို မြို့အရှင်ရာထူး ပေးရတာလဲ။ ကောလာဟလတွေက ပြောတာကတော့ အရှင်ငယ်က မိုလင်းချိုးနဲ့ ဆွေမျိုးတော်တယ်တဲ့”
“အဲ့အကြောင်းတွေ မပြောဘဲ နေကြတာပေါ့”
ကျန်းရီက လက်ဝှေ့ယမ်း၍ ဆက်ပြောသည်။
“အခုကစပြီး ခင်ဗျား လူမြင်ကွင်းမှာ ထွက်ပေါ်မလာသင့်ဘူး... ပုန်းကွယ်ပြီးပဲ နေသင့်တယ်။ ပြီးတော့ ထူးခြားတဲ့ မိုးမြေမီးတောက်တွေ၊ ရွှေရောင်မီးကျောက်တွေ၊ အနက်ရောင်မိုးကျောက်တွေနဲ့ ထျန်းချီပန်းကို ကျွန်တော် ဘယ်မှသွားရမယ်ဆိုတာကိုလည်း စုံစမ်းပေးပါဦး။ ခင်ဗျား အဲ့ဒါတွေအကြောင်းကို သတင်းရရင် ကျွန်တော့်ဆီ ချက်ချင်း တင်ပြပါ”
“နားလည်ပါပြီ”
အဆိပ်ဝိညာဉ်က လေထဲတွင် လွင့်မျောပျောက်ကွယ်သွား၏။ ကျန်းရီသည် အဆိပ်ဝိညာဉ်က ထွက်သွားပြီလော၊ မထွက်သွားသေးဘူးလောကိုပင် မသိပေ။ မည်သို့ပင်ဖြစ်စေ သူ ခေတ္တမျှ ထိုင်နေပြီးနောက် ရှောင်လန်နှင့် ကျန်ဟိုင်တို့ နှစ်ယောက်စလုံးကို အပြင်သို့ ထုတ်ပေးလိုက်သည်။ ရှောင်လန်က သတိမေ့နေဆဲပင်။ သူ၏ ဒဏ်ရာများက အတော်လေး ပြင်းထန်ပေသည်။ ကျန်ဟိုင်သည် အပြင်သို့ ရောက်လျှင်ရောက်ချင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ သူက နတ်သိမ်းငှက်မြို့သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သောအခါ သူ အလွန်ဝမ်းမြောက်သွား၏။ ထို့နောက် သူ စိတ်လှုပ်တရှားဖြင့် မေးလိုက်သည်။
“မြို့အရှင်ကျန်း... ကျွန်တော့်ဝမ်းကွဲညီနဲ့ တခြားသူတွေကရော...”
“သေပြီ”
ကျန်းရီ လေးလံစွာ ပြောလိုက်သည်။ ထို့နောက် သူသည် သူ၏လက်စွပ်ထဲမှနေ၍ သိုလှောင်လက်စွပ်လေးကွင်းကို ထုတ်၍ ၎င်းတို့ကို ကျန်ဟိုင်အား ပစ်ပေးလိုက်၏။
“အဲ့လက်စွပ်တွေထဲမှာ ရတနာတွေနဲ့ နတ်ဘုရားအမြစ်တွေ ရှိတယ်။ အဲ့ဒါတွေကို ကျန်မေ့နဲ့ တခြားတပ်မှူးတွေရဲ့ မိသားစုတွေဆီ ခွဲဝေပေးလိုက်ပါ”
ကျန်ဟိုင်သည် သိုလှောင်လက်စွပ်များကို ဖမ်းယူ၍ အာရုံခံကြည့်လိုက်၏။ ရုတ်ခြည်း သူ မျက်နှာထား ပြောင်းသွားသည်။ ထိုသိုလှောင်လက်စွပ်များထဲတွင် ရတနာများနှင့် နတ်ဘုရားအမြစ်များ များစွာ ပါပေသည်။ ထိုသိုလှောင်လက်စွပ်လေးကွင်းက ရွှမ်ယွမ်မျိုးနွယ်၏ တတိယသခင်လေးနှင့် အခြားသူသုံးယောက် ပိုင်ဆိုင်သော လက်စွပ်များပင်။ မိစ္ဆာတသ်ဖြတ်စစ်နတ်ဘုရား လေးယောက်က ရတနာများစွာကို စုဆောင်းထားနိုင်သည် မဟုတ်ပါလော။
“မြို့အရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်”
ကျန်ဟိုင်သည် ကျေးဇူးတင်စွာ ဒူးထောက်လိုက်၏။ ကျန်းရီက မျက်လုံးမှိတ်ကာ ပြန်ပြောလိုက်သည်။
“အဲ့ဒါတွေက ဘာလောက်မှ မရှိပါဘူး။ ကျန်မေ့နဲ့ တခြားသူတွေက ကျွန်တော့်ကြောင့် သေသွားရတာပါ။ တစ်နေ့နေ့ကျ ကျွန်တော် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာရင် သူတို့ရဲ့ မျိုးဆက်တွေကို သေချာပေါက် ကောင်းကောင်းဂရုစိုက်ပေးမှာပါ”
“အရှင်...”
ကျန်းရီ၏ စိတ်ရင်းကို ခံစားလိုက်ရသောအခါ ကျန်ဟိုင်တစ်ယောက် ရင်ထဲထိသွား၏။ သူသည် ကြမ်းပြင်ကို ထိသည်အထိ ဦးညွှတ်ကာ ပြောလိုက်လေသည်။
“အရှင်က ဖြောင့်မတ်လွန်းပါတယ်။ ကျွန်တော်တို့က အရှင့်အတွက် ဘယ်လိုလုပ် အသက်မပေးဘဲ နေနိုင်မှာပါလဲ”
ကျန်းရီသည် ကျန်ဟိုင်ကို ထွက်သွားရန် လက်ဟန်ပြလိုက်၏။ ထို့နောက် သူသည် ဂူမူ၊ ဟဲဝေနှင့် တပ်မှူးလျှိုတို့ကို ဆင့်ခေါ်ကာ ရှောင်လန်ကို ခေါ်သွား၍ ကုသပေးရန် အမိန့်ပေးလိုက်သည်။ ဟဲဝေသည် အခန်းထဲမှ ပြန်ထွက်မသွားခင်တွင် အတန်ငယ် စိတ်ဓာတ်ကျနေပုံပေါ်သော ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီက မည်သည့်ကိစ္စများနှင့် ကြုံတွေ့ခဲ့ရကြောင်းကို ဟဲဝေ မသိပေ။ သို့သော် ကျန်းရီက သူနှင့် ပို၍ ပို၍ ဝေးကွာလာသည်ကို သူ ခံစားနေရပေသည်။
အမှန်တွင် ကျန်းရီက ဝေးကွာသွားခြင်း မဟုတ်ပေ။ ဟဲဝေသည်သာ သူနှင့် ကျန်းရီတို့က အထက်ဘုံသို့ တစ်ချိန်တည်းတွင် တက်လှမ်းခဲ့သော်လည်း သူက တပ်မှူးတစ်ယောက်၏ သားဖြစ်၍ ကျန်းရီတို့ထက် ပိုအဆင့်အတန်းမြင့်သည်ဟု တွေးခဲ့မိခြင်းကြောင့်ဖြစ်သည်။ ဟဲဝေသည် သူ၏တိုးတက်နှုန်းက ကျန်းရီနှင့် အခြားလူသစ်များထက် ပိုမြန်လိမ့်မည်ဟုလည်း တွေးခဲ့ပေသေးသည်။
သို့သော် ယခုတွင် ကျန်းရီက မြို့အရှင်တစ်ယောက် ဖြစ်နေရုံသာမက တိထျန်းအဆင့် သိုင်းသမားတစ်ယောက်ကိုလည်း ကိုယ်ရံတော်အဖြစ် ရထားသေးသည်။ ဤတစ်ကြိမ်တွင် ထိုတိထျန်းအဆင့် သိုင်းသမားက အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ကျန်းရီကမူ အောင်အောင်မြင်မြင် ပြန်လာနိုင်ခဲ့သည်။
ဟဲဝေသည် ကျန်းရီ၏ မျက်နှာကို မြင်သောအခါ ကိစ္စများက သူထင်ထားသလောက် မရိုးရှင်းကြောင်း သိလိုက်သည်။ ကျန်းရီ ရင်ဆိုင်နေရသော ကိစ္စများက အလွန်ရှုပ်ထွေးသည်ဟု ဟဲဝေခံစားနေရသည်။ ယင်းတို့က သူ ကိုင်တွယ်နိုင်မည့် ကိစ္စမျိုး မဟုတ်လောက်ပေ။ ယင်းတို့ကို သူ့အဖေပင် မကိုင်တွယ်နိုင်လောက်ချေ။ ထို့ကြောင့် ဟဲဝေသည် ဤတစ်ကြိမ်တွင် အတန်ငယ် လမ်းပျောက်သကဲ့သို့ ခံစားနေရခြင်းဖြစ်ပေသည်။
“ဟုတ်သား... အစ်ကိုဟဲ”
ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်၍ လှမ်းပြောလိုက်၏။
“ကောင်းကင်ကြယ်တာရာနယ်နမိတ်က အစီအရင် ပြီးသွားပြီလားဆိုတာကို အစ်ကို ကျွန်တော့်ကိုယ်စား လက်ထောက်စံအိမ်အရှင်ကို မေးပေးလို့ရမလား။ အမဲလိုက်တမန်တော်တချို့ကို တစ်ချက်လောက် သွားကြည့်ခိုင်းပေးဖို့ သူ့ကို ပြောပေးပါ”
“အင်းပါ”
ဟဲဝေက ခပ်ရေးရေး ပြုံးလိုက်၏။ သို့သော် သူ မျက်နှာလွှဲလိုက်သောအခါ သူ့မျက်နှာပေါ်တွင် ခါးသီးမှုများ ပြည့်နှက်သွားပေသည်။ ကျန်းရီ၏ လေသံမှာ ယခင်ကနှင့် တစ်ပုံစံတည်းပင်။ သို့သော် ကျန်းရီက ကိစ္စများစွာကို တွေ့ကြုံခဲ့လောက်ပြီး ရှုပ်ထွေးသောအရာများစွာကို ကိုင်တွယ်ခဲ့ရလောက်သဖြင့် ယခု သူ၏လေသံထဲ၌ ဝံ့ဝါမှုအချို့ ပါနေသလိုပင်။ ဟဲဝေသည် ယင်းကို စိတ်မရှိပါပေ။ အမှန်တွင် ထိုဝံ့ဝါမှုမှာ အခြေအမြစ်ရှိသည်ဟုပင် သူ ခံစားရသည်။ ကျန်းရီက မြို့အရှင် မဟုတ်ပါလား။
ဟဲဝေသည် အပြင်သို့ ရောက်သောအခါ ကောင်းကင်ထက်ရှိ ကြက်သွေးရောင်လနှစ်စင်းကို မော့ကြည့်၍ သူ့အနေဖြင့် ကျန်းရီ၏ လက်အားငယ်သား ဆက်လုပ်မည်လော သို့မဟုတ် နတ်သိမ်းငှက်မြို့မှ ထွက်သွားကာ သူ့အဖေကို သွားရှာရမည်လောဟု တွေးတောလိုက်လေသည်။
အားလုံး ထွက်သွားပြီးနောက် ကျန်းရီသည် သူ၏မီးဝိညာဉ်ပုလဲထဲရှိ ကောင်းကင်ဝါးမျိုသားရဲလေးကို အာရုံခံလိုက်၏။ ၎င်းက အိပ်စက်နေသေးပြီး သူ့ကို လျစ်လျူရှုနေကြောင်း တွေ့လိုက်ရသောအခါ ကျန်းရီ ငိုင်တိုင်တိုင်ဖြင့် ထိုင်နေလိုက်သည်။
ဤတစ်ခေါက်တာဝန်က မအောင်မြင်ခဲ့သော်လည်း ကျန်းရီအတွက် အကျိုးအမြတ်များစွာ ရခဲ့သည်။ သို့သော် ယခုတွင် သူသည် အထီးကျန်ဆန်မှုကို ပို၍ခံစားလာရပေသည်။ သူတော်စင်ဝိညာဉ်တောင်၏ ဖိနှိပ်မှုကို ခံထားရသော ရီဖျောင်ဖျောင်နှင့် မင်ရည်တောင်ပံမျိုးနွယ်တွင် ပိတ်မိနေသော ကျန်းရှောင်နူတို့ကို တွေးမိသောအခါ ကျန်းရီ ရင်နာလာသည်။
ကျန်းရီသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းမှ ကိစ္စများကို တွေ့ကြုံခဲ့ပြီးနောက် ပိုရင့်ကျက်တည်ငြိမ်လာသည်။ သူသည် ယခင်ကကဲ့သို့ အလျင်စလိုဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်သို့သွားကာ တာဝန်အသစ် လက်မခံလိုက်ပေ။ ပြီးခဲ့သော တာဝန်မှာ ထောင်ချောက်တစ်ခု ဖြစ်ခဲ့သည်။ သူ ကိစ္စတစ်ခုကို ပိုလုပ်လိုလေလေ၊ ရန်သူများက သူ့ကိုသတ်ရန် ဟာကွက်များ ပိုရှာလာနိုင်လေလေပင်။
ထို့ကြောင့် ကျန်းရီသည် သူ့ခြံဝန်းထဲတွင် တိတ်တဆိတ်ထိုင်၍သာ ကျင့်ကြံနေလိုက်သည်။ ဤတစ်ကြိမ်တွင် သူ မဟာနတ်ဘုရားအတတ်ကို ပိုအာရုံစိုက်၍ ကျင့်ကြံရာ တိုးတက်မှုအနည်းငယ် ရှိလာသည်။ ကျန်းရီသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများကို အရေးမစိုက်ဘဲ ရက်အနည်းငယ် ကျင့်ကြံလိုက်၏။ သူ့အခန်းထဲသို့ ညင်သာသော လေညင်းတစ်ခု တိုးဝင်လာသောအခါတွင်မှ သူ ကျင်ကြံခြင်းကို ရပ်တန့်လိုက်လေသည်။
အဆိပ်ဝိညာဉ်သည်သာ မည်သည့်အသံ၊ မည်သည့်အရှိန်အဝါမှ မထွက်ဘဲ အခန်းထဲ ဝင်လာနိုင်သည်။ ထိုလေသံမှာလည်း အဆိပ်ဝိညာဉ်က တမင် ထုတ်လွှတ်ခဲ့ခြင်းဖြစ်မည်။ မဟုတ်လျှင် ကျန်းရီသည် အဆိပ်ဝိညာဉ် ရောက်လာကြောင်းကို လုံးဝသိခဲ့မည် မဟုတ်ပေ။ ကျန်းရီသည် မျက်လုံးဖွင့်မကြည့်ဘဲနှင့် မေးလိုက်၏။
“အဆိပ်ဝိညာဉ် ခင်ဗျား ဘာရှာတွေ့ခဲ့လဲ”
“ကျွန်တော်က အရှင်ငယ်ကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ”
အဆိပ်ဝိညာဉ်၏အသံ ထွက်ပေါ်လာသည်။ သူ လေးလေးစားစား လက်ဆုပ်၍ ပြောလိုက်သည်။
“ကျွန်တော် ထူးခြားတဲ့ မိုးမြေမီးတောက်တစ်မျိုးကို တွေ့ခဲ့ပါတယ်။ အဲ့ဒါက သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာရှိတဲ့ ထူးခြားတဲ့နေရာတစ်ခုထဲမှာပါ။ ပြီးတော့ အနက်ရောင်မိုးကျောက်အကြောင်းကိုလည်း သတင်းရခဲ့ပါတယ်။ သိမ်းငှက်ပြာမြို့နားက ရူးသွပ်နတ်ဘုရားရဲတိုက်မှာ မနက်ဖြန်ကျရင် အဲ့အနက်ရောင်မိုးကျောက်ကို လေလံပစ်ပါလိမ့်မယ်”
“လေလံပွဲလား”
ကျန်းရီ မျက်လုံးများ ဖွင့်လိုက်၏။ လောလောဆယ်တွင် သူသည် ထူးခြားသော မိုးမြေမီးတောက်ကို အရေးမစိုက်သေးပေ။ ထိုမီးတောက်များက ၎င်းတို့ဘာသာ ထွက်ပြေးသွားမည် မဟုတ်ချေ။ ထို့ကြောင့်သူ အနက်ရောင်မိုးကျောက်အပေါ်တွင်သာ အာရုံစိုက်၍ မေးလိုက်၏။
“အဲ့ဒါကို ဝယ်ဖို့ နတ်ဘုရားအမြစ် ဘယ်လောက် လိုမလဲ”
အဆိပ်ဝိညာဉ်က ခါးသက်သက် ရယ်၍ ပြန်ဖြေသည်။
“အနည်းဆုံး ငါးသန်းလောက် လိုပါလိမ့်မယ်...”
“ငါးသန်းတောင်လား”
ကျန်းရီ၏ မျက်နှာက မည်းမှောင်သွား၏။ သူ ကျန်ဟိုင်ကို သိုလှောင်လက်စွပ်လေးကွင်း မပေးလိုက်လျှင်ပင် သူ့တွင် နတ်ဘုရားအမြစ် လုံလုံလောက်လောက် ရှိမည် မဟုတ်ချေ။ ယခုတွင် သူ နတ်ဘုရားအမြစ်များစွာ လိုအပ်နေပေပြီ။