ကောင်းကင်ယံ အမျက်မီးတောက်များ
Vol. 102 Ch. 1412
အနက်ရောင်မိုးကျောက်သည် အလွန်ထူးခြားသော ကျောက်တုံးအမျိုးအစားတစ်ခု ဖြစ်သည်။ ထိုကျောက်တုံးက အမျိုးမျိုး အသုံးဝင်သည်။ ၎င်းကိုသုံး၍ ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်နိုင်သလို စွမ်းအားကြီး နတ်ဘုရားအသုံးအဆောင်များကိုလည်း ပြုလုပ်နိုင်သည်။ ထို့ပြင် အစီအရင်များ တည်ဆောက်ရန်အတွက် ကုန်ကြမ်းအဖြစ်လည်း အသုံးပြုနိုင်ပေသည်။
သို့သော် ထိုအနက်ရောင်မိုးကျောက်များကို အစားထိုးနိုင်သည့်အရာများစွာ ရှိရာ ၎င်းတို့က ရှားပါးသော်လည်း ဈေးမကြီးကြပေ။ မကြာမကြာဆိုသလို ၎င်းတို့ကို နတ်ဘုရားအမြစ် သန်းဂဏန်းအနည်းငယ်ဖြင့် ဝယ်ယူနိုင်ပေသည်။ မျိုးနွယ်ကြီးများအတွက် နတ်ဘုရားအမြစ် သန်းဂဏန်းအနည်းငယ်မှာ မများသောပမာဏဖြစ်သည်။ သို့သော် ကျန်းရီအတွက်မူ ထိုပမာဏက အလွန်ကြီးမြင့်သောဈေးနှုန်း ဖြစ်နေပေသည်။
ကျန်းရီသည် သူ့တွင်ရှိသော သိုလှောင်လက်စွပ်အားလုံးကို ထုတ်၍ ၎င်းတို့ထဲရှိ ရတနာများကို စီစစ်ခွဲခြမ်းလိုက်၏။ ကျိုးထျန်းကျဲက ကျန်းရီအား ပေးထားသော ဆွမ်းမွှေးပင်နှင့် လက်ဖက်ခြောက်တို့ကို ထည့်မတွက်လျှင် ကျန်းရီ၏ ပိုင်ဆိုင်မှုအားလုံးက နတ်ဘုရားအမြစ် တစ်သန်းကျော် တန်လိမ့်မည်ဟု အဆိပ်ဝိညာဉ်က အကြမ်းဖျင်း ခန့်မှန်းပေးသည်။ ထိုပမာဏက လိုအပ်သောနတ်ဘုရားအမြစ်ငါးသန်းနှင့်ဆိုလျှင် အလွန်ကွာခြားနေပေသေးသည်။
“အဆိပ်ဝိညာဉ်... ခင်ဗျားဆီမှာ နတ်ဘုရားအမြစ်တွေရှိလား။ ခင်ဗျားမှာရှိရင် ကျွန်တော့်ကို ချေးပေးပါ။ နောက်ကျ ကျွန်တော် ပြန်ဆပ်ပါမယ်”
ကျန်းရီသည် အဆိပ်ဝိညာဉ်ကို မျှော်လင့်တကြီး ကြည့်လိုက်၏။ အဆိပ်ဝိညာဉ်က ခါးသက်သော မျက်နှာထားဖြင့် ပြန်ပြောသည်။
“အရှင်ငယ်... ကျွန်တော်က ကပ်စေးနှဲတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ နတ်ဘုရားအမြစ် ငါးသိန်းကျော် ခြောက်သိန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော် အာကာခွင်းနတ်ဘုရားလက်အိပ်တွေကို ရောင်းလိုက်မယ်ဆိုရင်တော့ နတ်ဘုရားအမြစ်တွေ ရနိုင်ပါတယ်...”
“အဲ့နှစ်တုန်းက ကျွန်တော်က ကျွန်တော့်ရဲ့စည်းစိမ်တွေ အကုန်သုံးပြီး အဲ့လက်အိပ်တွေကို ဝယ်ခဲ့တာပါ။ နောက်တော့ ကျွန်တော် ရွှမ်ယွမ်လင်းယန်နောက်ကို လိုက်ခဲ့ပါတယ်။ သူက ကျွန်တော် သူ့အတွက် ထမ်းဆောင်ပေးခဲ့တဲ့ တာဝန်တွေကို ရွှမ်ယွမ်မျိုးနွယ်ဆီ တစ်ခါမှ မတင်ပြခဲ့ပါဘူး။ အဲ့တော့ ကျွန်တော်လည်း အဲ့ကတည်းက ဘာဆုကြေးမှ မရခဲ့ပါဘူး...”
“အဲ့ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ။ ဆွမ်းမွှေးပင်ကို ရောင်းလိုက်သင့်လား”
ကျန်းရီက ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်လိုက်၏။ သူသည် ကောင်းကင်နှလုံးသားဆေးပင်ကို သန့်စင်ခဲ့ပြီး လက်ရှိတွင် သူ့ခန္ဓာကိုယ်က ၎င်းကို စုပ်ယူနေဆဲပင်။ ကောင်းကင်နှလုံးသားဆေးပင် ကုန်သွားရန် အနိမ့်ဘုံအချိန် လအနည်းငယ်လောက် လိုဦးမည်ဖြစ်သည်။ ထို့ပြင် လတ်တလော၌ သူ၏စိတ်ဝိညာဉ်ကို အင်အားမြှင့်တင်ရန် အရေးတကြီး လိုအပ်မနေပေ။
ပြဿနာမှာ ဆွမ်းမွှေးပင်သည် ရူးသွပ်နတ်ဘုရားရဲတိုက်မှ ရရှိထားခြင်းပင်။ ကျိုးထျန်းကျဲက သိမ်းငှက်ပြာမြို့တွင် ရှိနေသေး၏။ ထို့ပြင် ဆွမ်းမွှေးပင်ကို ဈေးကောင်းကောင်းဖြင့် ရောင်းလိုလျှင် ရူးသွပ်နတ်ဘုရားရဲတိုက်တစ်ခုသို့ သွား၍ ရောင်းချခိုင်းရမည်ဖြစ်သည်။ ရူးသွပ်နတ်ဘုရားရဲတိုက်တစ်ခုက သူ့ကိုကူညီ၍ ရောင်းပေးမည်ဖြစ်စေ၊ မရောင်းပေးမည်ဖြစ်စေ ကျန်းရီသည် ထိုရဲတိုက်သို့သွား၍ မျက်နှာပြောင်ပြောင်နှင့် ဆွမ်းမွှေးပင်ကို မရောင်းဝံ့ပါပေ။
“အရှင်ငယ်... အနက်ရောင်မိုးကျောက်တွေက အဲ့လောက် အသုံးမဝင်ဘူး”
အဆိပ်ဝိညာဉ်က ခေတ္တမျှတွေးတောကာ မေးလိုက်သည်။
“အဲ့ဒါကို အစားထိုးနိုင်တဲ့အရာတွေ အများကြီး ရှိပါတယ်။ အရှင်ငယ် တခြားတစ်ခုခုကို လိုက်ရှာချင်ပါသလား”
“အဲ့လိုမရဘူး”
ကျန်းရီ ခေါင်းခါလိုက်၏။ ကောင်းကင်ဝါးမျိုသားရဲက အနက်ရောင်မိုးကျောက်ဟူ၍ တိတိကျကျ တောင်းဆိုခဲ့ခြင်းပင်။ ထို့ကြောင့် ၎င်းကျောက်များက သားရဲလေး၏ ကြီးထွားမှုအတွက် သေချာပေါက် များစွာအထောက်အကူ ဖြစ်လောက်သည်။ ကောင်းကင်ဝါးမျိုသားရဲက ပိုသန်မာလာနိုင်မည်၊ မလာနိုင်မည်မှာ ၎င်း၏ တိုက်ခိုက်စွမ်းရည်အပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် ကျန်းရီသည် သားရဲလေး တောင်းဆိုခဲ့သော ရတနာသုံးမျိုးနှင့် စွမ်းအားကြီးမီးတောက်များစွာကို ရှာပေးရပေမည်။
ကျန်းရီ အကြံကုန်နေပေပြီ။ သူက ကျန်ဟိုင်ကို သွားရှာ၍ ရွှမ်ယွမ်မျိုးနွယ်၏ တတိယသခင်လေးနှင့် အခြားသူများ၏ ရတနာများကို ပြန်တောင်း၍ မရသည် မဟုတ်လော။
အဆိပ်ဝိညာဉ်သည်လည်း ကျန်းရီကို ကူညီနိုင်မည့်နည်းလမ်း စဉ်းစားရင်း အကြံအိုက်လာ၏။ ခေတ္တကြာပြီးနောက် အဆိပ်ဝိညာဉ်က တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိလိုက်၍ စိတ်ဝင်တစား မေးလိုက်၏။
“အရှင်ငယ်.. အရှင်ငယ်က ဘာလို့ ထူးခြားတဲ့ မိုးမြေမီးတောက်တွေကို ရှာနေတာပါလဲ။ အရှင်ငယ်မှာ အဲ့မီးတောက်တွေကို စုဆောင်းနိုင်တဲ့စွမ်းရည် ရှိတာလား။ အရှင်ငယ်က မီးဓာတ်စည်းမျဉ်းကို ကျင့်ကြံတာလား”
ထူးခြားသော မိုးမြေမီးတောက်များက အလွန်စွမ်းအားကြီးကြသည်။ မီးဓာတ်စည်းမျဉ်းကို ကျင့်ကြံသူ မဟုတ်လျှင် ၎င်းတို့နားသို့ လုံးဝကပ်နိုင်မည် မဟုတ်ချေ။ ကျန်းရီက မီးဓာတ်စည်းမျဉ်းကို ကျင့်ကြံသည်ဆိုလျှင်ပင် လက်ရှိတွင် သူသည် နတ်ဘုရားစစ်သူကြီးအဆင့်မှာပင် ရှိသေးသည်။ သို့ဖြစ်ရာ သူက ၎င်းတို့ကို မကိုင်တွယ်နိုင်လောက်သည် မဟုတ်လော။
“ခင်ဗျားက ဘာလို့ အဲ့ဒါကို မေးရတာလဲ...”
ကျန်းရီ ပြန်ပြောလိုက်၏။
“ကျွန်တော့်မှာ ကျွန်တော့်နည်းတွေ ရှိပါတယ်”
“အရှင်ငယ်... အရှင်ငယ်က တကယ်ပဲ ထူးခြားတဲ့ မိုးမြေမီးတောက်တွေကို စုဆောင်းနိုင်တာလား”
အဆိပ်ဝိညာဉ်၏ မျက်ဝန်းများ တောက်ပလာ၏။
“အရှင်ငယ်သာ အဲ့လိုလုပ်နိုင်တယ်ဆိုရင် နတ်ဘုရားအမြစ်တွေ ရဖို့က အရမ်းလွယ်သွားမှာပဲ။ အရင်ဆုံး မီးတောက်တွေကို သွားစုဆောင်းကြတာပေါ့။ အရှင်ငယ်သာ မီးတောက်တွေကို ရူးသွပ်နတ်ဘုရားရဲတိုက်မှာ လေလံပစ်နိုင်မယ်ဆိုရင် နတ်ဘုရားအမြစ်ခြောက်သန်းလောက် အလွယ်လေး ရပါလိမ့်မယ်”
“ဟင်...”
ကျန်းရီသည် ခေါင်းရှုပ်သွားဟန်ဖြင့် မျက်တောင်ခတ်ကာ မေးလိုက်၏။
“မီးတောက်တွေကို ရောင်းလို့ရတာလား”
“ဟုတ်ပါတယ်”
အဆိပ်ဝိညာဉ်က ရှင်းပြသည်။
“သာမန်မီးတောက်တွေက အသုံးမဝင်နိုင်ပေမဲ့ ထူးခြားတဲ့ မိုးမြေမီးတောက်တွေကတော့ ကွဲပြားပါတယ်။ အဲ့မီးတောက်တွေက အရမ်းစွမ်းအားကြီးတယ်။ အဲ့မီးတောက်တွေက နတ်ဘုရားအသုံးအဆောင်တွေ လုပ်ဖို့ အလိုအပ်ဆုံး ကုန်ကြမ်းတွေပဲ။ အဆင့်မြင့် နတ်ဘုရားအသုံးဆောင်တွေ ဒါမှမဟုတ် ထိပ်တန်းအဆင့် နတ်ဘုရားအသုံးဆောင်တွေကို ရဖို့ အသုံးအဆောင်တွေကို ထူးခြားတဲ့ မိုးမြေမီးတောက်တွေထဲမှာ ထားဖို့လိုတယ်ဆိုတာ အရှင်ငယ်လည်း သိလောက်မှာပါ။ မီးတောက်တွေက ပိုစွမ်းအားကြီးလေလေ နတ်ဘုရားအသုံးအဆောင်ရဲ့ အဆင့်က မြင့်လာလေလေပါပဲ”
“တကယ်ပဲ အဲ့လိုကိစ္စမျိုး ရှိတာလား”
ကျန်းရီ စိတ်လှုပ်ရှားလာ၏။ သူသည် ခေတ္တမျှ တွေးလိုက်ပြီးနောက် ထပ်မေးလိုက်၏။
“မီးတောက်တွေရဖို့ ကျွန်တော် ဘာလုပ်ရမှာလဲ။ စွမ်းအားကြီးတဲ့ မီးတောက်တွေဆိုရင် ဘယ်သိုလှောင်လက်စွပ်မဆို အရည်ပျော်သွားလောက်တယ်မလား”
ကျန်းရီသည် မီးတောက်များကို စုပ်ယူရန် မီးဝိညာဉ်ပုလဲကို မှီခိုနေခဲ့၏။ ယခု သူက မီးတောက်များကို ရောင်းမည်ဖြစ်ရာ မီးဝိညာဉ်ပုလဲကိုပါ တစ်ပါတည်း ထည့်မရောင်းနိုင်ပေ။ ထို့ကြောင့် သူ အထက်ပါမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။
အဆိပ်ဝိညာဉ်က လက်ဝှေ့ယမ်း၍ ပြန်ဖြေသည်။
“အဲ့ဒါက လွယ်ပါတယ်။ အပူချိန်ကို အလွယ်တကူ လျှော့ချပေးနိုင်တဲ့ ထူးခြားတဲ့ သိုလှောင်လက်စွပ်တစ်မျိုး ရှိပါတယ်။ ဒါပေမဲ့ အဲ့သိုလှောက်လက်စွပ်အမျိုးအစားက နတ်ဘုရားအမြစ်သိန်းကျော်တော့ ပေးရပါလိမ့်မယ်။ အရှင်ငယ်.. အရှင်ငယ်က ထူးခြားတဲ့ မိုးမြေမီးတောက်တွေနားကို ကပ်နိုင်တာ သေချာတယ်မလား။ သေချာရင် ကျွန်တော် အဲ့လိုသိုလှောင်လက်စွပ်တစ်ကွင်း သွားဝယ်လိုက်ပါမယ်။ ကျွန်တော်တို့ သွားမဲ့နေရာမှာရှိတဲ့ မီးတောက်တွေက ကျော်ကြားတဲ့ ကောင်းကင်ယန်အမျက်မီးတောက်တွေပါ။ အဲ့ကောင်းကင်ယန်အမျက်မီးတောက်တွေက ထူးခြားမီးတောက်စာရင်းမှာ အဆင့်သုံးဆယ်ချိတ်ပါတယ်။ အရှင်ငယ်က...”
“မြန်မြန် လက်စွပ်တစ်ကွင်း သွားဝယ်လိုက်ပါ”
ကျန်းရီသည် အဆိပ်ဝိညာဉ်၏ စကားကို ဆုံးအောင်ပင် နားမထောင်တော့ဘဲ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။ တမလွန်ကိုးပါးမီးတောက်အေးများက အဆင့်သုံးဆယ့်ခြောက်ဖြစ်သည်။ ထိုကောင်းကင်ယန်အမျက်မီးတောက်များမှာမူ အဆင့်သုံးဆယ်ဖြစ်သည်။ ၎င်းတို့၏ အဆင့်က သိပ်မကွာသဖြင့် ကောင်းကင်ယန်မီးတောက်များက ကျန်းရီကို ထိခိုက်အောင် မလုပ်နိုင်လောက်ပေ။
အဆိပ်ဝိညာဉ်သည် ဝှစ်ခနဲ ပျောက်ကွယ်သွား၏။ ကျန်းရီသည်လည်း အပြင်သို့ ထွက်သွားကာ အားလုံးကို စုဝေး၍ သူက သိမ်းငှက်ပြာမြို့သို့ ခရီးသွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။ မြို့တွင်းမှ ကိစ္စများကိုမူ ထုံးစံအတိုင်း တပ်မှူးလျှိုက တာဝန်ယူရမည်ဖြစ်သည်။ အကယ်၍ ပြဿနာတစ်ခုခု ရှိလာလျှင် သူ့ထံ သတင်းပို့ရန်လည်း မှာကြားလိုက်သည်။
ရှောင်လန်၏ ဒဏ်ရာများက သက်သာလာပေပြီ။ သို့သော် ကျန်းရီသည် ဤတစ်ကြိမ်တွင် ရှောင်လန်ကို ခေါ်သွားမည် မဟုတ်ပေ။ ဤတစ်ကြိမ်၌ သူက တာဝန်ထမ်းဆောင်မည် မဟုတ်၍ အန္တရာယ်မရှိလောက်ချေ။ ထို့ပြင် သူနှင့်အတူ အဆိပ်ဝိညာဉ် ပါလာမည်ဖြစ်ရာ သာမန် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ရှောင်လန်ကို အေးအေးဆေးဆေး အားပြန်ဖြည့်နေရန်သာ ပြောလိုက်လေသည်။
တစ်နာရီကြာပြီးနောက် အဆိပ်ဝိညာဉ် ပြန်ရောက်လာသည်။ ကျန်းရီနှင့် တိရှစစ်တပ်၏ ချပ်ဝတ်နက်ကို အပြည့်အစုံဝတ်ဆင်ထားသော အဆိပ်ဝိညာဉ်တို့သည် မြို့ထဲမှ ထပ်မံ ထွက်သွားလိုက်ကြသည်။ ဤတစ်ခေါက် သူတို့၏ ဦးတည်ရာက သိမ်းငှက်ပြာစီရင်စုနယ်၏ မြောက်ပိုင်းရှိ မြောက်ပိုင်းမြစ်မြို့ပင်။ မီးတောက်များ ရှိရာနယ်မြေက မြောက်ပိုင်းမြစ်မြို့၏ တောင်ဘက် မလှမ်းမကမ်းတွင် ဖြစ်သည်။ မကြာခင်တုန်းက ထိုနယ်မြေထဲတွင် ကောင်းကင်ယန်အမျက်မီးတောက်များ ထွက်ပေါ်လာခဲ့ကြောင်း တင်ပြမှုများ ရှိခဲ့သည်။ ၎င်းမီးတောက်များ ထွက်ပေါ်လာသောအခါ မီးဓာတ်ဟွင့်သွမ့်သားရဲများလည်း ပေါက်ဖွားလာခဲ့သည်။ ထို့ကြောင့် ယင်းနယ်မြေထဲ၌ သိုင်းသမားများစွာ သေဆုံးခဲ့ပြီဖြစ်သည်။
ကောင်းကင်နှလုံးသားဆေးပင်ကို သန့်စင်ခဲ့ပြီးနောက် ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ဧရာမ စွမ်းအင်အရင်းအမြစ်တစ်ခုက ကျန်းရီ၏စိတ်ဝိညာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနေခဲ့ပေသည်။ လက်ရှိတွင် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ပေတစ်ရာအဝန်းအဝိုင်းအတွင်းကို အာရုံခံနိုင်လာပြီဖြစ်သည်။ ထို့ပြင် တည်နေရာပြောင်းရွှေ့ရာတွင်လည်း ဆက်တိုက်အကြိမ်ရေများများ ပြောင်းရွှေ့နိုင်လာသည်။ ယခု သူက အကြိမ်လေးဆယ်ကျော် ငါးဆယ်ဆက်တိုက် တည်နေရာပြောင်းရွှေ့နိုင်ပြီဖြစ်သည်။
လမ်းတွင် တစ်ကြိမ်သာ အနားယူကာ ဒုတိယအကျော့ တည်နေရာပြောင်းရွှေ့ပြီးနောက် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ မြောက်ပိုင်းမြစ်မြို့သို့ ရောက်သွားလေသည်။ အဆိပ်ဝိညာဉ်သည် ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် အလွန်သေချာစွာ ပြောလိုက်၏။
“အရှင်ငယ်... ဘယ်သူမှ ကျွန်တော်တို့နောက်က လိုက်မလာပါဘူး။ ကျွန်တော်တို့ လုံခြုံပါတယ်”
“သွားကြမယ်...”
အဆိပ်ဝိညာဉ်ပါလာသဖြင့် ကိစ္စများက အလွန်လွယ်ကူနေခဲ့သည်။ အဆိပ်ဝိညာဉ်မှာ ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး တိရှဘုံထဲရှိ စွမ်းအားအကြီးဆုံး လုပ်ကြံသတ်ဖြတ်ရေးသမားလည်း ဖြစ်သည်။ ထို့ပြင် သူက ထိပ်တန်းအဆင့် ထောက်လှမ်းရေးတစ်ယောက်လည်း ဖြစ်သေးသည်။ ကျန်းရီသည် မြို့ထဲမှနေ၍ အလွန်စိတ်လက်ပေါ့ပါးစွာ ထွက်လိုက်၏။ မြို့ပြင်သို့ ရောက်သောအခါ သူ နတ်ဘုရားလှေတစ်စင်း ထုတ်လိုက်ပြီး တောင်ဘက်သို့ ပျံသန်းသွားလေသည်။
အဆိပ်ဝိညာဉ်က နတ်ဘုရားလှေပေါ်မှ မလိုက်ပေ။ သူသည် နတ်ဘုရားလှေအောက်ရှိ လမ်းမှနေ၍ လျင်မြန်စွာ သွားနေသည်။ သူ၏ အမြန်နှုန်းက နတ်ဘုရားလှေ၏ အမြန်နှုန်းထက်ပင် များစွာပိုလျင်မြန်ရာ သူသည် နတ်ဘုရားလှေကို လှည့်ပတ်စောင့်ကြပ်နိုင်နေပေသည်။ ထို့ကြောင့် နတ်ဘုရားလှေအနားသို့ ကပ်လာသူတိုင်းကို သူက သေချာပေါက် အရင်တွေ့မည်ဖြစ်သည်။
နတ်ဘုရားလှေသည် အနိမ့်ဘုံအချိန်ငါးရက်ကြာအောင် အေးအေးချမ်းချမ်း ပျံသန်းပြီးနောက် တောင်ကုန်းများ ပြည့်နှက်နေသော နယ်မြေတစ်ခုသို့ ရောက်သွား၏။ ကျန်းရီသည် ထိုနယ်မြေထဲ မဝင်ခင်မှာပင် ၎င်းအထဲ၌ သေချာပေါက် စွမ်းအားကြီး မီးတောက်များရှိကြောင်း သိနေပြီဖြစ်သည်။ ထိုနယ်မြေပတ်ဝန်းကျင်မှ တောင်ကုန်းများက တောင်ကတုံးများဖြစ်ကြသည်။ မြေကြီးကလည်း အနီရင့်ရောင် ဖြစ်နေရာ မြင့်မားသော အပူချိန်နှင့် ရေရှည်ထိတွေ့ခဲ့ကြောင်း ထင်ရှားပေသည်။ ထိုအခိုက်တွင် ကျန်းရီသည် မီးဝိညာဉ်ပုလဲကို မထုတ်ထားသဖြင့် တောင်တန်းများထဲမှနေ၍ အထက်သို့ ထိုးတက်လာသော အပူလှိုင်းများကို ခံစားရနေလေသည်။
“အရှင်ငယ်... ကျွန်တော်တို့ ရောက်ပါပြီ။ အခု အရှင်ငယ် ဆင်းလာလို့ ရပါပြီ။ နတ်ဘုရားလှေနဲ့ ဆက်သွားမယ်ဆိုရင် ဟွင့်သွမ့်သားရဲတွေရဲ့ပစ်မှတ် ဖြစ်သွားပါလိမ့်မယ်”
ကျန်းရီ၏ ခေါင်းထဲတွင် အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။ ကျန်းရီသည် နတ်ဘုရားလှေထဲမှ ပျံထွက်လိုက်ပြီး နတ်ဘုရားလှေကို သိမ်းကာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် လူတစ်ယောက်ပင် ရှိမနေပေ။ အဆိပ်ဝိညာဉ်က မည်သည့်နေရာတွင် ပုန်းအောင်းနေခြင်းနည်း။
ကျန်းရီသည် အကြိမ်အနည်းငယ် စူးစမ်းပြီးနောက် တောင်တစ်လုံးဆီသို့ ပျံသန်းသွားလိုက်၏။ ထိုမှ အဆိပ်ဝိညာဉ်သည် သူ့အနားတွင် တစ္ဆေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာကာ ပြောလိုက်လေသည်။
“အရှင်ငယ်... ဒီနယ်မြေထဲမှာ အနည်းဆုံး ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲနှစ်ကောင်လောက် ရှိလောက်တယ်။ အရှင်ငယ် ဂရုစိုက်ရပါမယ်။ ကျွန်တော် ပြန်ဆုတ်ခိုင်းရင် အရှင်ငယ် ချက်ချင်း ပြန်ဆုတ်ပါ”
“ကောင်းပြီ”
ကျန်းရီ နာခံစွာ ခေါင်းညိတ်လိုက်၏။ သူတို့ နယ်မြေထဲ ဝင်ရန် ဟန်ပြင်နေခိုက်တွင် အရှေ့ဘက် ကီလိုမီတာငါးရာအကွာမှနေ၍ စူးရှသော လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ အဆိပ်ဝိညာဉ်က ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အာရုံခံလိုက်သည်။ ထို့နောက် ရုတ်ခြည်းပင် သူ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာလေသည်။
“ကျွန်တော်တို့က ဘယ်လိုလုပ် အဲ့မျိုးနွယ်နဲ့ လာကြုံရတာလဲ။ အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို ထပ်ပြီး အကွက်ဆင်နေတာလား”
“ဘယ်သူတွေမို့လို့လဲ”
ကျန်းရီ စိတ်လှုပ်တရှား မေးလိုက်သည်။ ပုံမှန်ဆိုလျှင် ဤနယ်မြေသို့ လူများစွာ ရောက်မလာသင့်ပေ။ သို့သော် ယခုတွင် သူတို့ ရောက်ရုံသာရှိသေးသော်လည်း အခြားသူများက ထပ်ရောက်လာပေပြီ။ ထိုလူများက ရွှမ်ယွမ်မျိုးနွယ်ဝင်များလော။
အဆိပ်ဝိညာဉ်၏ မျက်ဝန်းများထဲ၌ အကြွင်းမဲ့မုန်းတီးမှုများ ပြည့်နှက်လာ၏။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်သည်။
“အဲ့ဒါက ချင်မျိုးနွယ်က နတ်ဘုရားလှေတစ်စင်းပါ။ နတ်ဘုရားလှေကလည်း အဆင့်အမြင့်ဆုံး နတ်ဘုရားလှေ။ ချင်ရုံ ဒါမှမဟုတ် ချင်မျိုးနွယ်ရဲ့ ပထမသခင်မလေး ချင်ယွီဝမ် ရောက်လာတာဖြစ်မယ်။ ကျွန်တော်တို့ အရင်ဆုံး ပြန်ဆုတ်သွားကြမလား။ ကျွန်တော် ချင်မျိုးနွယ်ကလူတွေနဲ့ တွေ့မယ်ဆိုရင် စိတ်မထိန်းနိုင်ဘဲ တိုက်ခိုက်မိမှာ စိုးရပါတယ်...”
***