← Chapters

ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်

Vol. 102 Ch. 1413

ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်

Vol. 102 Ch. 1413

ဤတစ်ခေါက် ချင်မျိုးနွယ်ဝင်များ ရောက်လာခဲ့ခြင်းမှာ အမှန်တကယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေသည်။

ရွှမ်ယွမ်လင်းယန်သည် ကျန်းရီကို ဆက်၍ အကွက်ဆင်ရန် သတ္တိမရှိပါပေ။ နောက်ဆုံးအကွက်ဆင်မှုကိုပင် အဆိပ်ဝိညာဉ်ကသာ စီစဉ်ဆောင်ရွက်ခဲ့ရခြင်း မဟုတ်ပါလား။ ထို့ပြင် သူမထံ၌ သူမ စိတ်ကြိုက်အသုံးပြုနိုင်သော လက်အောက်ငယ်သားများ မရှိတော့ပေ။ တတိယသခင်လေးတို့က အဆိပ်ဝိညာဉ်၏ လက်ချက်ဖြင့် သေသွားခဲ့ကြသည်။ သို့ဖြစ်ရာ လက်ရှိတွင် သူမသည် ရွှမ်ယွမ်မျိုးနွယ်က ထိုကိစ္စအတွက် သူမအား ပြဿနာမရှာအောင် မည်သို့လုပ်ရမည်ကို အကြံထုတ်နေရဆဲပင် ရှိပေသေးသည်။

မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက်အနေဖြင့် သူစိမ်းယောက်ျားတစ်ယောက်က သူမ၏ မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာကိုယ်ကို မြင်သွားပြီးနောက်တွင်ပင် သတ်မသေသေးခြင်းကို ကြည့်လျှင် သူမတွင် သူမကိုယ်သူမ သတ်သေနိုင်လောက်သည့် သတ္တိမျိုးမရှိကြောင်း ထင်ရှားပေသည်။ ထို့ပြင် သူမ၏ ကိုယ်လုံးတီးပန်းချီက ကျန်းရီ၏လက်ထဲတွင် ရှိနေသေးသည်။ ထို့ကြောင့် သူမ ရုတ်ရုတ်ရက်ရက် မလုပ်ဝံ့ပေ။ မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက်အတွက် အရေးအကြီးဆုံးမှာ ဂုဏ်သိက္ခာဖြစ်သည်။ အကယ်၍ ထိုပန်းချီကားသာ ပျံ့နှံ့သွားလျှင် သူမ သေရပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် ရွှမ်ယွမ်လင်းယန်က ဖြစ်ပျက်ခဲ့သည်များကို သူမ၏မျိုးနွယ်ထံ မတင်ပြဝံ့လောက်ဟု ယုံကြည်မှု ရှိနေသည်။ သူမက သူ့ကိုလည်း ဆက်၍ ဆန့်ကျင်ဝံ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ယခု ချင်မျိုးနွယ်ဝင်များ ဤနေရာသို့ ရောက်လာခြင်းက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လောက်ပေသည်။ သူ ခပ်တိုးတိုး ပြောလိုက်သည်။

“ခဏလောက် စောင့်နေပြီး သူတို့ကို နယ်မြေထဲ အရင်ဝင်ခိုင်းလိုက်တာပေါ့။ သူတို့ဝင်ပြီးသွားမှ ကျွန်တော်တို့ လိုက်ဝင်ကြမယ်”

ကျန်းရီသည် အနက်ရောင်မိုးကျောက်များကို အရယူရန် စိတ်ပိုင်းဖြတ်ထားပြီးပေပြီ။ ထို့ပြင် ချင်မျိုးနွယ်ဝင်များက မီးတောက်များကို ယူသွားနိုင်လိမ့်မည်ဟုလည်း ကျန်းရီ မယုံပေ။ သူက သူတို့နှင့် ထိပ်တိုက်လည်း မတွေ့လိုသဖြင့် ပုန်းအောင်းနေ၍သာ သူတို့ကို အရှေ့မှ ဝင်ခွင့်ပေးလိုက်ရုံသာ ရှိတော့သည်။ အဆိပ်ဝိညာဉ်သည် သူ၏သတ်ဖြတ်လိုစိတ်ကို ကြိုးစားဖိနှိပ်၍ ကျန်းရီ၏ အကြံပေးမှုကို လက်ခံလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က နေရာမှနေ၍ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကျန်းရီသည်သည် တောင်ခြေတစ်ခုတွင် ဂူတစ်လုံးတူး၍ ပုန်းကွယ်ခြင်းအတတ်ကို သုံးကာ ပုန်းအောင်းနေလိုက်သည်။

“အရှင်ငယ်... အရှင်ငယ်ရဲ့ ပုန်းကွယ်ခြင်းအတတ်က အရမ်းအဆင့်နိမ့်နေတယ်။ ဒါပေမဲ့ အရှင်က ဝိညာဉ်မျိုးနွယ်က မဟုတ်တော့ ပုန်းကွယ်ခြင်းအတတ်အစစ်ကို ဘယ်လိုမှ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး”

အဆိပ်ဝိညာဉ်က ကျန်းရီဘေးတွင် ပေါ်လာ၏။ ကျန်းရီသည် ထိတ်လန့်သွားဟန်ဖြင့် အဆိပ်ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... နောက်ကျ အဲ့လိုပေါ်မလာခင် သတိလေးဘာလေး ကြိုပေးပါ။ ခင်ဗျား အဲ့လို ရုတ်တရက်ကြီး ပေါ်လာရင် ကျွန်တော် လန့်သေသွားလိမ့်မယ်...”

‘တစ်ခုခုတော့ မဟုတ်သေးဘူး’

ကျန်းရီသည် ပြောနေရင်းဖြင့် တစ်စုံတစ်ခုကို တွေးမိသွားပြီး မေးလိုက်သည်။

“ကျွန်တော့်ရဲ့ အမေက ဝိညာဉ်မျိုးနွယ်ကလေ။ ကျွန်တော့်ရဲ့ ကိုယ်ထဲမှာ ဝိညာဉ်မျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတယ် မဟုတ်ဘူးလား။ အဲ့တော့ ကျွန်တော်က ပုန်းကွယ်ခြင်းအတတ်အစစ်ကို ကျင့်ကြံနိုင်သင့်တာပေါ့...”

“အဲ...”

အဆိပ်ဝိညာဉ် ခေတ္တမျှ မှင်တက်သွား၏။ သူသည် အတန်ငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“အရှင်ငယ်ရဲ့ ကိုယ်ထဲမှာ တကယ်ပဲ ဝိညာဉ်မျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေပါတယ်။ သခင်မလေးဖျောင်ဖျောင်က တော်ဝင်မိသားစုကပါ။ ဒါပေမဲ့ အရှင်ငယ်ရဲ့ အဖေက အနိမ့်ဘုံကမလား။ အဲ့တော့ အရှင်ငယ် ပုန်းကွယ်ခြင်းအတတ်အစစ်ကို အောင်မြင်‌အောင် ကျင့်ကြံနိုင်ပါ့မလားဆိုတာ ကျွန်တော် မသေချာပါဘူး။ ပြီးတော့ ကျွန်တော်က အရှင်ငယ်ရဲ့ မျိုးရိုးကို သိရယ်သားနဲ့ အရှင်ငယ်ကို ပုန်းကွယ်ခြင်းအတတ်အစစ် သင်ပေးလိုက်မယ်ဆိုရင် မျိုးနွယ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်သွားပါလိမ့်မယ်”

“ပေါက်ကရတွေ...”

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို စိုက်ကြည့်၍ ပြောလိုက်၏။

“အခု ခင်ဗျားက ဝိညာဉ်မျိုးနွယ်ဝင်တောင် ဟုတ်မနေဘဲနဲ့ ဘာစည်းမျဉ်းတွေ လာပြောနေရတာလဲ။ အပိုတွေ ပြောမနေနဲ့တော့။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကျွန်တော် အပြည့်အဝ တာဝန်ခံမယ်။ အခု ခင်ဗျားက ကျွန်တော့်ရဲ့ ဝိညာဉ်ကျွန် ဖြစ်နေပြီဆိုတော့ ဝိညာဉ်မျိုးနွယ်က ပုန်းကွယ်ခြင်းအတတ်အကြောင်းကို စုံစမ်းရင်လည်း ကျွန်တော်က ခင်ဗျားကို အတင်းဖိအားပေးခဲ့လို့ဆိုပြီး ပြောလိုက်ရုံပဲ။ မြန်မြန် ကျွန်တော့်ကို အဲ့အတတ် သင်ပေးပါ”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ”

အဆိပ်ဝိညာဉ်သည် တစ်ခဏမျှ တွေးတောပြီးနောက် ကျန်းရီပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ ယခုတွင် သူက ကျန်းရီ၏ ဝိညာဉ်ကျွန်ပင်။ ကျန်းရီကသာ အတင်းသင်ယူလိုလျှင် သူ မည်သို့မှ ငြင်းဆိုနိုင်မည် မဟုတ်ချေ။ အဆိပ်ဝိညာဉ်သည် အပြင်ဘက်သို့ ထွက်၍ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ ပြီးမှ ဂူထဲပြန်ဝင်လာကာ ပြောလိုက်သည်။

“ချင်မျိုးနွယ်ဝင်တွေက နယ်မြေထဲ ဝင်သွားပါပြီ။ အရှင်ငယ် အခု ကျွန်တော် အရှင်ငယ်ကို ပုန်းကွယ်ခြင်းအတတ် သင်ပေးပါမယ်။ အရှင်ငယ် အဲ့အတတ်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်မလားဆိုတာကတော့ အရှင်ငယ်အပေါ်မှာပဲ မူတည်နေပါတယ်”

အဆိပ်ဝိညာဉ်သည် ကျန်းရီထံ အသံပို့လွှတ်၍ ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်ကို သင်ကြားပေးလိုက်၏။ ထိုပုန်းကွယ်ခြင်းအတတ်က ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်ထက် များစွာပို၍ အစွမ်းထက်ပေသည်။ ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်မှာ သူ့ကို တစ်နေရာတွင်သာ ပျောက်ကွယ်နေစေ၏။ အကယ်၍ သူ လှုပ်ရှားလိုက်မည်ဆိုလျှင် ပေါ်သွားမည်ဖြစ်သည်။ ဝိညာဉ်မျိုးနွယ်၏ ပုန်းကွယ်ခြင်းအတတ်မှာမူ လှုပ်ရှားနေရင်လည်း ပုန်းကွယ်နေနိုင်ပေသည်။ သို့သော် တိုက်ခိုက်မည်ဆိုလျှင်တော့ ပေါ်သွားမည်သာ။ တိုက်ခိုက်ရန်အတွက် ကောင်းကင်စွမ်းအားကို ထုတ်သုံးရသည် မဟုတ်ပါလား။

ဝိညာဉ်မျိုးနွယ်၏ ပုန်းကွယ်ခြင်းအတတ်က အသုံးပြုသူ၏ အရှိန်အဝါနှင့် အသက်လက္ခဏာတို့ကို အပြည့်အဝ ဖုံးကွယ်ပေး၏။ ထို့ကြောင့် အသုံးပြုသူသည် အကာအရံများကိုလည်း ဖြတ်ကျော်နိုင်သည်။ ၎င်းအတတ်၏ အသုံးဝင်မှုများမှာ အဆုံးမရှိပေ။ ၎င်းသည် အမှန်ပင် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းပေသည်။

“ကျွန်တော် အဲ့အတတ်ကို ခဏလောက် လေ့လာလိုက်ဦးမယ်။ ကျွန်တော့်ကို ကာကွယ်ပေးထားပါ”

အဆိပ်ဝိညာဉ်က ပုန်းကွယ်ခြင်းအတတ်၏ ကျင့်စဉ်ကို ပြောပြပြီးသောအခါ ကျန်းရီသည် တင်ပျဉ်ခွေထိုင်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ၎င်းအတတ်ကို သိမြင်နားလည်နိုင်ရန် ကြိုးစားလိုက်လေသည်။ ထိုပုန်းကွယ်ခြင်းအတတ်က ယခင်မှတစ်ခုနှင့် လုံးဝကွဲပြား၏။ ယခုအတတ်က အဆတစ်ရာ၊ အဆတစ်ထောင်ပို၍ နက်ရှိုင်းသည်။ သို့သော် ကျန်းရီ လေ့လာခဲ့သော ပုန်းကွယ်ခြင်းအတတ်ကို ယခုပုန်းကွယ်ခြင်းအတတ်မှ အခြေခံထားခြင်းဖြစ်ရာ ကျန်းရီထံတွင် အနည်းနှင့်အများဆိုသလို အခြေခံရှိနေပြီဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် သူ အကောင်းဆုံး ကြိုးစားလျှင် ယခုအတတ်ကို သိမြင်နားလည်နိုင်လောက်ပေသည်။

သို့သော်...

ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်က အလွန်ထူးခြားလွန်းသည်။ ကျန်းရီသည် အနိမ့်ဘုံအချိန်နှစ်ရက်ကြာအောင် လေ့လာကျင့်ကြံပြီးနောက် ယာယီ လက်လျှော့လိုက်ရ၏။ ထိုအတတ်တွင် သူ လုံးဝနားမလည်နိုင်သော အပိုင်းများစွာ ရှိနေသည်။ ထို့ပြင် သူက ထိုပုန်းကွယ်ခြင်းအတတ်ကို မကျင့်ကြံနိုင်လောက်ဟူ၍လည်း ခံစားနေရသည်။ ထိုခံစားချက်က အလွန်ထူးဆန်းပြီး သူ ယင်းကို ခေါင်းထဲမှ ဖယ်ထုတ်မပစ်နိုင်ချေ။

‘ငါက မဟာနတ်ဘုရားအတတ်ကိုတောင် ကျင့်ကြံနိုင်ခဲ့သေးတာပဲ။ ငါ့ရဲ့ သွေးတစ်ဝက်က ဝိညာဉ်မျိုးနွယ်ရဲ့သွေးပါ.. ဘယ်လိုလုပ် ငါ ပုန်းကွယ်ခြင်းအတတ်ကို မကျင့်ကြံနိုင်ရတာလဲ။ အဲ့ဒါက အဓိပ္ပာယ်မရှိဘူး’

ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ သူသည် ခေတ္တမျှ တွေးတောလိုက်သော်လည်း နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူ အော်သာခေါ်လိုက်ရသည်။

“အဆိပ်ဝိညာဉ်...”

ဟူး...

အပြင်ဘက်မှနေ၍ လေညင်းတစ်ခု တိုက်ခတ်လာပြီး အဆိပ်ဝိညာဉ်က ရုတ်ခြည်း ထွက်ပေါ်လာ၏။ ကျန်းရီ မေးလိုက်သည်။

“ချင်မျိုးနွယ်ဝင်တွေက တော်တော်ဝေးဝေး ရောက်လောက်ရောပါ့... ဟုတ်တယ်မလား”

အဆိပ်ဝိညာဉ်က ခေါင်းညိတ်၍ ပြောသည်။

“ဟုတ်ကဲ့ သူတို့ တော်တော် ခရီးပေါက်နေပါပြီ။ ရောက်လာတဲ့သူက ချင်ရုံမဟုတ်ဘဲ ချင်မျိုးနွယ်ရဲ့ ပထမသခင်မလေး ချင်ယွီဝမ်ပါ။ သူက ဒီကို လေ့ကျင့်ဖို့ လာခဲ့တာ ဖြစ်နိုင်ပါတယ်။ သူနဲ့အတူ တိထျန်းငါးယောက် ပါလာပါတယ်။ အခု သူတို့က ဟွင့်သွမ့်သားရဲတွေကို အမဲလိုက်နေကြပါတယ်”

“တိထျန်းတွေလား”

ကျန်းရီ မေးလိုက်သည်။

“ချင်မျိုးနွယ်က တိရှစံအိမ်ကလား”

“အရှင်ငယ် အဲ့ဒါကို မသိထားဘူးလား”

အဆိပ်ဝိညာဉ်သည် အံ့ဩတကြီးဖြင့် ရှင်းပြရ၏။

“ချင်မျိုးနွယ်က တိရှအရှင်လက်အောက်က နံပါတ်(၁)မျိုးနွယ်ပဲ။ ချင်မျိုးနွယ်ဝင်တွေက တိရှစံအိမ်ခွဲတွေမှာ ဖြန့်ကျက်ထားကြတယ်။ တိရှဘုံထဲက အနည်းဆုံး တိရှစံအိမ်အရှင်တစ်သောင်းလောက်က ချင်မျိုးနွယ်ကပါ။ သူတို့က တိရှဘုံရဲ့ ဒေသခံနတ်ဘုရားမျိုးနွယ်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အင်အားနဲ့ ဩဇာအာဏာက တော်တော်ကြီးပါတယ်။ မဟုတ်ရင် ကျွန်‌တော် အဲ့မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်ပြီးနေပါပြီ”

“အဲ့လိုကိုး...”

ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“ကျွန်တော်တို့လည်း ဝင်ကြတာပေါ့။ သူတို့က ဒီကို လေ့ကျင့်ဖို့ လာတာဆိုတော့ ကျွန်တော်တို့ သူတို့ကို ရှောင်ရင် ရမှာပါ။ မကြာခင် လေလံပွဲ စတော့မယ်။ ကျွန်တော်တို့ မြန်မြန်လုပ်မှရမယ်”

အဆိပ်ဝိညာဉ်က ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို ခေါ်၍ ဂူအပြင်သို့ ပျံထွက်သွားလိုက်၏။ အဆိပ်ဝိညာဉ်သည် ချင်မျိုးနွယ်ဝင်များကို အလွယ်တကူ အာရုံခံနိုင်၍ သူတို့ကို ရှောင်ရန်မှာ အလွန်လွယ်ကူပေသည်။ အဆိပ်ဝိညာဉ်နှင့် ကျန်းရီတို့သည် တစ္ဆေများအလား တောင်များကြားတွင် ပျံသန်းနေကြ၏။ သူတို့၏ အမြန်နှုန်းက အလွန်လျင်မြန်ပေသည်။ နှစ်နာရီအတွင်းမှာပင် သူတို့သည် နယ်မြေ၏ အတွင်းပိုင်းသို့ ရောက်သွားကြလေသည်။

နယ်မြေအတွင်းပိုင်းသို့ ရောက်လာလေလေ၊ အပူချိန်က ပိုမြင့်လာလေလေပင်။ ကျန်းရီသည် အပူဒဏ်ကို မခံနိုင်တော့၍ မီးဝိညာဉ်ပုလဲကို ထုတ်ထားရပြီဖြစ်သည်။ အဆိပ်ဝိညာဉ်သည် ကျန်းရီ၏ လက်ထဲရှိ မီးဝိညာဉ်ပုလဲကို ကြည့်လိုက်၏။ ၎င်းပုလဲက အတော်လေး ထူးခြားကြောင်း အဆိပ်ဝိညာဉ် ပြောနိုင်သည်။ သို့သော် သူသည် မည်သို့မှ မမေးသလို မည်သို့မှလည်း မပြောဘဲ ဆက်၍သာ ပျံသန်းနေလိုက်၏။ အကယ်၍ ကျန်းရီက သူ့အား ပြောပြလိုလျှင် ပြောပြပေလိမ့်မည်။ ပြောမပြလိုလျှင်မူ မေးနေလျှင်လည်း အကြောင်းထူးမည် မဟုတ်ချေ။

“အရှင်ငယ်... ချင်မျိုးနွယ်ဝင်တွေက အဲ့ဘက်မှာပါ။ ကျွန်တော်တို့က လမ်းမှာ ဟွင့်သွမ့်သားရဲ ဆယ်ကောင်လောက်နဲ့ပဲ တိုးခဲ့တယ်။ ကြည့်ရတာ ဟွင့်သွမ့်သားရဲအများစုက ချင်မျိုးနွယ်ဝင်တွေဆီ သွားနေပုံပဲ။ အဲ့တော့ ကျွန်တော်တို့အတွက် လုံခြုံလောက်ပါတယ်။ အရှင်ငယ် ဒီနေရာမှာ ခဏလောက် အနားယူနိုင်ပါတယ်။ ကျွန်တော် အခြေအနေတွေကို သွားစူးစမ်းလိုက်ပါမယ်။ ဒီတစ်ဝိုက်မှာ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတွေ ရှိ၊ မရှိ ကျွန်တော် အတည်ပြုချင်တယ်”

အဆိပ်ဝိညာဉ်သည် ကျန်းရီထံ အသံပို့လွှတ်၍ ထွက်သွား၏။ ကျန်းရီသည် အဆိပ်ဝိညာဉ်၏ စွမ်းရည်ကြောင့် အံ့အားသင့်နေပေသည်။ သူတို့က လမ်းတစ်လျှောက်တွင် ဟွင့်သွမ့်သားရဲ ဆယ်ကောင်လောက်နှင့် တိုးခဲ့သေးသည်လော။ ဤခရီးတစ်လျှောက်လုံးတွင် ကျန်းရီသည် ဟွင့်သွမ့်သားရဲတစ်ကောင်ကိုပင် မမြင်ခဲ့ပေ။ ကြည့်ရသည်မှာ အဆိပ်ဝိညာဉ်က ဟွင့်သွမ့်သားရဲများကို ကြိုအာရုံခံမိသဖြင့် ရှောင်ကွင်း၍ သွားခဲ့ပုံပင်။

ယခု ကျန်းရီ ရောက်နေသောနေရာက ကောင်းကင်ယန်အမျက်မီးတောက်များနှင့် သိပ်မဝေးလောက်တော့ပေ။ ထို့ကြောင့် ကျန်းရီသည် ပို၍ စိတ်လှုပ်ရှားလာပြီး မြေပက်ကြားအက်လေးတစ်ခုထဲတွင် ပုန်းအောင်းကာ အဆိပ်ဝိညာဉ် ပြန်လာမည့်အချိန်ကို စောင့်နေလိုက်လေသည်။

ဟိန်း...ဟိန်း...

တစ်နာရီ ကြာပြီးနောက် အရှေ့မှနေ၍ ဟိန်းသံကြီးတစ်သံနှင့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ကျန်းရီ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုအရှိန်အဝါကို သူ အလွန်ရင်းနှီးပေသည်။ ယင်းမှာ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်၏ အရှိန်အဝါပင်။ ထိုအခိုက်တွင် သူသည် ဆက်ပုန်းနေရမည်လော သို့မဟုတ် ချက်ချင်းထွက်ပြေးရမည်လောကို မသိတော့ပေ။ အကယ်၍ ထိုရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက သူ့ကို တွေ့သွားပြီး အဆိပ်ဝိညာဉ်က အချိန်မီ ပြန်ရောက်မလာလျှင် သူ သေချာပေါက် သေသွားပေလိမ့်မည်။

“အရှင်ငယ် မီးချောက်နက်ထဲက ကောင်းကင်ယန်အမျက်မီးတောက်တွေကို ချက်ချင်း သွားယူလိုက်ပါ။ ကျွန်တော် အဲ့ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို ချင်ယွီဝမ်တို့ရှိတဲ့ဘက်ကို မျှားခေါ်သွားလိုက်ပါမယ်။ မှတ်ထားပါ... ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားမပေးပါနဲ့။ မီးတောက်တွေကို မယူနိုင်တော့ဘူးဆိုရင်လည်း ချက်ချင်း ပြန်ဆုတ်လိုက်ပါ”

ကျန်းရီ၏ နားထဲတွင် အသံပို့လွှတ်မှုတစ်ခု ထွက်ပေါ်လာ၏။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲမှာလည်း အဆက်မပြတ်ဟိန်း၍ အရှေ့ဘက်သို့ ထွက်သွားလေသည်။ ကျန်းရီသည် ရုတ်ခြည်း အားတက်သွား၏။ ယခုတွင် အဆိပ်ဝိညာဉ်က ဟွင့်သွမ့်သားရဲကို အဝေးသို့ မျှားခေါ်သွားပြီဖြစ်၍ မီးတောက်များကို ယူရန် အလွန်လွယ်ကူသွားလောက်ပေသည်။

“သွားမယ်...”

ကျန်းရီသည် မိုးမြေစွမ်းအားကို လှည့်ပတ်ကာ ခက်ထန်သော ခြင်္သေ့တစ်ကောင်အလား အရှေ့သို့ ပြေးထွက်သွားလိုက်လေသည်။

***

All Chapters