အစားမက်သူတစ်ယောက်၏ ဒေါသ
Vol. 102 Ch. 1414
ကောင်းကင်ယန်အမျက်မီးတောက်များ ရှိနေသော နေရာက ကျန်းရီရှိနေခဲ့သော နေရာနှင့် သိပ်မဝေးပေ။ ကီလိုမီတာ ရာကျော်သာ ကွာခြားသည်။ ကျန်းရီသည် လမ်းတစ်လျှောက်လုံးတွင် ပြေးသွားခဲ့သော်လည်း ဟွင့်သွမ့်သားရဲတစ်ကောင်နှင့်ပင် မတွေ့ခဲ့ရချေ။ ထို့ကြောင့် ငါးမိနစ်အတွင်းမှာပင် သူ မီးချောက်နက်သို့ ရောက်သွားလေသည်။
မီးချောက်နက်မှာ အမည်အတိုင်း နက်ရှိုင်းပေသည်။ သို့သော် ကြီးသည်ဟုတော့ မဆိုသာပေ။ ၎င်းက နက်ရှိုင်းသော်လည်း ပြောပလောက်အောင် မနက်လောက်ဟုလည်း ကျန်းရီ ခန့်မှန်းလိုက်သည်။ ချောက်နက်၏ အောက်ခြေတွင် အနီရောင်အလင်း လင်းလက်နေသည်။ ကျန်းရီသည် အထက်သို့ ထိုးတက်နေသော မီးလျှံများနှင့် အစိမ်းရောင်အခိုးအငွေ့များကို အဝေးမှပင် လှမ်းမြင်နိုင်ခဲ့ပေသည်။
ဝှစ်...
မည်သည့် ဟွင့်သွမ့်သားရဲ၏ အရှိန်အဝါကိုမှ ကျန်းရီ မခံစားရပေ။ ထို့ကြောင့် ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးသည်နှင့် ချောက်နက်ထဲ ချက်ချင်း ပျံဆင်းသွားလိုက်သည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို အဝေးသို့ မျှားခေါ်သွားပြီဖြစ်သော်လည်း ၎င်းက အချိန်မရွေး ပြန်ရောက်လာနိုင်သည်။ ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကလည်း ခပ်လှမ်းလှမ်းတွင် ရှိနေသည်။ သို့ဖြစ်၍ ကောင်းကင်ယန်အမျက်မီးတောက်များကို အမြန်ဆုံး စုပ်ယူရပေမည်။
ရှဲ...ရှဲ...
ကျန်းရီ ချောက်နက်ထဲ ဆင်သွားသောအခါ မီးတောက်မီးလျှံများက သူ့ကို အဆက်မပြတ် ပွတ်တိုက်နေကြ၏။ ထိုမီးတောက်များက လိမ္မော်နီရောင်ပင်။ မီးတောက်မီးလျှံများ အထက်သို့ ထိုးတက်လာတိုင်း လေထုက ဂယက်ထသွားပေသည်။ ကျန်းရီသည် စိတ်ထဲမှ အလျင်အမြန် နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ထိုမီးတောက်များက အမှန်ပင် တမလွန်ကိုးပါးမီးတောက်အေးများထက် များစွာပိုကြောက်မက်ဖွယ်ကောင်းကြောင်း အသိအမှတ်ပြုလိုက်၏။ သို့သော် ၎င်းတို့က အဆင့်သုံးဆယ်တွင်သာ ရှိပေသေးသည်။ သို့ဖြစ်ရာ ထိပ်တန်းမီးတောက်ဆယ်မျိုးဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ကျီ...ကျီ...
မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး ကောင်းကင်ဝါးမျိုသားရဲ နိုးထလာ၏။ ၎င်းသည် ပုလဲထဲမှ ပျံထွက်ကာ ကျန်းရီ၏ပခုံးပေါ်တွင် နား၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် ၎င်းသည် တောက်ပသော မျက်ဝန်းများဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်လေ၏။
“တမုန့်... မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲ။ ဒီမီးတောက်တွေက ငါစားဖို့အတွက်လား”
“ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး...”
ကျန်းရီက မျက်မှောင်ကြုတ်၍ ရှင်းပြလိုက်သည်။
“ငါက ဒီမီးတောက်တွေကို ယူပြီး မင်းအတွက် အနက်ရောင်မိုးကျောက်တွေနဲ့ လဲပေးမလို့။ တကယ်လို့ မင်း ဒီမီးတောက်တွေကို စားချင်တယ်ဆိုလည်း ငါ့အတွက် အဆင်ပြေပါတယ်။ ဒီမီးတောက်တွေကို စားမလား ဒါမှမဟုတ် အနက်ရောင်မိုးကျောက်တွေကို စားမလားဆိုတာတော့ မင်း ရွေးပေါ့”
ကျီ...ကျီ...
ကောင်းကင်ဝါးမျိုသားရဲက အသံအချို့ပြုလိုက်၏။ ၎င်း ဒွိဟဖြစ်နေကြောင်း သိသာပေသည်။ ၎င်းသည် အကြိမ်များစွာ မျက်တောင်ပုတ်ခတ်၍ ပြောလိုက်သည်။
“ငါ အနက်ရောင်မိုးကျောက်တွေကို စားချင်တယ်။ ဒါပေမဲ့ ငါ ဒီမီးတောက်တွေကိုလည်း နည်းနည်းလောက် စားလို့ရမလား။ နည်းနည်းပဲလေ...”
“ကောင်းပြီလေ...”
ကျန်းရီ ခါးသက်စွာ ရယ်လိုက်၏။ ထိုအစားမက်သူနှင့် သူ အကျိုးအကြောင်း ပြောနေ၍ မရနိုင်ပေ။
“အရင်ဆုံး မီးဝိညာဉ်ပုလဲထဲကို ဝင်နေလိုက်။ ငါ မင်းစားဖို့ ဒီမီးတောက်တွေကို စုပ်ယူပေးမယ်။ ငါ အဲ့မီးတောက်တွေကို သန့်စင်ပြီးရင် အဲ့မီးတောက်တွေက ပိုစွမ်းအားကြီးလာလိမ့်မယ်။ အဲ့ဒါဆို မင်း ပိုစွမ်းအားကြီးတဲ့ မီးတောက်တွေကို စားနိုင်တာပေါ့”
“ကောင်းပြီ.. ကောင်းပြီ၊ တမုန့် မင်းက အရမ်းကောင်းတာပဲ”
ကောင်းကင်ဝါးမျိုသားရဲသည် ကျန်းရီကို မျက်လုံးများ ကျဉ်းသွားသည်အထိ ပြုံးပြလိုက်၏။ ထို့နောက် ၎င်း မီးဝိညာဉ်ပုလဲထဲ ထပ်ဝင်သွားလိုက်သည်။
‘ဒီသားရဲလေးက ဘယ်လောက်မြင်တဲ့ အပူချိန်ဖြစ်ဖြစ် မကြောက်ဘူးပဲ’
ကျန်းရီသည် မီးဝိညာဉ်ပုလဲကို ကြည့်လိုက်၏။ မိစ္ဆာဝိညာဉ်များဆိုလျှင်ပင် လက်ရှိအပူချိန်အောက်၌ အပူဒဏ်ခံရနိုင်သည်ဟု သူ ထင်သည်။ သို့သော် ထိုသားရဲလေးကတော့ အနည်းငယ်ပင် ပူပုံမပြုပေ။ ၎င်းမှာ တမလွန်ကိုးပါးမီးတောက်အေးများကိုပင် စားပစ်နိုင်ရာ ကျန်းရီ များစွာ မအံ့ဩပါချေ။ ၎င်းသားရဲလေးသည် မီးဓာတ်သားရဲနှင့် မတူပါဘဲ မီးကို လုံးဝမကြောက်ချေ။
ဝှစ်...
ကျန်းရီသည် အောက်ဘက်သို့ လျင်မြန်စွာ ပျံဆင်းနေ၏။ သူ ဧရာမ လိမ္မော်နီရောင်မီးတောက်လုံးကြီး တစ်လုံးကို တွေ့နေရပေပြီ။ ထိုအခိုက်တွင် သူ အလိုလို နောက်ဆုတ်မိလိုက်၏။ ထိုဧရာမမီးတောက်လုံးကြီးကို မီးတောက်လုံးအသေးလေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မျက်နှာတစ်ခုနှင့် ဆင်တူနေသည်။ ထို့ပြင် ၎င်းမျက်နှာက ဒေါသထွက်နေသော ကင်းကောင်တစ်ကောင်၏ မျက်နှာနှင့် ဆင်တူပေရာ အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
‘ဒီကျယ်ပြောတဲ့ လောကကြီးထဲမှာ ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နှက်နေတာပဲ’
ကျန်းရီ သက်ပြင်းချလိုက်ပြီး ထိုဧရာမမီးတောက်လုံးကြီးဆီသို့ ဆက်ပျံဆင်းသွားလိုက်သည်။ မီးတောက်လုံးကြီး အနားသို့ ရောက်သောအခါ မီးဝိညာဉ်ပုလဲက စတင်လင်းလက်လာပြီး ကောင်းကင်ယန်အမျက်မီးတောက်များကို စုပ်ယူလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီသည် ကောင်းကင်ယန်အမျက်မီးတောက်လုံး ဆယ်လုံးကို စုဆောင်းနိုင်လိုက်လေသည်။
‘သားရဲလေးက ဒီတစ်ခေါက် တော်တော်ဣန္ဒြေကောင်းနေပါလား’
ကျန်းရီသည် မီးဝိညာဉ်ပုလဲထဲသို့ အာရုံခံကြည့်ပြီးနောက် သားရဲလေးမှာ သွားရေတမြားမြား ကျနေသော်လည်း မီးတောက်များကို မစားသေးဘဲ နေရာတွင်သာ ရပ်နေကြောင်း တွေ့လိုက်ရ၏။ ထို့နောက် သူ မီးတောက်များကြားထဲ ဆက်ပျံသန်းကာ မီးတောက်လုံးများကို ဆက်စုပ်ယူလိုက်သည်။ မီးတောက်အများစုကို စုပ်ယူပြီးနောက်တွင်မူ ချောက်နက်အောက်ခြေမှနေ၍ ထွက်ပေါ်လာသော ဒေါသတကြီး ဟိန်းသံကြီးတစ်သံကို ကြားလိုက်ရ၏။
ဟိန်း...
ထိုဟိန်းသံက ကျန်းရီ၏ နှလုံးသားကို လည်ပင်းထဲမှ ခုန်ထွက်သွားမလိုပင် ဖြစ်သွားစေ၏။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ကျန်းရီကို လွှမ်းခြုံသွား၏။ ထိုအရှိန်အဝါမှာ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်၏ အရှိန်အဝါပင်။ အစောတွင် ကျန်းရီသည် မည်သည့်ဟွင့်သွမ့်သားရဲ၏ အရှိန်အဝါကိုမှ မခံစားခဲ့ရချေ။ အဆိပ်ဝိညာဉ်ကလည်း ဤချောက်နက်ထဲကို အာရုံခံစူးစမ်းခဲ့လောက်သည်။ ထို့ကြောင့် ကောင်းကင်ယန်အမျက်မီးတောက်များ အောက်တွင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင် အိပ်နေလိမ့်မည်ဟု ကျန်းရီ မထင်ခဲ့ပါပေ။
ရွှီး...
မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး သားရဲလေး ထပ်မံ ထွက်လာ၏။ ၎င်း၏ဦးခေါင်းထက်မှ အကြေးခွံများက ရုတ်ခြည်း ထောင်ထလာပြီး ၎င်း၏ ရွှေရောင်ဦးချိုကလည်း တောက်ပလာသည်။ သားရဲလေးသည် ခက်ထန်သော အကြည့်ဖြင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပြီး အရှိန်အဝါထုတ်လွှတ်၍ စူးစူးရှရှ အော်လိုက်သည်။
“ကျီ...ကျီ...”
“တမုန့်... မီးတောက်တွေကို မြန်မြန် စုပ်ယူလိုက်။ အဲ့အကောင်ကြီးက ငါတို့ကို သူ့ရဲ့အစာ လုပ်ချင်နေတာလား။ သူ ငါ့ကို ထိရဲရင် ငါ သူနဲ့ တိုက်ခိုက်ပစ်မယ်”
ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲ၏ အသံပို့လွှတ်မှုကို ရလိုက်၏။ မကြာခင်မှာပင် အောက်ဘက်မှ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ ဟိန်းသံများ ရပ်သွား၏။ ၎င်းက ကျန်းရီကို တစ်ချက်ပင် မတိုက်ခိုက်ခဲ့ပေ။ ကျန်းရီ ရင်ခုန်မြန်သွားသည်။ ကောင်းကင်ဝါးမျိုသားရဲက ထိုရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို ခြောက်လိုက်ခြင်းလော။ ထိုသားရဲလေး၏ အရှိန်အဝါက အဘယ်သို့ ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေရသနည်း။ ၎င်း၏ အရှိန်အဝါသည် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ အရှိန်အဝါနှင့်ပင် ယှဉ်နိုင်ပေသည်။
အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းရီ တုံ့ဆိုင်းမနေပေ။ သူသည် ကောင်းကင်ယန်အမျက်မီးတောက်အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး စုပ်ယူလိုက်ပြီး အထက်သို့ ပျံတက်သွားလိုက်သည်။ ဤတစ်ခေါက်တွင် သူ့အား စိတ်အလှုပ်ရှားစေဆုံးအရာမှာ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက သားရဲလေးကို ကြောက်ပုံ ပေါ်နေခြင်းပင်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲသည် သားရဲလေး ထွက်ပေါ်လာကတည်းက အသံပင် ထပ်မပြုခဲ့တော့ပေ။
ကျန်းရီသည် ချောက်နက်ပေါ်သို့ ပြန်ရောက်သည်နှင့် အဝေးသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ဆယ်မိနစ်ကြာ ပျံသန်းပြီးနောက်တွင်ပင် သူ အဆိပ်ဝိညာဉ်ကို ရှာမတွေ့သေးချေ။ ထို့ကြောင့် သူ မျက်မှောင်ကြုတ်လိုက်၏။ အဆိပ်ဝိညာဉ်က ချင်မျိုးနွယ်ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့သည်လော။ မဟုတ်လျှင် အဘယ်ကြောင့် သူက အကြာကြီး ပျောက်နေရသနည်း။
ကျန်းရီသည် တောင်ထွတ်တစ်ခုပေါ်တွင် ရပ်၍ မီးချောက်နက်ဆီ လှမ်းကြည့်လိုက်၏။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက သူ့အနောက် လိုက်မလာကြောင်း အတည်ပြုပြီးသောအခါ သူ စေ့စေ့စပ်စပ် တွေးတောလိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူ အရှေ့ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ သူ့တွင် သဲဝါပိုးကောင် ငါးသောင်း ရှိထားပြီး ယခု ကောင်းကင်ယန်အမျက်မီးတောက်များလည်း ရှိလာပြီဖြစ်သည်။ သူက တိထျန်းများကို မသတ်နိုင်လောက်သော်လည်း အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်လောက်ပေသည်။
ဝုန်း...ဝုန်း...ဝုန်း...ဟိန်း...ဟိန်း...
အရှေ့ဘက်သို့ ကီလိုမီတာငါးရာ သွားပြီးနောက် ကျန်းရီသည် အဝေးမှ ပေါက်ကွဲသံများနှင့် ဟွင့်သွမ့်သားရဲတစ်ကောင်၏ ဟိန်းသံများကို ကြားလိုက်ရ၏။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲသည် အမှန်ပင် အဆိပ်ဝိညာဉ်၏ မျှားခေါ်သွားမှုကို ခံခဲ့ရပေသည်။ ၎င်း၏ အားကောင်းသော အရှိန်အဝါကို ကျန်းရီ အဝေးမှနေ၍ပင် ခံစားနေရသည်။
ရွှီး...
ကျန်းရီဘေးတွင် တစ္ဆေတစ်ကောင်ကဲ့သို့သော အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုအရိပ်မှာ အဆိပ်ဝိညာဉ်ပင်။ အဆိပ်ဝိညာဉ်သည် ထွက်ပေါ်လာချင်းချင်း ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“အရှင်ငယ်... ဒီကို ဘာလာလုပ်တာလဲ။ ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ချင်မျိုးနွယ်က တိထျန်းတွေကို သတ်ပစ်ခဲ့မိပါတယ်။ အခု ကျွန်တော်က အရှင်ငယ်ကို လာရှာဖို့ လုပ်နေတာပါ။ အရှင်ငယ် ကောင်းကင်ယန်အမျက်မီးတောက်တွေကို ရခဲ့ပြီလား”
“ရခဲ့ပြီ”
ကျန်းရီသည် ခေါင်းညိတ်ပြ၍ သူတို့အရှေ့သို့ မျှော်ကြည့်လိုက်၏။
“အဲ့မှာ ဘာတွေ ဖြစ်နေတာလဲ”
“ဟင်းဟင်း...”
အဆိပ်ဝိညာဉ်က ဝမ်းသာအားရ ဖြေ၏။
“ကျွန်တော် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို အဲ့ကို မျှားခေါ်သွားခဲ့တာ။ ပြီးတော့ အခွင့်အရေးကို အသုံးချပြီး တိထျန်းတွေကို သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ လေးယောက်တော့ ကျန်သေးတယ်။ သူတို့ထဲက နှစ်ယောက်က သူတို့ရဲ့ သခင်မလေးကို ကာကွယ်ပြီး အဝေးကို ခေါ်သွားနေကြတယ်။ ကျန်နှစ်ယောက်က နောက်မှာချန်ခဲ့ပြီး ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲနဲ့ တိုက်ခိုက်နေကြပါတယ်။ အဲ့တိုက်ပွဲမှာ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲတစ်စုလည်း ပါပါတယ်။ အခု သူတို့ အခက်ကြုံနေကြပါတယ်။ ကျွန်တော် အရှင်ငယ်ကို စိတ်ပူလို့သာ မဟုတ်ရင် အဲ့တိထျန်းနှစ်ယောက်ကိုလည်း သတ်ခဲ့မှာပါ”
“အဲ့ဒါဆိုလည်း သွားသတ်လေ”
ကျန်းရီက တောက်ပသော မျက်ဝန်းများဖြင့် ပြောလိုက်၏။
“ခင်ဗျား စလိုက်ပြီဆိုတော့ ဆုံးအောင် လုပ်ရမှာပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ အဲ့လူနှစ်ယောက်ကို အခွင့်အရေးရှာပြီး သတ်ပစ်လိုက်ပါ။ ပြီးတော့ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကိုလည်း သတ်ပစ်လိုက်ပါ။ အခု ကျွန်တော် နတ်ဘုရားအမြစ်တွေ လိုနေတယ်။ ချင်မျိုးနွယ်က တိထျန်းတွေက ချမ်းသာကြတယ်မလား”
“ကောင်းပါပြီ”
အဆိပ်ဝိညာဉ်က အေးစက်စွာ ပြုံးလိုက်၏။ သူ့မျက်ဝန်းများထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။ အတိတ်တွင် ချင်မျိုးနွယ်မှ သခင်လေးက သူ၏ဇနီးကို အဓမ္မကျင့်ကာ သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူနှင့် ချင်မျိုးနွယ်ကြားတွင် နက်ရှိုင်းသော ရန်ငြိုးတစ်ခု ရှိနေသည်။ ယခု ချင်မျိုးနွယ်မှ တိထျန်းနှစ်ယောက်ကို သတ်ပစ်နိုင်သည်ဆိုသော အသိက သူ့ကို စိတ်လှုပ်ရှားစေပေသည်။
“အရှင်ငယ်... ဒီမှာပဲ နေခဲ့ပါ၊ လျှောက်မသွားပါနဲ့။ ကျွန်တော် ပြန်လာတာကို စောင့်နေပါ”
အဆိပ်ဝိညာဉ်က မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွား၏။ ကျန်းရီသည် သူ့ကို တားရန် ဆန္ဒမရှိပေ။ အဆိပ်ဝိညာဉ်၏ အရည်အချင်းနှင့်ဆိုလျှင် တိထျန်းတစ်အုပ်ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ ထို့ပြင် တိထျန်းနှစ်ယောက်မှာ ဟွင့်သွမ့်သားရဲများနှင့်လည်း တိုက်ခိုက်နေရပေသေးသည်။
သို့သော်...
ကိစ္စများက ကျန်းရီ ထင်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ပေ။ ငါးမိနစ်ကြာပြီးနောက် သူသည် အရှေ့ဘက်မှ အော်သံတစ်သံကို ကြားလိုက်ရလေသည်။
“အဆိပ်ဝိညာဉ်လား... မင်းက ငါ့ရဲ့အစ်ကိုကို လုပ်ကြံပြီးတာတောင် အခု ငါ့ကိုပါ သတ်ချင်နေတာလား။ အဲ့ဒါဆိုလည်း အတူတူ သေကြတာပေါ့”
ဝုန်း...
အရှေ့ဘက်မှနေ၍ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ကျန်းရီနှင့် ကီလိုမီတာဆယ်ချီအကွာမှနေ၍ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ကျန်းရီပတ်ပတ်လည်ရှိ တောင်များကို အသံကြောင့် တုန်ခါသွားပေသည်။ ကျန်းရီ၏ နားစည်များလည်း နာသွားသည်။ ထို့နောက် ကောင်းစွမ်းအားအဟုန်တန်း တစ်တန်းက သူ့ထံသို့ တိုးဝင်လာ၏။ သူ့ အကြည့်များ ရုတ်ခြည်းအေးစက်သွားသည်။
မိမိကိုယ်ကို ဖောက်ခွဲပစ်ခဲ့ခြင်း...
တိထျန်းတစ်ယောက်က သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ခြင်းပင်။
ဝှစ်...
ကျန်းရီသည် အဆိပ်ဝိညာဉ်ထံသို့ ချက်ချင်း ပျံသန်းသွားလိုက်၏။ တိထျန်းတစ်ယောက် သူ့ကိုယ်သူ ဖောက်ခွဲပစ်ခြင်းက မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။ ကျန်းရီ မသိပေ။ သို့သော် အဆိပ်ဝိညာဉ်က ထိုပေါက်ကွဲမှုအဟုန်ကြောင့် မသေလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်ဟု သူ ခန့်မှန်းသည်။ အဆိပ်ဝိညာဉ် အသက်ရှင်နေသေးလျှင် ကျန်းရီသည် သူ့ကို အသက်ရင်း၍ ကယ်တင်ရပေမည်။ အဆိပ်ဝိညာဉ်က ကျန်းရီအတွက် အလွန်အရေးပါပေသည်။
***