ထွက်သွား
Vol. 102 Ch. 1416
သုံးရက်ခွဲ ပျံသန်းခဲ့ရသော ဤတစ်ခေါက် ခရီးက မချောမွေ့ခဲ့ပေ။ ကျန်းရီသည် လမ်းတစ်လျှောက်တွင် ဟွင့်သွမ့်သားရဲအနည်းငယ်နှင့် တွေ့ခဲ့ရသည်။ သို့သော် ထိုသားရဲများက အဆင့်နိမ့် ဟွင့်သွမ့်သားရဲများ ဖြစ်ကြသဖြင့် ကျန်းရီအတွက် မပြောပလောက်ပေ။ သဲဝါပိုးကောင်များကို ထုတ်လွှတ်လိုက်လျှင် ၎င်းသားရဲများကို အလွယ်တကူ သတ်နိုင်မည်ဖြစ်သည်။
သို့သော် ကျန်းရီသည် သဲဝါပိုးကောင်များကို မထုတ်လွှတ်ခဲ့ချေ။ ထိုအစား သားရဲလေးအား ၎င်း၏အရှိန်အဝါကို ထုတ်လွှတ်ရန်သာ ပြော၍ ဆက်ပျံခဲ့သည်။ ကျန်းရီသည် တိထျန်းအဆင့် သိုင်းသမားကို သတ်ခဲ့စဉ်က ချင်မျိုးနွယ်မှလူများ သက်သေမရှာနိုင်ရန် ထိုသူ၏ အရိုးများကို ချိုးပစ်ခဲ့သည်။ ယခု လမ်းတစ်လျှောက်တွင် သူ ဟွင့်သွမ့်သားရဲများကို စတင် သတ်ဖြတ်လိုက်ပါက လူများက သူ့ကို သတိပြုမိသွားမည်ဖြစ်သည်။ ထို့ပြင် သားရဲများကို သတ်နေလျှင် ထွက်ပြေးရန် အဖိုးတန်အချိန်များကို ဖြုန်းတီးလိုက်သလိုလည်း ဖြစ်သွားပေလိမ့်မည်။
နှစ်နာရီကြာ ထပ်ပျံသန်းပြီးနောက် ကျန်းရီသည် မြောက်ပိုင်းမြစ်မြို့နှင့် နီးကပ်လာ၏။ ထိုအခါ ပြဿနာက လာရောက်တံခါးခေါက်လေတော့သည်။ နတ်ဘုရားလှေနှစ်စင်းက အရှေ့မှလမ်းကို ပိတ်ထားကြ၏။ လှေများ၏ ပဲ့ပိုင်းတွင် ‘ချင်’ဆိုသာ စာလုံးကို ရေးဆွဲထားသည်။
‘ချင်မျိုးနွယ်ဝင်တွေလား’
ကျန်းရီသည် ထိုစာလုံးကို တွေ့သောအခါ ရုတ်ခြည်း တောင့်တင်းသွား၏။ အဆိပ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရထားပြီး သတိမေ့နေဆဲဖြစ်သည်။ ပြီးခဲ့သော သုံးရက်ခွဲအတွင်း သူ တစ်ချက်ပင် သတိလည်မလာခဲ့ပေ။ ကျန်းရီ၏ လက်ရှိအင်အားနှင့် စွမ်းရည်များအရဆိုလျှင် သူ တိရှအဆင့် သိုင်းသမားတစ်စုကို ကိုင်တွယ်နိုင်လောက်သည်။ သို့သော် တိထျန်းအချို့ ပါလာမည်ဆိုလျှင် ပြဿနာတက်ပေလိမ့်မည်။
လက်ရှိ ကျန်းရီရောက်နေသော နေရာက မည်သည့်မြို့၏ ပိုင်နက်ထဲတွင်မှ မဟုတ်ပေ။ အကယ်၍ ချင်မျိုးနွယ်က သူ့အား ထိုနေရာတွင် သတ်လိုက်လျှင်ပင် မည်သူမှ ထိုအကြောင်းကို သိလိုက်မည် မဟုတ်ချေ။ ကျန်းရီသည် ချဉ်းကပ်လာကြသော နတ်ဘုရားလှေများကို ကြည့်၍ လွတ်လမ်းတစ်ခုကို အသည်းအသန် တွေးတောနေ၏။ နောက်ဆုံးတွင် သူ လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏နတ်ဘုရားလှေကို အရှိန်လျှော့မပေးဘဲ အရှေ့သို့ လျင်မြန်စွာ ဆက်ပျံသန်းသွားစေလိုက်၏။ တစ်ချိန်တည်းမှာလည်း သူ အော်ပြောလိုက်သည်။
“ထွက်သွား...”
ကျန်းရီ၏ နတ်ဘုရားလှေနှင့် ခေါင်းချင်ဆိုင်နေသော နတ်ဘုရားလှေနှစ်စင်းက အရှေ့မှ လမ်းကို ပိတ်ထားသည်။ သို့သော် ကျန်းရီ၏ နတ်ဘုရားလှေကို ဝန်းရံရန် မည်သည့် စွမ်းအားကြီး သိုင်းသမားမှ ပျံထွက်မလာသေးပေ။ ယင်းမှာ ချင်မျိုးနွယ်သည် အဆိပ်ဝိညာဉ်က ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိနေကြောင်း မသိသေးဘဲ ထုံးစံအတိုင်း စစ်ဆေးမှုများ လုပ်နေခြင်းသာဖြစ်ကြောင်း ထင်ရှားပေသည်။ သို့ဖြစ်၍ ကျန်းရီထံတွင် ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရှိပေသေးသည်။ သူ မရွံ့မရဲ ပြုမူနေလျှင် ရန်သူက သူ၏လှေကို အတင်းရှာပေလိမ့်မည်။ ထို့ကြောင့် သူသည် အတန်ငယ် မောက်မာဟန် သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။
မျှော်လင့်ထားသလိုပင်။
ကျန်းရီ၏ နတ်ဘုရားလှေက အရှိန်မလျှော့ဘဲ အရှေ့သို့ အတင်းပျံသန်းလာသောအခါ လမ်းပိတ်ထားသော နတ်ဘုရားလှေနှစ်စင်းသည် ဘေးသို့ ပေရာဂဏန်းအနည်းငယ်စီ တိုးပေးလိုက်ကြ၏။ သို့သော် နတ်ဘုရားလှေများက လင်းလက်သွားပြီး တိရှ တစ်ရာကျော် ထွက်ပေါ်လာသည်။ ထိုလူများသည် ကျန်းရီ၏ နတ်ဘုရားလှေကို ဝန်းရံလိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ လူတစ်ယောက်က အော်ပြောလိုက်သည်။
“ကျုပ်က ချင်မျိုးနွယ်က ချင်ရွှယ်ပါ။ ဒီနေရာမှာ ကျုပ်တို့မျိုးနွယ်ရဲ့ ရန်သူတော်ကြီးကို လိုက်ရှာနေတာပါ။ ခင်ဗျားရဲ့ လှေကို ရပ်တန့်ပေးဖို့ ကျုပ်တို့ တောင်းဆိုချင်ပါတယ်။ ပြီးတော့ ကျုပ်တို့ကို ခင်ဗျားရဲ့လှေကို ရှာခွင့်ပေးပါ။ တကယ်လို့ ကျုပ်တို့က ခင်ဗျားကို အပြစ်ပြုမိတယ်ဆိုရင် ကြိုပြီး တောင်းပန်ပါတယ်။ ခင်ဗျားက အတင်းထွက်သွားမယ်ဆိုရင်တော့ ကျုပ်တို့လည်း အကြမ်းနည်း သုံးရပါလိမ့်မယ်...”
ဟူး...
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ၏ ခန့်မှန်းချက်က မှန်ခဲ့ပေသည်။ ထိုလူများက သူမည်သူဖြစ်ကြောင်း မသိသလို အဆိပ်ဝိညာဉ်က သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ၌ ရှိနေသည်ကိုလည်း မသိကြပေ။ သူတို့က ထုံးစံအတိုင်း စစ်ဆေးမှုများ လုပ်နေကြခြင်းသာ။
ကျန်းရီသည် သူ၏ခံစားချက်များကို ထိန်းချုပ်၍ နတ်ဘုရားလှေကို ရပ်တန့်ပေးလိုက်၏။ ထို့နောက် နတ်ဘုရားလှေ၏ အကာအရံများကို ပိတ်၍ အေးစက်စက် ပြောလိုက်သည်။
“ချင်မျိုးနွယ်က တပည့်တွေက တကယ်ကို မောက်မာကြတာပဲ။ ခင်ဗျားတို့က အမဲလိုက်တမန်တော်တစ်ယောက်ရဲ့ နတ်ဘုရားလှေကို ရှာချင်ကြတာလား။ နောက်တစ်ခေါက် ကျွန်တော် ချင်ရုံနဲ့ တွေ့ရင် ဒီကိစ္စကို သေချာပေါက် ပြောပြလိုက်ပါမယ်”
ဝှစ်...ဝှစ်...
ကောင်းကင်စိတ်အာရုံအနည်းငယ်က အရှေ့သို့ ထွက်လာကြပြီး ကျန်းရီ၏ ရင်ဘတ်ပေါ်မှ အမဲလိုက်တမန်တော်တံဆိပ်ကို အာရုံခံလိုက်ကြ၏။ သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။ ကျန်းရီက အသက်ငယ်ငယ်နှင့် အမဲလိုက်တမန်တော်တစ်ယောက် ဖြစ်လာနိုင်ရာ သေချာပေါက် အလွန်အရေးပါသူတစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ တွေးလိုက်ကြ၏။ ထို့ပြင် ကျန်းရီက ချင်ရုံကို အမည်အတိုင်း ခေါ်ခဲ့သည်။ သို့ဖြစ်ရာ သူက သေချာပေါက် အင်အားကြီးသော မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက် ဖြစ်ပေလိမ့်မည်။
တိရှအုပ်စုသည် ရုတ်ခြည်း ဘေးဖယ်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျုပ်တို့ တောင်းပန်ပါတယ် သခင်လေး။ ကျုပ်တို့က တာဝန်အရ စစ်ဆေးနေကြတာပါ။ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”
“ဟွန်း...”
ကျန်းရီသည် နှာခေါင်းရှုံ့၍ နတ်ဘုရားလှေ၏ အကာအရံများကို ပြန်နှိုးလိုက်ပြီး အရှေ့သို့ မောင်းနှင်သွားလိုက်သည်။ သူ၏ နဖူးတွင် ဇောချွေးများ ပြန်နေပေသည်။ ယင်းမှာ သူက ထိုတိရှအုပ်စုကို ကြောက်၍ မဟုတ်ပေ။ သို့သော် သူ ထိုသူများနှင့် တိုက်ခိုက်လိုက်သည်နှင့် မရေမတွက်နိုင်သော တိထျန်းများ ပျံသန်းရောက်ရှိလာပေလိမ့်မည်။ ထိုအခါ သူ မြို့ထဲသို့ မည်သည့်အခါတွင်မှ ဝင်နိုင်တော့မည် မဟုတ်ချေ။
‘ချင်မျိုးနွယ်က လူတွေအများကြီး လာခဲ့တာလား။ သူတို့က အဆိပ်ဝိညာဉ်ကို အဲ့လောက်တောင် အရေးထားတယ်လား’
ကျန်းရီသည် နတ်ဘုရားလှေကို အမြန်ဆုံး မောင်းနှင်နေရင်း တွေးတောနေ၏။ ယခုတွင် သူ ထပ်၍ လမ်းမလွှဲနိုင်တော့ပေ။ ထိုနေရာက မြောက်ပိုင်းမြစ်မြို့နှင့် အနီးဆုံးဖြစ်သည်။ သူ အခြားမြို့တစ်မြို့သို့ သွားလိုလျှင် အနည်းဆုံး တစ်လလောက် သွားရပေလိမ့်မည်။ အကယ်၍ ချင်မျိုးနွယ်ဝင်များက သူ၏လုပ်ရပ်ကို သံသယဖြစ်သွားလျှင် သူ့နောက်သို့ ချက်ချင်း လိုက်လာကြမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် မြောက်ပိုင်းမြစ်မြို့ထဲ ဝင်ရန်သာ တွေးရပေတော့မည်။ သူ မြို့ထဲရောက်သွားလျှင် လုံခြုံသွားမည်ဖြစ်သည်။
“သွားတာပေါ့ကွာ...”
ကျန်းရီသည် အံကြိတ်၍ ပြတ်သားစွာ ရေရွတ်လိုက်ပြီး မြောက်ပိုင်းမြစ်မြို့ဆီသို့ ပျံသန်းသွားလိုက်သည်။ မြောက်ပိုင်းမြစ်မြို့သို့ ရောက်ရန် နေ့တစ်ဝက်သာ သွားရတော့မည်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် မည်သည့်ပြဿနာမှ မတွေ့ပါစေနှင့်ဟုသာ သူ ဆုတောင်းနိုင်ပေသည်။
ကျန်းရီသည် သွားနေရင်းဖြင့် ပို၍ ပို၍ စိတ်မသက်မသာ ဖြစ်လာ၏။ နောက်ထပ်ရှစ်နာရီ ကြာပြီးနောက်တွင် သူ ထပ်မံ ရပ်တန့်လိုက်ရသည်။ ဤတစ်ကြိမ်တွင်လည်း နတ်ဘုရားလှေနှစ်စင်းက လမ်းပိတ်ထားခြင်းပင်။ ကျန်းရီသည် ဤတစ်ခေါက်တွင် ပို၍မောက်မာစွာ ပြုမူလိုက်ပြီး နတ်ဘုရားလှေနှစ်စင်းမှနေ၍ တိရှများ ထွက်လာကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြတော့မှ သူ့နတ်ဘုရားလှေကို ရပ်ပေးလိုက်သည်။
မျှော်လင့်ထားသလိုပင် ချင်မျိုးနွယ်ဝင်များက ကျန်းရီ၏ အပြုအမူများကြောင့် အံ့အားသင့်နေကြသည်။ ချင်မျိုးနွယ်က မျိုးနွယ်ကြီးတစ်ခုဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ သို့သော် ထိုတိရှအုပ်စုက အဆင့်အတန်းမြင့်သူများ မဟုတ်သဖြင့် ခေါင်းမာသော သခင်လေးများကို အပြစ်မပြုဝံ့ကြချေ။ မျိုးနွယ်တစ်ခု၏ စည်းမျဉ်းများက ပိုတင်းကြပ်လေလေ၊ သခင်လေးများကို အပြစ်ပြုမိ၍ အပေးခံရသော အပြစ်ဒဏ်များက ပိုပြင်းထန်လေလေပင်။
‘ဒီနည်းက ထပ်အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး’
ကျန်းရီသည် နတ်ဘုရားလှေနှစ်စင်းကို ဖြတ်ကျော်လာပြီးနောက် သက်ပြင်းချလိုက်၏။ ဤတစ်ကြိမ်တွင် ချင်မျိုးနွယ်၏ တုံ့ပြန်မှုက ကျန်းရီ မျှော်လင့်ထားသည်ထက် သာလွန်ခဲ့သည်။ အကယ်၍ ချင်မျိုးနွယ်က အတင်းရှာမည်ဆိုလျှင် သူ မည်သို့မှ တတ်နိုင်မည် မဟုတ်ချေ။ ကျန်းရီ သက်ပြင်းထပ်ချလိုက်ပြီး ဟွင့်သွမ့်ချီပုလဲထဲကို အာရုံခံကာ အဆိပ်ဝိညာဉ်ကို ကြည့်လိုက်၏။ အဆိပ်ဝိညာဉ်က နိုးနေပြီး တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာကုသနေသည်ကို တွေ့လိုက်ရ၍ ကျန်းရီ အံ့အားသင့်သွားသည်။
‘အံ့ဩစရာပဲ...’
ရှောင်လန်သည်ပင် ရက်များစွာ သတိလစ်နေပြီးမှ ပြန်နိုးလာခဲ့သည်။ ဤအဆိပ်ဝိညာဉ်ကမူ သေလုမတတ် ဖြစ်ခဲ့သော်လည်း လေးရက်အတွင်း သတိပြန်လည်လာခဲ့သည်။ အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် သန်မာသည်။ ကျန်းရီသည် အဆိပ်ဝိညာဉ်ထံ အသံပို့လွှတ်ကာ အခြေအနေကို ရှင်းပြလိုက်ပြီး အကြံဉာဏ်တောင်းလိုက်၏။
အဆိပ်ဝိညာဉ်က အားနည်းစွာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းများထဲ၌ ပြတ်သားမှုတစ်ခု ရှိနေပေသည်။
“အရှင်ငယ်... ကျွန်တော့်ကို ဒီနေရာမှာ ချန်ထားခဲ့ပြီး မြို့ထဲကို တစ်ယောက်တည်း ပြန်သွားလိုက်ပါ။ မဟုတ်ရင် ကျွန်တော်တို့ နှစ်ယောက်စလုံး သေရပါလိမ့်မယ်။ ကျွန်တော် အတူပါလာရင် အရှင်ငယ် ဘယ်လိုမှ မြို့ထဲကို ဝင်ခွင့်ရမှာ မဟုတ်ပါဘူး”
“အာ...”
ကျန်းရီ မှင်တက်သွား၏။ သူ ချက်ချင်း ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“ဟင့်အင်း... ကျွန်တော်တို့ သေရမယ်ဆိုရင်လည်း အတူ သေကြတာပေါ့။ ခင်ဗျား ဒီမှာ ကျန်ခဲ့ရင် သေချာပေါက် သေလိမ့်မယ်”
“မဟုတ်ပါဘူး...”
အဆိပ်ဝိညာဉ်သည် ဟွင့်သွမ့်ချီပုလဲထဲမှနေ၍ ခေါင်းခါကာ ပြောလိုက်၏။
“အရှင်ငယ်က ကျွန်တော့်ကို လျှော့တွက်တာပဲ။ အခု ကျွန်တော် မလှုပ်ရှားနိုင်ပေမဲ့ ကျွန်တော့်ရဲ့ ပုန်းကွယ်ခြင်းအတတ်ကို သာမန်တိထျန်းတွေတောင် ဖောက်မြင်နိုင်မှာ မဟုတ်ပါဘူး။ ချင်မျိုးနွယ်မှာ ကျွန်တော့်ရဲ့ ပုန်းကွယ်ခြင်းအတတ်ကို ဖောက်မြင်နိုင်တဲ့သူက ဆယ်ယောက်မကျော်ပါဘူး...”
“တွေးကြည့်ပါ... အဲ့ဆယ်ယောက်ကလည်း ချင်မျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် စွမ်းအားကြီး သိုင်းသမားတွေပဲ။ အဲ့တော့ သူတို့က မြောက်ပိုင်းမြစ်မြို့ကို လာခဲ့ပါ့မလား။ သူတို့ လာခဲ့ရင်တောင် ကိုယ်တိုင်ထွက်ပြီး ရှာကြပါ့မလား။ အရှင်ငယ်... ကျွန်တော့်ကို ယုံပါ။ ဝိညာဉ်မျိုးနွယ်ဝင်တွေကို အလွယ်တကူ သတ်နိုင်နေရင် ကျွန်တော်တို့က ဘယ်လိုလုပ် အထက်ဘုံရဲ့ စွမ်းအားအကြီးဆုံး လုပ်ကြံရေးသမားတွေ ဖြစ်နေမှာပါလဲ”
ကျန်းရီသည် ချီတုံချတုံဖြင့် အသံထပ်မံပို့လွှတ်လိုက်၏။
“ခင်ဗျား သေချာလား။ ဒီတစ်ခေါက် ခင်ဗျား အရမ်းခေါင်းမမာသင့်ဘူး။ ကျွန်တော် မြို့ထဲကို အတင်းဝင်မယ်ဆိုရင် ချင်မျိုးနွယ်ဝင်တွေက ကျွန်တော့်ကို မတားလောက်ပါဘူး။ ချင်မျိုးနွယ်က တိရှစံအိမ်က ဆိုတော့ သေချာပေါက် မိုလင်းချိုးကို ရှိန်မှာပါပဲ”
“သေချာပါတယ်...”
အဆိပ်ဝိညာဉ်က အလွန်ပြတ်သားစွာ ပြန်ဖြေသည်။
“အရှင်ငယ်... အဲ့လိုမစွန့်စားပါနဲ့။ ကျွန်တော် အရှင်ငယ်ဆီ အသက်ရှင်ရက် ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိပါတယ်။ အရှင်ငယ် ကျွန်တော့်ကို ဝိညာဉ်မျိုးနွယ်ဆီ ပြန်ခေါ်သွားပေးမှာကို ကျွန်တော် စောင့်ရဦးမယ်မလား။ ကျွန်တော် လွယ်လွယ်နဲ့သေမှာ မဟုတ်ပါဘူး”
“ခင်ဗျားရဲ့ ခြေထောက်တွေက ကျိုးနေပြီ။ ဒဏ်ရာတွေ ပျောက်သွားတယ်ဆိုရင်တောင် ခင်ဗျား ဘယ်လို ပြန်လာမှာလဲ”
ကျန်းရီသည် မသေချာသေးသဖြင့် ထပ်မံ၍ အသံပို့လွှတ်လိုက်၏။ သို့သော် အဆိပ်ဝိညာဉ်က ပြုံး၍ ဆိုသည်။
“အရှင်ငယ်... အရှင်ငယ် ကျွန်တော့်အဆင့်ကို ရောက်ပြီဆိုရင် ခြေထောက်ကျိုးတာလောက်က အသေးအဖွဲကိစ္စလေးဆိုတာကို သိသွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သန်မာတဲ့ခန္ဓာကိုယ်တွေက အလိုလို ပြန်ကောင်းလာနိုင်ပါတယ်။ မကြာခင် ကျွန်တော် အင်အားအပြည့်အဝ ပြန်ရမှာပါ”
“အဲ့ဒါဆိုလည်း ကောင်းပြီလေ”
ကျန်းရီ သက်ပြင်းချလိုက်၏။ အဆိပ်ဝိညာဉ်က အလွန်ခေါင်းမာနေသဖြင့် သူ ဆက်၍ဖျောင်းဖျနေလျှင်လည်း အကျိုးရှိမည် မဟုတ်ချေ။ ကျန်းရီသည် နတ်ဘုရားလှေ၏ အကြည်နံရံများမှနေ၍ အပြင်သို့ ကြည့်လိုက်၏။ မကြာခင်မှာပင် သင့်တော်သောနေရာတစ်ခုကို တွေ့လိုက်ရသည်။ အရှေ့တွင် မြစ်ကြီးတစ်စင်း ရှိနေသည်။ ထိုမြစ်၏ ကမ်းနှစ်ဘက်စလုံးတွင် ချောက်ကမ်းပါးများနှင့် လျှိုမြောင်များ ရှိနေသည်။ ကျန်းရီသည် နတ်ဘုရားလှေကို ချောက်ကမ်းပါးထိပ်တစ်ခုတွင် ရပ်တန့်လိုက်၏။ ထို့နောက် သူ လိုဏ်ဂူလေးတစ်လုံးကို ရှာတွေ့လိုက်သည်။
လိုဏ်ဂူလေးနှင့် မလှမ်းကမ်းတွင် မြေအောက်ထဲသို့ ဆန့်ထွက်သွားသော ဂူကြီးတစ်လုံး ရှိနေ၏။ ထိုဂူက မည်မျှနက်ကြောင်း ပြောရန် ခက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုနေရာကို ရှာမည်ဆိုလျှင် ထိုဂူကြီးကိုသာ အဓိကထား ရှာကြမည်ဖြစ်ပြီး လိုဏ်ဂူလေးကို လျစ်လျူရှုသွားလောက်ကြပေသည်။
ရွှီး...
ကျန်းရီသည် အဆိပ်ဝိညာဉ်ကို အပြင်သို့ ထုတ်ပေးလိုက်၏။ အဆိပ်ဝိညာဉ်သည် အပြင်သို့ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ကျန်းရီက လိုဏ်ဂူလေးကို ညွှန်ပြကာ မေးလိုက်သည်။
“အဲ့မှာ ပုန်းနေမယ်ဆိုရင် ဘယ်လိုလဲ”
“မဆိုးပါဘူး... အဲ့မှာပဲ ပုန်းနေလိုက်ပါမယ်”
အဆိပ်ဝိညာဉ်က အားနည်းစွာ ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် အဆိပ်ဝိညာဉ်ကို အားဖြည့်ဆေးလုံးအချို့ ထပ်ပေးလိုက်ပြီး လိုဏ်ဂူလေးဆီသို့ တွဲ၍ ခေါ်သွားပေးလိုက်၏။ ထို့နောက် သူ အဆိပ်ဝိညာဉ်ကို စိုးရိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“အဆိပ်ဝိညာဉ် ခင်ဗျား အသက်ရှင်ရက် ပြန်လာပြီး ကျွန်တော့်ကို လာရှာရမယ်နော်”
“ကျွန်တော် လာရှာမှာပါ”
အဆိပ်ဝိညာဉ်က ခေါင်းညိတ်ပြ၏။ ထို့နောက် သူ နေရာမှာပင် ပျောက်ကွယ်သွားသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ကောင်းကင်စိတ်အာရုံထုတ်လွှတ်ကာ ထိုနေရာတစ်ဝိုက်ကို အာရုံခံလိုက်၏။ သူ အဆိပ်ဝိညာဉ်ကို အာရုံခံ၍ မရကြောင်း အတည်ပြုပြီးမှ စိတ်အေးသွားပြီး နတ်ဘုရားလှေပေါ် ပြန်သွား၍ မြောက်ပိုင်းမြစ်မြို့ဆီသို့ ပျံသန်းသွားလိုက်လေသည်။
“အဟင်း...”
ကျန်းရီ ထွက်သွားပြီးနောက် အဆိပ်ဝိညာဉ်က ပြန်၍ ထွက်ပေါ်လာ၏။ သူ ခါးသက်သက် ပြုံးကာ ရေရွတ်လိုက်သည်။
“အရှင်ငယ်... ဒီနေ့ ကျွန်တော် သေသွားရင် နောက်နှစ်ကျ ကျွန်တော့်အတွက် အမွှေးတိုင် ထွန်းပေးပါ။ ဟူး... ဒီတစ်ခေါက်ကတော့ အကုန်လုံး ကံအပေါ်မှာ မူတည်နေတာပဲ။ အခုတစ်ခေါက် ချင်မျိုးနွယ်က အဘိုးကြီးတွေလည်း ရောက်လာနိုင်တယ်။ သူတို့ ဒီနေရာကို မရှာကြပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်...”
***