← Chapters

အရူး

Vol. 102 Ch. 1417

အရူး

Vol. 102 Ch. 1417

အဆိပ်ဝိညာဉ်၏ စကားများက အမှန်ဖြစ်လာခဲ့သည်။

ကျန်းရီက မြောက်ပိုင်းမြစ်မြို့သို့ တန်းတန်းမတ်မတ် ဆက်ပျံသန်းသွားသော်လည်း လမ်းတွင် ထပ်တွေ့ရသော နတ်ဘုရားလှေနှစ်စင်းက သူ့ကို မတားခဲ့ပေ။ သူ လာနေသည်ဆိုသော သတင်းက မြောက်ပိုင်းမြစ်မြို့ထဲရှိ ချင်မျိုးနွယ်အကြီးအကဲတစ်ယောက်နှင့် ချင်မျိုးနွယ်၏ ပထမသခင်မလေး ချင်ယွီဝမ်တို့ထံ ရောက်နေပေပြီ။

ထိုချင်မျိုးနွယ်အကြီးအကဲမှာ အဆိပ်ဝိညာဉ် ပြောခဲ့သော အဘိုးကြီးများထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူက ဘွဲ့ထူးရ တိထျန်းတစ်ယောက်ဖြစ်ပြီး ချင်မျိုးနွယ်တွင် ဒုတိယ စွမ်းအားအကြီးဆုံး သိုင်းသမားဖြစ်သည်။ ဤတစ်ခေါက်တွင် ထိုအဘိုးကြီးအပြင် အခြားအဘိုးကြီးနှစ်ယောက်လည်း ရောက်လာခဲ့သည်။ ထို့ပြင် ထိုနှစ်ယောက်က အပြင်တွင် ကိုယ်တိုင် လိုက်ရှာနေကြသည်။ ယင်းတို့ကို ကြည့်လျှင် ချင်မျိုးနွယ်က အဆိပ်ဝိညာဉ်နှင့် ပတ်သတ်၍ မည်မျှအရေးထားကြောင်း သိနိုင်ပေသည်။

ချင်မျိုးနွယ်အတွက် အဆိပ်ဝိညာဉ်က သူတို့၏မျိုးနွယ်၏ အရှက်ရစရာဖြစ်သည်။ သူတို့ သူ့ကို မသတ်နိုင်လျှင် ချင်မျိုးနွယ်သည် ထိုအရှက်ရမှုကို ဆေးကြောပစ်နိုင်မည် မဟုတ်ချေ။

ထိုနှစ်တွင် အဆိပ်ဝိညာဉ်သည် ချင်မျိုးနွယ်၏ မြို့တစ်မြို့ကို ရှင်းပစ်ခဲ့ပြီး ထိုမြို့ရှိ ချင်မျိုးနွယ်ဝင်အားလုံးကို သတ်ပစ်ခဲ့သည်။ တစ်ယောက်ပင် အရှင်မထားခဲ့ပေ။ ထိုအဖြစ်အပျက်က တိရှဘုံတစ်ခွင်လုံးတွင် ပျံ့နှံ့သွားခဲ့သည်။ တိရှဘုံအနီးရှိ အခြားဘုံအချို့ပင် ထိုသတင်းကို ရခဲ့ကြသည်။

အဆိပ်ဝိညာဉ်သည် ထိုလူများကို သတ်ပြီးနောက် သဲလွန်စတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ချန်မျိုးနွယ်သည် သူ့ကို တစ်နှစ်လုံးလုံး လိုက်ရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ချေ။ မြို့တစ်မြို့ရှိ ချင်မျိုးနွယ်ဝင်အားလုံး အသတ်ခံရခြင်းထက် ချင်မျိုးနွယ်တစ်ခုလုံးက လူတစ်ယောက်ကို မရှာနိုင်ဆိုသော အချက်က ချင်မျိုးနွယ်အတွက် ပိုအရှက်ရစေပေသည်။ သူတို့က အင်အားကြီးသော မျိုးနွယ်ကြီးတစ်ခု မဟုတ်ပါလား။

ချင်မျိုးနွယ်သည် အခြားမျိုးနွယ်ကြီးတစ်ခုက အဆိပ်ဝိညာဉ်ကို ဝှက်ပေးထားခြင်း ဖြစ်နိုင်သည်ဟု တွေးမိခဲ့သည်။ အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်မှ သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး အစွမ်းထက်သော ပုန်းကွယ်ခြင်းအတတ်နှင့် ရုပ်ဖျက်အတတ်တို့ကို ပိုင်ဆိုင်ထားသည်ဟုလည်း သူတို့ ကောလာဟလများ ကြာခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ အဆိပ်ဝိညာဉ်သည် ချင်မျိုးနွယ်အတွက် ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်နေခဲ့သည်။ ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံးကလည်း အရှက်ရကာ ဒေါသထွက်နေခဲ့ကြသည်။

မကြာသေးခင်တွင် အဆိပ်ဝိညာဉ်က တိမ်ခွေတောင်တန်းဒေသ၌ ပြန်လည်ထွက်ပေါ်လာပြီဆိုသော ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။ သို့သော် ထိုသတင်းက မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှနေ၍ အစပြုလာခဲ့ခြင်းပင်။ ချင်မျိုးနွယ်သည် မိစ္ဆာသတ်ဖြတ်စံအိမ်ထဲတွင် ဩဇာလွှမ်းမိုးမှု သိပ်မရှိသဖြင့် သတင်းကို နောက်ကျမှ ရခဲ့သည်။ ထို့ကြောင့် သူတို့ အဆိပ်ဝိညာဉ်ကို သွားရှာချိန်တွင် ကျန်းရီက အဆိပ်ဝိညာဉ်ကို ခေါ်သွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့်...

ဤတစ်ခေါက်တွင် တိထျန်းတစ်ယောက်က သူ အဆိပ်ဝိညာဉ်ကို ဖမ်းလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းပို့လိုက်သောအခါ ချင်မျိုးနွယ်က ချက်ချင်း လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုတိထျန်းက သေဆုံးသွားပြီး အဆိပ်ဝိညာဉ်က ပျောက်ဆုံးသွားသည်ဆိုသောသတင်း ပျံ့နှံ့သွားသောအခါ ချင်မျိုးနွယ်မှ ထိပ်ပိုင်းပုဂ္ဂိုလ်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပေသည်။

ကျန်းရီသည် သဲဝါပိုးကောင်များကို သုံး၍ ထိုတိထျန်းကို သတ်ခဲ့ပြီး သူ၏အရိုးအားလုံးကို ဖျက်ဆီးခဲ့သည်။ သို့သော် အဆိပ်ဝိညာဉ် သတ်ဖြတ်ခဲ့သော ပထမဆုံးတိထျန်း၏ အလောင်းကို ဖျက်ဆီးရန်ကိုမူ ကျန်းရီ မေ့သွားခဲ့၏။ ချင်မျိုးနွယ်မှ အဘိုးကြီးတစ်ယောက်က သွားရောက်စစ်ဆေးလိုက်သောအခါ ထိုအလောင်းတွင် အဆိပ်ဝိညာဉ်၏ အာကာခွင်းနတ်ဘုရားလက်အိပ်ရာများ ရှိနေကြောင်း ချက်ချင်း အတည်ပြုနိုင်လိုက်သည်။ ထိုအဘိုးကြီးသည် ကျန်းရီသတ်ခဲ့သော တိထျန်းက ပို့လွှတ်လိုက်သည့် သတင်းမှာ အမှန်ဖြစ်ရမည်ဟုလည်း သေချာနေသည်။

တိထျန်းတစ်ယောက်က သူ့ကိုယ်သူ ဖောက်ခွဲသွားခဲ့ခြင်းမှာ အကြောင်းအရာများကို အလွန်ရှင်းလင်းသွားစေခဲ့သည်။

အဆိပ်ဝိညာဉ်က သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားပြီး သူ၏အဖော်က သူ့ကို ကယ်သွားခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် ချင်မျိုးနွယ်ဝင်များသည် ကီလိုမီတာငါးသိန်း ပတ်လည်အတွင်း ပိုက်စိပ်တိုက်၍ ရှာကြပေသည်။ ထိုအဝန်းအဝိုင်းအတွင်းရှိ လူတိုင်း၊ နတ်ဘုရားလှေတိုင်း တားဆီးရှာဖွေ ခံရသည်။ နောက်ဆုံးတွင် ချင်မျိုးနွယ်အကြီးအကဲနှင့် ချင်ယွီဝမ်တို့က ကျန်းရီ၏ အပြုအမူများမှာ သံသယဖြစ်စရာအကောင်းဆုံးဟု စတင်မြင်လာကြလေသည်။

ကျန်းရီက မည်သူဖြစ်ကြောင်းကို အတည်ပြုပြီးပြီဖြစ်သည်။ အမဲလိုက်တမန်တော်များက အနည်းငယ်သာ ရှိသဖြင့် ကျန်းရီအကြောင်းကို စုံစမ်းရန်မှာ လွယ်ကူပေသည်။ သို့သော် အဘယ်ကြောင့် ကျန်းရီသည် ဤနေရာသို့ ရုတ်တရက်ကြီး ရောက်လာရသနည်း။ သံသယဖြစ်စရာ အကောင်းဆုံးအချက်မှာ ကျန်းရီက သူနှင့်အတူ ကိုယ်ရံတော်တစ်ယောက်မှ ခေါ်မလာခဲ့ခြင်းပင်။ သူက လူများစွာနှင့် မျိုးနွယ်များစွာကို အပြစ်ပြုခဲ့သည်။ သို့သော် ကိုယ်ရံတော်တစ်ယောက်ပင် မခေါ်ဘဲ သူ့မြို့ထဲမှ ထွက်လာဝံ့သည်လော။

“အကြီးအကဲငါး... ကျန်းရီက မကြာသေးခင်ကမှ အထက်ဘုံကို တက်လာခဲ့တာ။ အဆိပ်ဝိညာဉ်ကကျ ကျော်ကြားတဲ့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်။ သူက ကျန်းရီနဲ့ ပူးပေါင်းလောက်မှာ မဟုတ်ဘူးမလား”

ချင်ယွီဝမ်က သံသယဖြစ်နေဆဲပင်။ ကျန်းရီ၏ ဂုဏ်သတင်းနှင့် အင်အားက လိုအပ်ချက်များစွာ ရှိနေသေးသည် မဟုတ်ပါလော။ သူက မိုလင်းချိုးကို ကျောထောက်နောက်ခံအဖြစ် ရထားသော်လည်း အဆိပ်ဝိညာဉ်ကဲ့သို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ကျန်းရီနှင့် မပူးပေါင်းလောက်ချေ။

ချင်မျိုးနွယ်မှ ထိုပထမသခင်မလေးက အလွန်ထူးချွန်၏။ သူမသည် အခြားသခင်မလေးများကဲ့သို့ ကနွဲ့ကလျမိန်းမသားတစ်ယောက် မဟုတ်ပေ။ သူမ၏ နှလုံးသားထဲတွင် သူရဲကောင်းစိတ်ဓာတ်ဖြင့် ပြည့်နှက်နေသည်။ သူမ၏ နှင်းကဲ့သို့ ဖြူဆွတ်သော စစ်ချပ်ဝတ်က သူမ၏ ဖြူဝင်းသော အသားအရေနှင့် ပနံသင့်နေပေသည်။ သူမ၏နဖူးကလည်း မဟာနဖူးဟု ဆိုထိုက်ပြီး ဩဇာအာဏာနှင့် အင်အားရှိသော အငွေ့အသက်ကို ပေးပေသည်။ သူမသည် ဘုရင်မတစ်ပါးကဲ့သို့ ယောက်ျားများစွာ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။

အကြီးအကဲငါးမှာ အလွန်အိုမင်းနေပေပြီ။ သူ၏ မျက်ခုံးနှစ်ဘက်စလုံးက အလွန်ရှည်လျားပြီး သူ့မျက်နှာပေါ်တွင် ဝဲကျနေသည်။ သူသည် မျက်လုံးပင့်၍ ချင်ယွီဝမ်ကိုကြည့်ကာ ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သူ့ကို အလွတ်ပေးလို့ မရဘူး။ ကျုပ်တို့ မိုလင်းချိုးကို အပြစ်ပြုရမယ်ဆိုရင်တောင် သူ့ကို ရှာရမယ်။ အဆိပ်ဝိညာဉ်က သူနဲ့အတူရှိနေတာကို ရှာတွေ့မယ်ဆိုရင် ကျုပ်တို့ အဲ့ကောင်လေးကို ချက်ချင်း သတ်ပစ်နိုင်တယ်။ မိုလင်းချိုးကိစ္စကို ကျုပ်တို့မျိုးနွယ်ခေါင်းဆောင်က သွားရှင်းပေးလိမ့်မယ်”

“အဲ့လိုဆိုမှတော့ ကျွန်မကို သွားခွင့်ပြုပါ”

ချင်ယွီဝမ်က ခေါင်းဆတ်၍ ပြောလိုက်သည်။

“အကြီးအကဲငါး... အကြီးအကဲက လူလုံးထွက်မပြသင့်ဘူး။ တကယ်လို့ ဒါက အမှားတစ်ခုဆိုရင် ကျွန်မအပေါ်ပဲ အပြစ်ပုံချပြီး လူငယ်တစ်ယောက်ရဲ့ မဆင်မခြင်လုပ်ရပ်လို့ ပြောလို့ရတယ်။ လက်ထောက်စံအိမ်အရှင်က အဲ့လောက်ကို စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြီးအကဲ သွားလိုက်ရင်တော့ အခြေအနေတွေက ကွဲပြားသွားလိမ့်မယ်”

“အင်း...”

အကြီးအကဲငါးက ခေါင်းညိတ်၍ ညွှန်ကြားလိုက်၏။

“သခင်မလေးနဲ့အတူ လူတွေ ခေါ်သွားပါ။ ပြီးရင် သူ့ကို မြို့ပြင်မှာ တားပါ။ သူ့ကို မြို့ထဲအဝင်ခံလို့ မဖြစ်ဘူး။ မဟုတ်လို့ ကိစ္စတွေက ကြီးကျယ်လာရင် ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာအတွက် ကောင်းမှာ မဟုတ်ဘူး”

“ဟုတ်ကဲ့ပါ”

ချင်ယွီဝမ်က ထရပ်၍ အပြင်သို့ ဦးတည်သွားလိုက်သည်။ သူမသည် လက်ဝှေ့ယမ်း၍ တိထျန်းနှစ်ယောက်ကို တိရှငါးရာ ခေါ်လာပြီး သူမနှင့် လိုက်ခဲ့ဖို့ ပြောလိုက်၏။ ထို့နောက် သူမတို့သည် နတ်ဘုရားလှေများပေါ်တက်ကာ အနောက်ဘက်သို့ ဦးတည်သွားလိုက်ကြသည်။ ချင်ယွီဝမ်၏ ရင်ထဲတွင် ကျန်းရီက အရေးမပါသူတစ်ယောက်သာ။ တိထျန်းနှစ်ယောက်နှင့် တိရှအယောက်ငါးရာကို ခေါ်သွားခြင်းကပင် သူ့ကို မျက်နှာသာပေးခြင်း ဖြစ်နေပေပြီ။ ထို့ပြင် မြို့တစ်ဝိုက်၌ ချင်မျိုးနွယ်ဝင်များ ရှိနေကြသည်။ ထို့ကြောင့် ချင်ယွီဝမ်သည် ကျန်းရီက မည်သို့လုပ်လာနိုင်သည်ကို အရေးမစိုက်ပေ။

ထိုအခိုက်တွင် ကျန်းရီက မြို့နှင့် နီးကပ်လာပြီဖြစ်သည်။ ချင်ယွီဝမ်တို့၏ နတ်ဘုရားလှေသုံးစင်က အမြန်ဆုံး ပျံသန်းသွားရာ ခြောက်နာရီအတွင်းမှာပင် ကျန်းရီ၏ နတ်ဘုရားလှေနှင့် ဆုံလေသည်။

“ထွက်သွား...”

ဤတစ်ခေါက်တွင်လည်း ကျန်းရီသည် မောက်မာစွာ အော်ပြောလိုက်ပြီး သူ၏နတ်ဘုရားလှေဖြင့် အတင်းဖြတ်ပျံသွားရန် လုပ်လိုက်၏။ သို့သော် ဤတစ်‌ခေါက်တုံ့ပြန်မှုက ကွဲပြားသွားပေပြီ။ အရှေ့မှ နတ်ဘုရားလှေသုံးစင်းက လုံးဝ လမ်းမဖယ်ပေးပေ။ ၎င်းတို့က တောင်ကြီးသုံးလုံးကဲ့သို့ လေထဲတွင် ရပ်တန့်နေကြသည်။

“အာ...”

ကျန်းရီ၏ မျက်ဝန်းများက သံသယဖြင့် တောက်ပသွား၏။ နောက်ဆုံးတွင် သူသည် သူ၏နတ်ဘုရားလှေကို မရပ်ရန် ဆုံးဖြတ်လိုက်ပြီး အ‌ရှေ့မှ နတ်ဘုရားလှေတစ်စင်းကို ဝင်တိုက်လိုက်လေသည်။

ဝုန်း...

ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီး ကျန်းရီ၏ နတ်ဘုရားလှေနှင့် ဝင်တိုက်ခံရသော နတ်ဘုရားလှေတို့၏ အကာအရံများက တောက်ပစွာ လင်းလက်လာ၏။ လှေနှစ်စင်းလုံး အနောက်သို့ ပေတစ်ထောင် လွင့်သွားကြသည်။ ကျန်းရီ၏ နတ်ဘုရားလှေမှ အကာအရံများက အလွန်ခိုင်မာ၍သာ လှေက ကျိုးပဲ့မသွားခြင်းဖြစ်သည်။ သို့သော် လှေထဲမှ ကျန်းရီသည် ဒယိမ်းဒယိုင်ဖြစ်သွားပြီး ပြင်းထန်စွာ လဲကျသွားပေသည်။

‘ထူးဆန်းတယ်...’

ကျန်းရီ ပြန်ထရပ်၍ တွေးလိုက်၏။ ဤတစ်ကြိမ်တွင် အဘယ်ကြောင့် ချင်မျိုးနွယ်က ထိုမျှသတ္တိကောင်းနေရသနည်း။

ကျန်းရီ၏ မျက်ဝန်းများက နီမြန်းလာသည်။ ထို့နောက် သူ အရှေ့မှ နတ်ဘုရားလှေကို ထပ်၍ ဝင်တိုက်ရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ၎င်းနတ်ဘုရားလှေက လင်းလက်လာပြီး မိန်းမသံတစ်သံကို ကြားလိုက်ရလေသည်။

“အမဲလိုက်တမန်တော်ကျန်းက ကောလာဟလတွေက ပြောတဲ့အတိုင်း တကယ်ကို မောက်မာတာပဲ။ ရှင်က ချင်မျိုးနွယ်ရဲ့ နတ်ဘုရားလှေတွေကိုတောင် ဝင်တိုက်ရဲတယ်ပေါ့လေ”

‘မိန်းမတစ်ယောက်လား’

ကျန်းရီ ရင်ခုန်မြန်သွား၏။ ထိုမိန်းမက သူ့အား ထိုသို့ပြောရဲပုံကို ထောက်လျှင် ချင်မျိုးနွယ်၏ ပထမသခင်မလေး ဖြစ်နိုင်ပေသည်။ သို့ဆိုလျှင် သူ့အတွက် ပြဿနာဖြစ်ပေတော့မည်။ သို့သော် ကျန်းရီသည် တစ်ဘက်လူက မည်သူဖြစ်ကြောင်း မခန့်မှန်းမိပုံနှင့် အေးစက်စက် ရယ်ကာ အော်ပြောလိုက်လေသည်။

“ကျွန်တော်က ဘယ်လိုလုပ် ချင်မျိုးနွယ်လောက် မောက်မာနိုင်မှာလဲ။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ လမ်းကို ပိတ်ရုံတင်မကဘူး ကျွန်တော့်ကိုပါ တိုက်ခိုက်ချင်နေကြတယ် ထင်တယ်။ ကျွန်တော် သိမ်းငှက်ပြာမြို့ကို အရေးကြီးကိစ္စတစ်ခုနဲ့ သွားစရာရှိတယ်။ ဘေးဖယ်ကြ...”

ဝှစ်...

ကျန်းရီသည် စကားပြောပြီးသည်နှင့် သူ၏နတ်ဘုရားလှေကို ထပ်မံ မောင်းနှင်ကာ ချင်ယွီဝမ်၏ နတ်ဘုရားလှေကို ဝင်တိုက်လိုက်သည်။

‘အရူးပဲ...’

ချင်ယွီဝမ်သည် စိတ်ထဲမှ ရေရွတ်လိုက်ပြီး သူမ၏ နတ်ဘုရားလှေကို ဘေးသို့ တိုးလိုက်ကာ အပြင်သို့ ပျံထွက်လိုက်သည်။ တိထျန်းနှစ်ယောက်ကလည်း အပြင်သို့ လိုက်ထွက်လာကြသည်။ သူမသည် လေထဲတွင် ရပ်လိုက်ပြီး အော်ပြောလိုက်သည်။

“မြို့အရှင်ကျန်း... ကျွန်မက ချင်ယွီဝမ်ပါ။ ရှင် အပြင်ထွက်လာပြီး ကျွန်မနဲ့ တွေ့လို့ရမလား။ ကျွန်မမှာ ရှင်နဲ့ အရေးတကြီး ဆွေးနွေးစရာတချို့ ရှိနေပါတယ်”

‘တကယ်ကို ချင်ယွီဝမ်ပဲ’

ကျန်းရီ အေးစက်စက် ကြည့်လိုက်သည်။ အဆိပ်ဝိညာဉ်၏ ကောက်ချက်ချမှုက အတိအကျ မှန်ခဲ့သည်။ ချင်မျိုးနွယ်သည် အလွယ်တကူ လှည့်စားခံရမည့် မျိုးနွယ်မဟုတ်ပေ။

သို့သော် ယခုတွင် အဆိပ်ဝိညာဉ်က ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိမနေတော့ပေ။ ထို့ကြောင့် ကျန်းရီ မည်သည်ကိုမှ မကြောက်ပါပေ။ သူသည် အသည်းအသန် တွေးတောလိုက်ပြီး နောက်ဆုံး၌ သူ၏နတ်ဘုရားလှေကို မရပ်ဘဲ အရှေ့သို့သာ ဆက်ပျံသန်းသွားလိုက်သည်။ သူ စကားတစ်ခွန်းသာ ပြောခဲ့ပေသည်။

“ကျွန်တော်သိပြီ... ခင်ဗျားက ချင်မျိုးနွယ်က သခင်မလေးပဲ။ ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားရဲ့ ‌ဘဝအကြောင်းတွေ၊ ရည်မှန်းချက်တွေကို ပြောပြချင်တာလား။ အဲ့အကြောင်းတွေပြောဖို့ ဒီနေရာကြီးမှာ မသင့်တော်ဘူးမလား။ ဒီနေရာက အငွေ့အသက် မကောင်းဘူး။ လာပါ.. အခန်းတစ်ခန်းရှာပြီး အဲ့အကြောင်းတွေကို နှစ်ကိုယ်ကြား ပြောကြတာပေါ့”

“အန်...”

ကျန်းရီ၏ စကားများက အတန်ငယ် ရင့်သီး၏။ ချင်ယွီဝမ်ကလည်း ထိုစကားများ၏ အဓိပ္ပာယ်ကို နားလည်ပေသည်။ သူမသည် ကျန်းရီ၏ နတ်ဘုရားလှေက မရပ်ဘဲ အရှေ့သို့ ဆက်သွားနေသည်ကို တွေ့လိုက်သောအခါ ရုတ်ခြည်း ဒေါသထွက်သွား၏။ သူမ အထင်သေးသော ကျန်းရီက ယခု သူမကို စော်ကားနေသည်လော။ သူမ ချက်ချင်း အော်ပြောလိုက်သည်။

“သူ့ကို တားလိုက်ကြ”

ဝှစ်...ဝှစ်...

တိထျန်းတစ်ယောက်သည် တိရှနှစ်ရာကျော်ကို ခေါ်၍ အရှေ့သို့ ပျံသန်းသွား၏။ ထို့နောက် တိထျန်း၏ လက်များက လင်းလက်လာသည်။ သူ တိုက်ခိုက်ရန် ဟန်ပြင်နေပေပြီ။ နတ်ဘုရားလှေ ပျက်စီးသွားသည်နှင့် ကျန်းရီတွင် ပြေးစရာမြေ ရှိတော့မည် မဟုတ်ချေ။

***

All Chapters