သေရည်ခွက်ကို ငြင်း၍ အဆိပ်ခွက်ကို သောက်ခြင်း
Vol. 102 Ch. 1418
ဝုန်း...
သတ္တုလက်သီးတစ်လုံးက လေကိုခွင်း၍ နတ်ဘုရားလှေကို ပြင်းထန်စွာ ထိုးချလိုက်၏။ နတ်ဘုရားလှေ ပေတစ်သိန်းအကွာအထိ လွင့်ထွက်သွားသည်။ ၎င်း၏ အကာအရံများကလည်း အဆက်မပြတ် လင်းလက်လာပြီး နောက်ဆုံးတွင် တဖြည်းဖြည်း မှိန်သွားလေသည်။ ကျန်းရီ၏ နတ်ဘုရားလှေက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလုနေပေပြီ။ ထိုတိထျန်းက သူ၏အားကို ထိန်း၍ ထိုးခဲ့ကြောင်း သိသာသည်။ မဟုတ်လျှင် ယခုတွင် နတ်ဘုရားလှေက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလောက်ပြီဖြစ်သည်။
ဝှစ်...
တိထျန်းသည် အဖြူရောင်အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲ၍ လွင့်ထွက်သွားသော နတ်ဘုရားလှေနောက်သို့ လျင်မြန်စွာ ပျံလိုက်သွား၏။ သူ နတ်ဘုရားလှေကို အသာလေး လိုက်မီသွားပြီး လှေအရှေ့တွင် ပိတ်ရပ်လိုက်သည်။ ထို့နောက် သူသည် နတ်ဘုရားလှေကို အေးစက်စက် စိုက်ကြည့်နေ၏။ ကျန်းရီသာ မပူးပေါင်းလျှင် သူက နတ်ဘုရားလှေကို ဖျက်စီးပစ်လိုက်တော့မည်ဖြစ်ကြောင်း သိသာပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ချင်ယွီဝမ်နှင့် အခြားသူများကလည်း လျင်မြန်စွာ ပျံသန်းလာပြီး နတ်ဘုရားလှေကို တင်းတင်းကြပ်ကြပ် ဝန်းရံလိုက်ကြသည်။ တိရှငါးရာနှင့် ထိထျန်းနှစ်ယောက် ရှိနေသဖြင့် ကျန်းရီ ထွက်မပြေးနိုင်တော့ပေ။
“အရမ်းကောင်းတယ်”
ကျန်းရီသည် သူ၏နတ်ဘုရားလှေကို ရပ်တန့်လိုက်ပြီး အကာအရံများကို ပိတ်ကာ လှေအပြင်သို့ ထွက်လိုက်၏။ ထို့နောက် သူ ချင်ယွီဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
“သခင်မလေးချင်... ချင်မျိုးနွယ်ကပေးတဲ့ ဒီရက်ရောတဲ့လက်ဆောင်ကို ကျွန်တော့်ရင်ထဲမှာ မှတ်ထားမှာပါ။ နောက်ကျရင် ကျွန်တော် တိရှမြို့ကိုလာပြီး ခင်ဗျားရဲ့ကြင်နာမှုကို ပြန်ဆပ်ပါမယ်”
ချင်မျိုးနွယ်၏ ပင်မဌာနက တိရှမြို့တွင် ဖြစ်သည်။ ကျန်းရီက စကားအနည်းငယ်သာ ပြောလိုက်ခြင်းဖြစ်သော်လည်း ချင်ယွီဝမ်နှင့် ထိထျန်းနှစ်ယောက် ရင်ထိတ်သွားကြသည်။ သူမတို့သည် ကျန်းရီက မိုလင်းချိုးဆီသွား၍ တိုင်တော့မည်ဟု တွေးလိုက်ကြ၏။
ချင်မျိုးနွယ်သည် တိရှအရှင်၏ လက်အောက်ရှိ နံပါတ်(၁)မျိုးနွယ်ဖြစ်သည်။ သို့သော် မိုလင်းချိုးမှာ တိရှအရှင်၏ မျိုးနွယ်ညီနောင်ဖြစ်သည်။ ထို့ပြင် သူသည် တိရှဘုံတွင် တိရှအရှင်၏ ပြောရေးဆိုခွင့်ရသူလည်း ဖြစ်သလို တိရှဘုံရှိ စွမ်းအားအကြီးဆုံး ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှ တစ်ယောက်လည်း ဖြစ်ပေသည်။ အကယ်၍ မိုလင်းချိုးသာ ဤကိစ္စကို မကျေနပ်လျှင် တိရှစံအိမ်ထဲရှိ ချင်မျိုးနွယ်၏ အဆင့်အတန်းက ယခုမှစ၍ အလွန်နိမ့်ကျသွားတော့မည်ဖြစ်သည်။ မိုလင်းချိုး၏မျက်နှာကို မထောက်ခြင်းက တိရှအရှင်၏မျက်နှာကို မထောက်ခြင်းကဲ့သို့ပင် မဟုတ်ပါလား။
ချင်ယွီဝမ်သည် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးမှ အတင်းဟန်လုပ်ပြုံးကာ ပြောလိုက်သည်။
“မြို့အရှင်ကျန်း... ပြောရမယ်ဆိုရင် ကျွန်မတို့က မိသားစုကြီးတစ်ခုပါပဲ။ ဒီတစ်ခေါက် ကျွန်မတို့ ရှင့်ကို မရည်ရွယ်ဘဲ အပြစ်ပြုမိခဲ့ပါတယ်။ တကယ်တော့ ကျွန်မတို့က ကိစ္စတချို့ကိုပဲ အတည်ပြုချင်တာပါ။ တကယ်လို့ ဒါက နားလည်မှုလွဲတာဆိုရင် ကျွန်မတို့ မြို့ကို ပြန်ရောက်တာနဲ့ ရှင့်ကို သေရည်နဲ့ တောင်းပန်ပါမယ်”
“ဟားဟားဟား ကျွန်တော်တို့က မိသားစုကြီးတစ်ခုတဲ့လား”
ကျန်းရီက ခပ်လှောင်လှောင် ရယ်လိုက်၏။ ထို့နောက် သူ၏ မျက်နှာက ရုတ်ခြည်း ပြန်အေးစက်သွားသည်။ သူ ချင်ယွီဝမ်ကို စိုက်ကြည့်ကာ မောက်မောက်မာမာ ပြောလိုက်လေသည်။
“သခင်လေးချင်... ကျွန်တော်တို့က တကယ်ပဲ မိသားစုကြီးတစ်စုဆိုရင် ဒီကိစ္စကို ဆွေးနွေးဖို့ သိမ်းငှက်ပြာမြို့ဆီ သွားကြတာပေါ့။ ကျွန်တော့်မှာ အချိန်မရှိဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို မိသားစုဝင်တစ်ယောက်လို သဘောမထားဘူးဆိုရင်တော့ ကျွန်တော့်ကို ဒီနေရာမှာပဲ ချက်ချင်း သတ်ပစ်လိုက်ပါ။ ကျွန်တော်က အဆင့်အတန်းနိမ့်ပါတယ်... ခင်ဗျားရဲ့ သေရည်ကို သောက်ဖို့ မထိုက်တန်ပါဘူး”
“အာ...”
ချင်ယွီဝမ်နှင့် အခြားသူများ မျက်နှာပျက်သွားကြ၏။ ကျန်းရီက သူမတို့ကို လုံးဝ မျက်နှာသာမပေးသည်လော။ သူက ထိုမျှပင် မောက်မာသည်လော။ ချင်ယွီဝမ်က သူ့ကို အလွန်ယဉ်ကျေးစွာပြော၍ မျက်နှာသာပေးခဲ့သည်။ ပုံမှန်ဆိုလျှင် သူကလည်း ပြန်၍ ဖော်ရွေမှု ပြသင့်သည်။ သို့သော် သူက ပို၍ပင် မောက်မာလာသည်လော။ သူ့ဦးနှောက်က တစ်ခုခု မှားနေခြင်းလော။
ကျန်းရီ၏ ဦးနှောက်က မည်သို့မှ မှားမနေပေ။ သူ ထိုသို့လုပ်ရခြင်းတွင် အကြောင်းရှိသည်။ ထိုအခိုက်တွင် အဆိပ်ဝိညာဉ်က သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ရှိမနေတော့ချေ။ ထို့ကြောင့် ချင်မျိုးနွယ်က ရှာဖွေစစ်ဆေးမည်ကို သူ မကြောက်ပေ။ သို့သော် ချင်မျိုးနွယ်သည် မိုလင်းချိုးနှင့် ထိပ်တိုက်တွေ့ရန် အဆင်သင့်ဖြစ်မနေလျှင် သူ့ကို သေချာပေါက် သတ်ဝံ့လိမ့်မည် မဟုတ်ချေ။ သူတို့က သူ့ကို မသတ်ဝံ့ရာ သူက မည်သည်ကို ကြောက်နေရဦးမည်နည်း။
ကျန်းရီသည် သူ့နေရာမှ အခြေအနေကို အကျယ်အကျယ် ဖြစ်သွားအောင် လုပ်လိုက်လျှင် ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက သူ့ထံသို့ လာရမည်ဖြစ်၍ အဆိပ်ဝိညာဉ်၏ ရှင်သန်နိုင်ခြေက ပိုမြင့်လာလိမ့်မည်ဟု တွေးပေသည်။ သူသည် ရွေးချယ်စရာမရှိ၍သာ အဆိပ်ဝိညာဉ်ကို ထိုလိုဏ်ဂူထဲ၌ ထားခဲ့ရခြင်းပင်။ သူ ထိုအတွက် အလွန်စိတ်မသက်မသာ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် အဆိပ်ဝိညာဉ်ကို တတ်နိုင်သမျှ ကူညီပေးလိုနေပေသည်။ အဆိပ်ဝိညာဉ်က သူ့အတွက် အလွန်အရေးပါသည်။ အဆိပ်ဝိညာဉ်ကသာ သူ့ကို သူတော်စင်ဝိညာဉ်ဘုံသို့ ခေါ်သွားပေးနိုင်မည်ဆိုလျှင် ကိစ္စများက များစွာပို၍ အဆင်ပြေချောမွေ့သွားမည်ဖြစ်သည်။
“ကျန်းရီ...”
ချင်ယွီဝမ်သည် အသက်ပြင်းပြင်း ရှူသွင်း၍ သူမ၏ဒေါသကို ထိန်းကာ ပြောလိုက်သည်။
“ရှင်က လက်ထောက်စံအိမ်အရှင်နဲ့ ပတ်သတ်နေတာနဲ့ပဲ တိရှဘုံထဲမှာ ရှင့်စိတ်ကြိုက် လုပ်လို့ရတယ်လို့ မထင်နဲ့။ တကယ်လို့... ရှင် ဒီမှာ မတော်တဆ သေသွားမယ်ဆိုရင် လက်ထောက်စံအိမ်အရှင်က သက်သေရှာမတွေ့နိုင်လောက်ဘူးလို့ ကျွန်မ ယုံတယ်။ သက်သေမရှိရင် သူလည်း ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး”
ချင်ယွီဝမ်သည် ကျန်းရီကို ‘အမဲလိုက်တမန်တော်ကျန်း’ဟု စတင်ခေါ်ခဲ့သည်။ ထို့နောက် ‘မြို့အရှင်ကျန်း’ဟု ခေါ်သည်။ ယခုတွင်မူ သူမသည် သူ့ကို အမည်တပ်၍ ခေါ်နေပေပြီ။ သို့ဖြစ်၍ ထိုအခိုက်တွင် သူမ မည်မျှဒေါသထွက်နေကြောင်း သိနိုင်ပေသည်။ ထို့ပြင် ကျန်းရီက ဉာဏ်နည်းနေသေး၍ သူမ သူ့ကို ယနေ့တွင် သတ်ပစ်လိုက်လျှင်ပင် မိုလင်းချိုးက ချင်မျိုးနွယ်ကို မည်သို့မှ လုပ်နိုင်မည်မဟုတ်ကြောင်းကို သူမ၏လေသံအရ ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။
“ဟားဟားဟား...”
ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း သရော်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ သူသည် နတ်ဘုရားလှေထဲသို့ ရုတ်တရက် ပြန်ဝင်သွားလိုက်ပြီး လှေ၏အကာအရံများကို နှိုးကာ ပြောလိုက်လေသည်။
“အဲ့လိုဆိုမှတော့ ကျွန်တော့်ကို တိုက်ခိုက်လိုက်ကြလေ။ ကျွန်တော် ခင်ဗျားတို့ကို သတိပေးလိုက်မယ်။ ခင်ဗျားတို့ ကျွန်တော့်ရဲ့ နတ်ဘုရားလှေကို ထပ်ပြီးတိုက်ခိုက်ဝံ့ရင် အကျိုးဆက်တွေကို ခံရလိမ့်မယ်။ ခင်ဗျားတို့ ချင်မျိုးနွယ်က အင်အားကြီးပြီး ဩဇာရှိတယ်ဆိုပေမဲ့ ကျွန်တော်ကလည်း လွယ်လွယ်နဲ့ လာရှုပ်လို့ရတဲ့သူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော်က မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အမဲလိုက်တမန်တော်၊ နတ်သိမ်းငှက်မြို့ရဲ့ မြို့အရှင်။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို သင့်တော်တဲ့ အကြောင်းမရှိဘဲ တိုက်ခိုက်ခဲ့တယ်။ ဒီကိစ္စကို တိရှအရှင် သိသွားမယ်ဆိုရင်တောင် ကျွန်တော် ဘာကိုမှ မကြောက်ဘူး”
ဝှစ်...
ကျန်းရီသည် နတ်ဘုရားလှေကို မောင်းနှင်၍ အရှေ့တွင် ပိတ်ထားသော တိထျန်းထံ ပျံဝင်သွားလိုက်၏။
‘အရူး... သူက တကယ်ကို အရူးတစ်ယောက်ပဲ’
ချင်မျိုးနွယ်ဝင်အားလုံး တူညီသော အတွေးတစ်ခုကို တွေးလိုက်ကြ၏။ တိထျန်းနှစ်ယောက်သည် သူတို့ဘာသာ ဆုံးဖြတ်ချက်မချရဲ၍ ချင်ယွီဝမ်ကို လှမ်းကြည့်ကာ သူမ၏ အမိန့်ကို စောင့်နေကြသည်။
ချင်ယွီဝမ်သည် ခေတ္တမျှ မဆုံးဖြတ်နိုင်ဖြစ်နေသော်လည်း နတ်ဘုရားလှေက အရှေ့မှ တိထျန်းကို ဝင်တိုက်တော့မည့် အချိန်တွင် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချကာ အသံပို့လွှတ်လိုက်သည်။
“နတ်ဘုရားလှေကို ဖျက်ဆီးပြီး ကျန်းရီကို ဒဏ်ရာရသွားအောင် လုပ်လိုက်ပါ။ ဒါပေမဲ့ သူ့ကို မသတ်ပါနဲ့”
အကြီးအကဲငါးနှင့် ဆွေးနွေးခဲ့သည့်အတိုင်း ယနေ့ကိစ္စက နားလည်မှုလွဲခြင်းဖြစ်လျှင် ကျန်းရီ မသေသေးသ၍ မိုလင်းချိုးက ဤအကြောင်းကို သိသွားလျှင်ပင် အလွန်ဆုံးမှ ချင်ယွီဝမ်ကို မဆင်မခြင်လုပ်သည့်အတွက် ဆူပူကြိမ်းမောင်းခြင်းလောက်သာ လုပ်ပေလိမ့်မည်။ မိုလင်းချိုးသည် ဤကိစ္စအတွက်မျှနှင့် ချင်မျိုးနွယ်နှင့် ထိပ်တိုက်တွေ့လိမ့်မည် မဟုတ်ချေ။
သို့သော် အဆိပ်ဝိညာဉ်က ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် အမှန်တကယ် ပုန်းအောင်းနေပါက သူမတို့ ကျန်းရီကို ဤနေတွင် သတ်ပစ်လိုက်လျှင်ပင် မိုလင်းချိုးက မည်သို့မှ ဝင်ပြောမည် မဟုတ်ပေ။ ထို့ပြင် ချင်မျိုးနွယ်ကလည်း လက်စားချေနိုင်လိုက်မည်ဖြစ်သည်။
ရွှစ်...ရွှစ်...
တိထျန်း၏ လက်ပေါ်တွင် ရွှေရောင်အလင်း လင်းလက်လာပြီး အကြေးခွံများ ထွက်ပေါ်လာ၏။ သူ၏ လက်သည် အလွန်လည်း ကြီးမားလာ၏။ ထို့နောက် သူသည် သူ့ထံ ပျံဝင်လာသော နတ်ဘုရားလှေကို လက်သီးဖြင့် ထိုးချလိုက်လေသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ကျန်းရီ၏ နတ်ဘုရားလှေက လင်းလက်သွား၏။ ထို့နောက် နတ်ဘုရားလှေက ပြန်မှိန်သွားကာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားလေတော့သည်။ သစ်သားစများက အရပ်မျက်နှာအနှံ့သို့ လွင့်ပျံထွက်သွားပြီး အရှိန်အဟုန်ကြီးမားသော အားတစ်ခုက ကျန်းရီကို ထိမှန်သွားသည်။
ကျန်းရီ သွေးအန်သွားပြီး ချင်ယွီဝမ်ဆီသို့ လွင့်ထွက်သွား၏။ သူ၏ မျက်နှာကလည်း နှင်းကဲ့သို့ ဖြူဆွတ်နေပေသည်။ သူက အချိန်မရွေး သတိလစ်သွားတော့မလိုပင်။
“ရှင်က သေရည်ခွက်ကို မသောက်ဘဲ အဆိပ်ခွက်ကို သောက်ချင်တယ်ပေါ့လေ”
ချင်ယွီဝမ်က အေးစက်စက်ပြုံး၍ တိရှနှစ်ယောက်အား လက်ဟန်ပြကာ ကျန်းရီကို သွားဖမ်းစေလိုက်သည်။ ထိုအခိုက်တွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။
ရွှီး...
ကျန်းရီ၏ လက်က သွေးနီရောင်အလင်း လင်းလက်လာပြီး သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခု ထွက်လာ၏။ သူ့အနားသို့ ကပ်လာသော တိရှနှစ်ယောက်သည် သူတို့တစ်ကိုယ်လုံး မီးလောင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့သည် ကြောက်ရွံ့တကြီးဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူတို့၏ ကောင်းကင်စွမ်းအားများက နှောင့်ယှက်ခံနေရ၍ လုံးဝမလှုပ်နိုင်ကြတော့ပေ။
ထိုတိရှန်းနှစ်ယောက်သာမက ကျန်းရီနှင့် နီးကပ်နေသော ချင်ယွီဝမ်နှင့် အခြားသူများသည်လည်း မလှုပ်နိုင်ကြတော့ချေ။ သို့သော် ချင်ယွီဝမ်၏ အနောက်ရှိ တိထျန်းကတော့ လှုပ်နိုင်ပေသေးသည်။ ထိုစဉ် သူမတို့၏ ခန္ဓာကိုယ်များမှနေ၍ ညှော်နံ့များ ထွက်လာကြသည်။ သူမတို့က အရှင်လတ်လတ် မီးကင်ခံနေရသကဲ့သို့ပင်။ သူမတို့၏ သွေးကြောများကလည်း ပူလောင်လာသဖြင့် သူမတို့ ထွက်ပြေးရန်မဆိုထားနှင့် ကောင်းကင်စွမ်းအားကိုမှ မသုံးနိုင်ကြတော့ပေ။
“ကျန်းရီ အတင့်ရဲလိုက်တာ...”
ချင်ယွီဝမ်၏ အနောက်မှ တိထျန်းက အော်ပြောလိုက်၏။ သူ၏ ကောင်းကင်စွမ်းအားက နှောင့်ယှက်ခံနေရသော်လည်း သိသိသာသာတော့ မဟုတ်ပေ။ သူသည် ချင်ယွီဝမ်ကိုခေါ်၍ အဝေးသို့ ထွက်ပြေးသွားရန် ကြံကာ အရှေ့သို့ ပျံသွားလိုက်၏။
သို့သော် နောက်အခိုက်အတန့်တွင် ထိုတိထျန်းလည်း မလှုပ်နိုင်တော့ပေ။ ထို့နောက် ကျန်းရီ၏ လက်မှ သွေးနီရောင်အလင်းက ပျောက်ကွယ်သွားပြီး ပုလဲတစ်လုံးမှနေ၍ သဲဝါပိုးကောင်များ အုပ်လိုက် ပျံထွက်လာသည်။ ၎င်းပိုးကောင်များသည် ထိုတိထျန်းနှင့် ချင်ယွီဝမ်တို့ကို ရုတ်ခြည်း လွှမ်းခြုံလိုက်ကြလေသည်။
“အား...”
သဲဝါပိုးကောင်များသည် တိထျန်းနှင့် ချင်ယွီဝမ်တို့၏ စစ်ချပ်ဝတ်များကို မရပ်မနား ကိုက်ဝါးနေကြ၏။ တိထျန်းသည် အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကိုသာ ဝတ်ဆင်ထားသည်ဖြစ်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းချပ်ဝတ်က သဲဝါပိုးကောင်များ၏ ကိုက်ဝါးမှုကို ခံလိုက်ရပြီး သဲဝါပိုးကောင်လေးများက သူ့ကိုယ်ပေါ်သို့ ရောက်လာကြသည်။ တစ်ခဏအတွင်းမှာပဲ သူ၏ခန္ဓာကိုယ်တစ်ဝက်က ကိုက်ဝါးခံရကာ သူ သေဆုံးသွားလေသည်။
ချင်ယွီဝမ်မှာမူ ချင်မျိုးနွယ်၏ ပထမသခင်မလေးဖြစ်၍ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားနိုင်၏။ သို့သော် ယခုတွင် သူမသည် အပူဒဏ်ကို ခံစားနေရပြီး ပိုးကောင်များကလည်း သူမကိုယ်ပေါ်၌ တလှုပ်လှုပ် သွားနေကြရာ အလွန်စိတ်မသက်မသာ ဖြစ်နေပေသည်။ ထို့ပြင် သူမအနောက်မှ တိထျန်းက ရုတ်ခြည်းအသတ်ခံလိုက်ရသည်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမိလိုက်သောအခါ သူမ အလွန်ကြောက်ရွံ့သွားပြီး လုံးဝမလှုပ်ဝံ့တော့ဘဲ မျက်လုံးများမှိတ်၍သာ အော်လိုက်ရ၏။
“အား...”
ဝှစ်...
ကျန်းရီသည် အရှေ့သို့ ပျံသန်းသွားပြီး ထိုသဲဝါပိုးကောင်အုပ်ထဲသို့ ဝင်ကာ ချင်ယွီဝမ်ကို ခါးမှ ဖက်လိုက်၏။ ထို့နောက် သူ ချင်ယွီဝမ်၏ နားအနားသို့ ကပ်၍ အေးစက်စက် ပြောလိုက်သည်။
“သခင်မလေးချင်... ကျွန်တော် ခင်ဗျားကို သတိပေးခဲ့တယ်နော်။ ဒါပေမဲ့ ခင်ဗျားက နားမထောင်ခဲ့ဘူး။ ခင်ဗျားက ကျွန်တော့်ကို အဲ့လောက် နေစေချင်နေမှတော့ စကားကောင်းကောင်း ပြောကြတာပေါ့”
***