မီးထဲက စုံတွဲ
Vol. 102 Ch. 1419
သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွား၏။
အခြေအနေက ရုတ်ခြည်း ပြောင်းပြန်ဖြစ်သွားသဖြင့် ချင်ယွီဝမ်တို့ တုံ့ပြန်ရန်ပင် အချိန်မရခဲ့ပေ။ တိထျန်း၏ အလောင်းက အောက်ဘက်သို့ ပြုတ်ကျသွားသည်ကိုပင် မည်သူမှ အာရုံမစိုက်နိုင်ခဲ့ကြချေ။ ဤတစ်ကြိမ်တွင် ကျန်းရီသည် သဲဝါပိုးကောင်များအား အလောင်းကို အရိုးကျသွားအောင် မစားခိုင်းလိုက်ဘဲ လူမမှတ်မိနိုင်လောက်သည်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားအောင်သာ စားခိုင်းလိုက်သည်။ အလောင်းမှာ အလွန်ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၍ လူများသည် ၎င်းကို ကြာရှည်စိုက်မကြည့်နိုင်ကြပါပေ။
ပြီးခဲ့သော ရက်အနည်းငယ်က မီးချောက်နက်အနီး၌ ကျန်းရီသည် သဲဝါပိုးကောင်များအား ချင်မျိုးနွယ်မှ တိထျန်းတစ်ယောက်ကို သတ်ပစ်စေခဲ့သည်။ ထိုစဉ်က သဲဝါပိုးကောင်များသည် အလောင်းကို အရိုးကျသွားသည်အထိ စားပစ်ခဲ့သော်လည်း ယခုတွင်မူ ကျန်းရီ ၎င်းတို့အား ထိုသို့ လုပ်ခွင့် မပေးနိုင်ပေ။ မဟုတ်လျှင် လူများက ထိုလူသတ်မှုများနှင့် သူ့ကို စတင် ချိတ်ဆက်မိသွားကြပေလိမ့်မည်။
ဤတစ်ခေါက်တွင် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့သဖြင့် သဲဝါပိုးကောင်များကို ထပ်မံထုတ်သုံးလိုက်ရသည်။ ကောင်းကင်ယန်အမျက်မီးတောက်များက အားကောင်းလွန်းသည်။ သူသည် လမ်းတစ်လျှောက်တွင် မီးတောက်လုံးများစွာကို သန့်စင်ခဲ့၍ ၎င်းတို့က ပို၍ပင် စွမ်းအားကြီးနေပြီဖြစ်သည်။ အကယ်၍ သူသာ ၎င်းမီးတောက်အားလုံးကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်လျှင် ချင်ယွီဝမ်က သေချာပေါက် အရှင်လတ်လတ် မီးလောင်ကျွမ်းသွားပေလိမ့်မည်။ သူသည် သူနှင့် ချင်မျိုးနွယ်ကြားတွင် မည်သည့် ပြဿနာမှ မဖန်တီးလိုပေ။ သူ ချင်ယွီဝမ်ကို သတ်လိုက်လျှင် မိုလင်းချိုးပင် သူ့အား ကာကွယ်မပေးနိုင်တော့ကို သူ စိုးပေသည်။
ကျန်းရီသည် ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ၏ အာရုံစိုက်မှုကို ခံရအောင်သာ ပြဿနာအနည်းငယ် ရှာလိုခြင်းပင်။ ထိုမှ အဆိပ်ဝိညာဉ်အတွက် ရှင်သန်နိုင်ခြေ ပိုများလာမည်ဖြစ်သည်။ ထိုအခိုက်တွင် သူ၏ ရည်ရွယ်ချက်က အထမြောက်သွားပေပြီ။ ချင်ယွီဝမ် အဖမ်းခံလိုက်ရသည်နှင့် ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက ဤဘက်ကိုသာ အာရုံစိုက်ကြပေလိမ့်မည်။
မှန်၏။
ကျန်နေသေးသော တိထျန်က လျင်မြန်စွာ ရောက်ရှိလာသည်။ သူသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်၍ အော်ပြောလိုက်၏။
“ကျန်းရီ... မလောနဲ့။ ငါတို့ စကားနဲ့ ဖြေရှင်းလို့ ရပါတယ်။ ငါတို့မျိုးနွယ်ရဲ့ သခင်မလေးကို မသတ်နဲ့။ မဟုတ်ရင် လက်ထောက်စံအိမ်အရှင်တောင် မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး”
“ဟင်းဟင်း...”
ကျန်းရီသည် ဆယ်ချီသော လူများက လျှို့ဝှက်အသံပို့လွှတ်နေကြကြောင်း တွေ့လိုက်သောအခါ ကျေကျေနပ်နပ် ပြုံးလိုက်၏။ သူ ချင်ယွီဝမ်ကို မည်သို့မှ ဆက်မပြောတော့ပေ။ ထိုအစား သူ့ဘယ်ဘက်ရှိ တိရှတစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။
“နတ်ဘုရားလှေတစ်စင်း ထုတ်လိုက်”
ရွှီး...
တိရှသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် နတ်ဘုရားလှေတစ်စင်း ထုတ်လိုက်သည်။ ထိုမှ ကျန်းရီက အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။
“နတ်ဘုရားလှေထဲ ဝင်ပြီး အရှေ့လှေဝမ်းထဲကို သွားလိုက်”
ကျန်းရီတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော တိထျန်းက ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ တိရှသည် နတ်ဘုရားလှေ၏ တံခါးကို ဖွင့်ကာ အထဲသို့ ပျံဝင်သွားသည်။ ကျန်းရီသည်လည်း သတိမေ့တော့မလို ဖြစ်နေသော ချင်ယွီဝမ်ကို တင်းကြပ်စွာ ပွေ့ချီ၍ တိရှအနောက်မှ ကပ်လိုက်သွားလိုက်သည်။ မရေမတွက်နိုင်သော သဲဝါပိုးကောင်များကလည်း သူတို့နောက်သို့ လိုက်သွားကြပေသည်။
ကျန်းရီသည် သားရဲလေးအား သဲဝါပိုးကောင်များကို ထိန်းချုပ်၍ တစ်ဝက်ကို အရှေ့လှေဝမ်း၌ ကာထားပြီး၊ ကျန်တစ်ဝက်ကို အနောက်လှေဝမ်း၌ ကာထားရန် ညွှန်ကြားလိုက်၏။ ပိုးကောင်နံရံများ ဖန်တီးပြီးသည်နှင့် ကျန်းရီ ထပ်မံ အော်ပြောလိုက်သည်။
“နတ်ဘုရားလှေရဲ့ အကာအရံတွေကို နှိုးလိုက်.. ပြီးရင် မြောက်ပိုင်းမြို့ဆီ ပျံသွားလိုက်တော့။ မင်း ရုတ်ရုတ်ရက်ရက် လုပ်မယ်ဆိုရင်တော့ မင်းရဲ့ သခင်မလေးက သေချာပေါက် သေရလိမ့်မယ်”
လှေထဲမှ တိရှသည် ရူးမိုက်သည့် အရာများကို မလုပ်ဝံ့ပါပေ။ အပြင်မှ လူများသည်လည်း အလျင်စလို မပြုမူဝံ့ကြချေ။ သူတို့အားလုံးသည် ချင်မျိုးနွယ်အကြီးအကဲ ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။ တိရှသည် ကျန်းရီ ခိုင်းသည့်အတိုင်း နတ်ဘုရားလှေ၏ အကာအရံများကို နှိုးလိုက်ပြီး အမြန်ဆုံးအရှိန်ဖြင့် မြောက်ပိုင်းမြစ်မြို့ဆီသို့ မောင်းနှင်ပျံသန်းသွားလိုက်လေသည်။
ကျီ...
ကျန်းရီ လက်ဝှေ့ယမ်းလိုက်ရာ သားရဲလေးက အော်လိုက်၏။ ချင်ယွီဝမ်၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေကြသော သဲဝါပိုးကောင်များအားလုံးက ရုတ်ခြည်း အရပ်မျက်နှာအနှံ့သို့ ပျံသွားလိုက်ကြသည်။ သို့သော် ၎င်းတို့က သူမနှင့် ဝေးရာသို့ ပျံမသွားကြဘဲ ကျန်းရီနှင့် ချင်ယွီဝမ်တို့၏ သုံးမီတာအကွာ၌ ပဉ္စဂံပုံစံ ယူကာ သူတို့ကို ဝိုင်းရံထားကြလေသည်။ ထို့ကြောင့် ကျန်းရီနှင့် ချင်ယွီဝမ်တို့သည် ပိုးကောင်များနှင့် ပြုလုပ်ထားသော အိမ်တစ်လုံးထဲတွင် ပိတ်မိနေသလို ဖြစ်နေကြပေသည်။
“မစိုးရိမ်ပါနဲ့... ဒီပိုးကောင်တွေက အရမ်းနာခံတတ်ပါတယ်။ သူတို့က မခိုင်းဘဲ ဘာမှလုပ်မှာ မဟုတ်ဘူး... ခင်ဗျားရဲ့ မျက်နှာလှလှလေးကိုလည်း စားပစ်မှာ မဟုတ်ပါဘူး”
ကျန်းရီသည် ချင်ယွီဝမ်၏ ခန္ဓာကိုယ်လေးက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်ကို ခံစားနေရ၏။ သူမက အလွန်ကြောက်ရွံ့နေကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် သူမ၏နားထဲသို့ တီးတိုးပြောလိုက်ပြီး သူမ၏ခါးကို တင်းကြပ်စွာဖက်၍ လှေနံရံဘေးရှိ ခုံတစ်လုံးဆီသို့ ခေါ်သွားလိုက်၏။ သူက ခုံတွင် ထိုင်လိုက်ပြီး သူမကိုမူ သူ့ပေါင်ပေါ်တွင် ဆွဲထိုင်စေလိုက်သည်။ သူမက ချက်ချင်း ပြန်ထရန် လုပ်လိုက်သောအခါ သူ စလိုက်သည်။
“အဲ့ပိုးကောင်တွေက အတော်လေး နာခံကြပါတယ်.. ဒါပေမဲ့ ခင်ဗျားက မနာခံရင်တော့ သူတို့ ခင်ဗျားကို အရှင်လတ်လတ် စားပစ်ကြလိမ့်မယ်။ အဲ့တော့ ခင်ဗျား မလှုပ်ဖို့ ကျွန်တော် အကြံပေးချင်တယ်...”
“အာ...”
ချင်ယွီဝမ် တုန်ယင်သွား၏။ သူမ၏ မျက်နှာပေါ်တွင်လည်း ဒေါသနှင့် အရှက်တရားတို့ ပြည့်နှက်သွားသည်။ သို့သော် သူမ ထပ်မလှုပ်ဝံ့တော့ပေ။
ချင်ယွီဝမ်သည် အရုပ်ဆိုးသော ပိုးကောင်များကို မကြည့်ရဲတော့သဖြင့် မျက်လုံးမှိတ်ထားလိုက်၏။ သို့သော် သူမ၏ ကောင်းကင်စိတ်အာရုံက ပတ်ဝန်းကျင်ကို အာရုံခံနေဆဲပင်။ အရပ်မျက်နှာတိုင်း၌ ထူထဲသော ပိုးကောင်နံရံများ ရှိနေကြောင်း သိလိုက်ရသောအခါ သူမ ကြက်သီးများ ထသွားသည်။ အမျိုးသမီးများက ပိုးကောင်များကို အကြောက်ဆုံးဖြစ်သည်။ ထို့ပြင် သူမသည် ၎င်းပိုးကောင်များက ထိတျန်းတစ်ယောက်ကို အရှင်လတ်လတ် စားပစ်လိုက်သည်ကို မြင်ခဲ့ရသေးသည်။
ချင်ယွီဝမ် အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်၏။
“ကျန်းရီ... ရှင်က နတ်ဆိုးပဲ။ ဒီတစ်ခေါက် ရှင် သေချာပေါက် သေရလိမ့်ယ်။ ကျွန်မ...”
ချင်ယွီဝမ်သည် စကားစတန်းလန်းနှင့် ရပ်လိုက်၏။ သူမ၏ခါးရှိ ကျန်းရီ၏ လက်က အထက်သို့ တရွေ့ရွေ့ တက်လာပေသည်။ သူသည် သူမ၏ ပြည့်တင်းသော ရင်သားတစ်ဘက်ကို ဆုပ်ကိုင်လိုက်၏။ သူမက ဂုဏ်သိက္ခာရှိသော သခင်မလေးတစ်ယောက်ဖြစ်သည်။ မည်သည့်ယောက်ျားကမှ သူမ၏လက်ကိုပင် မကိုင်ခဲ့ဖူးချေ။ သို့ဖြစ်ရာ သူမသည် ကျန်းရီ၏ ရိုင်းပြမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း။ သူမ၏ သွေးများ ဆူပွက်လာပြီး သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သူမသည် ကျန်းရီနှင့် သူသေကိုယ်သေ တိုက်ပစ်လိုနေပေသည်။
ရွှီး...
ချင်ယွီဝမ်၏ ရင်သားကို ကိုင်ထားသော ကျန်းရီ၏လက်က အနီရောင် တောက်ပလာ၏။ ထိုအခါ ချင်ယွီဝမ်၏ ခန္ဓာကိုယ်ထဲသို့ အပူလှိုင်းတစ်ခု ဝင်သွားကာ သူမ၏ခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမရ တုန်ခါသွားစေသည်။ သူမသည် အရှင်လတ်လတ် မီးမြှိုက်ခံနေရသကဲ့သို့ ခံစားနေရပေသည်။ အနီးမှ သဲဝါပိုးကောင်များပင် ထိုမြင့်မားသောအပူချိန်ကို မနည်းတောင့်ခံနေကြရသည်။ ၎င်းတို့က စတင်၍ လှည့်ပတ်ပျံသန်လာကြရာ နတ်ဘုရားလှေ၏ အကာအရံများက အဆက်မပြတ် လင်းလက်လာလေသည်။ အကယ်၍ ယခုတွင် ကျန်းရီက မီးတောက်များကို ထုတ်လိုက်လျှင် နတ်ဘုရားလှေတစ်စင်းလုံး ရုတ်ခြည်း မီးလောင်သွားနိုင်ပေသည်။
“သခင်မလေးချင်... ကျွန်တော့်အတွက် ခင်ဗျားကို သတ်ပစ်ဖို့က အရမ်းလွယ်တယ်ဆိုတာကို ခင်ဗျား နားလည်လား”
ကျန်းရီက ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ချင်ယွီဝမ် တောက်ခေါက်လိုက်၏။ သူမ နာကျင်ခံစားနေရပြီး မချင့်မရဲ ဖြစ်နေပေသည်။ ယခုတွင် ကျန်းရီ၏ လက်က အောက်ဘက်သို့ တရွေ့ရွေ့ ဆင်းသွားသည်ကို သူမ ခံစားနေရသည်။ လက်မှာ သူမ၏ခါးအနား၌ ရစ်ဝဲနေသည်။ ထိုမှ သူမ၏ ရင်ထဲရှိ ဒေါသများ ငြိမ်သွားပြီး သူမကိုယ်မှ ထွက်နေသော သတ်ဖြတ်အရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။ မည်သူမှ မသေလိုပေ။ သူမက ငယ်ရွယ်သော သခင်မလေးတစ်ယောက်ဖြစ်သည်။ သို့သော် သူမသည် သေခြင်းနှင့် ရှင်ခြင်းကြားရှိ စည်းပေါ်၌ သတိမလွတ်ဘဲ လျှောက်လှမ်းနိုင်နေသည်။ ယင်းကပင် သူမက စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်ကြောင်း လုံလောက်သည့် သက်သေဖြစ်ပေသည်။
“ကျန်းရီ ရှင်ဘာလိုချင်တာလဲ”
ချင်ယွီဝမ်က အံကြိတ်၍ လေသံတိုးတိုးဖြင့် ပြောသည်။
“ကျွန်မကို အခုချက်ချင်း လွှတ်ပေး... ချက်ချင်း လွှတ်ပေး”
ရှူး...
ကျန်းရီသည် ချင်ယွီဝမ်၏ နားအနားသို့ ကပ်၍ တီးတိုးပြောလိုက်၏။
“ခင်ဗျား ဒီထက် ပိုပြီး အရှက်မရချင်ရင်၊ နှိပ်စက်မခံချင်ရင်၊ မသေချင်ရင် ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်။ ခင်ဗျားက ဉာဏ်ကောင်းတဲ့ မိန်းမတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ် ပြဿနာမဖြစ်စေနဲ့.. နားလည်လား”
ချင်ယွီဝမ်က အမှန်ပင် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။ သူမသည် သူမတစ်ယောက်တည်းနှင့် ကျန်းရီကို မယှဉ်နိုင်ကြောင်း သိသည်။ သူမ မသေလိုလျှင်၊ ကျန်းရီ၏ ရိုင်းပြမှုကို ထပ်မခံလိုတော့လျှင် ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက် ရောက်လာမည့်အချိန်ကိုသာ ထိုင်စောင့်နေရတော့မည်ဖြစ်သည်။
ကျန်းရီ ထပ်၍ စကားမပြောတော့ဘဲ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍သာ အပြင်ဘက်မှ အခြေအနေကို အာရုံခံနေလိုက်သည်။ အခြေအနေများက ရှုပ်ထွေးနေပေပြီ။ အပြင်တွင် တိရှငါးရာနှင့် တိထျန်းတစ်ယောက် ကျန်သေးသည်။ သူတို့အားလုံးသည် သေသွားသော တိထျန်း၏ အလောင်းကို သွားမကောက်အားဘဲ နတ်ဘုရားလှေနောက်သို့သာ လိုက်လာကြသည်။ သူတို့၏ မျက်နှာထားများက သူတို့၏ ရင်ထဲမှ စိုးရိမ်မှုနှင့် ဒေါသတို့ကို ဖော်ပြနေကြသည်။
ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက်သည် အသံပို့လွှတ်မှုများကို လက်ခံရလိုက်သည်နှင့် ချက်ချင်း ထွက်လာကြ၏။ ဘွဲ့ထူးရ တိထျန်းများ၏ စွမ်းရည်များက ကြောက်မက်ဖွယ်ကောင်းသော်လည်း သူတို့ ထိုနေရာသို့ ရောက်လာရန် အချိန်တစ်ခုတော့ လိုခဲ့ပေသည်။ ကျန်းရီသည် စိတ်အေးအေးဖြင့် ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်နေ၏။ သူ့လက်ဝါးထဲတွင်လည်း မီးတောက်များကို အသင့်ပြင်ထားပေသည်။
အကယ်၍ ချင်မျိုးနွယ်က လှည့်ကွက်များ သုံးလာလျှင် ကျန်းရီ အားလုံးကို ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။
ကျန်းရီက အရေးမစိုက်ဟန်ဖြင့် ထိုင်နေသော်လည်း ချင်ယွီဝမ်မှာမူ အချိန်က ကုန်ခဲလွန်းသည်ဟု ခံစားနေရ၏။ သူမသည် ဂုဏ်သရေရှိ သခင်မလေးတစ်ယောက်ဖြစ်သော်လည်း ယောက်ျားတစ်ယောက်၏ ပေါင်ပေါ်တွင် ထိုင်နေရသည်။ ထို့ပြင် ၎င်းယောက်ျား၏ လက်က သူမ၏ခါးကို ဖက်ထားပေသည်။ အဆိုးဆုံးမှာကား သူမကို ပွေ့ဖက်ထားသူမှာ သူမ အမုန်းဆုံးသူ ဖြစ်နေခြင်းပင်။ ထို့ကြောင့် ချင်ယွီဝမ်တစ်ယောက် အလွန်ဒေါသထွက်နေပေသည်။ သို့သော် သူမ လုံးဝမလှုပ်ဝံ့ပါချေ။
မိမိ၏အရှက်သိက္ခာ၊ သက်တောင့်သက်သာ မရှိသော ထိုင်ရသည့်ပုံစံ၊ ဖိုမအငွေ့အသက်နှင့် အိုးတိုးအန်းတန်းနိုင်သော တိတ်ဆိတ်မှုတို့က ချင်ယွီဝမ်အတွက် အလွန်စိတ်မသက်မသာ ဖြစ်စေပေသည်။ သူမသည် ထိုအချိန်နှစ်နာရီကို မေ့နိုင်လောက်တော့မည် မဟုတ်ချေ။
ဝှစ်...
နှစ်နာရီ ကြာပြီးနောက် ချင်မျိုးနွယ်မှ အကြီးအကဲငါး ရောက်ရှိလာ၏။ သူသည် လမ်းတစ်လျှောက်တွင် အသံပို့လွှတ်မှုများ ရထားပြီးဖြစ်၍ အခြေအနေတစ်ခုလုံးကို သိထားပြီးပေပြီ။ သူ နတ်ဘုရားလှေအနီးသို့ ရောက်လာသည်နှင့် သူ၏ ကောင်းကင်စိတ်အာရုံက နတ်ဘုရားလှေ၏ အကာအရံများကို ဖောက်ဝင်ကာ ကျန်းရီနှင့် ချင်ယွီဝမ်တို့အပေါ် ကျရောက်သွားသည်။
“အန်...”
အကြီးအကဲငါး၏ ကောင်းကင်စိတ်အာရုံက စွမ်းအားကြီးသော်ငြား ကျန်းရီကလည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားပေသည်။ ထို့ကြောင့် မူမမှန်မှုတစ်ခုကို သူ အလွယ်တကူ သိလိုက်သည်။ ရုတ်ခြည်းပင် သူ၏လက်က တောက်ပလာပြီး အပူလှိုင်းတစ်ခု ထွက်လာ၏။ ထို့နောက် သူ မျက်လုံးဖွင့်ကာ ချင်ယွီဝမ်၏ နာကျင်နေသော မျက်နှာလေးကို ကြည့်လိုက်လေသည်။
“ခင်ဗျားတို့မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဒီကို ရောက်လာပြီ။ သူ့ကို ဘာပြဿနာမှမရှာဘဲ ကျွန်တော်တို့နောက်က လိုက်လာဖို့ ပြောလိုက်.. ခင်ဗျားကို ကယ်ဖို့ မကြိုးစားနဲ့လို့လည်း ပြောလိုက်။ မြောက်ပိုင်းမြစ်မြို့ကို ရောက်ရင် ကျွန်တော်တို့ ထပ်ပြီး စကားပြောလို့ရတယ်။ မဟုတ်ရင်တော့ နှစ်ယောက်စလုံး မီးထဲကစုံတွဲ ဖြစ်သွားလိမ့်မယ်”
***