← Chapters

ကျန်းရီကိုဖမ်း

Vol. 102 Ch. 1420

ကျန်းရီကိုဖမ်း

Vol. 102 Ch. 1420

“ကျန်းရီ... ရှောင်ယွီကို ထိခိုက်အောင် မလုပ်နဲ့။ ငါ အလျင်စလို မလုပ်ဘူးလို့ ကတိပေးတယ်”

ချင်ယွီဝမ်က အသံမပို့လွှတ်ရသေးခင်မှာပင် အပြင်ဘက်မှ အကြီးအကဲငါးက သူ့ဘာသူ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ အကြီးအကဲငါးသည် ချင်မျိုးနွယ်တွင် ရာထူးအဆင့်အတန်း မြင့်သော်လည်း ချင်ယွီဝမ်နှင့် ချင်ရုံတို့မှာ မျိုးနွယ်ခေါင်းဆောင်၏ အချစ်တော် မြေးလေးများ ဖြစ်ကြပေသည်။ ထို့ကြောင့် သူသည် ချင်ယွီဝမ် တစ်ခုခု ဖြစ်မည်ကို ခွင့်မပြုနိုင်ပေ။ ယင်းအပြင် သူက ထိုကလေးမ ကြီးပြင်လာသည်ကို ကြည့်ခဲ့ရသည် မဟုတ်ပါလား။ သို့ဖြစ်၍ သူကိုယ်တိုင်လည်း ရင်နာရပေသည်။

“ဟင်းဟင်း...”

ကျန်းရီက ခပ်သဲ့သဲ့ ရယ်၍ ခေါင်းညိတ်လိုက်၏။

“ခင်ဗျား အလောသုံးဆယ် မလုပ်ဘူးဆိုရင် ကျွန်တော်ကလည်း ချင်ယွီဝမ်ကို ဘယ်လိုမှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်။ ဒါပေမဲ့... ခင်ဗျား လုပ်ရင်တော့... အဟင်း...”

အကြီးအကဲငါးက ချက်ချင်း ပြန်တုံ့ပြန်သည်။

“မစိုးရိမ်ပါနဲ့။ မင်းဘက်က မဆင်မခြင် မလုပ်သ၍ ငါတို့ဘက်ကလည်း လုပ်မှာ မဟုတ်ပါဘူး”

ကျန်းရီ ထပ်၍ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ပြန်ဝင်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေလိုက်သည်။ အကြီးအကဲငါးက အမှန်ပင် စကားတည်ခဲ့သည်။ သူက နတ်ဘုရားလှေနားသို့ ကပ်မလာဘဲ ကီလိုမီတာသုံးဆယ်အကွာမှသာ လိုက်လာသည်။ ထိုထပ်ပိုကပ်သွားလျှင် ကျန်းရီက သူ့အပေါ် နားလည်မှုလွဲသွားမည်ကို သူ စိုးရိမ်ပေသည်။

နတ်ဘုရားလှေက အရှေ့သို့ ဆက်ပျံသန်းနေသည်။ နောက်ထပ်နှစ်နာရီကြာ ပျံသန်းပြီးနောက် အခြား စွမ်းအားကြီး သိုင်းသမားနှစ်ယောက်၏ အားကောင်းသော အရှိန်အဝါများက နတ်ဘုရားလှေကို လွှမ်းခြုံလာလေသည်။ ထိုအခါ အကြီးအကဲငါးက ရုတ်ခြည်း အသံပို့လွှတ်လိုက်သည်။

“လောင်ချီး(ခုနစ်)၊ လောင်ရှစ်စန်း(ဆယ့်သုံး) မလှုပ်နဲ့”

“အစ်ကိုငါး”

အကြီးအကဲနှစ်ယောက်သည် အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းလာပြီး အသံကုန် ဟစ်အော်လိုက်ကြ၏။ သူတို့၏ အသံထဲတွင် ဒေါသနှင့် သတ်ဖြတ်အရှိန်အဝါတို့ ပါနေပေသည်။ နတ်ဘုရားလှေထဲမှ ကျန်းရီသည်ပင် ထိုအရာများကို ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရသည်။ အကြီးအကဲငါးက ထိုနှစ်ယောက်ကို မလှုပ်ရန် လက်ဟန်ပြလိုက်သည်။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာ မရှိဘဲ ရပ်တန့်လိုက်ကြရလေသည်။ သို့သော် သူတို့၏ ကောင်းကင်စိတ်အာရုံများက နတ်ဘုရားလှေထဲရှိ ကျန်းရီနှင့် ချင်ယွီဝမ်တို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပေသည်။ နောက်ဆုံးတွင် သူတို့သည် မည်သို့မှ မပြောတော့ဘဲ လှေနောက်သို့ တိတ်တဆိတ်သာ လိုက်လာကြလေသည်။

နောက်ထပ်နှစ်နာရီ ကြာပြီးနောက် အဝေးတွင် မြောက်ပိုင်းမြစ်မြို့ ထွက်ပေါ်လာသည်။ မြို့ပြင်တွင် ထောင်ချီသော တိရှများက စီတန်းနေကြပေပြီ။ အောက်ဘက်ရှိ မြောက်ပိုင်းမြစ်မျိုးနွယ်စုထဲတွင်လည်း လူများ ပြည့်နှက်နေပြီး အားလုံးက ချဉ်းကပ်လာသည့် နတ်ဘုရားလှေနှင့် ၎င်းနောက်မှ လိုက်လာကြသည့် လူစုကို စိတ်လှုပ်တရှား၊ စိတ်ဝင်တစား ကြည့်နေကြသည်။

နတ်ဘုရားလှေသည် မြို့ဆီသို့ ဦးတည်နေ၏။ အကြီးအကဲငါးက မြို့ဂိတ်တံခါးအရှေံမှ တိရှများကို ဘေးဖယ်ရန် ထပ်၍ လက်ဟန်ပြလိုက်သည်။ နတ်ဘုရားလှေ ရပ်တန့်သွားပြီး လှေတံခါးပွင့်လာသည်။ ကျန်းရီသည် သဲဝါပိုးကောင်များကို သိမ်းလိုက်ပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် လှေပြင်သို့ ထွက်လာ၏။ သူက ချင်ယွီဝမ်ကို ပွေ့ချီထားဆဲပင်။ ထို့နောက် သူသည် ခေါင်းမော့ရင့်ကော့ကာ မြို့ထဲသို့ ဝင်သွားလေသည်။

အောက်ဘက်ရှိ မျိုးနွယ်စုက ဆူညံပွက်နေသော်လည်း မြို့ထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ချင်မျိုးနွယ်က မြို့ကို ထိန်းချုပ်ထားပေပြီ။ အကြီးအကဲငါးသည် အပြင်သို့ ထွက်မလာခင်တွင် မြို့ကို တင်းကြပ်စွာ စောင့်ကြပ်ထားဖို့ အမိန့်ပေးခဲ့သည်။ ချင်ယွီဝမ် အဖမ်းခံခဲ့ရခြင်းမှာ အလွန်ရှက်ဖွယ်ကောင်းသော ကိစ္စပင်။ ထို့ကြောင့် အကြီးအကဲငါးသည် ထိုသတင်း ပျံ့မသွားအောင် အတတ်နိုင်ဆုံး ကာကွယ်လိုနေပေသည်။

ကျန်းရီသည် ချင်ယွီဝမ်နှင့်အတူ မြို့ရင်ပြင်ထဲသို့ ပျံသန်းသွား၏။ သူ့အနောက် ကီလိုမီတာသုံးဆယ်လောက် အကွာတွင် ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက် ပါလာသည်။ သူတို့အနောက်တွင်မူ ဆယ်ချီသော တိထျန်းများ ရှိနေသည်။ သူတို့အားလုံး၏ သတ်ဖြတ်အရှိန်အဝါများက ကြောက်မက်ဖွယ်ပင်။ သို့သော် အကြီးအကဲသုံးယောက်၏ မျက်နှာထားများက တည်ငြိမ်နေပေသည်။

မြို့ရင်ပြင်သို့ ရောက်သောအခါ အကြီးအကဲငါးက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကျန်းရီ... အခု မင်း ငါ့ရဲ့သခင်မလေးကို လွှတ်ပေးလို့ ရပြီလား”

“မရဘူး”

ကျန်းရီ ပခုံးတွန့်လိုက်၏။

“ဒီနေရာမှာ ခင်ဗျားတို့လူတွေနဲ့ ပြည့်နေတာပဲ။ သူတို့က ကျွန်တော့်ကို သတ်ချင်ရင် ဘယ်လိုလုပ်မလဲ။ သိမ်းငှက်ပြာမြို့ကို သွားကြတာပေါ့။ အဲ့ကိုရောက်ရင် ကျွန်တော် သူ့ကို လွှတ်ပေးမယ်လို့ ကတိပေးပါတယ်”

အကြီးအကဲငါးသည် ဒေါသူပုန်ထမသွားဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ယောက်ျားစကားလား”

“ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုးမရှိပါဘူး”

ကျန်းရီ သိမ်မွေ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူသည် တည်နေရာပြောင်းရွှေ့ အစီအရင်ကို စောင့်ကြပ်နေကြသော ရာချီသည့် တိရှတပ်သားများကို လှည့်ကြည့်လိုက်သည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”

တိရှတပ်သားများက အကြီးအကဲငါးကို လှမ်းကြည့်လိုက်ကြ၏။ အကြီးအကဲငါး ခေါင်းညိတ်ပြသည်။ ကျန်းရီ တည်နေရာပြောင်းရွှေ့သွားသောအခါ အကြီးအကဲငါးသည် သူ့နောက်မှ တိထျန်းများကို လှည့်ကြည့်၍ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်က ကျန်းရီနဲ့အတူ ပါသွားဖို့များတယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ကို ဆက်ရှာစေချင်တယ်။ ကျန်းရီကို အရေးစိုက်မနေပါနဲ့တော့။ အဲ့ကိစ္စကို ကျုပ်တို့ပဲ ရှင်းလိုက်မယ်”

ဝှစ်...

အကြီးအကဲငါးသည် ပြောဆိုပြီးသည်နှင့် အခြားအကြီးအကဲနှစ်ယောက်ကို ‌ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ ကျန်းရီနောက်သို့ လိုက်သွားကြသည်။ မြို့က အလွန်တိတ်ဆိတ်နေသော်လည်း လူများစွာ၏ ကောင်းကင်စိတ်အာရုံများက အဆက်မပြတ် ‌ရွေ့လျားနေကြသည်။ အကြီးအကဲသုံးယောက် ထွက်သွားပြီးနောက်တွင် မြို့ထဲရှိ ခြံဝန်းများက ပျားပန်းခတ် စည်ကားလာလေသည်။

ကျန်းရီသည် ချင်မျိုးနွယ်၏ သခင်မလေးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွား၏။ ထိုကောင်စုတ်သည် ယခင်ကလည်း နတ်သိမ်းငှက်မြို့အရှင်၏ သမီးကို ဓားစာခံလုပ်ခဲ့ဖူးသည်ဟု ပြောကြသည်။ သူက လူများအား ပြန်ပေးဆွဲခြင်းကို စွဲလမ်းနေခြင်းလော။ ချင်မျိုးနွယ်၏ သခင်မလေးကိုပင် ဖမ်းဝံ့သည်လော။ သူမက တိရှဘုံတွင် ကျော်ကြားကာ ဂုဏ်သရေရှိသော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမအဖမ်းခံရသော အဖြစ်က သေချာပေါက် တိရှဘုံတစ်ခုလုံးကို လှုပ်ခတ်သွားစေပေလိမ့်မည်။

***

တိရှဘုံက အမှန်ပင် လှုပ်ခတ်သွားသည်။ သတင်းများကလည်း တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားသည်။

ကျန်းရီသည် သူ၏လမ်းကြောင်းကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။ သူက ခေါင်းမော့ရင်ကော့ကာ သိမ်းငှက်ပြာမြို့ဆီသို့ တည်နေရာပြောင်းရွှေ့နေခဲ့သည်။ သူ၏ ဘယ်ဘက်လက်တွင်လည်း ချင်ယွီဝမ်ကို ပွေ့ချီထားသည်။ အကြိမ်အနည်းငယ် တည်နေရာပြောင်းရွှေ့ပြီးနောက်တွင် သူ့ညာဘက်လက်ထဲ၌ မီးနဂါးဓား ထွက်ပေါ်လာသည်။ သူ့ပုံစံမှာ ရူးသွပ်နေသော ဓားပြတစ်ယောက်ကဲ့သို့ပင်။

အဆိပ်ဝိညာဉ်သည် ကျန်းရီအား သူတော်စင်ဝိညာဉ်ဘုံသို့ သွားလိုပါက တိရှဘုံကို လှုပ်ခတ်သွားအောင် လုပ်ရမည်ဟု ပြောခဲ့၏။ ယခုတွင် ကျန်းရီသည် တိရှဘုံတစ်ခွင်လုံး၌ ကျော်ကြားသွားပေပြီ။ သူသည် ယခုကိစ္စကို ကြီးသည်ထက်ကြီးအောင် လုပ်ပစ်ရန်လည်း ကြံရွယ်ထားသည်။ ထိုမှ သူ ပို၍ကျော်ကြားလာမည် မဟုတ်ပါလား။

သိမ်းငှက်ပြာမြို့က မြောက်ပိုင်းမြစ်မြို့နှင့် ဝေးသည်ဟု မဆိုသာပေ။ သူ အကြိမ်လေးဆယ် တည်နေရာပြောင်းရွှေ့ပြီးနောက်တွင် လမ်းတစ်ဝက်သို့ ရောက်သွားသည်။ ထိုမှ သူသည် နေ့တစ်ဝက် အနားယူရန် အခန်းတစ်ခန်း ရှာလိုက်သည်။ ထို့နောက် ဆက်၍ တည်နေရာပြောင်းရွှေ့ကာ သိမ်းငှက်ပြာမြို့သို့ အရောက်သွားလိုက်လေသည်။

ကျန်းရီ သိမ်းငှက်ပြာမြို့သို့ ရောက်သောအခါ ပထမဆုံး တွေ့ရသူမှာ ရှောင်ဟုန်ပင်။ ရှောင်ဟုန်တစ်ယောက် အလွန် မျက်စိမျက်နှာပျက်နေသည်။ သိမ်းငှက်ပြာမြို့သို့ သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ အရေးကြီးပုဂ္ဂိုလ်အားလုံး ရောက်နေကြပေပြီ။ တိထျန်းအဆင့် သိုင်းသမားတစ်ရာလောက်ကလည်း မြို့ရင်ထဲတွင် ရပ်နေကြသည်။

“စီရင်စုနယ်အရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီသည် ရှောင်ဟုန်ကို မြင်သောအခါ ပြုံး၍နှုတ်ဆက်လိုက်၏။ ထို့နောက် နွေးထွေးသော လေသံဖြင့် ဆက်ပြောသည်။

“စီရင်စုနယ်အရှင်... ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တာတောင် အတော်ကြာခဲ့ပြီပဲ”

“ဟွန်း...”

ရှောင်ဟုန်သည် ထိုနေရာမှာပင် သေသွားချင်စိတ် ပေါက်နေ၏။ စက္ကူထက်တွင် ကျန်းရီက သူ့လူဖြစ်သည်။ သို့ဖြစ်၍ ကျန်းရီ လုပ်ခဲ့သော ပြဿနာများအတွက် ချင်မျိုးနွယ်က သူ့ထံမှ ရှင်းပြချက် တောင်းပေလိမ့်မည်။ ထို့ကြောင့် သူ မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်းက သခင်မလေးချင်ကို လွှတ်မပေးတော့ဘူးလား”

“ဟင်းဟင်း... ကျွန်တော်က သခင်မလေးချင်နဲ့ ကစားနေရုံပါ”

ကျန်းရီ ပြုံးလိုက်သည်။ ထို့နောက် သူသည် ချင်ယွီဝမ်ကို တင်းကြပ်စွာ ဖက်၍ ရှောင်ဟုန်ဆီ လျှောက်သွားလိုက်သည်။ သူ ရှောင်ဟုန်အနား မရောက်သေးခင်မှာပင် သူ့အနောက်မှ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာလေသည်။ အကြီးအကဲငါးနှင့် အခြားအကြီးအကဲနှစ်ယောက်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ထွက်လာကြ၏။ သူတို့သည် ထွက်လာလျှင်ထွက်လာချင်း ရှောင်ဟုန်ကို တွေ့လိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“စီအရင်စုနယ်အရှင်ရှောင်... ခင်ဗျားက ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို အုပ်ချုပ်တဲ့နေရာမှာ တယ်တော်တာပဲ။ ခင်ဗျားရဲ့ မြို့အရှင်တစ်ယောက်ကတောင် ကျုပ်တို့မျိုးနွယ်က လူတွေကို သတ်ပြီး ကျုပ်တို့ရဲ့သခင်မလေးကို ဖမ်းသွားရဲတယ်”

ရှောင်ဟုန်၏ မျက်နှာက ပို၍ မည်းမှောင်လာ၏။ သူ အကြီးအကဲငါးကို လက်ဆုပ်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်လျှော့ကြပါ။ ဒီကိစ္စမှာ နားလည်မှုလွဲတာလေးတွေ ရှိနေလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်။ ကျန်းရီ... မင်း သူ့ကို လွှတ်မပေးတော့ဘူးလား”

“အဲ့ဒါက လွယ်ပါတယ်”

ကျန်းရီသည် ရှောင်ဟုန်အနီးသို့ ဆက်လျှောက်သွားပြီး အကြီးအကဲငါးကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် အရင်ဆုံး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ ခင်ဗျားတို့က လက်မခံဘူးဆိုရင်... ကျွန်တော်တို့ တိရှမြို့ကိုသွားပြီး တိရှအရှင်အရှေ့မှာ ပြောကြမယ်”

“ဟွန်း...”

ချင်မျိုးနွယ်၏ အကြီးအကဲခုနစ်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

“မင်းက ငါတို့ရဲ့ မျိုးနွယ်ဝင်တွေကို သတ်ပြီး ငါတို့ရဲ့ သခင်မလေးကို ဖမ်းသွားတာ။ အဲ့ဒါတောင် စကားနဲ့ ဖြေရှင်းချင်နေသေးတယ်ပေါ့လေ”

“ဒါပေါ့...”

ကျန်းရီက တစ်ချက်မခံဘဲ ပြန်အော်ပြောသည်။

“ကျွန်တော် မြောက်ပိုင်းမြစ်မြို့က ဖြတ်သွားတုန်းက ဘာလို့ ခင်ဗျားတို့လူတွေက ကျွန်တော့်ကို တားခဲ့တာလဲ။ ကျွန်တော် သူတို့ကို တစ်ခါမက သတိပေးခဲ့တယ်။ ဒါပေမဲ့ သူတို့က နောက်ဆုတ်မသွားခဲ့ဘူး။ အဲ့အစား ကျွန်တော့်ကို တိုက်ခိုက်ခဲ့သေးတယ်။ ကျွန်တော်က ဘာမှမလုပ်ဘဲ ထိုင်နေပြီး ခင်ဗျားတို့မျိုးနွယ်ဝင်တွေ ကျွန်တော့်ကို သတ်တာကို ခံရမှာလား။ အဲ့ဒါက အဓိပ္ပာယ်ရှိရဲ့လား။ တိရှမြို့ကို ချင်မျိုးနွယ်က ပိုင်တာလား...”

“ကျွန်တော်က နတ်သိမ်းငှက်မြို့ရဲ့ မြို့အရှင်လည်း ဖြစ်သလို မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အမဲလိုက်တမန်တော်လည်း ဖြစ်တယ်။ ခင်ဗျားတို့က ကျွန်တော့်ကို အလွယ်လေး ရှင်းပစ်လို့ရမယ်လို့ ထင်နေကြတာလား။ ချင်မျိုးနွယ်က သူတို့သဘောမကျတဲ့ မြို့အရှင်တိုင်းကို သတ်ပစ်ခွင့်ရှိတာလား။ ခင်ဗျားတို့ သတ်ချင်စိတ်ရှိရင် စီရင်စုနယ်အရှင်ရှောင်ကိုလည်း သတ်ပစ်ကြမှာလား။ ကြည့်ရတာ ခင်ဗျားတို့က လက်ထောက်စံအိမ်အရှင်မိုကိုလည်း သတ်ပစ်နိုင်တယ်ထင်တယ်...”

“ဟာ...”

ကျန်းရီ၏စကား ဆုံးသွားသောအခါ မြို့ရင်ပြင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ရှောင်ဟုန်၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်။ ကျန်းရီကို ဆက်ပြောခွင့် ပြုလိုက်လျှင် တိရှအရှင်ပင် ပါလာပေတော့မည်။

ထို့ကြောင့် ရှောင်ဟုန် ခပ်သွက်သွက် လည်ချောင်းရှင်းကာ လက်ဝှေ့ယမ်း၍ ဝင်ပြောလိုက်လေသည်။

“ကျန်းရီ... တော်လောက်ပြီ။ ဒီကိစ္စက နားလည်မှုလွဲတာ ဖြစ်လောက်မယ်။ ချင်မျိုးနွယ်က မင်းပြောသလိုမျိုး မဟုတ်ဘူး။ အမြဲ အကျိုးသင့်အကြောင်းသင့် လုပ်ခဲ့တဲ့ မျိုးနွယ်တစ်ခုပဲ။ တိရှအရှင်နဲ့ လက်ထောက်စံအိမ်အရှင်တောင် သူတို့ကို လေးစားတယ်။ ဘာလို့ သူတို့က မင်းပြောသလို အလုပ်တွေကို လုပ်ရမှာလဲ။ မင်း ဆက်မပြောခင် သခင်မ‌လေးချင်ကို လွှတ်ပေးလိုက်ပါ။ မင်း သူ့ကို ဘယ်လိုလုပ် ဆက်ဖမ်းထားနိုင်ရတာလဲ”

ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက်၏ မျက်နှာများ အစိမ်းရောင်သန်းသွားကြ၏။ ရှောင်ဟုန်နှင့် ကျန်းရီတို့က အတိုင်အဖောက်ညီညီနှင့် လူထု၏ထောက်ခံမှုကို သူတို့ဘက်သို့ ဆွဲယူနေပေသည်။ အကြီးအကဲငါးသည် ကျန်းရီက ချင်ယွီဝမ်ကို လွှတ်ပေးလိုက်သည်နှင့် ကျန်းရီကို သတ်ပစ်လိုခဲ့သည်။ သို့သော် ယခုတွင်မူ သူ ထိုသို့ မလုပ်နိုင်လောက်တော့ပေ။ မဟုတ်လျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။

“ကောင်းပါပြီ”

ကျန်းရီသည် ရှောင်ဟုန်က ထိုသို့ပြောမည်ကို စောင့်နေခြင်းပင်။ သူသည် ချက်ချင်းပင် ချင်ယွီဝမ်ကို လွှတ်ပေးလိုက်ပြီး ဦးညွှတ်၍ လက်ဆုပ်ကာ ပြောလိုက်သည်။

“သခင်မလေးချင်... ကျွန်တော် စည်းကျော်ခဲ့မိပါတယ်”

ဝှစ်...

ချင်ယွီဝမ်သည် အကြီးအကဲသုံးယောက်ထံသို့ အမြန်ဆုံး ပျံသန်းသွားလိုက်၏။ ထို့နောက် သူမ ခံစားချက်မထိန်းနိုင်တော့ဟန်ဖြင့် အော်ပြောလိုက်သည်။

“အကြီးအကဲငါး... သူက အဆိပ်ဝိညာဉ်ကို ကယ်ခဲ့တာ။ အဲ့သူခိုးကို သတ်ပစ်လိုက်ပါ။ အကျိုးဆက်တွေကို ကျွန်မတစ်ယောက်တည်း ခံမယ်။ လက်ထောက်စံအိမ်အရှင်က ကျွန်မကို သေစေချင်ရင်တောင် ကျွန်မ အဲ့အပြစ်ဒဏ်ကို လက်ခံလိုက်မယ်”

အကြီးအကဲငါး၏ အကြည့်များ အေးစက်သွား၏။ ချင်ယွီဝမ်၏ လက်ထဲတွင် လုံလောက်သော သက်သေများ ရှိနေပြီဟု သူ တွေးလိုက်သည်။ ထို့ကြောင့် သူသည် တုံ့ဆိုင်းမှုမရှိဘဲ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်လေသည်။

“လောင်ချီး၊ လောင်ရှစ်စန်း... ကျန်းရီကို ဖမ်းကြ”

ဝှစ်...ဝှစ်...ဝှစ်...

ရှောင်ဟုန်နှင့် ကျန်းရီတို့၏ မျက်နှာထားများက ချက်ချင်း ပြောင်းလဲသွားကြ၏။ သူတို့သည် ချင်မျိုးနွယ်က သိမ်းငှက်ပြာမြို့ထဲ၌၊ ယင်းမှာလည်း လူအများရှေ့၌ လှုပ်ရှားဝံ့လိမ့်မည်ဟု ထင်မထားကြပေ။

***

All Chapters