← Chapters

အသုံးမဝင်

Vol. 102 Ch. 1421

အသုံးမဝင်

Vol. 102 Ch. 1421

ချင်ယွီဝမ်ထံတွင် ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ၌ အဆိပ်ဝိညာဉ် ရှိနေသည်ဆိုသော မည်သည့်သက်သေမှ မရှိပါပေ။ သူမက ဒေါသအလျောက် ပြောဆိုခဲ့ခြင်းသာ။ ထိုကဲ့သို့ အဖမ်းခံရပြီးနောက်တွင် သူမသည် တိရှဘုံထဲရှိ အခြားသခင်လေးများနှင့် သခင်မလေးများ၏ အရှေ့တွင် မည်သို့ ခေါင်းမော့ရင်ကော့ နေနိုင်တော့မည်နည်း။ ထို့ကြောင့် သူမသည် သူမ၏ခံစားချက်တစ်ခုတည်းဖြင့် ကျန်းရီက အဆိပ်ဝိညာဉ်ကို ကယ်သွားသူဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် အဘယ်ကြောင့် ကျန်းရီက ကိစ္စအသေးအဖွဲလေးတစ်ခုအတွက်နှင့် ချင်မျိုးနွယ်ကို တိုက်ခိုက်မည်နည်း။

သို့သော် အကြီးအကဲငါးသည် ချင်ယွီဝမ်၏ လက်ထဲ၌ လုံလောက်သောသက်သေ ရှိနေပြီဟု တွေးခဲ့သည်။ သူတို့က ကျန်းရီကို ဖမ်း၍ သူ့လေဟာနယ်နတ်ဘုရားအသုံးအ‌ဆောင်ထဲရှိ အဆိပ်ဝိညာဉ်ကို ထုတ်လိုက်နို်ငလျှင် အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။ ထို့ကြောင့် အကြီးအကဲငါးသည် မိုလင်းချိုး ဝင်ပါလာမည်ကို မကြောက်ခြင်းဖြစ်သည်။

ဝှစ်...ဝှစ်...

ချင်မျိုးနွယ်မှ အကြီးအကဲနှစ်ယောက်က တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ အကြီးအကဲခုနစ်၏ မျက်ခုံးနှစ်ခုကြားမှနေ၍ သဏ္ဌာန်မဲ့ ဓားတစ်ချောင်း ပျံထွက်သွားပြီး ကျန်းရီ၏ခေါင်းထဲသို့ ရုတ်ခြည်း ဝင်သွားသည်။ အခြားအကြီးအကဲ၏ လက်တွင်လည်း အနက်ရောင်လက်အိပ် ထွက်ပေါ်လာသည်။ ထိုအနက်ရောင်လက်အိပ်က လင်းလက်လာကာ ထက်ရှသော လက်သည်းများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အကြီးအကဲခုနစ်၏ ခန္ဓာကိုယ်က အရောင်စုံသော အလင်းတန်းတစ်တန်းအဖြစ် ပြောင်းသွားပြီး ကျန်းရီ၏ လည်ပင်းဆီသို့ ဦးတည်ပျံဝင်သွားလေသည်။

အကြီးအကဲဆယ်သုံးသည် လက်နှစ်ဘက်စလုံး မြှောက်၍ သူ့စွမ်းအားများကို သုံးကာ ဟင်းလင်းပြင်ကို နှောင့်ယှက်လိုက်သည်။ ဟင်းလင်းပြင်ထဲ၌ ဧရာမ ရွှေရောင်တောင်တန်းဒေသကြီးတစ်ခု ဖြစ်တည်လာပြီး မြို့ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ပတ်ဝန်းကျင်မှ အရာအားလုံး အရိပ်မိုးခံလိုက်ရသည်။ အကြီးအကဲဆယ့်သုံးက တောင်များကို စတင်ပစ်လွှတ်လိုက်သောအခါ အောက်ဘက်ရှိ နတ်ဘုရားဘုရင်များစွာ ပိပြား၍ သေသွားကြပေသည်။

ချင်မျိုးနွယ်မှ အကြီးအကဲနှစ်ယောက်က အလွန်အပေးအယူမျှကြသည်။ တစ်ယောက်က ကျန်းရီကို စိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့် ထိန်းချုပ်ပြီး ကျန်တစ်ယောက်က စွမ်းအားကြီး မြေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည်နှင့် လူအုပ်ကို ထိန်းထားသည်။ ထို့ကြောင့် ရှောင်ဟုန်တစ်ယောက် အလျင်စလို မလုပ်ဝံ့ပေ။ ထိုအကြီးအကဲနှစ်ယောက်စလုံးက ဘွဲ့ထူးရ တိထျန်းများ ဖြစ်ကြသည်။ သူတို့၏ စွမ်းရည်များက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ မြို့ထဲတွင် သူတို့နှင့် အဆင့်တူသူမှာ ရှောင်ဟုန်တစ်ယောက်သာ ရှိပေသည်။

“ရပ်လိုက်”

ရှောင်ဟုန်သည် ခက်ထန်သော အကြည့်ဖြင့် အော်ပြောလိုက်၏။ သူ့လက်ထဲတွင် သတ္တုတုတ်တစ်ချောင်း ထွက်ပေါ်လာပြီး သူ၏အရှိန်အဝါကလည်း အကန့်အသတ်မရှိ ထိုးထွက်လာသည်။ သူက မင်ရည်တောင်ပံမျိုးနွယ်ကိုရော ချင်မျိုးနွယ်ကိုပါ အပြစ်ပြုမိ၍ မဖြစ်ပေ။ သို့သော် ဤနေရာက သိမ်းငှက်ပြာမြို့ဖြစ်သည်။ ချင်မျိုးနွယ်မှ လူများက သူ့ပိုင်နက်ထဲတွင် တိုက်ခိုက်နေကြသည်။ သူ သူတို့ကို ရပ်တန့်ရန် တစ်ခုခု မလုပ်လျှင် သူ၏ဂုဏ်သတင်းက မြောင်းထဲ ရောက်သွားပေလိမ့်မည်။

“နောင်ကြီးရှောင်ဟုန်... အဆိပ်ဝိညာဉ်က ကျန်းရီရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှာပါ။ ခင်ဗျား ဘာမှ အလောတကြီး မလုပ်တာ ကောင်းပါလိမ့်မယ်။ နောက်ပိုင်းဖြစ်လာမဲ့ ကိစ္စတွေကို ကျုပ် တာဝန်ခံပါမယ်”

အကြီးအကဲငါးက ရှောင်ဟုန်ထံသို့ အသံပို့လွှတ်လိုက်၏။ ထို့ကြောင့် ရှောင်ဟုန် ရပ်တန့်လိုက်သည်။ အဆိပ်ဝိညာဉ်မှာ တိရှစံအိမ်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်တို့၏ ဝရမ်းပြေးဖြစ်သည်။ အကယ်၍ ကျန်းရီက အမှန်ပင် အဆိပ်ဝိညာဉ်နှင့် ပူးပေါင်းနေလျှင် သူ ထိုကိစ္စ၌ ဝင်ပါလိုက်ပါက ဆိုးဝါးသော အကျိုးဆက်များကို ခံရပေလိမ့်မည်။

ရှောင်ဟုန် ဆက်၍ မလှုပ်ရှားရဲတော့ပေ။ သူသည် အကြီးအကဲခုနစ်က ကျန်းရီထံ ပျံဝင်လာသည်ကို ကြည့်၍သာ နေလိုက်သည်။ ကျန်းရီသည် သူ့နေရာတွင်သာ ရပ်နေပြီး တစ်ချက်မှ မလှုပ်ပေ။ သူက အကြီးအကဲခုနစ်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကြောင့် အသိလွတ်နေပုံပင်။

ပွဲကြည့်ပရိသတ်များသည် အနည်းငယ်ပင် မအံ့ဩကြပေ။ လူများစွာသည် ကျန်းရီကို အင်အားနည်းသူတစ်ယောက်အဖြစ် အထင်သေးကြသည်။ ကျန်းရီက ဘွဲ့ထူးရ တိထျန်းတစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မဆိုထားနှင့် သာမန်တိရှထျန်းများ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ဟု သူတို့ ထင်ကြသည်။

ဝှစ်...

သို့သော်...

ဆက်၍ဖြစ်ပျက်လာသော အရာက အားလုံးကို အံ့အားသင့်သွားစေသည်။ အကြီးအကဲခုနစ်၏ လက်သည်းများက ကျန်းရီကို မထိခင်မှာပင် ကျန်းရီ၏ မျက်ဝန်းများက ကြည်လင်သွား၏။ သူသည် ချက်ချင်းပင် အနောက်သို့ ပျံဆုတ်လိုက်၏။ သူ့လက်ထဲတွင် ပုလဲလုံးတစ်လုံး ထွက်ပေါ်လာကာ သဲဝါပိုးကောင်များကလည်း လေထဲသို့ ရုတ်ခြည်း ပျံထွက်သွားပြီး အကြီးအကဲခုနစ်ကို လွှမ်းခြုံလိုက်ကြလေသည်။

“ဒါက...”

ရှောင်ဟုန်နှင့် အခြားသူများအားလုံး မှင်တက်သွားကြ၏။ လူများစွာသည် ကျန်းရီ၏အကြောင်းကို သိကြပေသည်။ သူက လွန်ခဲ့သော အထက်ဘုံအချိန် ရက်အနည်းငယ်ကမှ အထက်ဘုံသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး သူ၏စွမ်းရည်များက သနားဖွယ်ကောင်းပေသည်။ ဆိုရလျှင် သူသည် လော့ဖူနှင့် လောရှန်းတို့၏ သတ်ဖြတ်မှုကို ခံရလုနီးပါးပင် ဖြစ်ခဲ့သည်။ သို့သော် ယခုတွင်မူ သူက ဘွဲ့ထူးရ တိထျန်းတစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုပင် ခုခံနိုင်နေပြီလော။ ထိုကောင်စုတ်က အဘယ်သို့ ထိုမျှလျင်မြန်စွာ တိုးတက်လာရသနည်း။ ယခု သူက သဲဝါပိုးကောင်များကိုပင် ထိန်းချုပ်နိုင်နေပြီလော။

သို့သော် ထိုအရာအားလုံးက အသုံးမဝင်ပုံပင်။

အကြီးအကဲခုနစ်သည် သဲဝါပိုးကောင်များကြားမှ ထိုးထွက်လာပြီး ကျန်းရီ၏ လည်ပင်းဆီသို့ ထပ်မံ၍ အရှိန်အဟုန်အပြည့်ဖြင့် ပျံဝင်သွားသည်။ သူ့ထံမှနေ၍ ထူးဆန်းသော အားတစ်ခု ထွက်လာပြီး ၎င်းအားက ကျန်းရီ၏ခန္ဓာကိုယ်ထဲ ဝင်ကာ ကျန်းရီ၏နတ်ဘုရားအမြုတေကို ချိပ်ပိတ်လိုက်လေသည်။ ထို့နောက် အကြီးအကဲခုနစ်သည် ကျန်းရီကို အေးစက်စက် ကြည့်၍ ပြောလိုက်သည်။

“ကောင်စုတ်လေး... ငြိမ်ငြိမ်နေ၊ မလှုပ်နဲ့။ မဟုတ်ရင် ငါ မင်းကို မသတ်ဘူးလို့ အာမမခံနိုင်ဘူး”

ကျန်းရီ မလှုပ်တော့ဘဲ သဲဝါပိုးကောင်များကို တိတ်တဆိတ် ပြန်ဆင့်ခေါ်၍ ၎င်းတို့နှင့် သားရဲလေးကို သူ၏မီးဝိညာဉ်ပုလဲထဲသို့ ပြန်ထည့်လိုက်လေသည်။ ပြီးမှ သူ အေးစက်စက် ပြုံး၍ ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။

“အရမ်းကောင်းတယ်... ခင်ဗျားတို့ ချင်မျိုးနွယ်ကလူတွေက ကိစ္စတွေကို ကိုယ်တိုင် ဖြေရှင်းကြတာပဲ။ ခင်ဗျားတို့က တိရှအရှင်ရဲ့ သံမဏိစည်းမျဉ်းကိုတောင် အရေးမထားဘဲ မြို့ထဲမှာ နေ့ခင်းကြောင်တောင်ကြီး တိုက်ခိုက်ရဲကြတယ်ပေါ့။ ဘာလဲ.. ဒါက ‌တော်လှန်ရေးလား”

“ဟင်းဟင်း...”

အကြီးအကဲငါးက ခြောက်ကပ်ကပ် ရယ်၍ အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“ကျန်းရီ... ငါတို့မျိုးနွယ်ကို စွပ်စွဲမနေနဲ့တော့။ ဒီနှစ်တွေအတွင်းမှာ ချင်မျိုးနွယ်က တိရှအရှင်အပေါ် အမြဲသစ္စာရှိခဲ့တယ်။ မင်းရဲ့ စကားလေး တစ်ခွန်း၊ နှစ်ခွန်းက ငါတို့ကြားမှာ အဖုအထစ်ဖြစ်စေမှာ မဟုတ်ဘူး။ ပြီးတော့... ငါတို့က မင်းကို ဘာမှ မလုပ်ရ‌သေးပါဘူး။ ငါတို့ ဝရမ်းပြေးရဲ့ ကြံရာပါကို ဖမ်းရုံပဲ။ ကျန်းရီ... ဘာလို့ မင်းက အဆိပ်ဝိညာဉ်ကို ဖွက်ထားရတာလဲ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ဝိုး...”

မြို့ရင်ပြင်ထဲရှိ လူအားလုံး ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ သူတို့ကြားတွင် အဆိပ်ဝိညာဉ်က အလွန်ကျော်ကြားပေသည်။ အကယ်၍ ကျန်းရီက အမှန်ပင် အဆိပ်ဝိညာဉ်ကို ဖွက်ထားလျှင် သေချာပေါက် သေရပေလိမ့်မည်။

“ဟားဟားဟား...”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်၏။ သို့သော် အကြီးအကဲခုနစ်က သူ့လည်ပင်းကို ပိုတင်းတင်း ညှစ်လိုက်၍ သူ ဆက်မရယ်နိုင်တော့ပေ။ သူ့မျက်နှာပေါ်၌ နာကျင်သော အရိပ်အယောင်တစ်ခုပင် မပြချေ။ ထိုအစား သူက အကြီးအကဲခုနစ်ကို ခပ်လှောင်လှောင်ကြည့်၍ ပြောလိုက်သည်။

“ဘာလဲ.. အခု ကျွန်တော်က စကားတောင် ပြောခွင့်မရှိတော့ဘူးလား။ ကဲလေ.. ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင်လည်း အခု သတ်ပစ်လိုက်ပါ။ ကျွန်တော် ကျန်းရီက မျက်မှောင်တစ်ချက်ကြုတ်လိုက်တာနဲ့ ခင်ဗျားရဲ့ အဘိုးတောင် ဖြစ်နိုင်တယ်”

“အဟွတ်...”

လူများစွာသည် ကျန်းရီ၏ ပထမစကားအတွက် ကျန်းရီကို ရင်ထဲမှ အားပေးလိုက်ကြ၏။ သို့သော် ဒုတိယစကားကို ကြားသောအခါ သူတို့ တော်တော်များများ တံတွေးသီးသွားကြသည်။ ထိုကောင်စုတ်က သေရတော့မည့်အခိုက်တွင်ပင် စကားနာထိုးနေဆဲလော။

အကြီးအကဲခုနစ်၏ မျက်နှာထားက တင်းမာလာပြီး သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာလေသည်။ သို့သော် ရှောင်ဟုန်သည် ကျန်းရီကို ဤနေရာ၌ သေခွင့်မပြုရဲပေ။ ကျန်းရှောင်နူက ပြဿနာလာရှာလျှင် မိုလင်းချိုးတို့က မကြောက်လောက်သော်လည်း သူက စီရင်စုနယ်အရှင်လေးသာ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ကျန်းရီကို အသေမခံနိုင်ချေ။ ထို့ကြောင့် သူ ချက်ချင်း ဝင်ပါလိုက်သည်။

“အကြီးအကဲခုနစ်... တိရှစည်းမျဉ်းတွေအရ ကျန်းရီက အမှားတစ်ခု ကျူးလွန်ခဲ့ရင်တောင် ခင်ဗျားတို့ဘာသာ စီရင်လို့ မရဘူး။ ကျုပ်တို့ သူ့ကို တိရှမြို့ဆီ‌ခေါ်သွားပြီး တိရှခန်းမကို ဆုံးဖြတ်ခိုင်းမယ်ဆိုရင်ရော”

“အဟင်း...”

ကျန်းရီက ခနဲ့လိုက်၏။

“ဘာလို့ ကျွန်တော်က တိရှခန်းမကို သွားရမှာလဲ။ ချင်မျိုးနွယ်က ခုံရုံးပဲ မဟုတ်ဘူးလား။ အခု သူတို့က သူတို့သတ်ချင်တဲ့ သူတိုင်းကို သတ်နေကြတာပဲ။ ကျွန်တော့်လို နတ်သိမ်းငှက်မြို့အရှင်တစ်ယောက်က သူတို့အတွက် ဘာအရေးပါမှာလဲ။ ကျွန်တော်က အမဲလိုက်တမန်တော်ဆိုရင်လည်း အရေးမပါဘူး။ ချင်မျိုးနွယ်သာ သေစေချင်ရင် စီရင်စုနယ်အရှင်တွေ၊ စစ်နတ်ဘုရားစံအိမ်အရှင်တွေနဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်တွေလည်း သေရမှာပဲ”

ဤတစ်ကြိမ်တွင် ကျန်းရီက ချင်မျိုးနွယ်ကို များစွာထိုးနှက်နေသည်။ အကြီးအကဲခုနစ်၏ သတ်ဖြတ်အရှိန်အဝါက ပျောက်ကွယ်လုနီးနီး ဖြစ်သွားသည်။ ရှောင်ဟုန်သည် ရှောင်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်ကို မိုလင်းချိုးထံ သတင်းပို့လိုက်ရန် မျက်နှာရိပ်ပြလိုက်၏။ အကြီးအကဲငါးသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ အော်ပြောလိုက်သည်။

“မင်းက အဆိပ်ဝိညာဉ်ကို ဖွက်ထားပေးတယ်၊ ငါတို့မျိုးနွယ်က တိထျန်းတစ်ယောက်ကို သတ်ခဲ့တယ်၊ ငါတို့သခင်မလေးကို ဖမ်းသွားခဲ့တယ် ဆိုတာတွေနဲ့တင် မင်းရဲ့ အမှားတွေက ခွင့်လွှတ်ပေးလို့ မရတော့ဘူး။ ငါတို့ တိရှခန်းမကို သွားရင်လည်း မင်း သေရမှာပဲ”

ရွှီး...

ရှောင်ဟုန်၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားက လင်းလက်လာ၏။ သူ ၎င်းကို ငုံ့ကြည့်လိုက်ပြီးနောက် စိတ်အေးသွားသည်။ ထို့နောက် သူ လက်ဆုပ်ကာ ပြောလိုက်လေသည်။

“အဲ့ဒါဆိုလည်း တိရှခန်းမကို သွားကြတာပေါ့။ လက်ထောက်စံအိမ်အရှင်က ကျန်းရီနဲ့ ခင်ဗျားတို့အုပ်စုကို အဲ့ကို ခေါ်ခဲ့ဖို့ ပြောတယ်။ ကိစ္စအကုန်လုံးကို ခုံရုံးမှာပဲ ပြောကြတာပေါ့”

“မိုလင်းချိုးလား”

အကြီးအကဲငါး မျက်ခုံးလှုပ်သွားပြီး ရှောင်ဟုန်ကို ကြည့်လိုက်၏။ ရှောင်ဟုန်က မိုလင်းချိုးကို အကြောင်းကြားလိုက်ပြီဖြစ်၍ ယခု သူတို့ အလျင်စလို မလုပ်နိုင်တော့ပေ။ သူတို့အားလုံး တိရှခန်းမသို့ သွား၍သာ စီရင်မှုကို စောင့်ရတော့မည်ဖြစ်သည်။

အကြီးအကဲငါး၊ အကြီးအကဲခုနစ်နှင့် အကြီးအကဲဆယ့်သုံးတို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ ပြောလိုက်သည်။

“သွားကြစို့... ကျုပ်တို့ တိရှမြို့ဆီ တည်နေရာပြောင်း‌ရွှေ့ကြမယ်။ ဒီကိစ္စကို ကျုပ်တို့ တိရှခန်းမကိုရောက်မှ ထပ်ဆွေးနွေးကြတာပေါ့”

“ကြွပါ”

ရှောင်ဟုန်သည် လက်ဟန်ပြကာ ရှေ့မှ ဦးဆောင်လိုက်၏။ အကြီးအကဲခုနစ်သည် ကျန်းရီကို ခေါ်၍ သိမ်းငှက်ပြာတောင်ဆီသို့ ပျံသန်းသွားလိုက်၏။ ထိုတောင်ပေါ်မှ မဟာတည်နေရာပြောင်းရွှေ့အစီအရင်က သူတို့ကို တိရှမြို့သို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ စေပေလိမ့်မည်။ အကြီးအကဲငါးသည်လည်း ချင်ယွီဝမ်ကိုခေါ်၍ တောင်ဆီသို့ ပျံသွားလိုက်သည်။ အကြီးအကဲဆယ်သုံးက အသံပို့လွှတ်မှုများ လုပ်ပြီးမှ သူတို့နောက်သို့ လိုက်သွားလိုက်သည်။ သူက ချင်မျိုးနွယ်ဆီ သတင်းပြန်ပို့ခြင်းဖြစ်ကြောင်း ထင်ရှား၏။ သူသည် ချင်မျိုးနွယ်ကို အသင့်ရှိနေစေလိုပေသည်။

“ဟူး...”

ရှောင်ဟုန်သည် အကြီးအကဲဆယ့်သုံးက အသံပို့လွှတ်မှုများ လုပ်လိုက်ကြောင်း တွေ့လိုက်သောအခါ သက်ပြင်းချလိုက်၏။ ချင်မျိုးနွယ်က အင်အားကြီးလွန်းသည်။ မိုလင်းချိုးက ဖြစ်ပျက်ခဲ့သည်များကို သိလောက်သော်လည်း ကျန်းရီတစ်ယောက် ဤတစ်ကြိမ်တွင် အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည်ဟု မည်သူမှ အာမမခံနိုင်ပါပေ။

တိရှခန်းမတွင် ခန်းမအရှင် ဆယ့်သုံးယောက်ရှိသည်။ အကယ်၍ သူတို့ထဲမှ တစ်ဝက်ကျော်က ကျန်းရီက အပြစ်ရှိသည်ဟု တွေးလျှင် ကျန်းရီ သေချာပေါက် ကွပ်မျက်ခံရပေလိမ့်မည်။ ထိုခန်းမအရှင် ဆယ့်သုံးယောက်ထဲတွင် တစ်ယောက်ကျော်လောက်က ချင်မျိုးနွယ်နှင့် ပတ်သတ်မှု ရှိနေပေသည်။

***

All Chapters