← Chapters

တိရှခန်းမ

Vol. 102 Ch. 1422

တိရှခန်းမ

Vol. 102 Ch. 1422

တိရှခန်းမကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုခန်းမမှာ မျိုးနွယ်ကြီးများ သူတို့၏ ပဋိပက္ခများကို ဖြေရှင်းရာ နေရာတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် မျိုးနွယ်ကြီးနှစ်ခုက ပဋိပက္ခတစ်ခုကြောင့် အသေအကြေ တိုက်ခိုက်ကြတော့မည်ဆိုလျှင် တိရှခန်းမသည် မျိုးနွယ်နှစ်ခုကြား ကြားဝင်၍ ဖျန်ဖြေပေးသည်။ အကယ်၍ တိရှခန်းမက ပဋိပက္ခကို ဖြေရှင်းမပေးနိုင်လျှင် တိရှအရှင်ကိုယ်တိုင် ဝင်ပါသည်။ တိရှအရှင်သည် ထိုနည်းဖြင့် အားလုံးအပေါ် အာဏာထူထောင်ထားခြင်းဖြစ်ပေသည်။

နောက်ပိုင်းတွင် တိရှခန်းမက အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုခန်းမက တိရှအရှင်၏ အလိုဆန္ဒကို ကိုယ်စားပြုပေသည်။

တိရှခန်းမက ကိစ္စတစ်ခုကို ဆုံးဖြတ်ချက် ချလိုက်ပြီဆိုလျှင် တိရှအရှင်မှလွဲ၍ အခြားမည်သူကမှ ၎င်းဆုံးဖြတ်ချက်ကို ပြင်နိုင်တော့မည် မဟုတ်ပေ။ တိရှအရှင်ကလည်း ပုံမှန်အခြေအနေတွင် တိရှခန်းမ၏ ဆုံးဖြတ်ချက်ကို လေးစားပေသည်။ အတိတ်တွင် မျိုးနွယ်ကြီးတစ်ခုက လူထုကို ဒေါသထွက်စေခဲ့၏။ တိရှခန်းမသည် ထိုမျိုးနွယ်ကို အပြစ်ရှိသည်ဟု စီရင်ချက် ချခဲ့သည်။ တစ်ရက်အတွင်းမှာပင် ထိုမျိုးနွယ်ဝင်အားလုံး အသတ်ခံခဲ့ရသည်။ တစ်ယောက်မှ ရှင်မကျန်ခဲ့ပေ။

တိရှခန်းမကို ခန်းမအရှင်ဆယ့်သုံးယောက်နှင့် ဖွဲ့စည်းထားသည်။ ထိုလူဆယ့်သုံးယောက်မှာ တိရှဘုံထဲရှိ အရေးအကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မျိုးနွယ်ကြီးဆယ်ခု၏ ဂုဏ်သရေရှိ မျိုးနွယ်ခေါင်းဆောင်ဆယ်ယောက်က ခန်းမအရှင်ရာထူး ဆယ်နေရာကို ယူထားကြသည်။ ကျန်သုံးယောက်မှာ မိုလင်းချိုး၊ ကျိုးထျန်းဝူနှင့် တိရှဘုံ၏ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင် တိမင်တို့ ဖြစ်သည်။

နတ်ဘုရားမျိုးနွယ်ကြီးဆယ်ခုက အချင်းချင်း မရေမတွက်နိုင်သော နည်းများဖြင့် ဆက်စပ်နေကြ၍ ရှောင်ဟုန် စိုးရိမ်နေခြင်းဖြစ်သည်။ အကယ်၍ ချင်မျိုးနွယ်ခေါင်း‌ဆောင်က ထိုအဆက်အသွယ်များကို အသုံးချလိုက်လျှင် မဲခုနစ်မဲလောက် အလွယ်တကူ ရနိုင်ပေလိမ့်မည်။ ချင်မျိုးနွယ်က ကျန်းရီအား အမှန်ပင် သေစေလိုနေလျှင် မိုလင်းချိုးက ကျန်းရီကို ဝင်မကယ်လောက်ပေ။ မိုလင်းချိုးက ကျန်းရီနှင့် မည်သို့မှ ပတ်သတ်မှု မရှိသည် မဟုတ်ပါလား။ နောက်တွင် ကျန်းရှောင်နူက ပြဿနာလာရှာလျှင်ပင် မိုလင်းချိုးသည် သူ၏အဆင့်အတန်းနှင့် စွမ်းရည်တို့ကြောင့် ကြောက်ရန် လိုမည် မဟုတ်ချေ။

တိရှမြို့၏ မြို့ရင်ပြင်ထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်များစွာ ရှိနေသည်။ စီရင်စုနယ်တိုင်းရှိ မြို့တော်များသည် တိရှမြို့ရင်ပြင်ထဲ၌ ကိုယ်ပိုင်တည်နေရာပြောင်းရွှေ့အစီအရင် တစ်ခုစီ တည်ဆောက်ထားကြသည်။ မြို့ရင်ပြင်ကလည်း အတော်လေး ကြီးပေသည်။ ထိုမြို့ရင်ပြင်တစ်ခုသည်ပင် သိမ်းငှက်ပြာမြို့လောက် ကြီးသည်။ ထိုအခိုက်တွင် မြို့ရင်ပြင်ထဲ၌ မရေမတွက်နိုင်သော လူများနှင့် ပြည့်နှက်နေသည်။ ထိုအခြေအနေ တစ်ခုလုံးက အကြီးအကျယ်ဖြစ်လာ၍ မျိုးနွယ်ကြီးအားလုံးသည် သတင်း ကြိုရထားကြပေသည်။ သူတို့အားလုံးသည် ပွဲကြည့်ရန် ရောက်လာကြခြင်းပင်။

ရွှီး...

ဧရာမ တည်နေရာပြောင်းရွှေ့အစီအရင်ကြီးတစ်ခုက လင်းလက်လာပြီး တစ်နာရီကြာအောင် လင်းနေ၏။ ပြီးမှ အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အကြီးအကဲငါးက ချင်ယွီဝမ်ကို ကိုင်ထားပြီး အကြီးအကဲခုနစ်က ကျန်းရီကို ကိုင်ထားသည်။ ရှောင်ဟုန်နှင့် အကြီအကဲဆယ့်သုံးတို့သည် ထိုလေးယောက်နောက်မှ ကပ်လိုက်လာကြသည်။

“အဲ့ဒါ ကျန်းရီလား”

“သူက ချင်မျိုးနွယ်ကို ဆန့်ကျင်ပြီး သခင်မလေးချင်ကို‌တောင် ဓားစာခံဖမ်းသွားရဲတယ်လား။ သူက တော်တော်သတ္တိကောင်းတာပဲ”

“ဟွန်း.. သူ့လို အမှိုက်ကောင်ကို အပိုင်းထောင်ချီ ပိုင်းပစ်သင့်တယ်”

“တိရှခန်းမလား။ သူ အဲ့ထဲကို ဝင်ပြီးသွားတာနဲ့ ပြန်မထွက်နိုင်တော့မှာကို မကြောက်ဘူးလား”

“သူက အဆိပ်ဝိညာဉ်ကို ဖွက်ထားတယ်လို့ ငါကြားတယ်။ အဆိပ်ဝိညာဉ်က အရမ်းကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်ပဲ။ သူသာ အဲ့လိုလူတစ်ယောက်ကို တကယ်ဖွက်ထားတာဆိုရင် သူလည်း မကောင်းတဲ့သူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

“သူက တမလွန်ဘုံအရှိန်အဝါရဲ့ ထိန်းချုပ်မှုကို ခံထားရတာ ဖြစ်နိုင်တယ်။ ငါတို့ သူ့ကို သတ်ပစ်သင့်တယ်”

“...”

မြို့ရင်ပြင်ထဲတွင် လူများစွာ ရှိနေသည်။ တိရှခန်းမက အမှုမစီရင်ရသည်မှာ ကြာခဲ့ပြီ မဟုတ်ပါလား။ ယခုအမှုက ချင်မျိုးနွယ်၏ ချင်ယွီဝမ်နှင့် မိုလင်းချိုးတို့နှင့်ပင် ပတ်သတ်နေသည်။ သို့ဖြစ်ရာ လူများက ထိုအမှု မည်သို့ ဖြစ်သွားမည်ကို သိလိုနေကြခြင်းမှာ မဆန်းပေ။ သို့သော် ကြားရသည့် သတင်းများအရ ကျန်းရီက အမှုနိုင်လိမ့်မည်ဟု မည်သူမှ မထင်ကြချေ။ ချင်မျိုးနွယ်က အလွန်အင်အားကြီးလွန်းသည် မဟုတ်ပါလား။

ကျန်းရီ ရင်ခုန်နေသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် မကောင်းသော နမိတ်တစ်ခုကို ခံစားလာရ၏။ သူက ချင်မျိုးနွယ်အကြောင်းကို ကောင်းစွာ နားမလည်ထားပေ။ ယခု အခြေအနေများကို ကြည့်ရသလောက်တော့ ချင်မျိုးနွယ်က အမှန်ပင် အင်အားကြီးပုံပင်။ သို့ဖြစ်၍ ဤတစ်ခေါက်တွင် သူ တိရှမြို့ကနေ၍ ပြန်ထွက်သွားချင်မှ သွားနိုင်ပေလိမ့်မည်။

ကျန်းရီသည် နတ်ဘုရားအမြုတေလည်း ချိပ်ပိတ်ခံထားရရာ အစွမ်းမဲ့နေသည်။ ထို့ကြောင့် သူသည် အကြီးအကဲခုနစ် ခေါ်သွားသည့်အတိုင်း မြို့ရင်ပြင်မြောက်ပိုင်းရှိ ဧရာမရဲတိုက်ကြီးသို့ သွားလိုက်ရလေသည်။ ထိုရဲတိုက်ကြီးကို အလွန်အထူးတလည် တည်ဆောက်ထားခြင်းပင်။ အဝေးမှကြည့်လျှင် ၎င်းက ဧရာမ ဝက်ဝံကြီးတစ်ကောင်က လူတစ်ယောက်ကို ခုန်အုပ်တော့မည့်ပုံနှင့် ဆင်တူပေသည်။ ဝင်ပေါ်မှာမူ ဝက်ဝံကြီး၏ ပါးစပ်နေရာတွင် တည်ရှိခြင်းပင်။

“အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်”

ဂိတ်တံခါးပွင့်သွားပြီး တိရှတပ်သားတစ်တန်း ထွက်ပေါ်လာ၏။ သူတို့အားလုံးက တိထျန်းအဆင့် သိုင်းသမားများပင်။ ထိုလူစုက ချင်မျိုးနွယ်မှ အကြီးအကဲများနှင့် ကောင်းကောင်းရင်းနှီးကြောင်း သိသာသည်။ သူတို့သည် အကြီးအကဲများကို တွေ့သည်နှင့် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။ သို့သော် ရှောင်ဟုန်နှင့် ကျန်းရီတို့ကိုမူ မမြင်ချင်ယောင်ဆောင်နေကြပေသည်။ ယင်းက ကျန်းရီကို အတန်ငယ်ပို၍ စိတ်ဓာတ်ကျသွားစေသည်။

ရဲတိုက်ထဲသို့ ဝင်ပြီးနောက်တွင် အလွန်ကျယ်ဝန်းသော ခန်းမထဲသို့ ဆက်သွားလိုက်ကြ၏။ ရဲတိုက်ထဲ၌ စင်္ကြံလမ်းများစွာ ရှိနေပြီး ၎င်းတို့ထဲမှ တစ်ခုက ဒုတိယထပ်သို့ ရောက်ပေသည်။ ချင်မျိုးနွယ်မှ အကြီးအကဲများသည် ထိုရဲတိုက်က သူတို့၏အိမ်အလား ဒုတိယထပ်သို့ အေးအေးလူလူ တက်သွားကြသည်။ နောက်ဆုံးတွင် သူတို့ အခြားခန်းမကြီးတစ်ခုထဲသို့ ရောက်သွားကြသည်။

ထိုခန်းမကြီး၏ ထိပ်တွင် ထိုင်ခုံဆယ့်သုံးလုံးကို စီတန်းချထား၏။ ထိုင်ခုံဆယ့်သုံးလုံး၏ အလယ်မှ ထိုင်ခုံသုံးလုံးမှာ အနက်ရောင်ကျောက်ထိုင်ခုံများ ဖြစ်သည်။ ၎င်းတို့၏ဘေးတစ်ဘက်စီမှ ထိုင်ခုံငါးလုံးစီမှာမူ သာမန်ကျောက်ထိုင်ခုံများသာ ဖြစ်ပေသည်။ ထိုအခိုက်တွင် ၎င်းထိုင်ခုံများ၌ မည်သူမှ ထိုင်မနေကြပေ။ ခန်းမတစ်ခုလုံးလည်း ရှင်းလင်းနေသည်။

ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက်နှင့် ချင်ယွီဝမ်တို့က မည်သို့မှ မပြောဘဲ ခန်းမထဲ ဝင်သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် အခြားသူများ ရောက်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ကြသည်။ ရှောင်ဟုန်လည်း နှုတ်ဆိတ်နေသည်။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာမရှိ‌တော့ဘဲ တိတ်တဆိတ်သာ နေလိုက်ရလေသည်။

တစ်နာရီကြာပြီးနောက် ခန်းမ၏ ဘေးတစ်ဘက်စီရှိ စင်္ကြံလမ်းနှစ်လမ်းမှနေ၍ လူဆယ့်သုံးယောက် လျှောက်ဝင်လာကြသည်။ ကျန်းရီသည် သူတို့ကို ကြည့်လိုက်ပြီး ထိုအထဲတွင် မိုလင်းချိုးလည်းပါကြောင်း တွေ့လိုက်၏။ ထို့ပြင် အခြားရင်းနှီးသော မျက်နှာတစ်ခုလည်း ပါလာသည်။ ကျန်းရီသည် အကြိမ်အနည်းငယ်ကြည့်ပြီးနောက် ထိုလူက တိရှဘုံ၏ စစ်နတ်ဘုရားစံအိမ်အရှင် ကျိုးထျန်းဝူဖြစ်ကြောင်း မှတ်မိသွားသည်။

“အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်”

ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက်က ချက်ချင်း ထရပ်ကာ ဦးညွှတ်လိုက်ကြ၏။ ရှောင်ဟုန်လည်း ဦးညွှတ်လိုက်သည်။ အကြီးအကဲခုနစ်က ကျန်းရီ၏ လည်ပင်းအား ညှစ်ထားသည်ကို လွှတ်ပေးလိုက်၏။ ထို့ကြောင့် ကျန်းရီသည် အကြီးအကဲခုနစ်ကို စိုက်ကြည့်ကာ ခေတ္တမျှ မှင်တက်သွားလေသည်။ ထို့နောက် သူလည်း အတန်ငယ် ဦးညွှတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အရှင်တို့ကို နှုတ်ခွန်းဆက်ပါတယ်”

လူဆယ့်သုံးယောက်က မည်သို့မှ မပြောဘဲ သူတို့၏ ခုံများ၌သာ ဝင်ထိုင်လိုက်ကြသည်။ မိုလင်းချိုး၊ ကျိုးထျန်းဝူနှင့် မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဆံပင်ဖြူများနှင့် အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က အလယ်ရှိ ထိုင်ခုံသုံးလုံးတွင် ထိုင်ကြသည်။ ကျန်ဆယ်ယောက်က သူတို့၏ ဘေးတစ်ဘက်စီတွင် ထိုင်ကြပေသည်။

‘ဟိုလူက ချင်မျိုးနွယ်ခေါင်းဆောင်ထင်တယ်’

ကျန်းရီသည် ဘယ်ဘက်ရှိ ထိုင်ခုံတစ်လုံးတွင် ထိုင်နေသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်၏။ သူ့အကြည့်များ အေးစက်သွားသည်။ သူသည် ချင်မျိုးနွယ်မှ အကြီးအကဲသုံးယောက်၏ အကြည့်များ လှုပ်ရှားသွားပြီး ချင်ယွီဝမ်၏ မျက်ဝန်းများထဲ၌ မျက်ရည်ဝဲလာသည်ကိုလည်း သတိပြုမိလိုက်သည်။ နောက်ဆုံးတွင် ကျန်းရီ တစ်စုံတစ်ခုကို နားလည်သွားပေပြီ။ ထိုအဘိုးအိုက ဘယ်ဘက်ရှိ ပထမဆုံးခုံတွင် ထိုင်နေခြင်းကို ကြည့်လျှင် ချင်မျိုးနွယ်က အမှန်ပင် တိရှအရှင်လက်အောက်ရှိ အင်အားအကြီးဆုံး မျိုးနွယ်တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။

မိုလင်းချိုးက အလယ်အကျဆုံး ခုံတွင် ထိုင်ပြီး သူ့ဘယ်ဘက်၌ ကျိုးထျန်းဝူထိုင်ကာ သူ့ညာဘက်တွင် တိရှဘုံ မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်အရှင် ထိုင်ပေသည်။ မိုလင်းချိုးသည် ကျန်းရီတို့ကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

“အခြေအနေကို ကျုပ် အကြမ်းဖျင်းတော့ နားလည်ထားပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေက ဘာမှ သိလိမ့်ဦးမယ်လို့ ကျုပ်မထင်ဘူး။ ချင်ဝူ... ဖြစ်ခဲ့တဲ့ကိစ္စတွေကို အသေးစိတ် ပြောပြပါ”

“ဟုတ်ကဲ့ပါ လက်ထောက်စံအိမ်အရှင်”

အကြီးအကဲငါးက ခေါင်းညိတ်၍ သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။

“ဖြစ်ခဲ့တာတွေကတော့ ဒီလိုပါ... ရှောင်ယွီက ဟွင့်သွမ့်သားရဲတွေကို သတ်ပြီး သူ့ရဲ့စွမ်းရည်တွေကို လေ့ကျင့်ဖို့ မြောက်ပိုင်းမြစ်မြို့နားမှာရှိတဲ့ မီးချောက်နက်ဆီကို သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ လေ့ကျင်နေတုန်းမှာ လူတစ်ယောက်က သူ့ကိုသတ်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ယောက်ယောက်က သူ ဒဏ်ရာအပြင်းအထန် ရသွားအောင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ကို သူ့ဆီ တမင်မျှားခေါ်လာခဲ့တာပါ။ အဲ့လူက ကျုပ်တို့မျိုးနွယ်က တိထျန်းတစ်ယောက်ကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အဲ့လူက အဆိပ်ဝိညာဉ်ဆိုတာ သိသွားတော့ တခြားတိထျန်းတစ်ယောက်က အဆိပ်ဝိညာဉ် ဒဏ်ရာအပြင်းအထန် ရသွားအောင် သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ပါတယ်...”

“အဲ့မှာ တခြားတိထျန်းတစ်ယောက်က ရှောင်ယွီဆီ အသံပို့လွှတ်ပြီး ဖြစ်ခဲ့တဲ့အကြောင်းတွေ အကုန်လုံးနဲ့ အဆိပ်ဝိညာဉ်က အပြင်းအထန်ဒဏ်ရာရသွားတဲ့အကြောင်းကို သတင်းပို့ခဲ့ပါတယ်။ ဒါပေမဲ့... ကျုပ်တို့ ရောက်သွားတဲ့အချိန်မှာ အဲ့တိထျန်းက သေနေပြီး အဆိပ်ဝိညာဉ်ကိုလည်း ဘယ်မှာမှ ရှာမတွေ့တော့ပါဘူး...”

“ဒါနဲ့ ကျုပ်လည်း ချက်ချင်း လူတွေစေလွှတ်ပြီး အဆိပ်ဝိညာဉ်ကို လိုက်ရှာစေလိုက်ပါတယ်။ ‌ရှောင်ယွီက ကျန်းရီနဲ့ မြို့ပြင်မှာ မတော်တဆ ဆုံခဲ့တာပါ။ အဲ့အချိန်တုန်းက ကျန်းရီက နတ်ဘုရားလှေထဲမှာ တစ်ယောက်တည်း ရှိနေခဲ့ပါတယ်။ သူက ကျုပ်တို့ကို သူ့ရဲ့နတ်ဘုရားလှေကို ရှာခွင့်မပေးခဲ့ပါဘူး။ အဆိပ်ဝိညာဉ်ကို ကယ်သွားခဲ့တဲ့သူက သူဖြစ်ဖို့ များပါတယ်။ ကျန်းရီက သူ့ရဲ့နတ်ဘုရားလှေကို သုံးပြီး ရှောင်ယွီရဲ့ နတ်ဘုရားလှေကိုတောင် ဝင်တိုက်ခဲ့ပါသေးတယ်။ ပြီးတော့ ကျုပ်တို့မျိုးနွယ်က တိထျန်းတစ်ယောက်ကိုလည်း သတ်ပစ်ခဲ့ပါတယ်...”

“နောက်ဆုံးကျတော့ သူက ရှောင်ယွီကို ဓားစာခံလုပ်ပြီး သိမ်းငှက်ပြာမြို့ဆီ တည်နေရာပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲ့အတွက်နဲ့ ရှောင်ယွီရဲ့ ဂုဏ်သိက္ခာက ကျဆင်းသွားရပါပြီ။ ကျန်းရီက ကျုပ်တို့ချင်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကိုလည်း လုံးဝဖျက်ဆီးပစ်ခဲ့တာပါ။ ကျေးဇူးပြုပြီးတော့ တိရှခန်းမက ကျုပ်တို့အတွက် တရားမျှတမှု ရှာပေးပါ”

အကြီးအကဲငါးသည် သူ၏စကားများကို အလွန်သတိထား၍ ပြောလိုက်၏။ သူသည် ကိစ္စကို ချဲ့ကား၍လည်း မပြောခဲ့သလို အဆိပ်ဝိညာဉ်ကို ကယ်သွားသူက ကျန်းရီဟုလည်း အတပ်မဆိုခဲ့ပေ။ ဤနေရာက တိရှခန်းမဖြစ်သည်။ အကယ်၍ သူ စကားတစ်ချက် မှားသွားလျှင် လူများသည် ထိုစကားကို အသုံးချ၍ သူ့ကို ပြန်တုံ့ပြန်ပေလိမ့်မည်။ ဤနေရာရှိ မျိုးနွယ်ခေါင်းဆောင်ဆယ်ယောက်ထဲတွင် အများစုက ချင်မျိုးနွယ်၏ မဟာမိတ်များ ဖြစ်ကြသည်။ သို့သော် ချင်မျိုးနွယ်နှင့် အဆင်မပြေသူများလည်း ရှိနေသေးသည်။

ချင်ယွီဝမ်ကလည်း တစ်ခွန်းမှ ဝင်မပြောပေ။ ဤကဲ့သို့သော နေရာတစ်ခုတွင် သူမသည် စကားပြောရန် အခွင့်မရှိချေ။ သူမသည် ဒေါသထွက်နေသော်လည်း စည်းမျဉ်းများကို သိပေသည်။ ယခုတွင် သူမက သနားစဖွယ်အကောင်းဆုံး မျက်နှာထားသာ ထားနေရပေမည်။ ထို့ကြောင့် ဤတစ်ချိန်လုံး သူမသည် အချိန်မရွေး ငိုချတော့မည့်ပုံစံ ပေါ်နေလေသည်။

မိုလင်းချိုးက ခေါင်းညိတ်၍ ရှောင်ဟုန်ကို လှည့်ကြည့်လိုက်သည်။

“ရှောင်ဟုန်... ချင်ဝူပြောနေတာတွေက အမှန်ပဲလား”

ရှောင်ဟုန်သည် ခေတ္တမျှ တွေးဟန်ပြု၍ လက်ဆုပ်ကာ ပြန်ဖြေ၏။

“မြောက်ပိုင်းမြစ်မြို့မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျန်းရီက ချင်ယွီဝမ်ကို ဓားစာခံလုပ်ပြီး သိမ်းငှက်ပြာမြို့ဆီ တည်နေရာပြောင်းရွှေ့လာခဲ့တာကိုတော့ ကျွန်တော် မြင်ခဲ့ပါတယ်။ ကျန်းရီက သိမ်းငှက်ပြာမြို့ကို ရောက်ရောက်ချင်းပဲ သခင်မလေးချင်းကို လွှတ်ပေးခဲ့ပါတယ်။ အဲ့မှာ ချင်ဝူက ကျန်းရီကို ဖမ်းဖို့ အမိန့်ပေးခဲ့တာပါ”

“အင်း...”

မိုလင်းချိုး ခေါင်းဆတ်၍ ကျန်းရီကို ဆက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ကျန်းရီ... မင်းမှာ ဘာပြောစရာရှိလဲ။ မင်းမှာ ပြောစရာမရှိရင် ငါ စီရင်ချက်ချတော့မယ်”

“အာ...”

ကျန်းရီ ချက်ချင်း စိတ်ဓာတ်ကျသွား၏။ မိုလင်းချိုး၏လေသံအရ ဤတစ်ကြိမ်တွင် မိုလင်းချိုးသည် သူ့အား ကာကွယ်ပေးရန် အစီအစဉ်မရှိဟု ထင်ရပေသည်။

***

All Chapters