← Chapters

အပြစ်ရှိသည်

Vol. 102 Ch. 1423

အပြစ်ရှိသည်

Vol. 102 Ch. 1423

မိုလင်းချိုးသည် အမှန်ပင် ကျန်းရီ၏ ရှင်သန်နိုင်ရေးအတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ပေးရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် အခွင့်အရေးရှိမည်ဆိုလျှင်တော့ သူ အကောင်းဆုံး ကြိုးစားပေးမည်ဖြစ်သည်။ မိုလင်းချိုး မျှော်မှန်းထားသည့် အကောင်းဆုံး အခြေအနေမှာ ကျန်းရီ ထောင်တစ်သက်ကျခြင်းပင်ဖြစ်ပေသည်။

မကြာသေးခင်က မိုလင်းချိုးသည် ကျန်းရီတစ်ယောက် ကျိုးထျန်းမျိုးနွယ်အပေါ် အပြစ်ပြုခဲ့သည်ဆိုသော သတင်းကို ရခဲ့၏။ ကျိုးထျန်းကျဲက အရှုံးကို ဝန်ခံခဲ့သဖြင့် ထိုကိစ္စက ပြေလည်သွားခဲ့သော်လည်း မိုလင်းချိုး အလွန်မချင့်မရဲဖြစ်နေဆဲပင်။ သူက ကျန်းရီကို မြို့အရှင်ရာထူး ပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ကျန်းရီက ထိုရာထူးနှင့်အတူ ပါလာသည့် စည်းစိမ်ချမ်းသာများကို ခံစား၍ အေးအေးဆေးဆေး ကျင့်ကြံမနေနိုင်ရသနည်း။ အဘယ်ကြောင့် သူက မိုလင်းချိုး၏အမည်ကိုသုံး၍ လူတိုင်းနှင့် ရန်သူဖွဲ့နေရသနည်း။

မိုလင်းချိုးသည် ထိုအရာများကို ခွင့်လွှတ်ပေးနိုင်သေးသည်။ သို့သော် ပြဿနာတစ်ခု ပြီးသွားသည်မှာ မကြာသေး နောက်ပြဿနာတစ်ခု ထပ်တက်လာပြန်ပြီလော။ ဤတစ်ခေါက် ပြဿနာက ပို၍ပင် ရယ်စရာကောင်းသည်။ ကျန်းရီက ချင်မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ပစ်ခဲ့ပြီး ချင်မျိုးနွယ်သခင်မလေးကို ဓားစာခံအဖြစ် ဖမ်းသွားခဲ့သည်။ ကျန်းရီက နတ်သိမ်းငှက်မြို့အရှင် ဆက်ဖြစ်ခွင့်ရမည်ဆိုလျှင်ပင် နောက်တစ်ကြိမ်၌ ထိုထက်ပိုဆိုးသော ပြဿနာမျိုး ရှာမည်ကို မိုလင်းချိုး စိုးရိမ်ပေသည်။

မိုလင်းချိုးသည် ကျန်းရီကို စောင့်ရှောက်ပါမည်ဟု ကျန်းရှောင်နူအား ကတိပေးခဲ့၏။ သို့သော် ယင်းမှာ ကျန်းရီလုပ်သော အရှုပ်မှန်သမျှကို သူက လိုက်ရှင်းပေးမည်ဆိုသည့် အဓိပ္ပာယ်မဟုတ်ပေ။ သူသည် တိရှအရှင်၏ ပြောရေးဆိုခွင့်ရသူဖြစ်ပြီး ရာထူးအဆင့်အတန်းမြင့်ကာ ဩဇာအာဏာကြီးသည်။ ထို့ကြောင့်လည်း ကိစ္စများကို ကိုင်တွယ်ရာတွင် အလွန်သတိထားရသည်။ သူ တိရှဘုံမှ မျိုးနွယ်ကြီးများကို စိတ်မကျေမနပ် ဖြစ်သွားစေမိမည်ဆိုလျှင် သူ၏ လက်ထောက်စံအိမ်အရှင်ရာထူးလေး ပြုတ်သွားနိုင်သည်။

ထို့ကြောင့် ယခုတွင် ကျန်းရီက သူ့ကိုယ်သူ ကာကွယ်ရန် မည်သို့မှ မချေပလျှင် မိုလင်းချိုးသည် ကျန်းရီအား ထောင်တစ်သက်ချရန် ကြံရွယ်ထားသည်။ ချင်မျိုးနွယ်ကလည်း ထိုရလဒ်အတွက် ကျေနပ်လိမ့်မည်ဟု သူ အနည်းနှင့်အများဆိုသလို သေချာသည်။

ကျန်းရီသည် ပြဿနာကို မြင်လိုက်၍ ဆက်ရေငုံနှုတ်ပိတ်မနေဝံ့တော့ပေ။ သူ ခေတ္တမျှ တွေးလိုက်ပြီး ချင်ယွီဝမ်ဘက်လှည့်ကာ ပြောလိုက်သည်။

“သခင်မလေးချင် မြို့ပြင်မှာတုန်းက ခင်ဗျားနဲ့ ကျွန်တော်ပဲ ရှိခဲ့တာ။ ခင်ဗျားမျိုးနွယ်က အကြီးအကဲတွေ ရှိခဲ့တာ မဟုတ်ဘူး။ အဲ့တော့ မြို့ပြင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ရှင်းပြတဲ့သူက ကျွန်တော်တို့ပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား”

ချင်ယွီဝမ်က ချင်မျိုးနွယ်ခေါင်းဆောင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ချင်မျိုးနွယ်ခေါင်းဆောင်က ခေါင်းညိတ်ပြသောအခါ ချင်ယွီဝမ် အေးစက်စက် ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မတို့က ဘာပြောစရာလိုသေးလို့လဲ။ ရှင် ကျွန်မတို့မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ အမှန်တရားပဲ မဟုတ်ဘူးလား။ ရှင်ကျွန်မကို ဖမ်းပြီ... ကျွန်မရဲ့ ဂုဏ်သိက္ခာကို စော်ကားခဲ့တာလည်း အမှန်တရားပဲ မဟုတ်လား”

“ဟုတ်ပါတယ်”

ကျန်းရီသည် မိုလင်းချိုးတို့ကို ဝင်ပြောခွင့်မပေးဘဲ ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်က ဘာလို့ အဲ့ချင်မျိုးနွယ်ဝင်ကို သတ်ခဲ့ရတာလဲ။ ဘာလို့ ကျွန်တော်က ခင်ဗျားကို ဖမ်းသွားခဲ့ရတာလဲ။ ခင်ဗျားတို့ ချင်မျိုးနွယ်က အင်အားကြီးပြီး ဩဇာရှိတယ်ဆိုတာကို ကျွန်တော် သိတာပဲ။ အဲ့ဒါဆို ဘာလို့များ ကျွန်တော်က ခင်ဗျားတို့ ချင်မျိုးနွယ်ကို အပြစ်ပြုရတာလဲ။ ကျွန်တော်က အရူးမဟုတ်သလို ဦးနှောက်ပျက်နေတဲ့သူလည်း မဟုတ်ဘူး။ ကျွန်တော်မေးမယ်... ဒီလောကထဲမှာ ဘယ်သူက အကြောင်းမရှိဘဲနဲ့ မျိုးနွယ်ကြီးတစ်ခုရဲ့ သခင်မလေးတစ်ယောက်ကို ဖမ်းမှာလဲ။ အခြေအနေက အသည်းအသန် ဖြစ်နေလို့မှ မဟုတ်ရင်၊ အကြံကုန်နေလို့မှမဟုတ်ရင်၊ ချင်မျိုးနွယ်က ကျွန်တော့်ကို သတ်ချင်နေလို့မှ မဟုတ်ရင် ကျွန်တော်က အဲ့လိုတွေ လုပ်ခဲ့ပါ့မလား”

“ဟွန်း...”

ချင်ယွီဝမ် နှာခေါင်းရှုံ့၍ ပြန်ပြော၏။

“အဲ့ဒါတွေဖြစ်ရတာက ရှင်ရဲ့ လိပ်ပြာမလုံတဲ့ စိတ်ကြောင့်ပဲ။ ရှင်က အဆိပ်ဝိညာဉ်နဲ့ လျှို့ဝှက်ပူးပေါင်းနေလို့ ကျွန်မတို့ ရှင့်လှေကို ရှာမှာကို ကြောက်နေတာ၊ ရှင့်ရဲ့ ပြစ်မှုတွေ ပေါ်သွားမှာကို ကြောက်နေတာ။ အဲ့ဒါကြောင့် ရှင် စွန့်စားခဲ့တာပဲ”

“အရမ်းကောင်းတယ်...”

ကျန်းရီက ပြုံး၍ လှည့်ပတ်ကြည့်လိုက်ပြီး လက်ဆုပ်ကာ ဆိုလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ဖမ်းခဲ့ရတာက ကျွန်တော်က အဆိပ်ဝိညာဉ်နဲ့ ပူးပေါင်းထားလို့ဆိုပြီး ခင်ဗျားက သိပ်သေချာနေတာပဲ။ တကယ်လို့ ကျွန်တော်က အဆိပ်ဝိညာဉ်နဲ့ ပူးပေါင်းနေတာ မဟုတ်ဘူးဆိုရင် တမင် ချောင်ပိတ်ခံရသလို ဖြစ်မသွားဘူးလား။ ချင်မျိုးနွယ်က ကျွန်တော့်ကို အကြောင်းအရင်း မရှိဘဲ သတ်ချင်နေသလို ဖြစ်မသွားဘူးလား”

ရွှီး...

ကျန်းရီ၏ သိုလှောင်လက်စွပ်က တောက်ပသွား၏။ ထို့နောက် သူသည် လက်စွပ်ထဲရှိ အခြားသိုလှောင်လက်စွပ်အားလုံး၊ ဟွင့်သွမ့်ချီပုလဲ၊ မဟာဇင်ပုလဲနှင့် မီးဝိညာဉ်ပုလဲတို့ကို ထုတ်လိုက်ပြီး လက်နှစ်ဘက်မြှောက်၍ ပြောလိုက်လေသည်။

“ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်တွေ အကုန်လုံးနဲ့ လေဟာနယ်နတ်ဘုရားအသုံးအ‌ဆောင်တွေ အကုန်လုံးက ဒီမှာပါ။ အဲ့ဒါတွေထဲမှာ တကယ်ပဲ အဆိပ်ဝိညာဉ် ရှိလားလို့ အရှင်တို့ စစ်‌ဆေးပေးပါ။ ကျွန်တော်က တကယ်ပဲ အဆိပ်ဝိညာဉ်ကို ကာကွယ်ပေးထားတာဆိုရင် အရှင်တို့ ကျွန်တော့်ကို ချက်ချင်း သတ်ပစ်လိုက်ပါ။ အဆိပ်ဝိညာဉ်က ဒီအသုံးအဆောင်တွေထဲမှာ မရှိဘူးဆိုရင်တော့ အရှင်တို့ ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးပါ...”

“ချင်မျိုးနွယ်က အရမ်းတင်စီးပြီး မောက်မာလွန်းပါတယ်။ သူတို့က ကျွန်တော့်ကို အကြောင်းပြချက်မရှိဘဲ သတ်ချင်ခဲ့တာပါ။ ကျွန်တော်က အမဲလိုက်တမန်တော်လေးတစ်ယောက်ပဲ ဆိုပေမဲ့၊ မြို့အရှင်လေးတစ်ယောက်ပဲ ဆိုပေမဲ့ ချင်မျိုးနွယ်က ကျွန်တော့်ကို သတ်ချင်ရင် လည်စင်းခံပေးရမှာလား။ ကျွန်တော် အရှင်တို့ကို မေးချင်ပါတယ်... ကျွန်တော်သာ သခင်မ‌လေးချင်ကို ဓားစာခံလုပ်မထားရင် ဒီနေရာမှာ အရှင်တို့ကို အခုလို အသက်ရှင်ရက်နဲ့ စကားပြောနေနိုင်ပါဦးမလား”

ကျန်းရီ၏ လေသံက မကျယ်သလို စကာလုံးတိုင်းကလည်း ယဉ်ကျေးသင့်လျော်သည်။ သူ့စကားများကို ကြားလိုက်သည့် ခန်းမအရှင်ဆယ့်သုံးယောက်စလုံးသည် တူညီသောအတွေးတစ်ခုကို တွေးလိုက်ကြပေသည်။ ထိုကျန်းရီက အလွန်ဉာဏ်ကောင်းလွန်းသည်။

ကျန်းရီသည် ချင်ယွီဝမ်ကို သူဆင်ထားသည့် ထောင်ချောက်ထဲသို့ သူမဘာသာ ခုန်ချစေလိုက်ခြင်းပင်။ သူက အဆိပ်ဝိညာဉ်ကို အသုံးချ၍ ပြန်ချေပရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သူ၏ ချေပမှုက ရှင်းလင်းကာ အကျိုးအကြောင်းဆီလျော်သည်။ ထိုချေပမှုကို ထောက်ခံရန်လည်း သက်သေများရှိသည်။ သူက အားလုံးအရှေ့မှာပင် သူ၏ သိုလှောက်လက်စွပ်အားလုံးနှင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်အားလုံးကို ထုတ်ပြလိုက်သည် မဟုတ်ပါလား။ ထို့ကြောင့် ချင်မျိုးနွယ်တွင် ပြောစရာမရှိတော့ပေ။

အကယ်၍ ကျန်းရီနှင့် စကားနိုင်လုရသူက ချင်မျိုးနွယ်အကြီးအကဲဆိုလျှင် ကျန်းရီ၏ လှည့်စားမှုကို ခံရလိမ့်မည် မဟုတ်ချေ။ သို့သော် ဖြူစင်အပြစ်ကင်းသော ချင်ယွီဝမ်လေးက အဘယ်သို့ ကျန်းရီနှင့် ယှဉ်နိုင်ပါမည်နည်း။ ထိုအခိုက်တွင် ချင်မျိုးနွယ်အကြီးအကဲလည်း မည်သို့မှ ဝင်မပြောနိုင်ချေ။ မြို့အပြင်တွင် ဖြစ်ပျက်ခဲ့သည်များကို မျက်မြင်တွေ့ကြုံခဲ့ရသူများက ကျန်းရီနှင့် ချင်ယွီဝမ်တို့သာ မဟုတ်ပါလား။

တိရှခန်းမသည် အပေါ်ယံတွင်တော့ ပဋိပက္ခများကို ဖြေရှင်းပေး၍ တရားမျှတမှုရှာပေးသော နေရာတစ်ခု ဖြစ်သည်။ သို့သော် အမှန်တွင် အကြိမ်အများစု၌ ထိုသို့ မဖြစ်ခဲ့ပါပေ။ ပဋိပက္ခများတွင် အင်အားပိုကြီး၍ အာဏာပိုရှိသည့်ဘက်က အနိုင်ရခဲ့သည်ချည်းသာ။ မည်သို့ပင်ဖြစ်စေ ဂုဏ်သတင်းအတွက်တော့ အချို့လုပ်ငန်းစဉ်များကို လိုက်နာရပေသေးသည်။

ထိုအချိန်အထိ စကားတစ်ခွန်းမှ ဝင်မပြောခဲ့သော မိစ္ဆာသတ်ဖြတ်စံအိမ်အရှင် တိမင်က ရုတ်တရက် ပါးစပ်ဟလိုက်၏။

“အဲ့လိုဆိုမှတော့ အဲ့ပစ္စည်းတွေကို စစ်ဆေးကြတာပေါ့။ ကျန်းရီက တကယ်ပဲ အဆိပ်ဝိညာဉ်ကို ကာကွယ်ပေးထားတယ်ဆိုရင် ကျုပ်တို့ သူ့ကို ချက်ချင်း သတ်ပစ်လိုက်လို့ ရတာပဲ”

တိမင်၏ စကားများက ကျန်းရီကို‌ သေဒဏ်ပေးလိုနေပုံ ပေါ်၏။ သို့သော် အမှန်တွင် သူက ကျန်းရီကို ကူညီနေခြင်းပင်။ သူ၏ရည်ရွယ်ချက်က ရှင်းသည်။ အကယ်၍ ကျန်းရီ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်များထဲ၌ အဆိပ်ဝိညာဉ် ရှိမနေလျှင် ဤတစ်ခေါက်ကိစ္စက ချင်မျိုးနွယ်၏ အမှား ဖြစ်သွားပေလိမ့်မည်။

ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်တစ်ယောက်ဖြစ်၏။ ထို့ပြင် အမဲလိုက်တမန်တော်လည်း ဖြစ်သေးသည်။ အရေးအကြီးဆုံးမှာ ကျန်းရီသည် သူ၏မြို့အရှင်ရာထူးကို မပြောခင် အမဲလိုက်တမန်တော်ဘွဲ့ကို အရင်ပြောခဲ့ခြင်းပင်။ ယင်းမှာ တိမင်ကို ရင်ထဲထိသွားစေခဲ့ပြီး ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်အပေါ် ဦးစားပေးသည်ဟု ထင်သွားစေခဲ့သည်။

“ဒါဆိုလည်း ရှာကြတာပေါ့”

မိုလင်းချိုးသည် ခေါင်းဆတ်၍ သူ့ဘေးတွင် ထိုင်နေသော ကျိုးထျန်းဝူကို ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုကျိုးထျန်း... အစ်ကို သွားစစ်ဆေးကြည့်ပေးမလား”

ကျိုးထျန်းဝူက စစ်နတ်ဘုရားစံအိမ်မှဖြစ်သည်။ သူ၏ အဆင့်အတန်းက မြင့်မားပြီး သူသည် မည်သည့်ဘက်ကိုမှ လိုက်မည် မဟုတ်ချေ။ ထို့ကြောင့် ယင်းမှာ အမျှတဆုံး ရွေးချယ်မှုပင်။ ကျိုးထျန်းဝူသည် မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းရီထံ လျှောက်သွားလိုက်၏။ ကျန်းရီသည် သူ၏ သိုလှောင်လက်စွပ်များနှင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်များ အပေါ်မှ ဝိညာဉ်အမှတ်အသားကို ဖယ်ပေးလိုက်၏။ ကျိုးထျန်းဝူသည် လက်တစ်ဘက်ဖြင့် ၎င်းတို့ကို ပွတ်သပ်လိုက်၏။ သူက ထိုမျှလုပ်ရုံဖြင့်ပင် ၎င်းတို့ထဲမှ အရာများကို အလွယ်တကူ သိနိုင်ပေသည်။

“အာ...”

မီးဝိညာဉ်ပုလဲကို စစ်ဆေးလိုက်သောအခါ ကျိုးထျန်းဝူ၏ မျက်လုံးများထဲ၌ စိတ်ဝင်စားသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ထို့နောက် သူ မေးလိုက်သည်။

“ဒါကဘာလဲ”

“ဒါက ကျွန်တော့်ဓားရဲ့ အထူးပုလဲလုံးပါ”

ကျန်းရီ၏ မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး မီးနဂါးဓား ထွက်ပေါ်လာသည်။ ယင်းနောက် မီးဝိညာဉ်ပုလဲက မီးနဂါးဓားထဲ အလိုလို ဝင်ရောက်သွားသည်။ ကျိုးထျန်းဝူသည် အကြိမ်အနည်းငယ် ဆက်စစ်ဆေးလိုက်ပြီးနောက် နောက်လှည့်ကာ သူ့ထိုင်ခုံသို့ ပြန်သွားလိုက်သည်။ သူ ထိုင်ခုံတွင် ထိုင်ပြီးမှ အားလုံးကို ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ စစ်ဆေးမှုက ပြီးသွားပါပြီ။ အဲ့ပစ္စည်းတွေထဲမှာ ဘယ်သူမှ ပုန်းမနေပါဘူး။ အဲ့ဓားရဲ့ ပုလဲကလည်း ဘယ်သူ့ကိုမှ ဖွက်မထားနိုင်ပါဘူး။ တကယ်လို့ ကျွန်တော့်ကို မယုံတဲ့သူရှိရင် ကိုယ်တိုင် သွားစစ်ဆေးကြည့်နိုင်ပါတယ်”

ခန်းမအရှင်ဆယ့်သုံးယောက်ထဲတွင် ကျိုးထျန်းဝူ၏ စိတ်ဝိညာဉ်က အသန်မာဆုံးဖြစ်သည်။ သူကပင် ထိုပစ္စည်းများထဲ၌ မည်သူ့ကိုမှ မတွေ့ကြောင်း ပြောနေရာ မည်သူက အခြားတစ်မျိုး တွေးဝံ့ပါမည်နည်း။ မီးဝိညာဉ်ပုလဲမှာလည်း ဓားတစ်ချောင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရာ အထဲတွင် မည်သူ့ကိုမှ ဖွက်ထားနိုင်မည် မဟုတ်ကြောင်း သေချာပေသည်။

မကြာသေးခင်က ကျိုးထျန်းကျဲသည် ကျန်းရီနှင့် ကတောက်ကဆ ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ကျိုးထျန်းဝူထံတွင် ကျန်းရီဘက်သို့ လိုက်ရန် အကြောင်းမရှိချေ။ ထို့ပြင် မင်ရည်တောင်ပံမျိုးနွယ်နှင့် ကိစ္စတွင်လည်း ကျိုးထျန်းဝူ မျက်နှာပျက်ခဲ့ရသည် မဟုတ်လော။ ထိုအကြောင်းကို ဤခန်းမထဲရှိ လူအားလုံး သိကြပေသည်။

တိမင်သည် ခပ်ရေးရေးပြုံး၍ ပြောလိုက်၏။

“ကျန်းရီက အဆိပ်ဝိညာဉ်ကို ကာကွယ်ပေးထားတာ မဟုတ်မှတော့ ဒီပြဿနာက နားလည်မှုလွဲတာပဲ မဟုတ်လား”

“ဟင်းဟင်း...”

ချင်မျိုးနွယ်ခေါင်း‌ဆောင်က ရုတ်တရက် ရယ်လိုက်၏။ သူသည် ဓားသွားကဲ့သို့ စူးရှသော အကြည့်ဖြင့် ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်က ကျန်းရီနဲ့ ပတ်သတ်သတ်၊ မပတ်သတ်သတ် ကျန်းရီက လူသတ်ခဲ့ပြီး ရှောင်ယွီကို ဖမ်းသွားခဲ့တာက အမှန်တရားပဲ။ အဲ့ဒါကိုက ပြစ်မှုပဲ။ အဲ့ကိစ္စက ထင်ရှားနေပြီဆိုတော့ ဆက်ဆွေးနွေးစရာလိုလိမ့်မယ်လို့ ကျုပ် မထင်ဘူး။ ချက်ချင်းပဲ စီရင်ချက် ချကြတာပေါ့။ ကျန်းရီက အပြစ်ရှိ၊ မရှိဆိုတာကို မဲခွဲမယ်။ ကျန်းရီက အပြစ်ရှိတယ်လို့ ကျုပ် အရင်ဆုံး မဲပေးမယ်”

“အာ...”

ရှောင်ဟုန် ရင်တုန်သွား၏။ သူ့မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက်မဲ့သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ မိုလင်းချိုး၏ မျက်နှာထားလည်း မည်းမှောင်သွားသည်။

ကျန်းရီက အခြေအနေကို သူ့ဘက်သို့ ပြောင်းနိုင်ခဲ့သော်လည်း ချင်မျိုးနွယ်ခေါင်းဆောင်၏ စကားများက ကျန်းရီအတွက် ထွက်ပေါ်ပိတ်သွားစေပြန်သည်။ ချင်မျိုးနွယ်ခေါင်းဆောင်သည် ချက်ချင်းလည်း မဲပေးခဲ့သည်။ မဲပေးရာတွင် ‌ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ ယင်းမှာ ကျန်းရီက အပြစ်ရှိ၊ မရှိပင်။

ချင်မျိုးနွယ်ခေါင်းဆောင်က ထိုမျှပြင်းပြင်းထန်ထန် လုပ်လိုက်ပုံကို ကြည့်လျှင် သူ၏ဒေါသက ငယ်ထိပ်ရောက်နေပြီး သူ ကျန်းရီကို သေစေလိုနေကြောင်း ထင်ရှားသည်။ သူသည် အဆုံးအထိ တိုက်ခိုက်ကာ မည်သူက ချင်မျိုးနွယ်တစ်ခုလုံးကို ဆန့်ကျင်၍ ကျန်းရီအား ကူညီမည်ကို ကြည့်မည်ဖြစ်သည်။

ကျန်ခန်းမအရှင်ဆယ့်နှစ်ယောက်၏ မျက်လုံးထဲတွင် ကျန်းရီက အရေးမပါပေ။ ကျန်းရီနှင့် ကျန်းရှောင်နူတို့ကြားတွင် ကြီးမားသော ပတ်သတ်မှု ရှိသော်လည်း သိမ်းငှက်ဧကရီနှင့် သိမ်းငှက်စိမ်းဘုရင်တို့က ကျန်းရီအပေါ် အမြင်မကြည်ကြချေ။ ကျန်းရီ အသတ်ခံလိုက်ရလျှင် သိမ်းငှက်စိမ်းဘုရင်သည် ယင်းက ကောင်းသောကိစ္စဟုပင် မြင်ပေလိမ့်မည်။

ထို့ကြောင့် မိုလင်းချိုးနှင့် တိမင်တို့ နှစ်ယောက်စလုံး နှုတ်ဆိတ်သွားပြီး မည်သို့မှ ဆက်မပြောကြတော့ပေ။ ထိုစဉ် ကျိုးထျန်းဝူက ဆက်၍ မဲပေးလိုက်သည်။

“အပြစ်ရှိတယ်”

“အပြစ်ရှိတယ်”

“အပြစ်ရှိတယ်”

“ကျုပ် ကြားနေမယ်...”

အခြားမျိုးနွယ်ခေါင်းဆောင်သုံးယောက်ကလည်း ဆက်ပြောလိုက်ကြသည်။ ထိုအခိုက်တွင် ကျန်းရီ လုံးဝစိတ်ဓာတ်ကျနေပေပြီ။ မဲငါးမဲထဲတွင် လေးမဲက သူ အပြစ်ရှိသည်ဟု ‌ရွေးချယ်ခဲ့ပြီး တစ်မဲက ကြားနေခဲ့သည်။ ကျန်မျိုးနွယ်ခေါင်းဆောင်များက မဲမပေးရသေးသော်လည်း ရလဒ်မှာ ထင်ရှားနေပေပြီ။

***

All Chapters