မည်သည့် အကြောင်းကြောင့်နည်း
Vol. 102 Ch. 1424
ဤတစ်ကြိမ်တွင် ချင်မျိုးနွယ်ခေါင်းဆောင် ချင်လျန်ရှန်က အမှန်ပင် ဒေါသထွက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုပြဿနာက တိရှဘုံတစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့၍ပင်။ အကယ်၍ ချင်မျိုးနွယ်က ကျန်းရီနှင့် ဥပမာမပေးလျှင် လူများသည် သူတို့ကို စတင်၍ အထင်သေးလာကြပေလိမ့်မည်။ မျိုးနွယ်ကြီးတစ်ခုအတွက် အရေးအပါဆုံးအရာမှာ ဂုဏ်သတင်းဖြစ်သည်။ အကယ်၍ ဂုဏ်သတင်း ပျက်စီးသွားလျှင် အနာဂတ်၌ စွမ်းအားကြီး သိုင်းသမားများကို မျိုးနွယ်ထဲ မည်သို့ သိမ်းသွင်းနိုင်တော့ပါမည်နည်း။
ပြီးခဲ့သည့်အခေါက် အဆိပ်ဝိညာဉ်ကိစ္စက ချင်မျိုးနွယ်ကို မျက်နှာပျက်စေခဲ့သည်။ အဆိပ်ဝိညာဉ်က ထွက်ပြေးသွားခဲ့ပြီး ချင်မျိုးနွယ်က သူ့ကို လုံးဝရှာမတွေ့ခဲ့ချေ။ ယခုတွင် ကျန်းရီကဲ့သို့ ပမွှားလေးတစ်ယောက်က ချင်မျိုးနွယ်ကို အရှက်ခွဲပြန်ပြီလော။ ကျန်းရီက မင်ရည်တောင်ပံမျိုးနွယ်နှင့် ပတ်သတ်မှုများရှိသည်ဟု ပြောကြသော်လည်း ချင်လျန်ရှန်သည် ယင်းကို အရေးစိုက်မနေနိုင်တော့ပေ။ မင်ရည်တောင်ပံမျိုးနွယ်က လာ၍ပြဿနာရှာမည်ဆိုလျှင်ပင် တိရှအရှင်က သေချာပေါက် ရှေ့ထွက်ရပ်၍ ချင်မျိုးနွယ်ကို ကာကွယ်ပေးလောက်ပေသည်။
ချင်လျန်ရှန်သည် ယနေ့တွင် မိုလင်းချိုးနှင့် တိမင်တို့၏ မျက်နှာများကို မထောက်ထားဘဲ ပြင်းပြင်းထန်ထန် ပြုမူခဲ့သည်။ ယင်းက သူ၏ ကျန်းရီကို သေစေလိုသော ဆန္ဒကို ပြသပေသည်။
မျှော်လင့်ထားသကဲ့သို့ပင်။
အခြားခန်းမအရှင်နှစ်ယောက်က ကြားနေလိုက်ပြီး တတိယတစ်ယောက်က ကျန်းရီကို အပြစ်ရှိသည်ဟု ဆုံးဖြတ်လိုက်သည်။ တိရှခန်းမ၏ စည်းမျဉ်းများက ရိုးရှင်းသည်။ မဲခုနစ်မဲရလျှင် စီရင်ချက်ချ နိုင်သည်။ မဲခုနစ်မဲထက် နည်းလျှင်မူ မဲပိုများသည့်ဘက်က နိုင်မည် ဖြစ်သည်။ သူတို့က ကျန်းရီကို အပြစ်ရှိသည်ဟု ဆုံးဖြတ်လိုက်လျှင် မည်သည့်ဆွေးနွေးစရာမှ ကျန်တော့မည် မဟုတ်ပေ။ ထိုအခါ ကျန်းရီ စီရင်ချက်ချခံရမည်ဖြစ်သည်။
ကြားနေခဲ့သူများအားလုံးမှာ ချင်မျိုးနွယ်နှင့် ဆက်ဆံရေးအဆင်မပြေကြသူများ ဖြစ်သည်။ ချင်လျန်ရှန်က ဒေါသမျက်ကန်းဖြစ်နေကြောင်း သိသာသဖြင့် သူတို့သည် ဤတစ်ခေါက်တွင် သူ့ကို အတင်းဆန့်ကျင်ကြမည်တော့ မဟုတ်ပေ။ ထို့ကြောင့် ကြားနေရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ ကျန်းရီက ပမွှားလေးတစ်ယောက် ဖြစ်နေခြင်းပင်။ သူက သူတို့၏ ကြိုးစားအားထုတ် ကယ်တင်မှုနှင့် မထိုက်တန်ပေ။
ချင်လျန်ရှန်သည် အားလုံးက တိတ်ဆိတ်လာသည်ကို တွေ့လိုက်သောအခါ မုတ်ဆိတ်နှင့် အဘိုးအိုတစ်ယောက်ကို လှမ်းကြည့်လိုက်၏။ ထိုအဘိုးအိုက ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။
“အပြစ်ရှိတယ်”
မဲခြောက်မဲ...
ကျန်းရီ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရှောင်လန်၊ တိမင်နှင့် မိုလင်းချိုးတို့၏ မျက်နှာများက မည်းမှောင်သွားသည်။ လူကိုးယောက် မဲပေးပြီးသွားပေပြီ။ ယခု လေးယောက်သာ ကျန်တော့သည်။ ထိုလေးယောက်က အပြစ်မရှိဟု မဲပေးလျှင်လည်း အသုံးဝင်တော့မည် မဟုတ်ပေ။
ကျန်းရီ ခပ်လှောင်လှောင် ပြုံးလိုက်သည်။ ထို့နောက် သူ ကျယ်လောင်စွာ နှစ်ကြိမ်ရယ်၍ ပြောလိုက်လေသည်။
“ကောင်းပြီ... ဆက်ပြီး မဲပေးနေစရာ မလိုတော့ပါဘူး။ ဆက်ဟန်လုပ်နေကြရင်လည်း ဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ တိရှဘုံထဲမှာ တိရှခန်းမက အမျှတဆုံးနေရာလို့ ကျော်ကြားတယ်... ကြည့်ရတာ ကျွန်တော် အထင်မှားသွားခဲ့တဲ့ပုံပဲ။ ခင်ဗျားတို့ ကျွန်တော့်ကို သတ်ချင်ရင် သတ်လိုက်ကြပါ။ ဒါပေမဲ့ ကျွန်တော်က ပြန်ဝင်စားပြီး တဖန်မွေးဖွားလာမှာပဲ”
မိုလင်းချိုးက မျက်နှာသေနှင့် ရှိနေ၏။ သို့သော် တိမင်က ရှက်ရွံ့နေပုံ ပေါ်သည်။ အခြားအဘိုးကြီးများမှာမူ မည်သည့်ခံစားချက်မှ မပြပေ။ ထိုကဲ့သို့သော နှုတ်ဖြင့် စော်ကားမှုမျိုးက သူတို့အပေါ် သက်ရောက်မှု မရှိပါချေ။
ဤလောကထဲတွင် အမှန်တရားနှင့် တရားမျှတမှုတို့ ရှိပါသလော။ အင်အားကသာ အခရာ မဟုတ်လော။
“အပြစ်မရှိဘူး”
တိမင်သည် ကျန်းရီကို ဝမ်းနည်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ကျန်းရီသေမည်ကို သူ မကြည့်ရက်ပေ။ တိမင်သည် သူ၏မဲက အရေးမပါကြောင်း သိသော်လည်း မဲပေးလိုက်ပေသည်။
ကျန်းရီသည် မိုလင်းချိုးကို ကြည့်လိုက်၏။ မိုလင်းချိုးက နှုတ်ဆိတ်နေသေးကြောင်း တွေ့လိုက်ရသောအခါ အကြိမ်အနည်းငယ် ထပ်ရယ်လိုက်၏။ ပြီးမှ သူ တိမင်ကို အလေးအနက် ဦးညွှတ်ကာ လေးလေးစားစား ပြောလိုက်သည်။
“စံအိမ်အရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် နတ်သိမ်းငှက်မျိုးနွယ်စုထဲမှာ သစ္စာတစ်ခု ဆိုခဲ့ပါတယ်... မိစ္ဆာသတ်ဖြတ်စံအိမ်က ကျွန်တော့်ကို သစ္စာမဖောက်သ၍ ကျွန်တော်က သေသေရှင်ရှင် အမြဲ မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက် ဖြစ်နေမှာပါ။ ကျွန်တော် အစကတည်းက ရွေးချယ်မှု မမှားခဲ့တာ ကံကောင်းတာပါပဲ။ ကျွန်တော် မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူမိပါတယ်”
“ဟူး...”
တိမင်သည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ခေါင်းခါကာ မည်သို့မှ မပြောတော့ပေ။ သူ့ရင်ထဲတွင် ကျန်းရီအတွက် အလွန်ဝမ်းနည်းခံစားနေရပေသည်။ သူသည် ကျန်းရီ၏အကြောင်းများကို ဖတ်ဖူး၏။ ကျန်းရီသည် လွန်ခဲ့သော ရက်အနည်းကမှ အထက်ဘုံသို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်သော်လည်း ချင်မျိုးနွယ်၏ တိထျန်းတစ်ယောက်ကို တစ်ကိုယ်တော် သတ်ပစ်နိုင်ခဲ့သည်။ ထို့ပြင် ချင်မျိုးနွယ်သခင်မလေးကိုလည်း ဖမ်းခေါ်သွားနိုင်ခဲ့သည်။ သူ၏ တိုးတက်နှုန်းက အံ့မခန်းဖြစ်ပြီး သတ္တိအရာတွင်လည်း သူ့ကို မည်သူက ယှဉ်နိုင်ပါမည်နည်း။
သို့သော် ယခုတွင် မည်သို့မှ မလုပ်နိုင်တော့ပေ။
တိမင်က ကျန်းရီ အပြစ်မရှိဟု မဲလေးလိုက်သဖြင့် ချင်လျန်ရှန်၏ မျက်နှာ အလွန်မည်းမှောင်သွား၏။ ချင်လျန်ရှန်သည် စိတ်မရှည်နိုင်ဟန်ဖြင့် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ကဲ... ကျန်တဲ့သူတွေ အခု မဲပေးလို့ရပြီလား.. မြန်မြန်လေး ပေးကြပါ”
ထိုကိစ္စကို စီရင်ချက် ချရန်အတွက် မဲခုနစ်မဲလိုသည်။ အကယ်၍ မည်သည့်ဘက်ကမှ မဲခုနစ်မဲ မရလျှင် မဲများသည့်ဘက်က နိုင်မည်ဖြစ်သည်။ ယခု ရလဒ်က ထင်ရှားနေပြီဖြစ်ရာ ချင်လျန်ရှန် အချိန်ထပ်ဖြုန်းမနေလိုတော့ပေ။ ထိုစဉ် အခြားအဘိုးအိုတစ်ယောက်က ပြောလိုက်သည်။
“အပြစ်ရှိတယ်”
မဲခုနစ်မဲ...
မိုလင်းချိုးအပါအဝင် ကျန်လူများ မဲပေးစရာ မလိုတော့ပေ။ ချင်လျန်ရှန်သည် ဝံ့ကြွားစွာ ထရပ်၍ ပြောလိုက်၏။
“ကျုပ်တို့ စည်းမျဉ်းတွေကို လိုက်နာဖို့လိုတယ်။ မဟုတ်ရင် နောက်ကျ လူတိုင်း စိတ်ကြိုက် သတ်ဖြတ်ကုန်ကြလိမ့်မယ်၊ ပြန်ပေးဆွဲကုန်ကြလိမ့်မယ်။ ကျန်းရီကို သေဒဏ်ချဖို့ ကျုပ် အဆိုပြုပါတယ်။ ကန့်ကွက်ချင်တဲ့သူရှိရင်လည်း ပြောလို့ရပါတယ်”
ကန့်ကွက်ရမည်လော။
ချင်လျန်ရှန်က ကိစ္စများကို ဤအခြေအနေထိရောက်အောင် လုပ်ခဲ့ပြီဖြစ်ရာ ယခုတွင် မည်သူက သူ့ကို ကန့်ကွက်ပါဦးမည်နည်း။ ထို့ပြင် တစ်ယောက်ယောက်က ကန့်ကွက်လိုက်သဖြင့် ချင်လျန်ရှန်က ထပ်၍မဲခွဲရန် ပြောပြီး သူ့အဆိုပြုချက်က မဲခုနစ်မဲထပ်ရသွားလျှင် ထိုကန့်ကွက်လိုက်သူက သူ့ကိုယ်သူ အရှက်ခွဲသလို ဖြစ်မသွားသလော။
ခန်းမအရှင်များက လျင်မြန်ပြတ်သားစွာ မဲပေးခဲ့ခြင်းကို ကြည့်လျှင် ချင်လျန်ရှန်က ထိုသူများထဲမှအချို့အား ကတိများ၊ အကျိုးအမြတ်များ ပေးထားပြီးဖြစ်ကြောင်း ထင်ရှားပေသည်။ အခြေအနေကို ပြောင်းပြန်လှန်ရန် နည်းလမ်းမရှိတော့သဖြင့် တိမင်ပင် နှုတ်ဆိတ်နေရသည်။ ချင်လျန်ရှန်သည် ခေတ္တမျှ စောင့်ပြီးနောက် အားလုံးက နှုတ်ဆိတ်နေကြကြောင်း တွေ့လိုက်သောအခါ ခေါင်းညိတ်၍ ပြောလိုက်လေသည်။
“ကောင်းပြီ... ကန့်ကွက်မဲ့သူ မရှိမှတော့ ကျန်းရီက သူ့ရဲ့ပြစ်မှုတွေအတွက် ပြန်ပေးဆပ်သင့်တယ်လို့ အားလုံး တွေးတယ်လို့ မှတ်ယူ...”
“ငါ ကန့်ကွက်တယ်”
ထိုအခိုက်တွင် ခန်းမထဲသို့ ပေါ့ပါးသော အေးဆေးသော အသံအိုတစ်သံ ရောက်ရှိလာသည်။ ထိုအသံထွက်ပေါ်လာသောအခါ ကျန်းရီမှလွဲ၍ ကျန်လူအားလုံး မှင်တက်သွားကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် မယုံနိုင်ဟန်များ ပြည့်နှက်သွားသည်။ ကျန်းရီ၏ စိတ်ဓာတ်ကျနေသော မျက်ဝန်းများကလည်း ရုတ်တရက် လင်းလက်လာသည်။ သူသည် အားလုံး၏ မျက်နှာထားများကို ကြည့်၍ မျှော်လင့်ချက် ရှိလာခြင်းပင်။
ထိုအသံက ခန်းမအရှင်ဆယ်သုံးယောက်ထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ဤခန်းမထဲသို့ အသံပို့လွှတ်ဝံ့ပြီး ခန်းမအရှင်ဆယ့်သုံးယောက် တရားစီရင်နေသည်ကို ကြားဝင်ပြောဝံ့သူမှာ တစ်ယောက်သာ ရှိပေသည်။ တိရှအရှင်ပင်။
ဒုတ်...ဒုတ်...
မိုလင်းချိုးသည် ကျိုးထျန်းဝူနှင့် တိမင်တို့မှလွဲ၍ ကျန်လူအားလုံးကို ဦးဆောင်၍ ဒူးထောက်လိုက်၏။ ကျိုးထျန်းဝူနှင့် တိမင်တို့ကလည်း အတန်ငယ် ဦးညွှတ်လိုက်ကြသည်။ ရှောင်ဟုန်နှင့် ချင်ယွီဝမ်တို့မှာ ကြောက်ရွံ့တကြီးဖြင့် ခပ်သွက်သွက် ဒူးထောက်ကြသည်။ ကျန်းရီသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ဒူးမထောက်ဘဲ ခါးကိုင်း၍သာ ဦးညွှတ်လိုက်သည်။
“အရှင်...”
မိုလင်းချိုးက လေးလေးစားစာ အော်ပြောလိုက်၏။
“အရှင့်ရဲ့ ညွှန်ကြားချက်တွေကို ပေးပါ”
“ဒါက နားလည်မှုလွဲတဲ့ ကိစ္စလေးတစ်ခုပဲ”
အသံအိုက ထပ်မံ ထွက်ပေါ်လာ၏။
“ဒီကိစ္စက တိရှဘုံတစ်ခွင်လုံးမှာ ပျံ့နှံ့နေပြီ မဟုတ်လား။ မင်းတို့က မင်းတို့ကိုယ်မင်းတို့ မရှက်ကြဘူးလား။ အားလုံး ထွက်သွားကြတော့”
“ဟုတ်ကဲ့ပါ”
မိုလင်းချိုးနှင့် အခြားသူများ တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။ ချင်လျန်ရှန်သည်ပင် လေးလေးစားစား ဦးညွှတ်နေပြီး စကားတစ်ခွန်းမှ ထပ်မပြောဝံ့တော့သလို သူ၏ မကျေနပ်မှုနှင့် ဒေါသကိုလည်း ထုတ်မပြဝံ့တော့ပေ။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများထဲ၌ အံ့အားသင့်မှုနှင့် နားမလည်နိုင်မှုတို့သာ ရှိနေပေသည်။
ကျန်လူများအားလုံးတွင်လည်း တူညီသောအကြည့်များ ရှိနေကြသည်။ တိရှအရှင်က ထိုကိစ္စကို ‘အသေးစား နားလည်မှုလွဲခြင်း’ဟု သတ်မှတ်လိုက်ပြီဖြစ်၍ ထိုကိစ္စ ပြီးဆုံးသွားပေပြီ။ မည်သူကမှ ထိုကိစ္စကို ဆက်၍ အတွန့်တက်ဝံ့တော့မည် မဟုတ်ပေ။ ချင်လျန်ရှန်သည်လည်း ကျန်းရီကို ထပ်၍ အပြစ်မရှာဝံ့တော့ချေ။
တိရှဘုံထဲတွင် တိရှအရှင်က အကြွင်းမဲ့အာဏာရှိသူဖြစ်သည်။ မည်သူကမှ သူ၏ဆန္ဒများကို မဆန့်ကျင်ဝံ့ပေ။
ထို့ကြောင့်လည်း အားလုံး အံ့အားသင့်နေကြခြင်းဖြစ်သည်။
ကျန်းရီက ပမွှားလေးတစ်ယောက်ပင်။ သူ၏ အရေးပါမှုဆို၍ ကျန်းရှောင်နူနှင့် ပတ်သတ်မှုအချို့ ရှိနေခြင်းသာရှိသည်။ ယခုတွင် အဘယ်ကြောင့် တိရှအရှင်က သူ့အား ကာကွယ်ပေးနေရသနည်း။ အဘယ်အရာက တိရှအရှင်ကို မိုမျိုးနွယ်၏ သစ္စာရှိလက်အောက်ခံ ချင်မျိုးနွယ်အပေါ် မျက်နှာမထောက်စေသနည်း။
ကျန်းရှောင်နူက သိမ်းငှက်စိမ်းဘုရင်၏ သမီးတော်ဖြစ်သော်လည်း သိမ်းငှက်ဧကရီနှင့် သိမ်းငှက်စိမ်းဘုရင်တို့က ကျန်းရီအပေါ် အမြင်မကြည်ကြချေ။ အကယ်၍ ယခင်တွင် သိမ်းငှက်စိမ်းဘုရင်က ကျန်းရီကို တွေ့ခဲ့လျှင် သူ ကျန်းရီအား သတ်ပင်သတ်ပစ်ခဲ့လောက်သည်။ ထို့ကြောင့် တိရှအရှင်က သိမ်းငှက်စိမ်းဘုရင်၏ မျက်နှာကို ထောက်ထားနေခြင်းတော့ သေချာပေါက် မဟုတ်ပေ။
သို့ဆိုလျှင် အကြောင်းမှာ အသို့နည်း။
အားလုံး နားမလည်နိုင်ကြပေ။ သို့သော် ထိုအခိုက်တွင် အားလုံး၏ ကျန်းရီအပေါ် ကြည့်သည့် အကြည့်များက ပြောင်းလဲသွားပေပြီ။ ရုတ်ခြည်းအတွင်းမှာပင် ကျန်းရီက အရေးပါသူတစ်ယောက် ဖြစ်လာသည်။ သူ၏ ကျောထောက်နောက်ခံက တိရှအရှင် မဟုတ်ပါလား။
ကျန်းရီသည်လည်း နားမလည်ပေ။ သူနှင့် တိရှအရှင်ကြားတွင် မည်သည့်ပတ်သတ်မှုမှ မရှိချေ။ သူသည် တိရှအရှင်၏ ရုပ်ကိုပင် မမြင်ဖူးပေ။ သို့သော် မကြာခင်တွင် တွေ့ရလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။ ထိုအခိုက်တွင် မိုလင်းချိုးက ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ငါနဲ့ လိုက်ခဲ့။ တိရှအရှင်က မင်းကို တွေ့ချင်နေတယ်”
ဟူး...ဟူး...
ကျန်းရီသည် အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မိုလင်းချိုးအနောက်သို့ လိုက်ကာ စင်္ကြံလမ်းတစ်ခုထဲ လျှောက်ဝင်သွားလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်စလုံးသည် အံ့အားသင့်နေကြသော အရှင်များနှင့် မျိုးနွယ်ခေါင်းဆောင်များကို ချန်ခဲ့၍ ခန်းမထဲမှ ပျောက်ကွယ်သွားကြလေသည်။
***