← Chapters

ဆက်ခံသူ

Vol. 102 Ch. 1425

ဆက်ခံသူ

Vol. 102 Ch. 1425

မိုလင်းချိုးသည် ကျန်းရီကို ရဲတိုက်အပြင်သို့ ကွေ့ပတ်၍ ခေါ်သွားပြီး ရဲတိုက်၏ အနောက်ခြံဝန်းထဲသို့ ဝင်သွားလိုက်၏။ ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း မှင်တက်နေ၏။ ထိုအနောက်ခြံဝန်းက သူ့ဘဝတွင် မြင်ဖူးခဲ့သော အနောက်ခြံဝန်းများထဲ၌ အကြီးဆုံးဖြစ်သည်။ သူ ရပ်နေရာမှ လှမ်းကြည့်လျှင် အနောက်ခြံဝန်း၏ အဆုံးကို လှမ်းမမြင်ရပေ။ ထို့ပြင် အဝေး၌ မတိုင်းတာနိုင်လောက်အောင် ကြီးသော ရေကန်ကြီးတစ်ကန်လည်း ရှိနေသည်။

“အဲ့ဒါကို ရေကန် ထင်နေတာလား။ ဟင်းဟင်း.. အဲ့ဒါက ပင်လယ်ပဲ”

မိုလင်းချိုးသည် ကျန်းရီ၏ အံ့အားသင့်နေသော မျက်နှာထားကို တွေ့သဖြင့် ရှင်းပြ၏။

“အဲ့ပင်လယ်ကို တိရှကောင်းကင်ပင်လယ်လို့ ခေါ်တယ်။ ဒါပေမဲ့ တိရှအရှင်က အတွေးမဲ့ပင်လယ်လို့ နာမည်ပြောင်းထားတယ်”

“အတွေးမဲ့ပင်လယ်”

ကျန်းရီ ခပ်ဖွဖွ ခေါင်းဆတ်လိုက်၏။ ထိုတိရှအရှင်က ခံစားချက်ကြီးသော လူတစ်ယောက် ဖြစ်ပုံပင်။ သူက ပင်လယ်၏အမည်ကို လူတစ်ယောက်အတွက် ပြောင်းလဲခဲ့ခြင်းလော။ မိုလင်းချိုးသည် သူတို့အရှေ့မှ ပင်လယ်ကို ညွှန်ပြ၍ ပြောလိုက်၏။

“သွားကြစို့.. တိရှအရှင်က ပင်လယ်ထဲက အမည်မဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ရပ်နေတယ်”

မိုလင်းချိုးသည် ကျန်းရီကို ဦးဆောင်၍ ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုအတိုင်း ပင်လယ်ဆီသို့ လျင်မြန်စွာ ပြေးသွား၏။ သူတို့ ပင်လယ်ကမ်းခြေသို့ ရောက်သောအခါ မိုလင်းချိုးသည် ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်၍ ရေပေါ်တွင် လမ်းလျှောက်သွားလိုက်လေသည်။

ပင်လယ်ထဲသို့ စတင်ဝင်လိုက်သည်နှင့် ကျန်းရီသည် မူမမှန်မှုတစ်ခုကို သတိပြုမိလိုက်၏။ ရေပြင်အောက်ရှိ မြေဆွဲအားက အလွန်ကြောက်မက်ဖွယ်ပင်။ မိုလင်းချိုးသာ သူ့ကို ဆွဲမထားလျှင် သူ ရုတ်ခြည်း ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားနိုင်ပေသည်။ မိုလင်းချိုးသည်လည်း ရေပြင်ထက်၌ တစ်လှမ်းချင်းသာ သွားနိုင်နေသည်။ ထို့ကြောင့် မြေဆွဲအားမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူ တွေးကြည့်ရသာ ရပေသည်။ တိထျန်းအဆင့်သို့ မရောက်သေးလျှင် ထိုအမည်မဲ့ကျွန်းသို့ ရောက်နိုင်သွားနိုင်ရန် မျှော်လင့်ချက် ရှိမည် မဟုတ်ဟု သူ တွေးခဲ့မိ၏။ သို့သော် ယခုတွင် တိရှအရှင်ကသာ မတွေ့လိုလျှင် တိရှဘုံထဲရှိ မည်သူကမှ အမည်မဲ့ကျွန်းသို့ ရောက်အောင်သွားနိုင်မည် မဟုတ်ကြောင်း သူ သိသွားလေသည်။

ကျန်းရီတို့ အတန်ကြာသွားပြီးနောက် မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ်လာ၏။ ထို့နောက် ကျန်းရီ၏ မြင်ကွင်းထဲ၌ စိမ်းစိမ်းစိုစို သစ်ပင်ချုံပုတ်များ ဖုံးလွှမ်းထားသော ကျွန်းတစ်ကျွန်း ထွက်ပေါ်လာသည်။ ကျွန်းပေါ်မှ ရှုခင်းများက အလွန်လှပေသည်။ အ‌ဝေးမှကြည့်မည်ဆိုလျှင် ကျွန်းပေါ်ရှိ ကျဉ်းမြောင်းသော လမ်းလေးတစ်လမ်းကို လှမ်းမြင်ရသည်။

မိုလင်းချိုးသည် ကျန်းရီကို ခေါ်၍ ကျွန်းပေါ်တက်လိုက်ပြီး လမ်းလေးအတိုင်း ဆက်လျှောက်သွား၏။ ငါးမိနစ်အတွင်းမှာပင် ကျန်းရီနှင့် မိုလင်းချိုးတို့သည် ကျွန်း၏အလယ်ဗဟိုသို့ ရောက်သွားကြသည်။ ထိုနေရာရှိ ဝါးရုံတောထဲ၌ ဝါးအိမ်လေးတစ်လုံးကို သူတို့ မြင်လိုက်ကြရသည်။

ဝါးအိမ်လေးအရှေ့၌ ဧရာမသစ်ပင်ပင်စည်ပိုင်းကြီးတစ်ခု ရှိ၏။ ထိုပင်စည်ပိုင်းပေါ်တွင် လက်ဖက်ရည်ခွက်များ တင်ထားသည်။ ပင်စည်ပိုင်းကြီးဘေးရှိ သစ်တုံးတစ်တုံးပေါ်တွင်မူ အဖြူရောင်တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ထိုင်နေပေသည်။ ထိုအဘိုးအိုက လက်ဖက်ရည်ကို တိတ်ဆိတ်စွာ သောက်နေ၏။ သူ့ထံ၌ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ သူသည် လောကီရေးရာများကို စိတ်မဝင်စားသော နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ သူ၏အဖြူရောင်တာအိုဝတ်ရုံကလည်း လေညင်းထဲတွင် ညင်သာစွာလှုပ်ခတ်နေသည်။ ကျန်းရီ၏ ဘဝတစ်လျှောက်တွင် သူ့အရှေ့မှ အဘိုးအိုလောက် နတ်ဘုရားဆန်သူကို မတွေ့ခဲ့ဖူးပေ။

တိရှအရှင်...

ကျန်းရီသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအဘိုးအိုက မည်သူဖြစ်ကြောင်း မှန်းနိုင်လိုက်သည်။ မိုလင်းချိုးက ဒူးတစ်ဘက်ထောက်၍ ခေါ်လိုက်၏။

“အရှင်...”

ကျန်းရီကမူ ဒူးမထောက်ဘဲ ဦးညွှတ်၍သာ ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် အရှင်”

တိရှအရှင်သည် ခေါင်းပင်မော့မကြည့်ဘဲ လက်ယမ်း၍သာ ပြောလိုက်၏။

“လင်းချိုး... မင်း သွားနိုင်ပြီ”

မိုလင်းချိုးသည် ထပ်မံဦးညွှတ်၍ ထွက်သွားလိုက်သည်။ ထိုမှ တိရှအရှင်က ကျန်းရီကို မော့ကြည့်လိုက်သည်။ သူတို့၏မျက်လုံးများ စုံသွားသောအခိုက်တွင် ကျန်းရီသည် သူက အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုထဲ ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ မျက်ဝန်းများ ဝေဝါးသွားပြီး သူ့မူလစိတ်ဝိညာဉ်ပေါ်မှ နဂါးရုပ်ပုံသုံးခုက ၎င်းတို့ဘာသာ ပျံသန်းသွားကြသည်။ ထို့နောက် တံဆိပ်စာလုံးများလည်း တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာသည်။ ကျန်းရီ အသိပြန်ကပ်လာ၏။ သူ ချက်ချင်းပင် တိရှအရှင်၏ အကြည့်ကို ထပ်မံအာရုံစိုက်လိုက်သည်။

တိရှအရှင်သည် ပြန်ငုံ့လိုက်ပြီး မျက်လုံးမှိတ်၍ လက်ဖက်ရည်ကို ထပ်အရသာခံလိုက်၏။ သူက ကျန်းရီကို မမြင်လိုက်သလိုပင်။ သို့သော် သူ့မျက်နှာပေါ်တွင် ရှင်းပြရန်ခက်သော မျက်နှာထားတစ်ခု ရှိနေသည်။ သူက စိတ်လှုပ်ရှားကာ အတန်ငယ် မချင့်မရဲ ဖြစ်နေပုံပေါ်သည်။ သူသည် မျက်လုံးမှိတ်ထားပြီး မည်သို့မှ မပြောပေ။ လက်ထဲက လက်ဖက်ရည်ခွက်ကို ကုန်အောင်သောက်ပြီးမှ မျက်လုံးများ ထပ်ဖွင့်လိုက်သည်။

“ကျန်းရီ”

တိရှအရှင်သည် ကျန်းရီကို ကြည့်၍ ပြောလိုက်၏။ ဤတစ်ခေါက်တွင်မူ ကျန်းရီသည် အစောကကဲ့သို့ ခံစားချက်များကို မခံစားရတော့ပေ။ တိရှအရှင်က ခေါ်နေသဖြင့် ကျန်းရီ ခပ်သွက်သွက် ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင် ကျွန်တော့်ကို အမိန့်ပေးပါ”

တိရှအရှင်က ညင်သာသော လေသံဖြင့် ပြောသည်။

“ငါ မင်းရဲ့ဓားကို ကြည့်လို့ရမလား”

“အာ...”

ကျန်းရီ အံ့အားသင့်သွားပြီး ချက်ချင်းလည်း သတိကြီးသွားသည်။ တိရှအရှင်က သူ့ကို ပြုံး၍ကြည့်ကာ ဆက်ပြော၏။

“မစိုးရိမ်ပါနဲ့။ ငါက မင်းပိုင်တဲ့အရာကို လုမယူပါဘူး”

ရွှီး...

ကျန်းရီ ရှက်သွားမိ၏။ သူ ချက်ချင်းပင် မီးနဂါးဓားကို ထုတ်၍ ကမ်းပေးလိုက်သည်။ တိရှအရှင်က မီးနဂါးဓားကို ညင်သာစွာ ယူလိုက်၏။ ထို့နောက် သူ့ မျက်နှာထားက ဆန်းကြယ်လာသည်။ သူသည် ဓားကို လက်ဖြင့်ပွတ်သပ်ကြည့်ပြီးနောက် ကျန်းရီအား ပြန်ပေးလိုက်သည်။

“ကျန်းရီ... မင်းက အရမ်းကံကောင်းတဲ့သူပဲ။ မှတ်ထားပါ... မင်း သေရမယ်ဆိုရင်‌တောင် ဒီဓားကို အဆုံးရှုံးခံလို့ မဖြစ်ဘူး။ ပြီးတော့ မင်း တိရှဘုံက တခြားလူတွေနဲ့ ဘယ်လိုရန်ငြိုးတွေပဲရှိရှိ ငါ့မျက်နှာကိုထောက်ပြီး ဆက်ပြဿနာမရှာပါနဲ့တော့”

“အာ...”

ကျန်းရီ တောင့်တင်းသွား၏။ တိရှအရှင် သူ့ကို ကယ်ခဲ့ခြင်းမှာ မီးနဂါးဓားကြောင့်လော။ တိရှအရှင်၏လေသံအရ သူက မီးနဂါးဓား၏ ပိုင်ရှင်ကို သိသည့်ပုံပင်။ သူတို့ကြားတွင် ထူးခြားသော ပတ်သတ်မှုတစ်ခု ရှိနေခြင်းလော။

ကျန်းရီက တိရှအရှင်၏ မျက်နှာကိုထောက်၍ တိရှဘုံတွင် ထပ်၍ပြဿနာမရှာဘဲ နေရမည်လော။ ယင်းက ကျန်းရီကို နွေးထွေးစေသလို အံ့အားလည်းသင့်စေသည်။ တိရှဘုံတွင် တိရှအရှင်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်။ သူက ဘွဲ့ထူးရ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ပင်။

ဆန်းကြယ်သော အဘိုးအို၏ ဇာစ်မြစ်ကို မသိရေ‌သေးပေ။ ထို့ကြောင့် ကျန်းရီသည် ထိုအဘိုးအိုက အလွန်စွမ်းအားကြီးသော သိုင်းသမားတစ်ယောက် ဖြစ်လိမ့်မည်ဟုသာ ခန့်မှန်းနိုင်၏။ ကြည့်ရသည်မှာ ထိုအဘိုးအိုသည်လည်း ဘွဲ့ထူးရ အုပ်ချုပ်အဆင့် ဖြစ်ခဲ့ပုံပင်။ ကျန်းရီသည် သူ့ခေါင်းထဲမှ မေးခွန်းများကြောင့် မချင့်မရဲ ဖြစ်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

“အရှင်... အရှင်က ဒီဓားရဲ့ ပိုင်ရှင်ကို သိပါသလား။ ပြီးတော့... လူတွေက ကျွန်တော့်ကို ရန်လာမစသ၍ ကျွန်တော်က သူတို့ကို သေချာပေါက် ရန်သွားစမှာ မဟုတ်ပါဘူး”

“ဟင်းဟင်း...”

တိရှအရှင်က လက်ဝှေ့ယမ်း၍ ပြောသည်။

“တချို့ကိစ္စတွေက မင်း မသိလေ ကောင်းလေပဲ။ ကြိုးစားပြီးသာ ကျင့်ကြံပါ။ မင်း အဆင့်တစ်ခုကို ရောက်သွားရင် အဲ့ကိစ္စတွေကို နားလည်လာပါလိမ့်မယ်။ ဒီဓားက အရမ်းတော်ဝင်တဲ့ လက်နက်တစ်ခုဆိုတာပဲ ငါ မင်းကို ပြောပြလို့ရမယ်။ ဒါပေမဲ့ ဒီဓားအကြောင်းကို တိရှဘုံက တခြားဘယ်သူကမှ မသိကြဘူး။ အဲ့တော့ သူများတွေ အဲ့ဓားကို မင်းဆီက လုယူမှာကို မင်းစိုးရိမ်စရာ မလိုပါဘူး။ မင်း တိရှဘုံမှာ အေးအေးချမ်းချမ်း ကျင့်ကြံပါ။ နောက်ကျရင် ဘယ်သူမှ မင်းကို လာရန်မစစေရပါဘူး”

“အဲ့ဒါဆိုလည်း ကောင်းပါပြီ”

ကျန်းရီသည် တိရှအရှင်၏ ဆိုလိုရင်းကို သဘောပေါက်၏။ အတိတ်တွင်လည်း ဗုဒ္ဓဧကရာဇ်တို့သည် သူ၏စွမ်းအားက အဆင့်တစ်ခု မရောက်သေးသ၍ သူ့အား အကြောင်းများစွာ ပြောမပြခဲ့ပေ။ အချို့အရာများမှာ သိသွားလျှင် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပေလိမ့်မည်။ ယခုတွင် သူက ထိုဝန်ထုပ်ဝန်ပိုးကို ကိုယ်တွယ်နိုင်လောက်အောင် စွမ်းအားမကြီးသေးပေ။ သို့သော် ကျန်းရီ စိတ်အေးသွား၏။ တိရှအရှင်၏ ထိုအာမခံချက်နှင့်ဆိုလျှင် သူသည် ယခုမှစ၍ တိရှဘုံထဲ၌ သေချာပေါက် ဘေးကင်းကင်း နေထိုင်နိုင်ပေလိမ့်မည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးနောက် တိရှအရှင်အပေါ် လိမ်ရခြင်းကို လိပ်ပြာမလုံသဖြင့် အံကြိတ်ကာ ပြောလိုက်လေသည်။

“အရှင်... အမှန်တော့ ကျွန်တော် မှားခဲ့တာပါ။ အခု တကယ်ပဲ အဆိပ်ဝိညာဉ်က ကျွန်တော့်နောက်ကို လိုက်နေပါပြီ။ ဒီတစ်ခေါက် အဆိပ်ဝိညာဉ်ကို ကယ်ခဲ့တဲ့သူကလည်း ကျွန်တော်ပါ”

တိရှအရှင်က သူ့အပေါ် ဂရုစိုက်ပေးခြင်းမှာ ဆန်းကြယ်သော အဘိုးအိုကြောင့် ဖြစ်ရမည်ဟု ကျန်းရီ ခန့်မှန်းမိသည်။ သို့သော် သူက တိရှအရှင်ကို လိမ်နေသလို ဖြစ်နေသည်။ ထို့ကြောင့် သူ အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“အမှန်ပြောရရင် ငါလည်း အဲ့လောက်တော့ ခန့်မှန်းထားပြီးပါပြီ”

တိရှအရှင်က သိမ်မွေ့စွာပြုံး၍ လက်ဖက်ရည်တစ်ငုံတစ်သောက်လိုက်၏။

“အဆိပ်ဝိညာဉ်နဲ့ ချင်မျိုးနွယ်ကြားက ရန်ငြိုးကို ငါ နည်းနည်းတော့ နားလည်ပါတယ်။ နှစ်ဘက်စလုံးက မှားတာပဲ။ ဒီလောကထဲမှာ လုံးဝအမှန်၊ လုံးဝအမှားဆိုတာ မရှိဘူးဆိုတာ မင်းလည်း သိမှာပါ။ အရေးအကြီးဆုံးက ဘယ်သူက အသန်မာဆုံးလည်းဆိုတာပဲ။ ငါတို့ ဒီကိစ္စကို အဆုံးသတ်ပြီးပါပြီ။ မင်းနဲ့ အဆိပ်ဝိညာဉ်နဲ့ ချင်မျိုးနွယ်ကို ထပ်ပြီးပြဿနာမရှာကြနဲ့တော့။ မင်းနဲ့ အဆိပ်ဝိညာဉ်ကို ပြဿနာမရှာဖို့လည်း ငါ ချင်မျိုးနွယ်ကို ပြောလိုက်ပါမယ်”

“ကျေးဇူးတင်ပါတယ် အရှင်”

ကျန်းရီသည် တိရှအရှင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး မည်သို့မှ ဆက်မပြောတော့ချေ။ တစ်ခါတရံတွင် အခြားသူများ၏ ကြင်နာမှုများကို ရင်ထဲတွင် မှတ်သားထားလျှင် လုံလောက်ပေပြီ။ သူသည် တိရှအရှင်အား သူ့ကို သူတော်စင်ဝိညာဉ်ဘုံဆီ ခေါ်သွားပေးဖို့လည်း မတောင်းဆိုလိုက်ပေ။ သူ တိရှအရှင်အပေါ် များစွာအကြွေးတင်မနေလိုချေ။ အခြားသူများအပေါ် အလုံးစံမှီခိုခြင်းက သူ့ပုံစံမဟုတ်ပါပေ။

“ကဲ... ပြန်သွားတော့”

တိရှအရှင်က ပြောပြောဆိုဆိုဖြင့် လက်ဝှေ့ယမ်းလိုက်ရာ ကျန်းရီ နေရာမှာပင် ပျောက်ကွယ်သွားသည်။ ထို့နောက် အပြင်ဘက်သို့ ရုတ်ခြည်း ပြန်ရောက်သွားလေသည်။

ကျန်းရီ ပျောက်ကွယ်သွားသောအခါ တိရှအရှင်၏ မျက်နှာထားက ပို၍ ရှုပ်ထွေးလာသည်။ သူ ကောင်းကင်ထက်သို့ မော့ကြည့်ကာ အတွေးနက်နက်ဖြင့် ရေရွတ်လိုက်၏။

“နောက်ဆုံးတော့ ဆက်ခံသူ ပေါ်လာပြီ။ သူ အချိန်မီမှ ရောက်လာရဲ့လား”

All Chapters