စုလင်းနဲ့ တွေ့ပြီ
Vol. 23 Ch. 305
လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို ၁၀၀ ရာခိုင်နှုန်း ထုတ်သုံးရင်တောင် သည်ဓားမိုးအောက်က လွတ်အောင် ရှောင်ပြေးနိုင်မဲ့ အခြေအနေမှာ မရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းက ကန့်သတ်ချက် ရှိနေလို့ပါပဲ။
လီဖူချန်းအနေနဲ့ လျှို့ဝှက်သွေးခန္ဓာကိုယ် ပညာရပ်ဆန္ဒကို ထုတ်သုံးပြန်ရင်လည်း သူ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းက သည်ဓားပျံတွေကို ရှောင်ပြေးနိုင်မဲ့ အဆင့်ကို ရောက်နိုင်ဦးမှာ မဟုတ်ပါဘူး။ လီဖူချန်းအနေနဲ့ သည်ဓားပျံတွေ အောက်က လွတ်အောင် ထွက်ပြေးချင်တယ် ဆိုရင် အနည်းဆုံးတော့ မြေကမ္ဘာနယ်ပယ် အဆင့် ၉ ကို ရောက်နေဖို့ လိုအပ်ပါတယ်။
အဲသည်တော့ လီဖူချန်း အနေနဲ့ လုပ်စရာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ သည်ဓားပျံတွေကို ရိုက်ထုတ်ပစ်ဖို့ပါပဲ။
“သည်ဓားမိုးအောက်က ရုန်းမထွက်နိုင်မှတော့ မရရအောင် ခုခံရတော့မှာပေါ့”
လီဖူချန်းက သူ့ရဲ့ ဓားနက်ကြီးကို လျင်မြန်စွာ ဝှေ့ယမ်း လိုက်ပါတယ်။ ကြက်သွေးရောင် ဓားအလင်းတန်းတွေကတော့ အကွက်စိပ်စွာ ပေါ်လာခဲ့ပါပြီ။
ထန် ... ထန် ... ထန် ... ချွင် ... ချွင် ...
အချို့သော ဓားပျံတွေက လီဖူချန်းရဲ့ ကြက်သွေးရောင် ဓားချီတွေကြောင့် အရှိန်အဟုန် တန့်သွားခဲ့သလို အချို့သော ဓားပျံတွေကတော့ ဓားနက်ကြီးရဲ့ ရိုက်ထုတ်မှုကြောင့် လွင့်ထွက်သွားခဲ့ပါတယ်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာတော့ ဓားအချင်းချင်း ထိပ်တိုက် တွေ့ဆုံမိမှုကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တုသံတွေ ဆူညံနေတာပါပဲ။
ရွွှီး ...
ရုတ်တရက် ဆိုသလို ဓားပျံ ၃ ချောင်းက ဖိုခနောက်ဆိုင်ဖြင့် လီဖူချန်းဆီကို ပြေးဝင် လာခဲ့ပါတယ်။
သည်ဓားပျံ ၃ ချောင်းဟာ လေဟာနယ် ဟင်းလင်းပြင်းထဲကနေ ပေါ်ထွက်လာတာဖြစ်ပြီး လီဖူချန်းရဲ့ ရေပက်မဝင် ခုခံနေတဲ့ ဓားရိပ်တွေကို အလွယ်တကူ ကျော်ဖြတ် လာခဲ့ပါပြီ။
“ဓားပျံတစ်ချောင်းက အစစ်ကျန်တဲ့ နှစ်ချောင်းက ပုံရိပ်ယောင်တွေ”
ဓားပျံ ၃ ချောင်းက သူ့ကို ထိခါနီးလေးမှာပဲ လီဖူချန်းက ဓားပျံအစစ်ကို ရှာတွေ့သွားခဲ့ပါတယ်။
“လာစမ်း …”
လီဖူချန်းက ဓားပျံအစစ်ကို ဘယ်ဘက်လက်ရဲ့ လက်ညှိုး၊ လက်ခလယ်နဲ့ ညှပ်ပြီး ဖမ်းလိုက်ပါတယ်။ ကျန်တဲ့ ပုံရိပ်ယောင် ဓားပျံအတု နှစ်ချောင်းကိုတော့ ဓားနက်ကြီးနဲ့ ရိုက်ထုတ်ပစ် လိုက်ပါတယ်။ သည်ဓားပျံ အတုနှစ်ချောင်းက ပုံရိပ်ယောင်တွေ ဖြစ်ပေမဲ့ လျိုဖေးယွင်ရဲ့ ချီအတွင်းအားတွေ ကိန်းအောင်းနေတဲ့ အတွက် ပေါ့ဆလိုက်လို့ မရပါဘူး။
ဘန်း …
ဓားပျံအစစ်မှာ ပါဝင်နေတဲ့ စွမ်းအင်တွေက အတော်ကို ပြင်းထန်လှပါတယ်။ လီဖူချန်းက လျှို့ဝှက်သွေး ခန္ဓာကိုယ်ကို အသက်သွင်းပြီး ဖမ်းလိုက်တာတောင်မှ ဓားပျံရဲ့ အရှိန်က သေမသွားဘဲ လီဖူချန်းကို ရိုက်ခတ်နေဆဲပါပဲ။
တစ်လှမ်း ... နှစ်လမ်း ... သုံးလမ်း ...
လီဖူချန်းက အနောက်ကို သုံးလှမ်းလောက် ဆုတ်လိုက်ပြီးမှသာ သည်ဓားပျံရဲ့ အရှိန်ကို ထိန်းချုပ် လိုက်နိုင်ပါတယ်။
“သူက ငါ့ရဲ့ ဓားပျံကို ဖမ်းလိုက်နိုင်တာလား ...”
လျိုဖေးယွင်က မျက်လုံးအပြူးသား ဖြစ်နေပါပြီ။
သူပစ်ခတ်လိုက်တဲ့ ဓားပျံကို လက်ဗလာနဲ့ ဖမ်းနိုင်ဖို့ ဆိုတာ လွယ်တဲ့အရာ တစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ ဓားပျံကို ဖမ်းနိုင်ဖို့ ဆိုရင် အလွန် အားကောင်းတဲ့ အသိစိတ်အာရုံနဲ့ ထက်မြင်တဲ့ အမြင်အာရုံကို ပိုင်ဆိုင်ထားဖို့ လိုအပ်သလို ဆုံးဖြတ်ချက်ကလည်း ပြတ်သား နေရပါမယ်။ ပြီးတော့ ဖမ်းတဲ့သူရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အတော်လေး သန်မာနေရပါမယ်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းနေလို့ ကတော့ ဓားပျံအစစ်ကို ဖမ်းနိုင်ရင်တောင်မှ ဓားပျံမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ချီအတွင်းအားတွေရဲ့ ရိုက်ခတ်မှုကို ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လီဖူချန်းကတော့ သူ့ရဲ့ ဓားပျံကို မြဲမြံစွာ ဖမ်းထားလိုက်ပါပြီ။
“လီဖူချန်း ... ငါအရှုံးပေးတယ်”
လျိုဖေးယွင်က ခပ်ယဲ့ယဲ့လေး ပြုံးပြီး ပြောလိုက်ပါတယ်။
လျိုဖေးယွင် အနေနဲ့ ဆက်ပြီး တိုက်လို့ ရသေးပေမဲ့လည်း သူက အစောကြီး ကတည်းက စကားကျွံခဲ့ပြီးပြီ မဟုတ်ပါလား။ ပြီးတော့ ဆက်တိုက်ရင်လည်း သူ့အနေနဲ့ လီဖူချန်းကို ရှုံးဖို့ ၉၀ ရာခိုင်နှုန်းလောက် သေချာနေပါပြီ။ အဲသည်အတွက် လျိုဖေးယွင်က အချိန် ဖြုန်းမနေတော့ဘဲ တန်းပြီး အရှုံးပေးလိုက်တာ ဖြစ်ပါတယ်။
“ကျွန်တော် ကံကောင်း သွားတာပါ”
လီဖူချန်းက သူ့လက်ထဲက ဓားပျံလေးကို လျိုဖေးယွင်ဆီ ပြန်ပစ်ပေးလိုက်ပါတယ်။
“လျိုဖေးယွင်တောင် လီဖူချန်းကို အရှုံးပေး သွားပြီဟေ့ ... ။ အခြေအနေက ငါတို့ ထင်ထားတာထက်ကို ပိုဆိုးနေပြီ”
“ဟုတ်ပကွာ ... အခုဆိုရင် သခင်လေး ၃ ယောက်က လီဖူချန်းကို အရှုံးပေးလိုက်ရပြီ။ လီဖူချန်းရဲ့ စတုတ္ထမြောက် သားကောင်က ဘယ်သူဖြစ်မလဲ ... မသိဘူး …”
“အဲသည် ကိစ္စက ပြောရတော့ အခက်သားကွ”
“ဟမ့် ... ငါတော့ သည်လီဖူချန်း ဆိုတဲ့ကောင် ဆက်ပြီး နိုင်လိမ့်မယ်လို့ မထင်ဘူးကွာ။ သူ ရှုံးနိမ့်မဲ့ အချိန်တော့ ရှိကို ရှိရဦးမယ်”
လူတွေ အကုန်လုံးကတော့ လီဖူချန်းနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ဆွေးနွေး နေကြပါတယ်။
ပွဲစဉ် ၂၇၀၀ ကို ရောက်တဲ့ အခါမှာတော့ လီဖူချန်းဟာ နှင်းရေခဲနတ်မိမယ် စုလင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပါပြီ။
ဝုန်း ...
စင်မြင့်ပေါ်ကို ခြေချမိပြီ ဆိုတာနဲ့ တစ်ပြိုင်နက် စုလင်းက သူမရဲ့ အေးစက်တဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်လိုက် ပါတော့တယ်။
နှင်းမုန်တိုင်း တစ်ခုလို အေးခဲနေတဲ့ ချီအရှိန်အဝါတွေက စင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားရုံ သာမက အနားမှာ ရှိနေတဲ့ ကျောက်တုံးမဏ္ဍိုင်တွေ အထိပါ အဖျားခတ် လာခဲ့ပါပြီ။ ကျောက်တုံးမဏ္ဍိုင်တွေ ပေါ်မှာရှိတဲ့ လူတွေကတော့ သည်အရိုးထဲ ထိအောင် အေးစိမ့်စေတဲ့ ချီအရှိန်အဝါတွေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ အတွင်းအားတွေကို ထုတ်ကာ ကာကွယ်ထား ရပါတယ်။
“အတွင်းအားကျင့်စဉ် အဆင့် ၁၇”
လူတွေအားလုံးက တအံ့တသြနဲ့ ရေရွတ်လိုက်ပါတယ်။
လုံးဝကို ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။ နှင်းရေခဲ နတ်မိမယ် စုလင်းက ဆန်းကြယ် အထွတ်အထိပ်ကျင့်စဉ် အဆင့် ၁၇ အတွင်းအားတွေကို ထုတ်လွှတ် လိုက်တာပါ။
သူမရဲ့ ကျင့်ကြံခြင်း အဆင့်က အကြိုကောင်းကင် နယ်ပယ်ကို မရောက်သေး ပေမဲ့လည်း ဆန်းကြယ်အထွတ်အထိပ် အဆင့်ကျင့်စဉ် အဆင့် ၁၇ အတွင်းအားကို ထည့်ပေါင်းလိုက်တဲ့ အခါမှာတော့ အရိုးကွဲမတတ် အေးစိမ့်နေတဲ့ အအေးဓာတ်တွေဟာ ပိုပြီး အားကောင်း လာခဲ့ပါတယ်။ သည်ချီအရှိန်အဝါ ဖိအားကို ထိပ်တိုက် ရင်ဆိုင်နေရတဲ့ လီဖူချန်းဆိုရင် ဘယ်လောက်တောင် အေးနေမလည်း မသိပါဘူး။
“နှင်းလေပွေ နတ်ဘုရားလက်ဝါး”
သူမရဲ့ ကြယ် ၄ ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းပြီးတဲ့ အခါမှာတော့ စုလင်းဟာ လီဖူချန်းကို အားကုန် ရိုက်ချလိုက်ပါတယ်။
သူမရဲ့ လက်ဝါးရိုက်ချက်နဲ့အတူ အလွန်တရာ အေးစက်နေတဲ့ လေပွေတစ်ခုကလည်း ပါလာပါသေးတယ်။ အဲသည်လေပွေက လီဖူချန်းဆီကို မရောက်ခင်မှာတင် လီဖူချန်းရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ဆီးနှင်းတွေရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရပါပြီ။
လီဖူချန်းနေရာမှာသာ မုယုံဒီး ဆိုရင်တော့ သည်ဆီးနှင်းခဲတွေရဲ့ အကျိုးသက်ရောက်မှုကို ခံရပြီး တစ်ကွက်တည်းနဲ့ ရှုံးသွားနိုင်ပါတယ်။ ရှဟိုချောင်နဲ့ လျိုဖေးယွင်တို့တောင်မှ သည်ဆီးနှင်းခဲတွေရဲ့ လွှမ်းမိုးမှုအောက်မှာ စိတ်ရှိသလို လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။
ဆန်းကြယ် အထွတ်အထိပ် အတွင်းအားကျင့်စဉ် အဆင့် ၁၆ နဲ့ ဆန်းကြယ် အထွတ်အထိပ် အတွင်းအားကျင့်စဉ် အဆင့် ၁၇ ရဲ့ ခြားနားမှုက အဆင့်တစ်ဆင့်သာ ခြားနားတယ် ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲသည်ခြားနားမှုက အတော်လေးကို ကြီးမားပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက စုလင်းဟာ ကျားနဂါးစာရင်းရဲ့ အဆင့် ၁၅ မှာသာ ရပ်တည်နိုင်ခဲ့ပေမဲ့ သည်နှစ်ပြိုင်ပွဲမှာတော့ သူမရဲ့ စွမ်းရည်ဟာ ကျားနဂါးစာရင်းရဲ့ အဆင့် ၁ ကနေ ၅အတွင်း ဝင်နိုင်တဲ့အထိ အစွမ်းထက်နေပါပြီ။
“အရမ်းကို အစွမ်းထက်လွန်းတယ်”
လီဖူချန်းက သူ့ရဲ့ မိစ္ဆာနှင် ဓားသိုင်းကို ထုတ်ပြီး စုလင်းရဲ့ နှင်းလေပွေကို ခုခံလိုက်ပါတယ်။
သူ့ရဲ့ အတွင်းအားကျင့်စဉ်က အပူဓာတ်ကို အခြေခံတဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ်ပါပဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်တယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။ ဒါပေမဲ့ အတွင်းအား ကျင့်စဉ် အပိုင်းမှာတော့ သူ့ရဲ့ အတွင်းအား ကျင့်စဉ်က အဆင့် ၁၆ အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် အတော်လေး မြင့်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။
အဲသည်အတွက် လီဖူချန်းအနေနဲ့ အအေးဒဏ်ကို အတော်လေး ခံနိုင်ရည် ရှိနေတာက မထူးဆန်းလှပါဘူး။ သည်ကို ရောက်နေတဲ့ ပြိုင်ပွဲဝင်တွေကို စာရင်းပြုစု လိုက်ရင်တောင်မှ လီဖူချန်းရဲ့ အအေးဒဏ်ကို ခံနိုင်စွမ်းက ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ လျှို့ဝှက်သွေး ခန္ဓာကိုယ်ကို အသက်သွင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ အအေးဒဏ် ခံနိုင်ရည်စွမ်းဟာ ထိပ်ဆုံး ၅ ယောက် အထိကို ရောက်သွားနိုင်ပါတယ်။
အအေးဓာတ်က သူ့ကို ဒုက္ခ မပေးနိုင်ဘူး ဆိုမှတော့ လီဖူချန်းအနေနဲ့ စုလင်းကို ထိပ်တိုက် ရင်ဆိုင်ရုံပါပဲ။
“မီးတောက်မိစ္ဆာရဲ့ ဦးချို”
နှင်းလေပွေကို ဖျက်ဆီးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဒုတိယ ဓားကွက်ကို အလျင်အမြန် ထုတ်ပြီး စုလင်းကို တိုက်ခိုက်လိုက်ပါတယ်။ လီဖူချန်းရဲ့ တိုက်ခိုက်မှုက စုလင်းကို အငိုက်မိ သွားစေခဲ့ပါပြီ။
လီဖူချန်းရဲ့ ကြက်သွေးရောင် ဦးချိုကြီးက စုလင်းရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်ပြီး စုလင်းဆီကို တိုးဝင် သွားခဲ့ပါတယ်။
ဟူး ... ဟူး ... ဟူး ...
ဒါပေမဲ့ စုလင်းကလည်း ခေတဲ့သူ မဟုတ်ပါဘူး။ သူမရဲ့ အေးစက်နေတဲ့ လက်ဝါးရိုက်ချက်က အလျင်အမြန်ပဲ ထွက်ပေါ်လာပြီး ကြက်သွေးရောင် ဦးချိုကြီးကို ရိုက်ချပစ်လိုက်ပါတယ်။
ဘန်း ...
အပူနဲ့ အအေး ထိပ်တိုက်တွေ့တဲ့ အခါမှာတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သလို ပတ်ဝန်းကျင် တစ်ခုလုံးကိုလည်း အဖြူရောင် အခိုးအငွေ့တွေ လွှမ်းခြုံ သွားခဲ့ပါပြီ။
ချီအတွင်းအား ထိပ်တိုက် ရင်ဆိုင်မှုကြောင့် လီဖူချန်းဟာ အနောက်ကို ခြေလှမ်း ၂၀ လောက် ဆုတ်ခွာလိုက် ရပါတယ်။ ဒါပေမဲ့ စုလင်းကတော့ အနောက်ကို ခြေလှမ်း ၁၀ လှမ်း ကျော်ကျော်သာ ဆုတ်လိုက်ရပါတယ်။
သိုင်းကွက် ပြင်းထန်မှု အပိုင်းမှာတော့ နှစ်ယောက်စလုံးက ညီမျှနေပေမဲ့လည်း ကျင့်ကြံခြင်းနဲ့ အတွင်းအား ကျင့်စဉ် အပိုင်းမှာတော့ စုလင်းက သိသိသာသာကြီးကို အသာစီး ရနေပါတယ်။
ဒါပေမဲ့ လီဖူချန်းက အပြတ်အသတ်ကြီး အရေးနိမ့် သွားတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ လျှို့ဝှက်သွေး ခန္ဓာကိုယ်က သွေးလည်ပတ်မှုနဲ့ ချီအတွင်းအား ပတ်လမ်းကြောင်းတွေကို အစီအစဉ်တကျ ဖြစ်အောင် ကာကွယ်ပေးထား နိုင်ဆဲပါပဲ။
စုလင်းကတော့ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားကြောင့် မျက်နှာအနည်းငယ် နီသွားရုံက လွဲပြီး ဘာမှ ထူးထူးခြားခြား ခံစားရဟန် မရှိပါဘူး။
“ငါ့ရဲ့ နောက်ထပ် ဓားချက်ကို မြည်းကြည့်ပါဦး”
သူ့ရဲ့ အတွင်းအား ပတ်လမ်းကြောင်းနဲ့ သွေးလည်ပတ်မှုက အစီအစဉ်တကျ ဖြစ်နေတာကို သိပြီးတဲ့ နောက်မှာတော့ လီဖူချန်းက တုံ့ဆိုင်း မနေဘဲ နောက်ထပ် ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။
သူ့ရဲ့ ဓားကွက်က မီးတောက်မိစ္ဆာရဲ့ ဦးချိုသာ ဖြစ်ပေမဲ့လည်း သည်တစ်ကြိမ် ကြက်သွေးရောင် ဦးချိုကြီးက ပိုပြီး တောက်ပလာသလို ပိုပြီးတော့လည်း ပြင်းထန် လာခဲ့ပါပြီ။
လီဖူချန်းက တိုက်ခိုက်နေရင်းနဲ့ အမျိုးအမည်မသိတဲ့ အပူစီးကြောင်း တစ်ခုဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စတင် လည်ပတ် လာတာကို သတိပြုမိလိုက်ပါတယ်။ အဲသည် အပူစီးကြောင်းက သူ့ရဲ့ တိုက်ပွဲဝင်လိုစိတ်ကို ပိုပြီး အားကောင်း လာအောင် လှုံ့ဆော်နေသလို သူ့ရဲ့ လှုပ်ရှားမှု တွေကိုလည်း ပိုပြီး သွက်လက် လာစေတယ်လေ။
ဘုန်း ... ဘုန်း ... ဘုန်း ... ဘုန်း ...
လီဖူချန်းနဲ့ စုလင်းတို့ဟာ အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင် မိကြပါတယ်။ အပေါ်ယံ ကြည့်လိုက်မယ် ဆိုရင်တော့ စုလင်းက အသာစီး ရနေသလိုပါပဲ။ ဒါပေမဲ့ တကယ့် ထိပ်သီး ပညာရှင်တွေရဲ့ အကြည့်အောက်မှာတော့ စုလင်းဟာ လီဖူချန်းရဲ့ ဖိနှိပ်မှုကို ခံနေရပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက သိုင်းကွက် တစ်ကွက် ထုတ်လိုက်သိုင်းမှာ ပိုပိုပြီးတော့ အားကောင်းလာလို့ပါပဲ။
စုလင်းအနေနဲ့ လီဖူချန်းတစ်ယောက် ပိုပိုပြီး အားကောင်း လာတာကို သတိပြုမိပါတယ်။ လီဖူချန်းလို ပညာရပ်ပေါင်းစုံမှာ ထူးချွန်တဲ့သူနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ဆိုတာ သိပ်ပြီး မှန်ကန်တဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စုလင်းအနေနဲ့ လီဖူချန်းကို ထိပ်တိုက် ရင်ဆိုင်ရမှကို ဖြစ်မှာပါ။
ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက လွတ်လွတ်လပ်လပ် တိုက်ခွင့်ရသွားပြီ ဆိုတာနဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးတော့မယ် ဆိုတာ သေချာနေလို့ပါပဲ။ စုလင်းရဲ့ အသိစိတ်အာရုံနဲ့ ကိုယ်ဖော့ပညာက လီဖူချန်းထက် နိမ့်ကျနေပါတယ်။ အဲသည်အတွက် စုလင်းက လီဖူချန်းကို ထိပ်တိုက် ရင်ဆိုင်ဖို့က လွဲပြီး အခြားနည်းလမ်း မရှိပါဘူး။
“မစဲသော နှင်းမုန်တိုင်း”
အခြေအနေကို ကောင်းကောင်း နားလည်နိုင်စွမ်းရှိတဲ့ စုလင်းဟာ သူမရဲ့ ပေါင်းချုပ် သိုင်းကွက်ကို ထုတ်သုံးလိုက်ပါပြီ။
သည်သိုင်းကွက်ဟာ သူမရဲ့ ဆန်းကြယ်အဆင့်မြင့် လက်ဝါးသိုင်းနဲ့ အတွင်းအား ကျင့်စဉ်ကို ပေါင်းစပ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
သူမရဲ့ လက်ဝါးသိုင်းကိုတော့ နှင်းလေပွေ နတ်ဘုရား လက်ဝါးသိုင်းလို့ ခေါ်ပြီး သူမရဲ့ အတွင်းအား ကျင့်စဉ်ကိုတော့ နှင်းရေခဲဝိညာဉ် အတွင်းအား ကျင့်စဉ်လို့ ခေါ်ပါတယ်။
သည်ပညာရပ် နှစ်ခုက တစ်ခုကို တစ်ခု သဟဇာတဖြစ်စွာ ပေါင်းစပ်နေတဲ့အတွက် စုလင်းရဲ့ ပေါင်းချုပ်သိုင်းကွက်ဟာ အလွန်ကို ကြောက်စရာ ကောင်းတဲ့ ပေါင်းချုပ်သိုင်းကွက် တစ်ခုပါပဲ။
အေးစက်နေတဲ့ နှင်းမုန်တိုင်းကြီး တစ်ခုက အရှိန်အဟုန် ပြင်းစွာဖြင့် လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။
“မီးတောက် နဂါး လာစမ်း”
လီဖူချန်းကလည်း မာန်အပြည့်ဖြင့် ကြုံးဝါးလိုက်ပြီး နှင်းမုန်တိုင်းကြီးကို ခုခံလိုက်ပါတယ်။
လေထုထဲမှာတော့ ကြက်သွေးရောင် နဂါးကြီး တစ်ကောင်ဟာ နှင်းမုန်တိုင်းထဲကနေ ဖောက်ထွက်ဖို့ အတွက် ကြိုးစားပမ်းစား တိုက်ခိုက်နေပါပြီ။
စက်ဝိုင်းပုံ သိုင်းစင်မြင့်ရဲ့ အလယ်မှာတော့ အဖြူရောင် ဆီးနှင်းခဲတွေက ထူထပ်စွာ လွှမ်းခြုံထားခဲ့တဲ့အတွက် တိုက်ခိုက်နေကြတဲ့ လူနှစ်ယောက်ကိုတောင် သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။
ဝုန်း …
အဖြူရောင် ဆီးနှင်းတွေ ကြားထဲကနေ လူတစ်ယောက် လွင့်ထွက်လာခဲ့ပါတယ်။ အဲသည်လူကတော့ လီဖူချန်းပါပဲ။
စုလင်းရဲ့ ပေါင်းချုပ်သိုင်းကွက်နေ ဖြစ်ပေါ်လာတဲ့ နှင်းမုန်တိုင်းကြီးက အလွန်အမင်းကို အားကောင်းလွန်း လှပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ လွင့်ထွက်လာခဲ့တာပါ။
“ လီဖူချန်း ... အရှုံးပေးစမ်း”
စုလင်းရဲ့ ခန္ဓာကိုယ်မှာ အဖြူရောင် နှင်းမှုန်လေးတွေ ကပ်ညှိနေပြီး သူမရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အအေးဓာတ်တွေကလည်း အရင်ကထက် ပိုအေးစိမ့် လာခဲ့ပါတယ်။
“အ ... အကြို ... ကောင်းကင်နယ်ပယ်”
သူမရဲ့ ချီအရှိန်အဝါ ပြောင်းလဲမှုတွေကို သတိပြုမိလိုက်တဲ့ လူအချို့က အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်ပါတယ်။
လီဖူချန်းနဲ့ အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင်မှုက သူမရဲ့ ကျင့်ကြံခြင်းကို အဆင့်တက် သွားစေခဲ့ပုံပင်။ သူမက အခုဆိုရင် အချိန်နည်းနည်း ယူလိုက်တာနဲ့ ကောင်းကင်နယ်ပယ်ကိုပါ ချိုးဖောက် ဝင်ရောက်နိုင်စွမ်း ရှိနေပါပြီ။ ဒါပေမဲ့ စုလင်းက ယခုအချိန်မှာ ကောင်းကင်နယ်ပယ်ထဲကို ချိုးဖောက် ဝင်ရောက်လို့ မဖြစ်သေးတဲ့အတွက် သူမရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်ထား လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စုလင်းအနေနဲ့ ကျောက်တုံးမဏ္ဍိုင်တွေက ပေးတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေကို ရသလောက် ယူဖို့ လိုအပ်နေသေးလို့ပါပဲ။
***