← Chapters

လီဖူချန်းရဲ့ အတွင်းအားကျင့်စဉ် အဆင့်တက်ခြင်း

Vol. 23 Ch. 306

လီဖူချန်းရဲ့ အတွင်းအားကျင့်စဉ် အဆင့်တက်ခြင်း

Vol. 23 Ch. 306

“အကြိုကောင်းကင်နယ်ပယ်ကို ရောက်သွားတာလား”

လီဖူချန်းက သိပ်ပြီး အလိုမကျဟန်ဖြင့် မျက်ခုံး ကြုတ်လိုက်ပါတယ်။

စုလင်းရဲ့ အတွင်းအားကျင့်စဉ် အဆင့် ၁၇ ကိုတောင်မှ လီဖူချန်းအနေနဲ့ မနည်းခုခံ နေရတာပါ။ အခုတော့ သူမက ကျင့်ကြံခြင်းမှာတောင် အကြိုကောင်းကင် နယ်ပယ်ကို  အဆင့်တက်သွား ပြန်ပါပြီ။ ဒါက စုလင်းဟာ စတုတ္ထမြောက် ကြယ်ဘုရင် ဖြစ်သွားပြီလို့တောင် ပြောလို့ရတဲ့ အခြေအနေပါပဲ။

လက်ရှိ အခြေအနေနဲ့ ဆိုရင်တော့ စုလင်းကို ယှဉ်နိုင်မဲ့ သူတွေဟာ ကြယ်ဘုရင် သုံးပါး၊ နတ်စမ်းရေသခင်လေး တန်ကျင်းယွန်နဲ့ သုံးပါးပရမတ် နတ်မိမယ် ကျင်းရိုလုတို့သာ ရှိပါတော့တယ်။

နဂါးဓား သခင်လေး ချူးယီက  စုလင်းကို ယှဉ်နိုင်မလား ဆိုတာကတော့ ပဟေဠိ ဖြစ်နေဆဲပါပဲ။

***

ဝုန်း …

စုလင်းဟာ  ကြောက်မယ်ဖွယ် အေးစိမ့်နေတဲ့ လေထုဖိအားတွေ ပါဝင်နေတဲ့ လက်ဝါးတစ်ချက်ကို  လီဖူချန်းထံ  ရိုက်ချပစ်လိုက်ပါတယ်။

အစောပိုင်းတုန်း သူမ ထုတ်သုံးခဲ့တဲ့ လက်ဝါးသိုင်းသာ ဖြစ်ပေမဲ့ သည်လက်ဝါး ရိုက်ချက်မှာ ပါဝင်နေတဲ့ လက်ဝါးအားက ၂၀ ရာခိုင်နှုန်းလောက် ပိုအားကောင်း လာခဲ့ပါပြီ။

ပြီးတော့ သူမရဲ့ လက်ဝါးရိုက်ချက်ကနေ ထွက်ပေါ်လာတဲ့ ချီအတွင်းအားတွေဟာ သိမ်မွေ့စွာဖြင့်  အပြာရောင်ဖျော့ဖျော့ နဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။

ဒေါသမာန်ဟုန် အပြည့်နဲ့  ပြေးဝင်လာတဲ့ အပြာရောင် လေနဂါးကြီးကို ရင်ဆိုင်ဖို့အတွက် ဆိုရင်  လီဖူချန်းဟာ မီးတောက်နဂါး ဓားကွက်ကို အသုံးပြုမှသာ ဖြစ်ပါလိမ့်မယ်။

“မီးတောက် နဂါး လာစမ်း”

ကြက်သွေးရောင် နဂါးကြီး တစ်ကောင်က  အပြာရောင် လေနဂါးကြီးကို ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် ပြေးထွက်သွားခဲ့ပါပြီ။

ဝုန်း ...

ပေါက်ကွဲသံ တစ်ခုနဲ့အတူ  အပြာရောင် အလင်းတန်းတွေနဲ့ အနီရောင် အလင်းတန်းတွေဟာ မျက်စိကျိန်းလောက်အောက် ဖြာထွက် လာခဲ့ပါတယ်။

သည်တစ်ကြိမ်မှာ သိသိသာသာ အရေးနိမ့် သွားသူကလည်း လီဖူချန်းပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ  အနောက်ကို  လွင့်ထွက်သွားခဲ့ပြီး  မိုးကြိုးပစ်ခံလိုက် ရသလို စုတ်ပြတ်သတ် သွားခဲ့ပါပြီ။

စုလင်းကတော့ အနည်းငယ် တုန်ယင် သွားရုံက လွဲပြီး ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး။

“နောက်ဆုံးအချိန်လေးမှာမှ ကပ်ပြီး အဆင့်တက် သွားတယ်။ သူမက  နှင်းရေခဲ နတ်မိမယ် ဆိုတဲ့ ဂုဏ်ကို ထိန်းနိုင်ခဲ့တာပဲ”

“ဒါက သိပ်လည်း မထူးဆန်းပါဘူးကွာ။ စုလင်းက မြေကမ္ဘာအဆင့် ၉ ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ ကြာလှပြီလေ။ ပြီးတော့ သူမရဲ့ အတွင်းအား ကျင့်စဉ်ကလည်း အရမ်းမြင့် နေသေးတယ်”

“ကျွတ် ... ကျွတ် ... ။ လီဖူချန်းကတော့ ကံဆိုးတာပဲ။ သည်ပုံစံအတိုင်း ဆိုရင် စုလင်းကို အနိုင်ယူနိုင်မဲ့ သူက  ကြယ်ဘုရင်သုံးပါးက လွဲပြီး အခြားသူ မရှိတော့ဘူး”

စုလင်းရဲ့ အဆင့်တက်သွားမှုက လူတွေအားလုံးအတွက်  ဆွေးနွေးစရာ တစ်ခု  ဖြစ်စေခဲ့ပါတယ်။

ကျောက်တုံးမဏ္ဍိုင်တွေရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ အိုရန်ဝမ်းထင်နဲ့ ဇောင်ဝူကျင်းတို့ ကတော့ မျက်နှာ မကောင်းလှပါဘူး။ သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းက စုလင်းကို အနိုင်ရဖို့အတွက် အခွင့်အလမ်း တော်တော်လေး များနေခဲ့တာပါ။  ဒါပေမဲ့ စုလင်းက မမျှော်လင့်ဘဲနဲ့ အဆင့်တက် သွားခဲ့ပါတယ်။

ဖုန်းရွှယ်ဂိုဏ်းချုပ်ကြီး ကတော့  မသိမသာလေး ကျိတ်ပြုံးနေပါပြီ။ စုလင်းက အဆင့်တက်သွားပြီးတဲ့ နောက်မှာတော့ သူ့အနေနဲ့ စုလင်းအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။

ပြိုင်ပွဲရဲ့ အနိုင်အရှုံးက စုလင်းရဲ့ လက်ထဲကို လုံးလုံးလျားလျားကြီး ရောက်ရှိ သွားခဲ့ပါပြီ။

အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ  အဆက်မပြတ် တိုက်ခိုက်ပြီး  စုလင်းကို တရစပ် ဖိအားပေးခဲ့ပါတယ်။ အခုတော့ စုလင်းက လီဖူချန်းကို ပြန်ပြီး ဖိအား ပေးရမဲ့ အလှည့်ပါပဲ။

ဘုန်း ... ဘုန်း ... ဘုန်း ...

စုလင်းတစ်ယောက် လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်တိုင်းမှာ  လီဖူချန်းဟာ အနောက်ကို ဆုတ်နေရပါတယ်။ အခုဆိုရင် လီဖူချန်းက  စက်ဝိုင်းပုံ စင်မြင့်ရဲ့ အစွန်နားကိုတောင် ရောက်လာပါပြီ။

“မစဲသော နှင်းမုန်တိုင်း”

စုလင်းက လီဖူချန်းကို အဆုံးသတ်ဖို့အတွက်   သူမရဲ့ ပေါင်းချုပ် သိုင်းကွက်ကို ထုတ်လိုက်ပါတယ်။ သည်တစ်ကြိမ်မှာတော့ သူမဟာ လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်တာပါ။

သူမရဲ့ လက်ဝါးတွေကနေ ထွက်ပေါ်လာတဲ့ ချီအတွင်းအားတွေက  အပြာရောင်ဖျော့ဖျော့ နဂါးတွေအဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းကို ဝါးမျိုလိုက်ပါပြီ။

အေးစက်နေတဲ့ ချီအရှိန်အဝါ ဖိအားတွေက  လီဖူချန်းရဲ့ သွေးလည်ပတ်မှုနဲ့ အတွင်းအား စီးကြောင်းတွေကို အေးခဲသွား စေခဲ့ပါတယ်။ အဲသည်အတွက် လီဖူချန်းအနေနဲ့ အံကိုသာ တင်းတင်းစေ့ထားပြီး အအေးဓာတ်တွေကို ခုခံနေရုံကလွဲပြီး အခြားရွေးစရာ မရှိတော့ပါဘူး။

သည်အခြေအနေ အောက်က ရုန်းထွက်နိုင်ဖို့ ဆိုရင် လီဖူချန်းအနေနဲ့ သူ့ရဲ့  နောက်ဆုံး ဝှက်ဖဲဖြစ်တဲ့  ကြေးဝါ ဓားအဆီအနှစ်ကို ထုတ်သုံးဖို့ လိုပါတယ်။

“ဖောက်”

လီဖူချန်းက  ကြေးဝါဓား အဆီအနှစ်ကို ထုတ်သုံးတော့မယ့် ဆဲဆဲမှာပင် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ အပူစီးကြောင်းဟာ  အေးခဲမှုတွေကို ဖောက်ထွက်သွားပြီး  အစစ်အမှန်  ငရဲမီးတောက် အတွင်းအားတွေနဲ့   ပေါင်းစည်း သွားခဲ့ပါတယ်။

ဟူး ... ဟူး ... ဟူး ...

လီဖူချန်းရဲ့ ချီအရှိန်အဝါက ဆီးနှင်းထုကြီးကို ဖောက်ထွက်သွားပြီး ကောင်းကင်သို့ တိုင်အောင် တက်သွားခဲ့ပါပြီ။ သူ့ရဲ့  ပတ်ပတ်လည်မှာ ရှိနေတဲ့ ဆီးနှင်းတွေဟာလည်း အရည်ပျော်ကျ ကုန်ပါတယ်။

အစစ်အမှန် ငရဲမီးတောက် အတွင်းအား  အဆင့် ၁၇ ... ။

စုလင်းရဲ့  အအေးဓာတ် ချီအရှိန်အဝါ ဖိနှိပ်မှုတွေကို ကျေးဇူးတင်ရမှာပါပဲ။ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ အအေးဓာတ်ရဲ့  အတင်းအကျပ် ဖိအားပေးမှုကို ခံရပြီးတဲ့ နောက်မှာတော့ ပေါက်ထွက်သွား ခဲ့ပါတယ်။ အဲသည် ပေါက်ထွက်သွားမှုရဲ့ အကျိုးဆက်ကတော့ လီဖူချန်းရဲ့ အတွင်းအားကျင့်စဉ် အဆင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ပါပြီ။

အစစ်အမှန် ငရဲမီးတောက် အတွင်းအားချီ တွေကတော့ အင်မတန်မှကို ပူပြင်းလှပါတယ်။  အခုဆိုရင် လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေပြီး မီးကဲ့သို့ ရဲရဲတောက်နေသော အနီရောင် အလင်းတန်းတွေ ထွက်ပေါ်နေပါပြီ။ အဲသည် အနီရောင် မီးတောက်တွေက လီဖူချန်းခံစားနေရတဲ့ အအေးဒဏ်တွေကို ဖယ်ရှား ပေးလိုက်ပါတယ်။

“သန့်စင်သော ယန်ဓာတ် အတွင်းအား”

ထို့နောက်မှာတော့ လီဖူချန်းက  သူ့ရဲ့  ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးကာ  အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေကို သန့်စင်သော ယန်ဓာတ် အတွင်းအားအဖြစ် ပြောင်းလဲ စေလိုက်ပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အနီရောင် အလင်းတန်းတွေက အဝါရောင် အလင်းတန်းတွေအဖြစ် ပြောင်းလဲ သွားပြန်ပါပြီ။

“မီးတောက်နဂါး တိုက်စမ်း”

လီဖူချန်းက  သူ့ရဲ့ ချီအတွင်းအားတွေကို  ဓားနက်ကြီးဆီသို့ ပို့ဆောင်လိုက်ပြီး အားရပါးရ ပိုင်းချလိုက်ပါတယ်။

“ဂါး ... ဂရား ...”

စူးရှတဲ့  ကြက်သွေးရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ နဂါးကြီးတစ်ကောင်က   အပြာရောင် ဖျော့ဖျော့ နဂါးတွေနဲ့ ထိပ်တိုက်ရင်ဆိုင် လိုက်ပါပြီ။

အသက်ရှုချိန် အနည်းငယ်လောက် အကြာမှာတော့  ကြက်သွေးရောင် နဂါးကြီးကော အပြာရောင်ဖျော့ဖျော့ နဂါးတွေပါ တစ်ချိန်တည်းလိုလို  ပေါက်ကွဲသွား ပါတော့တယ်။

“အတွင်းအားကျင့်စဉ် အဆင့်တက် သွားတာလား”

စုလင်းက မယုံကြည်သည့် ပုံမျိုးဖြင့် လီဖူချန်းကို စိုက်ကြည့် နေပါတယ်။

"ဘာလည်းဟ ... လီဖူချန်းကော အဆင့်တက် သွားတာလား ... ။ လခွီးတဲ့မှပဲ ။ သည်တိုက်ပွဲက နည်းနည်းတော့ လွန်မနေဘူးလား ...”

“ကောင်းကင်နယ်ပယ် ပညာရှင် အများစုတောင်မှ ဆန်းကြယ် အထွတ်အထိပ်  အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၇ အထိပဲ လေ့ကျင့်နိုင် သေးတာလေ။ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့် ၈ နဲ့  ဘယ်လိုလုပ်ပြီး အဲသည်အဆင့်အထိ လေ့ကျင့်နိုင်ရတာလဲ ...”

“စုလင်းရဲ့ ကျင့်ကြံမှု အဆင့်တက်သွားလို့ အံ့သြမယ်မှ မကြံသေးဘူး။ လီဖူချန်းကပါ အတွင်းအား ကျင့်စဉ်မှာ အဆင့်တက် သွားတာလား ...”

အစောပိုင်းက တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ တိုက်ပွဲကတော့ လီဖူချန်းရဲ့ အတွင်းအား ကျင့်စဉ် အဆင့်တက်မှုနဲ့အတူ အကြိတ်အနယ်  ပြန်ဖြစ်လာခဲ့ပါပြီ။

နှစ်ယောက်စလုံးရဲ့ တိုက်ခိုက်မှု အရှိန်အဟုန် ညီမျှလာတဲ့ အခါမှာ စကားပြောလာတာ ကတော့  ခံနိုင်ရည်ပါပဲ။ လီဖူချန်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက စုလင်းထက်ကို တပန်းသာ နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ထိပ်တိုက် ရင်ဆိုင်မှုကနေ ပြန်ကန်ထွက်လာတဲ့ ချီအတွင်းအား အပိုင်းအစတွေက စုလင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မေးခွန်း ထုတ်နေပါပြီ။

လီဖူချန်းနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်တိုင်းမှာ သူမရဲ့ သွေးလည်ပတ်မှုနဲ့ အတွင်းအား စီးကြောင်းတွေက မတည်မငြိမ်  ဖြစ်လာခဲ့ပါတယ်။ အဲသည် မတည်မငြိမ် ဖြစ်မှုက  အကြိမ်ရေ အနည်းအကျဉ်း ဆိုရင် အကြောင်း မဟုတ်ပါဘူး။ အခုက ဆက်တိုက်ကို ဖြစ်နေတာပါ။  အဲသည်အတွက် စုလင်းရဲ့ သိုင်းကွက်တွေဟာ  ဟာကွက်တွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

သိုင်းကွက် တစ်ရာကျော်မှာတော့ စုလင်းရဲ့ လှုပ်ရှားမှုတွေဟာ စတင်ပြီး နှေးကွေး လာခဲ့ပါတယ်။

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက် သွားခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက စုလင်းရဲ့  နှေးကွေးလာတဲ့ လှုပ်ရှားမှုကနေပြီး ဟာကွက် တစ်ခုကို မြင်လိုက်လို့ပါပဲ။

“မီးတောက်မိစ္ဆာရဲ့ ဦးချို တိုက်စမ်း”

လီဖူချန်းရဲ့ ဓားနက်ကြီးကနေ ထွက်ပေါ်လာတဲ့ ကြက်သွေးရောင် ဦးချိုကြီးက စုလင်းရဲ့ ချီအကာအကွယ်ကို ဖြတ်ကျော်ကာ သူမရဲ့ ပခုံးဆီကို တိုးဝင်သွားခဲ့ပါပြီ။

ဘန်း …

စုလင်းက သူမရဲ့ အတွင်းအားတွေကို စုစည်းကာ ကြက်သွေးရောင် ဦးချိုကြီးကို ရိုက်ချလိုက်နိုင် ပေမဲ့လည်း ပေးဆပ်လိုက်ရတဲ့  တန်ဘိုးကတော့ မနည်းပါဘူး။

သူမက အနောက်ကို ခြေသုံးလှမ်း ဆုတ်လိုက်ရသလို သွေးတစ်လုတ်လည်း အန်လိုက် ရပါတယ်။  စုလင်း တစ်ယောက် အတွင်းဒဏ် ရသွားခဲ့ပါပြီ။

“ငါရှုံးပြီ”

စုလင်းက ဆက်တိုက်ဖို့ မကြိုးစားတော့ဘဲ အရှုံးပေးလိုက် ပါတော့တယ်။ သည်အတွင်းဒဏ် ရနေတဲ့ အနေအထားနဲ့ ဆက်တိုက်မယ် ဆိုရင် စုလင်းအနေနဲ့ ရုပ်ပျက်ဆင်းပျက်ကို ရှုံးနိမ့် သွားနိုင်ပါတယ်။ အခုလို အရှုံးပေးလိုက်တာက  ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်တာထက် စာရင်တော့ အများကြီး ပိုကောင်းသည်  မဟုတ်ပါလား။

“အလျော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ်စု”

လီဖူချန်းက ခေါင်းညိတ်ပြီး  ပြန်ပြောလိုက်ပါတယ်။

စုလင်းနဲ့ တိုက်ပွဲက တကယ်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ။ သည်ပွဲမှာ လီဖူချန်း အနေနဲ့ ကြေးဝါ ဓားအဆီအနှစ်က လွဲပြီး ကျန်တဲ့ ဝှက်ဖဲတွေ အကုန်လုံးကို အိတ်သွန်ဖာမှောက် ထုတ်သုံးလိုက် ရပါတယ်။

ပွဲစဉ် ၂၈၈၃ ကို အရောက်မှာတော့ စုလင်းနဲ့ ရှဟိုချောင်တို့ ထိပ်တိုက် တွေ့ဆုံကြပါပြီ။

စုလင်းရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကတင် ရှဟိုချောင်ကို အနိုင်ယူဖို့အတွက် လုံလောက်ခဲ့ပါတယ်။

အဆင့်တက်သွားတဲ့ စုလင်းဟာ  ရှဟိုချောင်ရဲ့ အဆင့်အတန်းမှာ ရှိမနေတော့ဘူး ဆိုတာကို သည်လက်ဝါးရိုက်ချက်က သက်သေပြ လိုက်တာပါပဲ။

စုလင်းကို အနိုင်ယူသွားတဲ့ လီဖူချန်းဆိုရင်တော့ ပြောမနေပါနဲ့တော့။

အခုချိန်မှာတော့  လူတွေ အားလုံးဟာ ခံစားချက် အမျိုးမျိုးရဲ့ လွှမ်းမိုးခြင်းကို ခံနေရပါတယ်။

ပြိုင်ပွဲမစခင်တုန်း ကတော့ ဘယ်သူကမှ လီဖူချန်းကို အခုလောက်အထိ အစွမ်းထက်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

အခုတော့ လီဖူချန်းက  ပြိုင်ဘက် အားလုံးကို အနိုင်ယူပြ ထားခဲ့ပါပြီ။

အရင်တစ်ခေါက် ကျားနဂါး စာရင်းဝင်တွေပဲ ဖြစ်ဖြစ်၊ သခင်လေးတွေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နတ်မိမယ်တွေပဲ ဖြစ်ဖြစ်ပါလေ။ လီဖူချန်းနဲ့ ထိပ်တိုက်တိုးမိတဲ့ လူတိုင်းရဲ့ ရလဒ် အဖြေကတော့  အရှုံးဆိုတဲ့ အရာပါပဲ။

လီဖူချန်းကတော့ ရှုံးပွဲမရှိ ဆိုတဲ့ ရလဒ်နဲ့ အမြင့်ကို ပျံနေဆဲ၊ ပျံနေမြဲပင်။

ပွဲစဉ်အမှတ် ၂၉၉၂ ကို အရောက်မှာတော့ လီဖူချန်းဟာ နောက်ထပ် သခင်လေး တစ်ယောက်နဲ့ ရင်ဆိုင် ရပြန်ပါတယ်။ အဲသည် သခင်လေးကတော့   လေပြင်းသခင်လေး ဟန်ရိမင်ပါပဲ။

ဟန်ရိမင်ကတော့  လီဖူချန်းနဲ့ မတွေ့ခင် ကတည်းက  အကြီးအကျယ် ဖိအား ဝင်နေပါပြီ။ လီဖူချန်းတစ်ယောက် အတွင်းအားကျင့်စဉ် အဆင့်မတက်ခင်တုန်း ကတော့ ဟန်ရိမင်က သူ့ကိုယ်သူ ယုံကြည်မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဟန်ရိမင်ရဲ့ ယုံကြည်မှုတွေက ပျက်ပြား သွားခဲ့ပါပြီ။

ဟူး ... ဟူး ... ဟူး ...

ဟန်ရိမင်ကလည်း လီဖူချန်းရဲ့ အမြန်နှုန်းမျိုးကို ပိုင်ဆိုင်ထားတာပါပဲ။ ကိုယ်ဖော့ပညာချင်း သီးသန့် ယှဉ်မယ် ဆိုရင်တော့ ဟန်ရိမင်နဲ့ လီဖူချန်းတို့ဟာ  သေချာပေါက်ကို  နံပါတ်တစ်နဲ့ နှစ်ပါပဲ။  သုံးပါးပရမတ်  နတ်မိမယ်ကျင်းရိုလုနဲ့ ဓားပျံသခင်လေး လျိုဖေးယွင်တို့တောင်မှ သူတို့နှစ်ယောက်ရဲ့ ကိုယ်ဖော့ပညာကို လိုက်မမီပါဘူး။

ဒါပေမဲ့ ကျင်းရိုလုက အကြိုကောင်းကင် နယ်ပယ်ကို ရောက်နေပါပြီ။ အဲသည်အတွက် ကိုယ်ဖော့ပညာ ပျမ်းမျှကို ယူလိုက်တဲ့ အခါမှာတော့ ကျင်းရိုလုဟာ ဟန်ရိမင်နဲ့ အဆင့်တူ နီးပါးအထိ ရှိလာပါတယ်။

လီဖူချန်းနဲ့ လျိုဖေးယွင်တို့ကတော့ သူတို့ နှစ်ယောက်ကို မယှဉ်နိုင်သေးပါဘူး။

***

လေပြင်းတစ်ချက် တိုက်ခတ်မှုနဲ့ အတူ ဟန်ရိမင်ရဲ့ ကိုယ်ပွား အရိပ်တွေက စင်မြင့် တစ်ခုလုံးကို ပြည့်နှက် သွားခဲ့ပါပြီ။

“မာယာများတဲ့ လေပြင်းမုန်တိုင်း”

ဟန်ရိမင်က လီဖူချန်းရဲ့ အစွမ်းအစကို အကဲခတ်ဖို့ စိတ်ကူး မရှိပါဘူး။ သူက တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ပေါင်းချုပ် သိုင်းကွက်ကို ထုတ်သုံး ပါတော့တယ်။

သည်ပေါင်းချုပ် သိုင်းကွက်ဟာ သူ့ရဲ့ ကိုယ်ဖော့ပညာကို အခြေခံပြီး တီထွင် ထားခဲ့တာပါ။ ဟန်ရိမင်က လက်ညှိုးလေး တစ်ချက် တောက်လိုက်တာနဲ့ မရေမတွက်နိုင်တဲ့ လေမုန်တိုင်း အသေးစားလေးတွေ ဖြစ်ပေါ်လာပြီး လီဖူချန်းကို တိုက်ခိုက် ပါတော့တယ်။ ကျန်ရှိနေတဲ့ ဟန်ရိမင်တွေကလည်း လက်ညှိုးကိုယ်စီ တောက်ထုတ်လိုက်ပါပြီ။

လီဖူချန်းကလည်း သူ့ရဲ့ လေနက်ကိုယ်ပွား သုံးခု  ပညာရပ်ကို ထုတ်သုံးကာ အလျင်အမြန် ပြေးလွှားနေပြီး ဟန်ရိမင်ကို လိုက်ရှာ နေပါတယ်။ သူ့ရဲ့ ကိုယ်ပွားတွေထဲက နှစ်ခုဟာ  အစစ်နဲ့ အတော်လေးကို တူညီပါတယ်။

လီဖူချန်းရဲ့ ပြေးနှုန်းကတော့ ဟန်ရိမင်လောက် မမြန်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အသိစိတ် အာရုံက လီဖူချန်းကို ပိုမိုကောင်းမွန်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ဖို့အတွက် အကူအညီ ပေးနေတယ်လေ။ လီဖူချန်းရဲ့ ခြေလှမ်းတိုင်းဟာ အကြိမ်တစ်ထောင်မက တွက်ချက်ထားသလား လို့တောင် ထင်ရပါတယ်။ လီဖူချန်းက ဟန်ရိမင် တောက်ထုတ်လိုက်တဲ့ လေပွေတိုင်းကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်း နေနိုင်ဆဲပါပဲ။

ဖုန်း ... ဖုန်း ... ဘန်း ... ဘန်း ... ဝုန်း ...

ဆယ်နဲ့ချီတဲ့ ဟန်ရိမင်တွေနဲ့  လီဖူချန်ရဲ့ ကိုယ်ပွားတွေ ကတော့ စင်မြင့်ပေါ်မှာ တိုက်ခိုက် နေကြပါပြီ။

လီဖူချန်း  အစစ်ကတော့ အရမ်းကာရော တိုက်ခိုက်မနေဘဲ ဟန်ရိမင် အစစ်ကိုသာ လိုက်လံ ရှာဖွေနေပါတယ်။

ရွှီး ...

ရုတ်တရက် ဆိုသလို ဟန်ရိမင် တစ်ယောက်က လီဖူချန်းအစစ်ရဲ့ နောက်မှာ ပေါ်လာပြီး အလစ်တိုက် လိုက်ပါတယ်။ လီဖူချန်းအစစ်ကလည်း  ဟန်ရိမင် အနေနဲ့ အခုလို အလစ် ဝင်တိုက်မယ် ဆိုတာကို ခန့်မှန်းထားပြီးတဲ့ ပုံပင်။

လီဖူချန်း အစစ်က အလျင်အမြန်ပင် ခေါင်းငုံ့ ရှောင်လိုက်ပြီး ဓားချက် တစ်ချက်ကို နောက်ပြန် ထိုးသွင်း လိုက်ပါတယ်။ လီဖူချန်း အစစ်ရဲ့ နောက်ပြန် ဓားချက်က ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ထောင့်ကျဉ်းကနေ ဝင်လာတာ ဖြစ်တဲ့အတွက်  ဟန်ရိမင်က ဘာမှမတတ်နိုင်ဘဲ ပုံလျက်သား လဲကျသွားခဲ့ပါတယ်။

ထိုဟန်ရိမင် လဲကျသွားတာနဲ့ တစ်ပြိုက်နက်  ကျန်ရှိနေသေးတဲ့  ဟန်ရိမင်တွေ အကုန်လုံးဟာ တစ်မုဟုတ်ချင်း  ပျောက်ကွယ် သွားခဲ့ပါပြီ။

သည်တစ်ပွဲမှာ အနိုင်ရရှိသူကလည်း  လီဖူချန်းပါပဲ။

***

All Chapters