ခရမ်းရောင် နတ်ဘုရားအပ်
Vol. 23 Ch. 307
အလင်းကကြိုး နတ်မိမယ် ရန်ချင်းဟူ၊ နက္ခတ်တာရာ သခင်လေး မုယုံဒီး၊ တုံလင်သခင်လေး ရှဟိုချောင်၊ နှင်းရေခဲနတ်မိမယ် စုလင်း၊ လေပြင်းသခင်လေးနဲ့ ဓားပျံသခင်လေး လျိုဖေးယွင်။
အခုဆိုရင် လီဖူချန်းက သခင်လေး ၄ ယောက်နဲ့ နတ်မိမယ် ၂ ဖော်ကို အနိုင်ယူခဲ့ပြီးပါပြီ။
လေပြင်းသခင်လေး ဟန်ရိမင်ကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အလွန်ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက် ဆိုတာကို လူတိုင်းက သဘောပေါက် သွားပါတယ်။ သူ့ရဲ့ ကျောက်တုံးမဏ္ဍိုင်ပေါ်မှာ မားမားမတ်မတ် ရပ်နေတဲ့ လီဖူချန်းဟာ အလွန်ထက်တဲ့ ဓားတစ်ချောင်းကို ထောင်ထားသလိုပါပဲ။
သူ့ရဲ့ ဆန့်ကျင်ဘက် အရပ်မှာရှိတဲ့ ကျောက်တုံးမဏ္ဍိုင် ပေါ်မှာတော့ နဂါးဓားသခင်လေး ချူးယီ ရှိနေပါတယ်။ ဆန့်ကျင်ဘက် အရပ်မျက်နှာ နှစ်ဖက်မှာ ရှိနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ အရှိန်အဝါတွေက တစ်ယောက်ကို တစ်ယောက် ဖိအားပေးဖို့ ကြိုစားနေပုံပါပဲ။
ကျားနဂါးပြိုင်ပွဲရဲ့ ကျင်းပချိန် ကြာမြင့်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေက ပိုပိုပြီး ပြင်းထန်လာပါပြီ။
ကြယ်ကံကြမ္မာတောင်နဲ့ ၁၀၈ ကွက် မဟာဝင်္ကပါတို့ဟာ ပြိုင်ပွဲကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းအချို့ ရှိနေတဲ့ပုံပင်။
ပွဲစဉ် ၃၂၀၀ ကို အရောက်မှာတော့ နတ်စမ်းရေသခင်လေး တန်ကျင်းယွန်နဲ့ လေပြင်းသခင်လေး ဟန်ရိမင်တို့ ထိပ်တိုက် တွေ့ကြပါပြီ။
တန်းကျင်းယွန်ရဲ့ လက်နက်ကတော့ ဝါးစိမ်းတုတ် တစ်ချောင်းပါပဲ။ သည်ဝါးစိမ်းတုတ်ကို မည်သည့်အရာတွေနဲ့ ပြုလုပ်ထားသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သည်ဝါးစိမ်းတုတ်ဟာ ဆန်းကြယ်အဆင့် လက်နက်တွေနဲ့ ယှဉ်နိုင်တယ် ဆိုတာပါပဲ။
ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဟန်ရိမင်က သူ့ရဲ့ ထုံးစံအတိုင်း ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးကာ တန်ကျင်းယွန်ကို ပတ်ပြေးပြီး အလစ်အငိုက်ဖမ်း တိုက်ခိုက်ဖို့အတွက် လုပ်ဆောင် ပါတော့တယ်။
ဒါပေမဲ့ တန်ကျင်းယွန်က ဝါးစိမ်းတုတ် ရိုက်ချက် တစ်ချက်နဲ့တင် ဟန်ရိမင်ကို အောက်စည်းကို ရောက်သွားစေခဲ့ပါပြီ။
သခင်လေး ၆ ယောက်ရဲ့ နံပါတ်တစ်ဖြစ်တဲ့ တန်ကျင်းယွန်ဟာ ဘက်ပေါင်းစုံမှာ ထူးချွန်ပါတယ်။ သူ့ရဲ့ လက်ထဲက ဝါးစိမ်းတုတ်ဟာ ကိုယ်ပိုင် အသိစိတ်ဝိညာဉ် ရှိနေသလိုပါပဲ။ တန်ကျင်းယွန်ရဲ့ လက်တစ်ချက် လှုပ်လိုက်တိုင်းမှာ ဟန်ရိမင်ကတော့ အသည်းအသန် ရှောင်တိမ်း နေရပါတယ်။
' ပြီးပြည့်စုံစွာ ဖွံ့ဖြိုးပြီးသွားတဲ့ ဆန်းကြယ်အဆင့်မြင့် ပညာရပ်ဆန္ဒ '
လီဖူချန်းက အံ့သြ မှင်တက်စွာဖြင့် ရေရွတ် လိုက်ပါတယ်။
တန်ကျင်းယွန်ရဲ့ သိုင်းပညာဆန္ဒက ပြီးပြည့်စုံစွာ ဖွံ့ဖြိုးပြီးတဲ့ အဆင့်ကို ရောက်ရှိနေပြီ ဆိုတာကိုတော့ ယုံမှား သံသယ ဝင်စရာ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ဝါးစိမ်းတုတ် ရိုက်ချက်တိုင်းဟာ အပိုအလိုမရှိ တိတိကျကျ ဖြစ်နေလို့ပါပဲ။
“ဝင်္ကပါ ဝါးစိမ်းတောအုပ်”
သိုင်းကွက် ၅ ကွက်ကို ကျော်လွန်ပြီးတဲ့ အခါမှာတော့ တန်ကျင်းယွန်ဟာ သူ့ရဲ့ ပေါင်းချုပ် သိုင်းကွက်ကို ထုတ်လိုက်ပါပြီ။ သူ့လက်ထဲမှာ ရှိတဲ့ ဝါးစိမ်းတုတ်ဟာ ရာနဲ့ချီတဲ့ ဝါးစိမ်းတုတ် အရိပ်တွေ ဖြစ်သွားပြီး ဟန်ရိမင်ကို ချောင်ပိတ်ကာ တိုက်ခိုက်လိုက်ပါတယ်။
ဖုန်း …
“ဝေါ့ ...”
ဟန်ရိမင်က သွေးအန်ပြီး အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ သူက တန်ကျင်းယွန်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။
ပွဲစဉ် ၃၅၀၀ ကို အရောက်မှာတော့ တန်ကျင်းယွန်က စုလင်းနဲ့ ထိပ်တိုက် တွေ့ကျပါပြီ။
သည်တိုက်ပွဲက စုလင်းနဲ့ လီဖူချန်းရဲ့ တိုက်ပွဲထက်ကို ပြင်းထန်ပါသေးတယ်။
ပွဲစပြီဆိုတာနဲ့ စုလင်းက သူမရဲ့ အတွင်းအားကျင့်စဉ် အားသာချက်ကို အခွင့်ကောင်း ယူပြီး တန်ကျင်းယွန်ကို တရစပ် တိုက်ပါတော့တယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကတော့ နှင်းမုန်တိုင်းတွေကို ဖြစ်ပေါ်နေစေဆဲပါပဲ။
တန်ကျင်းယွန်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အတွင်းအား ကျင့်စဉ်က စုလင်းထက်ကို နိမ့်ကျတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာအပေါ် နားလည်မှုက အရမ်းကို နက်နဲနေပါပြီ။ တန်ကျင်းယွန်ရဲ့ လှုပ်ရှားမှုတိုင်းဟာ သိမ်မွေ့နက်နဲ လွန်းလှပါတယ်။
ဘန်း ... ဘန်း ... ဘန်း ...
ဝါးစိမ်းတုတ် ရိုက်ချက်တွေဟာ လျင်မြန် တိကျစွာနဲ့ နှင်းမုန်တိုင်းတွေကို ဖြိုခွဲ ပစ်လိုက်ပါတယ်။ ဒါပေမဲ့ စုလင်းနဲ့ အချိန်အတော်ကြာ တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ ပါးလွှာတဲ့ ရေခဲ အမှုန်အမွှားလေးတွေဟာ တန်ကျင်းယွန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ညှိနေခဲ့ပါပြီ။ အဲဒါက တန်ကျင်းယွန်ရဲ့ အတွင်းအား လည်ပတ်မှုကို အနည်းငယ် နှောင့်နှေး စေတယ်လေ။
"မစဲသော နှင်းမုန်တိုင်း”
အကြိုကောင်းကင် နယ်ပယ်ကို ရောက်ပြီးတဲ့ နောက်မှာတော့ စုလင်းရဲ့ ပေါင်းချုပ် သိုင်းကွက်ဟာ အတော်လေးကို ဟာကွက် နည်းသွားခဲ့ပါပြီ။
ရုတ်ခြည်း ဆိုသလိုပင် အားကောင်းလှတဲ့ နှင်းမုန်တိုင်းကြီး တစ်ခုဟာ တန်ကျင်းယွန်ဆီကို တိုးဝင် သွားပါတော့တယ်။
“ငါကလည်း ဒါကို စောင့်နေတာ”
တန်ကျင်းယွန်က မခိုးမခန့် ပြုံးလိုက်ပြီး သူ့ရဲ့ ဝါးစိမ်းတုတ်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ဝါးစိမ်းတုတ်ကိုတော့ ခရမ်းရောင် အလွှာတစ်ခုက လွှမ်းခြုံနေပါပြီ။
“ဖျက်ဆီးစမ်း”
ထို့နောက်မှာတော့ တန်ကျင်းယွန်က မာန်အပြည့်ဖြင့် ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ဝါးစိမ်းတုတ်ဖြင့် နှင်းမုန်တိုင်းကြီးကို ရိုက်ချလိုက် ပါတော့တယ်။
ဖောက် ... ဖောက် ... ဖောက် ... ဖောက် ...
တန်ကျင်းယွန်ရဲ့ ဝါးစိမ်းတုတ်ကနေ ထွက်ပေါ်လာတဲ့ ခရမ်းရောင် ချီစွမ်းအင်တွေဟာ ခရမ်းရောင် အပ်အသွင်ကို ပြောင်းသွားပြီး နှင်းမုန်တိုင်းကြီးကို ဖောက်ထွက်သွား ခဲ့ပါတယ်။ ထိုမျှတင် မကသေးပါဘူး။ ထိုခရမ်းရောင်အပ်ဟာ စုလင်းရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်ပြီး သူမရဲ့ ခန္ဓာကိုယ်ထဲကိုပါ စိုက်ဝင် သွားပါသေးတယ်။
“အာ့”
စုလင်းရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ ပန်းထွက်လာခဲ့ပါပြီ။
“ဆ ... ဆန်းကြယ် အထွတ်အထိပ် သိုင်းပညာ”
စုလင်းက ဗလုံးဗထွေး ရေရွတ်လိုက်ပါတယ်။
တန်ကျင်းယွန်က စုလင်းကို ဆက်မတိုက်တော့ဘဲ ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်ပါတယ်။
“ဟုတ်တယ်။ ငါအခု ထုတ်သုံးလိုက်တဲ့ သိုင်းပညာကို ခရမ်းရောင် နတ်ဘုရားလို့ ခေါ်တယ်။ ငါက သည်သိုင်းပညာရပ်ရဲ့ ဆန္ဒကို အသုံးမပြုနိုင်သေး ပေမဲ့လည်း ပြီးပြည့်စုံတဲ့ အဆင့်အထိတော့ လေ့ကျင့်ပြီးသွားပြီ ... ။ အဲသည်တော့ မင်းရဲ့ ချီအကာအကွယ်ကို ငါက အသာလေး ဖောက်ထွက်နိုင်တယ်”
“ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားတယ် ...”
လူတွေအားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြပါပြီ။
ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာ ဆိုတာက ဆန်းကြယ်အဆင့် သိုင်းပညာတွေထဲမှာ အစွမ်းအထက်ဆုံးပါပဲ။
လက်ရှိ အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့ မြေကမ္ဘာအဆင့် သိုင်းပညာတွေဟာ မရှိသလောက်ကို ရှားပါတယ်။ အဲသည်အတွက် ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာတွေဟာ လုံးဝကို ပြိုင်ဘက်မရှိတဲ့ တည်ရှိမှုတွေပါပဲ။
ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာတော့ ပညာရပ် ဆန္ဒကို အသုံးပြုလို့ မရသေးပါဘူး။ ဒါပေမဲ့ သည်သိုင်းပညာရဲ့ အစွမ်းထက်မှုကတော့ အရမ်းကို အံ့သြဖွယ်ရာ အဆင့်တစ်ခုကို ရောက်နေပါပြီ။
တန်ကျင်းယွန်ရဲ့ ဝါးစိမ်း တုတ်ရိုက်ချက်ကနေ ဖြစ်ပေါ်လာတဲ့ ခရမ်းရောင် အပ်လေးဟာ အလွန်သေးငယ် ပေမဲ့လည်း စုလင်းရဲ့ ချီအကာအကွယ်ကို အလွယ်တကူ ကျော်ဖြတ် သွားနိုင်ခဲ့တယ်လေ။ စုလင်းကို မဆိုပါနှင့်ဦး။ ကြယ်ဘုရင် သုံးပါးတောင်မှ တန်ကျင်းယွန်ရဲ့ သည်သိုင်းကွက်ကို ခံယူရဲမှာ မဟုတ်ပါဘူး။
“တန်ကျင်းယွန်က သခင်လေး ၆ ယောက်ထဲမှာ နံပတ်တစ် ဖြစ်နေတာလည်း မပြောနဲ့လေ။ သူက ဆန်းကြယ် အထွတ်အထိပ် သိုင်းပညာကိုတောင်မှ ပြီးပြည့်စုံတဲ့ အဆင့်အထိ လေ့ကျင့်ထား နိုင်တာကိုး”
လီဖူချန်းက တန်ကျင်းယွန်ကို စိတ်ထဲကနေ ကြိတ်ပြီး ချီးကျူး လိုက်ပါတယ်။
"အံ့သြစရာ ကောင်းလိုက်တာ ... တကယ်ကို မယုံနိုင်စရာပဲ။ သည်ကောင်လေးရဲ့ သိုင်းပညာအဆင့်က ငါ့ကိုတောင် မီတော့မယ်”
ဇောင်ဝူကျင်းက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
အိုးရန်ဝမ်းထင်ကလည်း ခေါင်းညိတ်လိုက်ပြီး ..
“သည်ကလေးက သည်ဘက်ခေတ် မျိုးဆက်ရဲ့ လက်ရွေးစင် ပါရမီရှင် တစ်ယောက်ပဲလေ။ ဒါက သိပ်ပြီးတော့လည်း မထူးဆန်းလှပါဘူး” ဟု မှတ်ချက် ပေးလိုက်ပါတယ်။
ပွဲစဉ် ၃၆၅၀ မှာ ထိပ်တိုက်တွေ့ကြတာ ကတော့ သုံးပါးပရမတ် နတ်မိမယ် ကျင်းရိုလုနဲ့ ဓားပျံသခင်လေး လျိုဖေးယွင်တို့ပါပဲ။
နတ်မိမယ် ၄ ဖော်ထဲက အတော်ဆုံးဟု ဆိုရလောက်တဲ့ ကျင်းရိုလုနဲ့ ရင်ဆိုင်ရတာ ဖြစ်တဲ့အတွက် လျိုဖေးယွင်ဟာ သူမကို အခွင့်အရေး ပေးချင်ဟန် မတူပါဘူး။ ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် လျိုဖေးယွင်က သူ့ရဲ့ ဓားပျံပစ်ခတ်ခြင်း လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံး ပါတော့တယ်။
ကျင်းရိုလုက အကြိုကောင်းကင်နယ်ကယ် အဆင့်ကို ရောက်ရှိနေပါပြီ။ အဲသည်အတွက် လျိုဖေးယွင်အနေနဲ့ လက်ဦးမှု ရယူထားတာက အကောင်းဆုံး ဆုံးဖြတ်ချက်ပင် မဟုတ်ပါလား။
ရွှီး ...
လျိုဖေးယွင်ရဲ့ ဓားပျံက ကျင်းရိုလုကို တည့်တည့်မတ်မတ် စိုက်ဝင် သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျင်းရိုလုက လျိုဖေးယွင်ရဲ့ ဓားပျံကြောင့် ဘာမှ ခံစားရဟန် မတူပါဘူး။
' ပုံရိပ်ယောင် နည်းစနစ် '
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
လျိုဖေးယွင်ကလည်း လက်ရွေးစင် ပါရမီရှင်တစ်ယောက် ဖြစ်နေတဲ့အတွင် ကျင်းရိုလု အနေနဲ့ သူ့ကို စိတ်ထင်ယောင်ထင်မှား ဖြစ်အောင် အပြည့်အဝ လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ ကျင်းရိုလုက ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်ပါသေးတယ်။
ထို့နောက်မှာတော့ ကျင်းရိုလုရဲ့ ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲကနေ ပေါ်ထွက်လာပြီး ကြောင်အမ်းအမ်း ဖြစ်နေတဲ့ လျိုဖေးယွင်ကို ရိုက်ချက အနိုင်ယူ သွားခဲ့ပါတယ်။
မိုးကြိုးကြယ်ဘုရင် စီးတုလေ့က လွဲပြီး ကျန်တဲ့ ကြယ်ဘုရင်နှစ်ယောက် ကတော့ မျက်နှာပျက် နေပါပြီ။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက သူတို့ နှစ်ယောက်ဟာ ကျင်းရိုလုရဲ့ ပုံရိပ်ယောင် နည်းစနစ်ကို မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျင်းရိုလုရဲ့ လက်ရှိ ပုံရိပ်ယောင် နည်းစနစ်က တည်ရှိမှုတွေကိုတောင် ဖျောက်ထားနိုင်ပါပြီ။
သူတို့ နှစ်ယောက်အနေနဲ့ ကျင်းရိုလုရဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အတတ်ပညာကို တောင့်ခံနိုင်မလား ဆိုတာတောင် မသေချာတော့ပါဘူး။
ပွဲစဉ် ၃၇၂၀ မှာတော့ ကျင်းရိုလုက လေပြင်းသခင်လေး ဟန်ရိမင်ကို အနိုင်ယူလိုက် ပြန်ပါတယ်။ ဟန်ရိမင် အနေနဲ့ ကျင်းရိုလုရဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အတတ်ပညာကို ဘယ်လိုမှ မတောင့်ခံနိုင် ခဲ့ပါဘူး။
ပွဲစဉ် ၃၉၀၀ ကို အလှည့်ကျ သူတွေကတော့ လီဖူချန်းနဲ့ တန်ကျင်းယွန်တို့ပါပဲ။
တစ်ယောက်ကတော့ ဖျက်မြင်းတွေရဲ့ ဘုရင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သခင်လေး ၆ ယောက်ရဲ့ အတော်ဆုံး နံပါတ်တစ် ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ အင်မတန် ပြင်းထန်မယ်လို့ အားလုံးက ခန့်မှန်းထား ကြပါတယ်။
“မင်းက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။ အရှုံးပေးလိုက်တော့ ...”
တန်ကျင်းယွန်က အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။ သူ့ပုံစံက လီဖူချန်းကို အနိုင်ရမယ် ဆိုတာ လုံးဝသေချာနေတဲ့ ပုံပင်။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ လီဖူချန်းက စုလင်းနဲ့ တိုက်ပွဲမှာ ရှိသမျှ ပညာပေါင်းစုံကို အိတ်သွန်ဖာမှောက် အသုံးပြုခဲ့ ပြီးသွားပါပြီ။ ခုခံမှု အပိုင်းမှာ ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းဟာ စုလင်းထက် မဆိုစလောက် ကလေး သာနေတာပါ။
တန်ကျင်းယွန်ရဲ့ ခရမ်းရောင် နတ်ဘုရားအပ်က ခုခံမှုတွေကို ဖျက်ဆီးတဲ့ နေရာမှာ အလွန် အသုံးဝင်ပါတယ်။
အဲသည် သိုင်းပညာက လီဖူချန်းရဲ့ ခံစစ်ကို ထိုးဖောက်ဖို့အတွက် လုံလောက်မက လုံလောက်နေပါပြီ။
“မင်းနိုင်မယ် ဆိုတာ သေချာနေပြီလား ...”
လီဖူချန်းကလည်း မထီတရီ ပြုံးပြီး ပြန်မေးလိုက်ပါတယ်။
လီဖူချန်းကလည်း တန်ကျင်းယွန်ကို အနိုင်တိုက်ဖို့ ယုံကြည်မှု အပြည့် ရှိနေတယ်လေ။
“အိုး”
တန်ကျင်းယွန်က လီဖူချန်းရဲ့ တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့် သွားခဲ့ပါတယ်။ ကြည့်ရတာတော့ လီဖူချန်းဆီမှာ မထုတ်သုံးရသေးတဲ့ ဝှက်ဖဲအချို့ ကျန်ရှိနေသေးပုံပါပဲ။
“ဟုတ်ပြီလေ ... မင်းဆီမှာ ဘာဝှက်ဖဲတွေ ရှိနေဦးမလဲ ဆိုတာကို စောင့်ကြည့် ကြတာပေါ့”
တန်ကျင်းယွန်က အရင် လက်ဦးမှု ရယူပြီး တိုက်လိုက်ပါတယ်။
သူ့ရဲ့ ဝါးစိမ်းတုတ်ကတော့ အရိပ်တွေ ဖြာထွက်သွားပြီး လီဖူချန်းကို ရိုက်ချလိုက်ပါပြီ။
***