← Chapters

အပိုင်း၃၀၈

Vol. 23 Ch. 308

အပိုင်း၃၀၈

Vol. 23 Ch. 308

ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာဖြစ်တဲ့ ခရမ်းရောင် နတ်ဘုရားအပ်ကို ထုတ်မသုံးတာတောင်မှ  တန်ကျင်းယွန်ရဲ့ စွမ်းရည်က စုလင်းနီးပါးကို ရှိနေပါတယ်။

ဘန်း ... ဘန်း ... ဘန်း ...

ဝါးစိမ်းတုတ်နဲ့ ဓားနက်ကြီးကတော့ အရှိန်အဟုန် ပြင်းစွာဖြင့် ထိပ်တိုက် တွေ့နေကြပါပြီ။   စက္ကန့်ပိုင်းလေးမှာတင် လီဖူချန်းနဲ့ တန်ကျင်းယွန်တို့က သိုင်းကွက်ပေါင်း များစွာ ထုတ်သုံးပြီး သွားကြပါပြီ။

တန်ကျင်းယွန်ကတော့ အတော်လေးကို မခံချိ၊ မခံသာ   ဖြစ်နေပါတယ်။ လီဖူချန်းရဲ့ တိုက်ပွဲ အသိစိတ်က သူထင်ထားတာထက် ပိုကောင်းနေသည် မဟုတ်ပါလား။ (note - တိုက်ပွဲ အပေါ် သုံးသပ်နိုင်မှု၊ ဟာကွက် ရှာဖွေနိုင်စွမ်း အသိစိတ်အာရုံနဲ့ တိုက်ပွဲ အသိက အတူတူပါပဲ။ အခြေအနေပေါ် မူတည်ပြီး အသုံးအနှုန်း ပြောင်းသွားတာပါ)

သူက လီဖူချန်းကို ဖိနှိပ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့လည်း လီဖူချန်းက ပါးနပ်စွာဖြင့်  တန်ပြန်တိုက်စစ် ဆင်ခဲ့ပါတယ်။

လီဖူချန်းဆီက တန်ပြန် ဝင်ရောက်လာတဲ့ ဓားတစ်ချက်ကိုသာ မရိုက်ထုတ်နိုင်ခဲ့ပါက အခုလောက် ဆိုရင် သူက အောက်စည်းကိုတောင် ရောက်သွား နိုင်ပါသေးတယ်။

“သူ့ရဲ့   အသိစိတ်အာရုံက မဆိုးဘူးဘဲ”

တန်ကျင်းယွန်ရဲ့  အသိစိတ်အာရုံက  လီဖူချန်းနဲ့ ယှဉ်ရင်တော့ အများကြီး နိမ့်ကျနေတာ အမှန်ပါပဲ။ ဒါပေမဲ့ လီဖူချန်းရဲ့  ခန္ဓာကိုယ် တုံ့ပြန်နိုင်စွမ်းက ကန့်သတ်ချက် ရှိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က သည်လောက်အထိ လိုက်လုပ်နိုင်နေတာတောင်မှ   ကံကောင်းလှပါပြီ။

အခြေအနေ မဟန်မှန်းကို သဘောပေါက်တဲ့  တန်ကျင်းယွန်ကတော့ သူ့ရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာဖြစ်တဲ့ ခရမ်းရောင် နတ်ဘုရားအပ် သိုင်းပညာကို ထုတ်သုံးပါတော့တယ်။

ဝါးစိမ်းတုတ်ကိုတော့ ခရမ်းရောင် အလွှာတစ်ခုက လွှမ်းခြုံ ထားခဲ့ပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး မြန်ဆန်တိကျ လာသလို  သိုင်းကွက်သိုင်းကလည်း  ပိုပြီး ထက်မြက် လာခဲ့ပါတယ်။ တန်ကျင်းယွန်ရဲ့ ဝါးစိမ်းတုတ် ရိုက်ချက်တွေက မထင်မှတ်ထားတဲ့ ထောင့်ကျဉ်းတွေကနေ ထွက်ပေါ်လာပြီး လီဖူချန်းကို စတင် ဖိအားပေး လာခဲ့ပါပြီ။

ဒါပေမဲ့ တကယ့်ကို အံ့သြစရာပါပဲ။ တန်ကျင်းယွန်ရဲ့ ဝါးစိမ်းတုတ် ရိုက်ချက်တွေဟာ လီဖူချန်းကို တစ်ချက် ကလေးတောင် မထိခဲ့ပါဘူး။ လီဖူချန်းက  ဝါးစိမ်းတုတ် ရိုက်ချက်တွေရဲ့ လားရာကို ကြိုတင် သိရှိနေတဲ့ အလား  ရှောင်တိမ်း သွားနိုင်ပါတယ်။

“ဖျက်ဆီးစမ်း”

စိတ်မရှည်တော့တဲ့  တန်ကျင်းယွန်ဟာ သူ့ရဲ့ ချီအတွင်းအားတွေကို စုစည်းပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

သည်သိုင်းကွက်ဟာ အစောပိုင်းတုန်းက စုလင်းကို အနိုင်ယူခဲ့တဲ့ ခရမ်းရောင် သက်တန့် သိုင်းကွက်ပါပဲ။ ဒါပေမဲ့ သည်တစ်ခါ တန်ကျင်းယွန် အသုံးပြုလိုက်တာက စုလင်းနဲ့ တုန်းကထက် ၃၀ ရာခိုင်နှုန်း  ပိုမြန်ပါတယ်။

သည်သိုင်းကွက်ကို ကြယ်ဘုရင် စီးတုလေ့က လွဲပြီး  မည်သူမျှ မရှောင်နိုင်ဘူးလို့ တန်းကျင်းယွန် တစ်ယောက် ယုံကြည်ထားပါတယ်။

ဒါပေမဲ့ လီဖူချန်းက ချွင်းချက် ဖြစ်လာခဲ့ပါပြီ။

တန်ကျင်းယွန် တစ်ယောက် သည်သိုင်းကွက်ကို ထုတ်သုံးဖို့ အတွင်းအား စုဆောင်းနေတာကို လီဖူချန်းရဲ့ အသိစိတ်အာရုံက သတိပြုမိလိုက်တယ်လေ။  တန်ကျင်းယွန်ရဲ့  ဝါးစိမ်းတုတ် ရိုက်ချက် ထွက်လာတဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ မူလနေရာမှာ ရှိမနေတော့ပါဘူး။

ဝှီး ...

ခရမ်းရောင် ဝါးစိမ်းတုတ်ကတော့  လီဖူချန်းရဲ့ အရိပ်ကိုပဲ ရိုက်လိုက်မိပါတယ်။ ရှည်လျားပြီး သေးသွယ်တဲ့  ခရမ်းရောင် နတ်ဘုရားအပ် ချီအတွင်းအား ကတော့ အလဟဿ ဖြစ်သွားခဲ့ပါပြီ။

“သူက ရှောင်နိုင်တာလား”

တန်ကျင်းယွန်က သူ့မျက်စိကိုတောင် မယုံတော့ သလိုပါဘဲ။

“မီးတောက်မိစ္ဆာရဲ့ ဦးချို”

လီဖူချန်းက ခရမ်းရောင် သက်တန့်ကို ရှောင်တိမ်း ပြီးသွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အလျင်အမြန်ပဲ တန်ပြန်တိုက်စစ် စတင်လိုက်ပါတယ်။ ကြက်သွေးရောင် ဦးချိုကြီး ကတော့  မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သလို တန်ကျင်းယွန်ဆီကို ပြေးထွက်သွားခဲ့ပါပြီ။

တန်ကျင်းယွန်က လီဖူချန်းတစ်ယောက် သူ့ရဲ့ သိုင်းကွက်ကို ရှောင်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့တဲ့အတွက် ခုခံဖို့ကို မပြင်ဆင်ထားခဲ့ပါဘူး။ အဲသည် အတွက် သူက  ဘယ်ဘက်လက်ကို သုံးပြီး ကမန်းကတန်း ကာကွယ်လိုက် ရပါတယ်။

ဘန်း  ...

ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ တန်ကျင်းယွန် တစ်ယောက် အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။ တန်ကျင်ယွန်ရဲ့ နှုတ်ခမ်းထောင့် ကနေလည်း သွေးတွေ စီးကျနေတဲ့အတွက် လီဖူချန်းရဲ့ တန်ပြန် တိုက်ခိုက်မှုက သူ့ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ် ဆိုတာ  ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။

“သည်ကလေးရဲ့  ဟာကွက် ရှာဖွေနိုင်စွမ်းက မယုံနိုင်စရာ ကောင်းလောက်အောင်  မြင့်မားနေပြီ။ တန်ကျင်းယွန်တောင်မှ သူ့ရဲ့ အကြည့်အောက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး”

“တကယ်လို့သာ နှစ်ဖက်စလုံးက တိုက်ခိုက်မှု စွမ်းရည်နဲ့ ခံနိုင်ရည်တွေ ညီမျှနေခဲ့မယ် ဆိုရင်  ဘယ်သူမှ သည်ကလေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာ ငါရဲရဲကြီး အာမခံရဲတယ်”

၁၀၈ ကွက် မဟာဝင်္ကပါရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် တွေကတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံကို ကောင်းကောင်းကြီး သတိပြုမိနေပါပြီ။

သည်လို အသိစိတ်အာရုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် လေ့ကျင့်ယူလို့ မရပါဘူး။ ဒါက မွေးကတည်းက ပါလာတဲ့ အထုံပါရမီ အမျိုးအစား တစ်ခုပါပဲ။

မြင့်မြတ်တဲ့  အရိုးတည်ဆောက်ပုံနဲ့ မွေးလာတဲ့ ကလေးတိုင်းရဲ့ အသိစိတ်အာရုံဟာ လေ့ကျင့်ပေးစရာ မလိုဘဲနဲ့ အလိုလို အစွမ်းထက်နေ ပြီးသားပါပဲ။ တန်ကျင်းယွန်ဟာ ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ  ပိုင်ရှင်ဖြစ်တဲ့အတွက်  သူ့ရဲ့ အသိစိတ်အာရုံဟာ  သာမန် ပါရမီရှင်တွေထက်ကို အများကြီး အစွမ်းထက်ပါတယ်။ ဒါပေမဲ့ လီဖူချန်းနဲ့ ယှဉ်လိုက်တဲ့ အခါမှာတော့  တန်ကျင်းယွန်ရဲ့ အသိစိတ်အာရုံဟာ သိသိသာသာကြီးကို အားနည်းလွန်း နေပါတယ်။

လီဖူချန်းက ခန္ဓာကိုယ် တုံ့ပြန်မှု ကန့်သတ်ချက်ကြောင့် သူ့ရဲ့ အသိစိတ်အာရုံကို အပြည့်အဝ အသုံးမချနိုင်ဘဲ တစ်စိတ်တစ်ပိုင်းသာ အသုံးချနိုင်တယ် ဆိုတာကို သိရင်တော့ ထိုပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ ရူးတောင် ရူးသွားလောက်ပါတယ်။

လီဖူချန်းကတော့ သူ့ရဲ့ တရစပ် တိုက်ခိုက်ပုံကို စတင်ပါပြီ။ သူက  ဒဏ်ရာရနေတဲ့ တန်ကျင်းယွန်ကို လုံးဝ အနားယူခွင့် မပေးဘဲ နောက်ထပ် သိုင်းကွက်တစ်ကွက်ကို ထုတ်လိုက်ပါတယ်။

တန်ကျင်းယွန်က ကြိုးစားပြီး ရှောင်တိမ်းလိုက် ပေမဲ့လည်း လီဖူချန်းရဲ့ အသိစိတ်အာရုံက ကြိုတင်ပြီး တွက်ချက်ထား ပြီးပါပြီ။ လီဖူချန်းရဲ့ ဓားချက်တွေက တန်ကျင်းယွန် ရှောင်တိမ်းနိုင်မဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားခဲ့တယ်လေ။

ရွှမ်း ...

လီဖူချန်းရဲ့  ကြက်သွေးရောင်ဦးချို ဓားချက်က တန်ကျင်းယွန်ရဲ့ ရင်ဘတ်ကို လှီးဖြတ်သွားခဲ့ပါပြီ။

သည်ပွဲကို အနိုင်ရသွားသူ ကတော့  လီဖူချန်းပါပဲ။

စုလင်းက သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပါတယ်။ လီဖူချန်းက သူမနဲ့ တိုက်ပွဲမှာ အစွမ်းကုန် တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး ဆိုတာ သိသာလွန်းနေပါပြီ။ သူမနဲ့ တိုက်ပွဲမှာတုန်းက လီဖူချန်းဟာ ထိပ်တိုက်ရင်ဆိုင်ဖို့ နည်းလမ်းကိုသာ ရွေးချယ်ခဲ့တာပါ။  တကယ်လို့သာ လီဖူချန်းက တန်ကျင်းယွန်ကို တိုက်ခိုက်တဲ့ နည်းအတိုင်း  သူမကို တိုက်ခိုက်ခဲ့မယ် ဆိုရင် သိုင်းကွက် အနည်းငယ် အတွင်းမှာပဲ အဖြေပေါ် နေလောက်ပါပြီ။

ဒါပေမဲ့ စုလင်း မသိတာကတော့ လီဖူချန်းဟာ အစစ်အမှန် ငရဲမီးတောက်  အတွင်းအားကျင့်စဉ် အဆင့်် ၁၇ ကို ရောက်သွားလို့ အခုလို တိုက်ခိုက်နိုင်တာ ဆိုတာပါပဲ။  အစစ်အမှန် ငရဲမီးတောက် အတွင်းအားကျင့်စဉ် အဆင့်၁၇ကို ရောက်သွားလို့သာ လီဖူချန်းရဲ့ ခန္ဓာကိုယ်က သူ့ရဲ့ အသိစိတ်အာရုံနောက်ကို အနည်းငယ် ပိုလိုက်နိုင်ခဲ့တာပါ။ လီဖူချန်းက စုလင်းကို တမင်သက်သက် အလျော့ပေးပြီး တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။

ကျောက်တုံးမဏ္ဍိင် တွေပေါ်မှာ ရှိနေကြတဲ့ လူငယ်တွေကတော့ လီဖူချန်းနဲ့ ရင်ဆိုင်ရမဲ့ အရေးကိုတွေးပြီး  ကြောက်ဒူးတုန် နေကြပါပြီ။

သခင်လေး ၆ ယောက်ထဲက နံပါတ်တစ်ဖြစ်တဲ့ တန်ကျင်းယွန်တောင်မှ လီဖူချန်းကို ရှုံးသွားခဲ့တာလေ။ ကြယ်ဘုရင်သုံးပါးက လွဲပြီး မည်သူက လီဖူချန်းကို ယှဉ်နိုင်ဦးမည်နည်း။

သုံးပါးပရမတ် နတ်မိမယ် ကျင်းရိုလု ကတော့ မျှော်လင့်ချက် အနည်းငယ် ရှိပါသေးတယ်။ အကယ်၍ သူမကသာ လီဖူချန်းကို  ညှို့ယူပြီး ပုံရိပ်ယောင် နယ်မြေအတွင်းမှာ ပိတ်လှောင် ထားနိုင်မယ် ဆိုရင်တော့  အနိုင်ရနိုင်တယ်လေ။

ဒါပေမဲ့လည်း အဲဒါက ယူဆချက် တစ်ခုပါပဲ။ လီဖူချန်းရဲ့ အသိစိတ်အာရုံက သည်လောက်အထိ အားကောင်း နေမှတော့ သူ့ရဲ့  စိတ်ဝိညာဉ်ကလည်း  အလွန်အမင်း အားကောင်းနေမယ် ဆိုတာ  ယုံမှားသံသယ ဝင်စရာ မလိုတဲ့ အရာတစ်ခုပါ။ ကျင်းရိုလုရဲ့ စိတ်လှည့်စားမှု အတတ်ပညာက  လီဖူချန်း အပေါ်မှာ သက်ရောက်မှု ရှိမလားဆိုတာ သိပ်ပြီး မသေချာလှပါဘူး။

နဂါးဓားသခင်လေး ချူးယီ ...

လူအများစုကတော့ ချူးယီဟာ လီဖူချန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်လိုက် ကြပါတယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကလည်း လီဖူချန်းကို ကြည့်နေရင်းနဲ့ အကြောက်တရား တစ်ခု ဝင်လာခဲ့ပါပြီ။ ဇောင်ဝူကျင်း အပါအဝင်ပေါ့။

လီဖူချန်းရဲ့ စွမ်းဆောင်ထားမှုတွေက  လွန်လွန်းမက လွန်လွန်းနေပြီ မဟုတ်ပါလား။ ဒါတောင်မှ သူက အသက် ၂၀ သာ ရှိပါသေးတယ်။ အကယ်၍ လီဖူချန်းသာ အသက်၂၅ ပြည့် သွားခဲ့ရင်တော့ ကောင်းကင်ဘုံကိုတောင် ဒူးနဲ့ တက်တိုက် နေလောက်ပါပြီ။

(note - ဒါကတော့ အလွန်အကျူး ဖွဲ့နွဲ့ထားတာပါ)

မိုးပြာရောင်ဂိုဏ်းရဲ့  သမိုင်းတစ်လျှောက်မှာ လီဖူချန်းလောက် ထူးချွန်တဲ့ ဂိုဏ်းတော်သား မပေါ်ပေါက်ခဲ့ ဖူးပါဘူး။

“အင်း ... နံပါတ်တစ် ပဟေဠိသိုင်းသမားကြီးရဲ့ ပထမဆုံး လက်ရင်းတပည့်က  ဘယ်လိုလုပ်ပြီး သည်လောက်အထိ ရိုးရှင်းပါ့မလည်း ... ။ ငါတို့အားလုံးက လီဖူချန်းရဲ့ အစွမ်းအစကို လျော့တွက်လိုက်မိတာပဲ”

အိုးရန်ဝမ်းထင်က ကျေနပ်မှု အပြည့်ဖြင့် မှတ်ချက် ချလိုက်ပါတယ်။

နံပါတ်တစ် ပဟေဠိသိုင်းသမားကြီး  ကျောထောက်နောက်ခံ ပြုထားပေးသရွေ့ ကတော့  ဘယ်သူကမှ လီဖူချန်းကို ထိရဲမှာ မဟုတ်ပါဘူး။ လီဖူချန်းတစ်ယောက် ဘေးမသီ၊ ရန်မခ  ရှိနေသေးသရွေ့ သူ့ရဲ့ ကျင့်ကြံမှုကလည်း တိုးတက်နေမှာပါ။

အကယ်၍ တစ်နေ့မှာသာ လီဖူချန်းတစ်ယောက်  ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီ ဆိုရင်တော့ ဇာတ်လမ်းက ပြီးသွားပါပြီ။ မိုးပြာရောင်ဂိုဏ်းကို ဘယ်သူမှ ထိရဲတော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒါက  အိုးရန်ဝမ်းထင်ရဲ့ မျှော်လင့်ချက် သက်သက်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက ကြယ် ၁ ပွင့် အရိုးတည်ဆောက်ပုံကိုသာ ပိုင်ဆိုင်ထား ခဲ့တာလေ။  ယုတ္ထိရှိရှိ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို  ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် အခွင့်အရေး နည်းလွန်း လှပါတယ်။

ပွဲစဉ် ၄၃၀၀ ကို အရောက်မှာတော့ တန်ကျင်းယွန်နဲ့ ကျင်းရိုလုတို့  ထိပ်တိုက် တွေ့ကြပါပြီ။

သည်တိုက်ပွဲကတော့ သခင်လေး ၆ ယောက်ရဲ့  နံပါတ်တစ် သခင်လေးနဲ့  နတ်မိမယ် ၄ ဖော်ရဲ့ နံပါတ်တစ် နတ်မိမယ်တို့ ဆုံတွေ့ကြတာ ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မှာ အသေအချာပါပဲ။

လီဖူချန်းကို ရှုံးနိမ့်သွားတဲ့ တန်ကျင်းယွန်ကတော့ စိတ်ဓာတ်ကျနေတဲ့ပုံမှာ ရှိမနေပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါတွေက ပိုပြီးတော့တောင် အားကောင်း လာပါသေးတယ်။

ဘန်း ... ဘန်း ... ဘန်း ... ဘန်း ...

တန်ကျင်းယွန်က ပွဲစပြီ ဆိုတာနဲ့ တရပ်စပ်ကို တိုက်စစ်ဆင် ပါတော့တယ်။ သူ့ရဲ့ လက်ထဲက ဝါးစိမ်းတုတ်ကလည်း ကောင်းကောင်းကြီး အစွမ်းပြနေပါပြီ။

ကျင်းရိုလုရဲ့  စိတ်လှည့်စားမှု အတတ်ပညာကလည်း တန်ကျင်းယွန် အပေါ်မှာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါပေမဲ့ သူမက ပုံရိပ်ယောင်တွေ ဖန်တီးပြီး တန်ကျင်းယွန်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ထား နိုင်ဆဲပါပဲ။  ပြောရမယ် ဆိုရင်တော့ သည်တိုက်ပွဲဟာ မျှခြေတစ်ခုမှာပဲ ရှိပါသေးတယ်။

' ကျင်းရိုလုက စိတ်လှည့်စားမှု အတတ်ပညာက လွဲပြီး ကျန်တဲ့ ပညာရပ်တွေမှာ စုလင်းထက်ကို နိမ့်ကျနေပါလား။ သည်အတိုင်း ဆိုရင်တော့ ကျင်းရိုလုက တန်ကျင်းယွန်ကို ရေရှည်မှာ ယှဉ်နိုင်ဖို့ အကြောင်းမရှိဘူး '

လီဖူချန်းက စိတ်ထဲကနေပြီး တိုက်ပွဲအခြေအနေကို ဆန်းစစ်နေပါတယ်။

“တန်ကျင်းယွန် ... အရင်တစ်ခေါက် ပြိုင်ပွဲမှာတော့ ငါက နင့်ကို အရှုံးပေးခဲ့ ရတယ်။ ဒါပေမဲ့ သည်တစ်ခေါက် ပြိုင်ပွဲမှာတော့ ငါက နင့်ကို ပြန်ပြီး အနိုင်ယူပြမယ်”

“ကောင်းကင်ဘုံ ကကြိုး”

ကျင်းရိုလုရဲ့ လှုပ်ရှားမှုတွေ ကတော့ ရုတ်တရက် ဆိုသလို ပြောင်းသွားခဲ့ပါပြီ။ သူမရဲ့ လှုပ်ရှားမှုတွေဟာ ကချေသည် တစ်ယောက်က  သူမရဲ့ ကကြိုးကို ငြင်ငြင်သာသာ ကပြနေသလိုပါပဲ။  ဒါပေမဲ့ သူမရဲ့ ကပြအသုံးတော် ခံနေပုံက ၉၀ ရာခိုင်နှုန်းသော လူငယ်တွေကို  ညှို့ယူ သွားခဲ့ပါပြီ။  ညှို့ယူခံလိုက်ရတဲ့ လူငယ်တွေရဲ့ မျက်လုံးထဲမှာတော့ လှပစွာ ကကြိုးဆင်နေတဲ့ ကျင်းရိုလုရဲ့ ပုံရိပ်ယောင်တွေသာ ရှိနေပါတော့တယ်။ ကျင်းရိုလုက သူမရဲ့ ကကြိုးဆင် နေတာကို ဘယ်တော့မှ မရပ်တော့ပါဘူး။ သူတို့ဟာ ကျင်းရိုလုရဲ့ ပုံရိပ်ယောင် နယ်မြေထဲမှာ အပိတ်ခံလိုက်ရတာ အသေအချာပါပဲ။

' သိုင်းပညာထဲမှာ စိတ်လှည့်စားခြင်း အတတ်ပညာကို ပေါင်းထည့်ထားတာလား ...”

လီဖူချန်းက အံ့သြစွာဖြင့် ရေရွတ်လိုက်ပါတယ်။

ကျင်းရိုလုရဲ့  ထူးခြားတဲ့ ကကြိုးကဟန်က  တန်ကျင်းယွန်ကို ပုံရိပ်ယောင်လား ဒါမှမဟုတ် ပုံရိပ်အစစ်လား ဆိုတာကို ဝေခွဲမရ ဖြစ်စေခဲ့ပါပြီ။

ဘန်း ...

သိပ်မကြာခင်မှာပဲ  ကျင်းရိုလုက တန်ကျင်းယွန်ရဲ့ အရှေ့မှာ ရုတ်တရက်ပေါ်လာပြီး  သူ့ရဲ့ ရင်ဘတ်ကို ရိုက်ချသွား ပါတော့တယ်။

သည်တစ်ပွဲမှာ အနိုင်ရရှိသူ ကတော့  ကျင်းရိုလုပါပဲ။

“သူမက စိတ်လှည့်စားခြင်း သိုင်းပညာကိုပါ လေ့ကျင့်ထားတာလား ...”

ရွှေကျာပွတ်ကြယ်ဘုရင်  ကျင်ရုတုံက  မျက်နှာကို ရှုံ့မဲ့ပြီး ပြောလိုက်ပါတယ်။

ပရမတ်သုံးပါး ဘုရားကျောင်းရဲ့  ကြောက်စရာ အကောင်းဆုံး ပညာရပ်က  စိတ်လှည့်စားခြင်း ပညာရပ် မဟုတ်သလို သိုင်းပညာလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ကြောက်စရာ အကောင်းဆုံး ပညာရပ်က  စိတ်လှည့်စားခြင်း သိုင်းပညာ  ဖြစ်ပါတယ်။

သိုင်းပညာထဲမှာ စိတ်လှည့်စားမှု အတတ်ပညာကိုပါ ထည့်သွင်းထားတဲ့ အတွက် ခုခံဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။

***

All Chapters