← Chapters

မြေခွေးအိုကြီး

Vol. 34 Ch. 466

မြေခွေးအိုကြီး

Vol. 34 Ch. 466

ဓားအလက်ရှစ်ထောင် မိုးကြိုးငါးသွယ်ဒယ်အိုးကို ထိုးစိုက်လိုက်သော အခိုက်အတန့်တွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသည်။ ဓားပျံများသည်ပင် အသံမထွက်တော့ပေ။

ထို့နောက် မိုးကြိုးဒယ်အိုး၏ အပေါ်ဟင်းလင်းပြင်မှာ တွန့်လိမ်ရှုံ့တွသွားပြီး အနက်ရောင်မိုးကြိုးတန်းကြီးတစ်တန်း ထိုးထွက်လာကာ မျဉ်းဖြောင့်အတိုင်း တစ်ဖြောင့်တည်း တက်သွား၏။

နန်းတော်မုခ်ဝ၏အရှေ့၌ ရပ်နေသော အစစ်အမှန်ကောင်းကင်နန်းတော်သခင်မလည်း အနက်ရောင်မိုးကြိုးအား မြင်လိုက်ရသည်။ မိုးကြိုးသည် အစွယ်ဖြဲလျက် လက်သည်းထုတ်ကာ မာန်ဖီပြနေသော ရေနဂါးတစ်ကောင်အသွင် ဖွဲ့တည်ပြီးနောက် ကွဲထွက်သွား၏။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တောက်ပနေသော မိုးကြိုးတန်းများက ရေနဂါးအုပ်ကြီး ပျံတက်သွားသည့်အတိုင်း ထိုးတက်လာကြသည်။

တခဏအတွင်း မိုးကြိုးတန်း တစ်သောင်းကျော်သွား၏။ သို့တိုင်အောင် နောက်တခဏတွင် မိုးကြိုးတန်း သန်းတစ်ရာအဖြစ် ထပ်မံကွဲထွက်သွားပြန်သည်။

အစစ်အမှန်ကောင်းကင်နန်းတော်၏ အရှေ့တွင် အလွန်တရာ လင်းထိန်တောက်ပနေသည့် မိုးကြိုးတိမ်တိုက်ကြီးတစ်ခု ဖွဲ့တည်နေပြီး မိုးကြိုးငါးသွယ်ဒယ်အိုးက မိုးကြိုးတန်းများကို မိုးကြိုးတိမ်တိုက်အတွင်းသို့ အဆက်မပြတ် ပစ်လွှတ်လျက် မြောက်တက်လာသည်။

ထိုအချိန်တွင် မိုးကြိုးတိမ်တိုက်၏ အနောက်၌ ဖုယွင်ရှီက ဖုမိသားစု၏ ‌အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များနှင့်အတူ ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်ကာ မိုးကြိုးတိမ်တိုက်အား အစစ်အမှန်ကောင်းကင်နန်းတော်ဆီသို့ တွန်းပို့နေကြသည်။

အစစ်အမှန်ကောင်းကင်နန်းတော်သခင်မ၏ အမူအရာအကြီးအကျယ် ပြောင်းလဲသွားပြီး သူမက ယွီမိသားစု၏အကြီးအကဲတစ်ယောက် လက်ထဲမှ လိပ်နက်ပုတီးစေ့ကို ဆွဲယူလိုက်သည်။

သို့သော် သူမ ပုတီးစေ့ကို ဆုပ်လိုက်သည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ မိုးကြိုးတိမ်တိုက်ကြီးက အစစ်အမှန်ကောင်းကင်နန်း‌တော်ဆီသို့ ရောက်လာခဲ့ပြီဖြစ်သည်။ မိုးကြိုးတိမ်တိုက် ဖြတ်သန်းလာသည့်အခါ ကျားဖြူပုတီးစေ့၊ မီးငှက်ပုတီးစေ့နှင့် လိပ်နက်ပုတီးစေ့တို့မှ ဖွဲ့တည်နေသော ပုံရိပ်အားလုံး လွင့်စင်ပြိုကွဲကုန်၏။ လိပ်နက်၏ ပင်လယ် အငွေ့ပျံသွားပြီး မီးငှက်၏ မီးများလည်း ငြိမ်းသေသွားသည်။ ကျားဖြူ၏ ရွှေတောင်ကြီးလည်း ပြိုကျသွားသည်။

ဂျိန်း

ပထမဆုံးမိုးကြိုးတန်းက အစစ်အမှန်ကောင်းကင်နန်းတော်အား ပစ်ချလိုက်ရာ နတ်ဘုရားရုပ်တုတစ်ရုပ်ကို ထိမှန်သွားသဖြင့် ပေါက်ကွဲသံကြီး ဟိန်းထွက်လာ၏။

ပထမဆုံးမိုးကြိုးတန်းမှာ ဆီပွက်ပွက်ဆူနေသော အိုးတစ်အိုးထဲသို့ မီးပွားတစ်ပေါက် ကျသွားပြီး တမုဟုတ်ချင်း မီးစွဲလောင်သွားသကဲ့သို့ ဖြစ်သည်။ မိုးတိမ်ထုကြီးဆီမှ ပထမဆုံးမိုးပေါက် ကျလာပြီး မိုးတဝုန်းဝုန်း လိုက်ပါရွာကျလာသကဲ့သို့ မိုးကြိုးတန်းပေါင်းသိန်းသောင်းချီက ကောင်းကင်ယံကို တရွှီးရွှီး ဖြတ်သန်းလာကာ အစစ်အမှန်ကောင်းကင်နန်းတော်အား လွှမ်းခြုံသွား၏။

“လိပ်နက်နတ်ဒိုင်း” အစစ်အမှန်ကောင်းကင်နန်းတော်သခင်မ လိပ်နက်ပုတီးစေ့အား အသည်းအသန် အသက်သွင်းလိုက်သည်။ လိပ်နက်ဒိုင်းကာကြီးတစ်ခု ပြန့်ကားလာပြီး အစစ်အမှန်ကောင်းကင်နန်းတော်၏ အရှေ့မျက်နှာစာကို ဖုံးကွယ်သွား၏။

ဂျုန်း

မရေမတွက်နိုင်သော မိုးကြိုးတန်းများက လိပ်နက်ဒိုင်းကာကြီးကို တဂျုန်းဂျုန်း ထိမှန်နေ၍ အဆက်မပြတ် တွန်းတိုက်မှုများကြောင့် နတ်ဒိုင်း၏မျက်နှာပြင်မှာ တဖြည်းဖြည်း ကျုံ့ဝင်လာသည်။ အစစ်အမှန်ကောင်းကင်နန်းတော်သခင်မမှာ သူမလူများကို ကာကွယ်ရင်း သွေးတစ်ပွက်ပွက် အန်နေရသည်။

များစွာမကြာလိုက်ဘဲ လိပ်နက်နတ်ဒိုင်းမှာ အစစ်အမှန်ကောင်းကင်နန်းတော်၏ လူအားလုံးကို မကာကွယ်နိုင်တော့ပေ။ မိုးကြိုးတိမ်တိုက်ကြီး တိုးဝင်လာသည်နှင့် အမျိုးသမီးများမှာ ဖောက်ခနဲ ဖောက်ခနဲ အငွေ့ပျံကုန်သည်။

နတ်ဘုရားများနီးနီး သန်မာအားကောင်းသော နတ်ဘုရားရုပ်တုရှစ်ရုပ်ပင် မိုးကြိုးမုန်တိုင်းအား တောင့်မခံနိုင်ပေ။ တိုက်ခိုက်ရန် ပြေးတက်သွားသော်လည်း သူတို့၏ခြေလက်များ အရည်ပျော်ကျသွားရာ ကြမ်းပြင်ပေါ်တွင် ရွှေရည်၊ ကြေးရည်များ စီးကျနေသည်။

ရှုန်းချီအာ အစစ်အမှန်ကောင်းကင်နန်းတော်ကို လှမ်းကြည့်လိုက်သည့်အခါ မိုးကြိုးတိမ်တိုက်ကြီးကိုသာ မြင်လိုက်ရ၏။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက တဂျုန်းဂျုန်း ပစ်ခတ်နေကာ တစ်နေရာလုံး နေလုံးကြီးပမာ ထိန်ထိန်လင်းနေသည်။

စောစောက ကလေးမလေး၏ နဂါးစိမ်းပုတီးစေ့မှာ ကျန်ဝိညာဉ်ရတနာသုံးမျိုးကို တွန်းလှန်နေခဲ့ရသော်လည်း မိုးကြိုးတိမ်တိုက်မှ ဝိညာဉ်ပုံရိပ်များအား ဖြိုခွဲလိုက်သောအခါ ဖိအားများစွာ လျော့ကျသွားသည်။ နောက်ဆုံးတော့ သူမ အသက်ရှူချောင်သွား၏။

“ချီအာ နဂါးစိမ်းရဲ့ ဓာတ်သတ္တိက မိုးကြိုးပဲ” ရုတ်တရက် ရှုန်းရှီယွီက သူမအနောက်တွင် ပေါ်လာပြီး နူးညံ့ညင်သာစွာ ပြောလိုက်သည်။ “ဒီနဂါးစိမ်းပုတီးစေ့နဲ့ ရန်သူတွေကို သေရွာပို့ပေးကြစို့”

“မယ်မယ်” ရှုန်းချီအာမှာ အံ့ဩဝမ်းသာသွားသည်။ ရှုန်းရှီယွီက ပြုံးပြလိုက်ပြီး သမီးဖြစ်သူ၏ လက်သေးသေးလေးကို အပေါ်မှ အုပ်ကိုင်လိုက်သည်။ နှစ်ယောက်သား နဂါးစိမ်းပုတီးစေ့ကို အတူတူ ဆုပ်ကိုင်၍ ခပ်တိုးတိုး ရေရွတ်လိုက်ကြ၏။ “ရှုန်းမိသားစုရဲ့ အသက်တွေကို ရန်သူ့အသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်”

နဂါးစိမ်းပုတီးစေ့မှ မရေမတွက်နိုင်သော အစိမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြီး နဂါးစိမ်းတစ်ကောင်အသွင် ဖွဲ့တည်ကာ မိုးကြိုးတိမ်တိုက်ဆီသို့ ပြေးဝင်သွား၏။ မိုးကြိုးစွမ်းအားကား တမုဟုတ်ချင်း ကြောက်ခမန်းလိလိ ပြင်းထန်လာသည်။

အစစ်အမှန်ကောင်းကင်နန်းတော်သခင်မှာ ဤဖြစ်ရပ်ကို မြင်လျှင် မျှော်လင့်ချက်မရှိတော့ပေ။ ‘ယွီမိသားစုတော့ အဆုံးသတ်ပြီ....’

လိပ်နက်နတ်ဒိုင်းမှာ တစစီ ပေါက်ကွဲသွားပြီး အဆုံးမရှိသော မိုးကြိုးများက သူမနှင့် အနောက်ရှိ ယွီမိသားစုဝင်များကို လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်တွင် ဓားရောင်တစ်ချက်က အဆုံးမဲ့မိုးကြိုးတိမ်တိုက်ကြားမှ ထိုးခွင်းသွားသည်။ ပါ့ကော်သည် မိုးကြိုးတိမ်တိုက်ကို ခွဲ၍ ရှုန်းရှီယွီဆီ တန်းတန်းမတ်မတ် လျှောက်လာ၏။ သူ့ဓားရောင်က မိုးကြိုးတန်းများပင်အပါအဝင် ရှေ့ရှိ အရာရာတိုင်းကို ဖယ်ရှားခုတ်ပိုင်းပစ်နေသည်။

သူ၏ဓားသိုင်းနှင့် ဓားလမ်းစဉ်ကား ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိနေ၍ မိုးကြိုးတိမ်တိုက်ပင် သူ့ကို မထိခိုက်နိုင်တော့ပေ။

ဓားရောင်က မယုံနိုင်လောက်အောင် လျင်မြန်ပြီး အာကာသအပြင်မှ ဆင်းသက်လာသည့်အလား ထင်ရသည်။ မိုးကြိုးများမှာ မှုန့်မှုန့်ညက်ညက် ကြေကုန်သည့်အပြင် လျှပ်စီးတစ်ချက်မှ ဓား‌ရောင်ကို မယှဉ်နိုင်ပေ။

သို့သော် ပါ့ကော်၏ ဓားရောင် ရှုန်းရှီယွီနှင့် ရှုန်းချီအာဆီ ရောက်မလာခင် ဓားရောင်တစ်ချက် လက်သွား၏။

ချွင်

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ” ပါ့ကော်က ပြုံးသည်။ “ခင်ဗျား အနောက်ကမ္ဘာမြေမှာ ရောက်နေတာ ကြာပါပြီ။ ဒါပေမဲ့ အမြဲတမ်း မှောင်ရိပ်ထဲမှာ ပုန်းပြီး ကျုပ်ကို တိုက်ခိုက်ဖို့ ချောင်းနေခဲ့တယ်။ နောက်ဆုံးမှာတော့ ကျုပ်ကြောင့် ခင်ဗျား ထွက်လာရတာပဲ မဟုတ်လား”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မြေပြင်ညီကို နင်းနေသကဲ့သို့ လေပေါ်တွင် နင်းလျှောက်လာသည်။ သူ၏အမူအရာက အပြုံးအရယ်မဲ့လျက် အေးစက်နေပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ထား၏။ ဓားတစ်လက်ကို သူ့ညာလက်တွင် ကိုင်ထားသည့်အချိန် သူ့ဘယ်လက်က ဓားလျှို့ဝှက်ချက်များအား ဆုပ်လျက် ကျောနောက်၌ ရှိနေသည်။

ပါ့ကော်က ဝတ်ရုံဖြူဝတ်ထားပြီး သူ့လက်တစ်ဖက်ကလည်း ကျောနောက်တွင် ဓားလျှို့ဝှက်ချက်များအား ဆုပ်ထားသည်။

မိုးကြိုးတိမ်တိုက်များအကြား လူရိပ်နှစ်ခု ပျံဝဲလိုက်၊ ထိုးဆင်းလိုက် ရွေ့လျားနေသည်။ တစ်ကမ္ဘာလုံး တုန်ဟည်းနေစေသော မိုးခြိမ်းသံများပင် ဓားချင်းထိခတ်သံများအား မလွှမ်းမိုးနိုင်ပေ။ တချွင်ချွင်မြည်သံများက ကျောက်စိမ်းပန်းကန်ပြားအပေါ်သို့ ပုတီးစေ့များ တရစပ်ကျနေသည့်အလား အဆက်မပြတ် ထွက်ပေါ်နေသည်။

မိုးကြိုးငါးသွယ်ဒယ်အိုး၏အောက်ရှိ ချင်မူမှာ ပြင်းထန်လှသော မိုးကြိုးစွမ်းအင်၏ ဆွဲငင်ခြင်းကို ခံနေရသည်။ လျှပ်ဆွဲအားက သူနှင့် နဂါးချီလင်ကို မိုးကြိုးတန်းများဆီသို့ စုပ်ယူနေ၏။ ဖက်တီးကြီးနဂါးချီလင်ပင် လျှပ်ဆွဲအားထဲတွင် စက္ကူဖပ်လေးလို လွင့်မျောနေသည်။ သူ့မှာ ယက်ကန်ယက်ကန် ပြေးသော်လည်း လှမ်းကိုက်စရာလည်းမရှိ၊ လှမ်းဆွဲစရာလည်းမတွေ့ ဖြစ်နေသည်။

ချင်မူလည်း အလွန်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ဆံပင်များ ပြန့်ကြဲပြေကျနေသည်။ လျှပ်စီးများက ဆံပင်မျှင်များတစ်လျှောက် ဖျိုးဖျိုးဖျစ်ဖျစ် ကူးလူးနေ၏။

ကိုယ်ပေါ်ရှိ အမွှေးအမျှင်များတွင် မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသည်ကို သူ ခံစားလိုက်ရပြီး အဖြူနတ်မင်း၏ ဖြူဆူးများ စိုက်ဝင်လာသကဲ့သို့ နေရာလပ်မကျန် ထုံကျင်နေသည်။

ချင်မူမှာ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ဖြင့် မျက်လုံးများကို ဖွင့်လိုက်ရာ သူ့မျက်လုံးတွင်လည်း မိုးကြိုးများ ပြည့်နေ၏။

နဂါးချီလင်ကို သူ ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ ဖက်တီးကြီး၏ လည်ဆံမွှေးများသာမက အကြေးခွံများပင် ထောင်မတ်နေလေ၏။ လျှပ်စီးများ တဖျစ်ဖျစ် ကူးလူးဖြတ်ပြေးသွားသည့်အခါ အကြေးခွံများမှာ ခုန်မြောက်သွားတတ်သည်။

ချင်မူ အစစ်အမှန်နဂါးသိုက်ကို ထုတ်လိုက်သည်။ နဂါးသိုက်၏အလေးချိန်က စီးပိုးလှသဖြင့် သူ အင့်ခနဲ ညည်းလိုက်မိသည်။ သို့သော် လျှပ်ဆွဲအားလည်း သူ့ကို မဆွဲငင်နိုင်တော့သဖြင့် သူ၏ခန္ဓာကိုယ်မှာ ကောင်းကင်ယံမှ ပြုတ်ကျလာသည်။ လမ်းတွင် နဂါးချီလင်ကို တိုက်မိသွား၍ နဂါးချီလင်လည်း သူနှင့်အတူ အောက်ကျသွား၏။

ချင်မူမှာ နဂါးသိုက်ကို ဖက်ထားရင်း ၎င်း၏အလေးချိန်ဖြင့် လျှပ်ဆွဲအားထဲမှ လွတ်မြောက်အောင် ကြိုးစားနေသည်။ အတော်လေး ဝေးကွာသွားသည့်အခါ သူ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

မိုးကြိုးငါးသွယ်ဒယ်အိုးက တဖြည်းဖြည်း မြောက်တက်နေသည်။ သူ၏ဓားအလက်ရှစ်ထောင်မှာ အချိန်ရပ်တန့်နေသကဲ့သို့ မိုးကြိုးဒယ်အိုး၏ ပတ်ပတ်လည်တွင် ရပ်တန့်နေကြ၏။ မိုးကြိုးများက ၎င်းတို့အား ဖြတ်သန်းစီးဆင်းနေကာ ဓားများမှာ လျှပ်စီးကို မိုးကြိုးသွားများသဖွယ် ဆွဲငင်နေတော့သည်။

ကြောက်မက်ဖွယ်ရာ စွမ်းအင်ကြောင့် ဓားပျံများ နီရဲပူပြင်းလာသဖြင့် အရည်ပျော်ကျသွားမည်ကို ချင်မူ စိုးရိမ်သွားသည်။

သူ လျှပ်ဆွဲအားမှ လွတ်မြောက်သွားသည့်အချိန်တွင် ‌‌ကောင်းကင်တစ်ပြင်လုံး အစိမ်းရောင်တောက်သွားသည်။ မော့ကြည့်လိုက်သည့်အခါ နဂါးစိမ်းပုတီးစေ့ မိုးကြိုးတိမ်တိုက်အား အားဖြည့်ပေးလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

“ယွီမိသားစုတော့ အဆုံးသတ်ပြီ....” သူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

မိုးခြိမ်းသံများက ကျယ်လောင်လှ၍ သူ့အသံသူပင် မကြားလိုက်ရပေ။

ထို့နောက် ပါ့ကော် ထွက်လာပြီး ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဝင်တားလိုက်သည်ကို တွေ့ရသည်။ အစိမ်းရောင်အရိပ်နှင့် အဖြူရောင်အရိပ်သည် မိုးကြိုးများအကြား တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေ၏။

“မြေခွေးအိုကြီး” ချင်မူ ဆဲပြီး အဆင့်မြင့်သိုင်းပညာရှင်နှစ်ယောက်၏ တိုက်ပွဲကို ကြည့်ရှုလိုက်သည်။ သူတို့က ဓားကောင်းကင်နတ်သိုင်းများကို မထုတ်ဖော်ဘဲ ညာလက်ဖြင့် ဓားများကို ကိုင်ထားပြီး ကျောနောက်ပို့ထားသည့် ဘယ်လက်ထဲတွင် ဓားလျှို့ဝှက်ချက်များကို ဆုပ်ထားကြောင်း သတိထားမိလိုက်သည်။

သူတို့၏လှုပ်ရှားမှုက အတိုင်းထက်အလွန် မြန်လှသဖြင့် သေချာမမြင်ရပေ။ ကျောနောက်ရှိ ဓားလျှို့ဝှက်ချက်များက တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေသည်။

ချင်မူ အတော်လေး အံ့အားသင့်မိသည်။ ဓားလျှို့ဝှက်ချက်နှစ်ခုလုံးရှိ အပြောင်းအလဲများက မြန်လွန်း၍ ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ ပြောင်းလဲနေသော သူတို့၏ လက်ဟန်နည်းစနစ်များကိုသာ အသည်းအသန် မှတ်နေရ၏။

ပါ့ကော်နှင့် ဧကရာဇ်အတိုင်ပင်ခံ၏ တိုက်ပွဲက ရိုးရှင်းသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့၏ဓားကွက်များကား အပြောင်းအလဲ သိပ်မပါဘဲ အခြေခံဓားချက်များသာ ဖြစ်သည်။ သို့သော် ဓားချက်တိုင်းက ဓားများ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်ပြင်ကို တုန်ခါသွားစေ၏။ ထိုတုန်ခါမှုအတွင်း၌ ကောင်းကင်နတ်သိုင်းများ ကိန်းဝပ်နေသယောင် ရှိသည်။ ဓားလမ်းစဉ်လည်း ငုပ်လျှိုးပုန်းကွယ်နေသဖြင့် ချင်မူ စဉ်းစားရန် ဉာဏ်မမှီသေးပေ။

‘နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်ကြီးဆိုတဲ့အတိုင်းပဲ။ သူ့ဓားလမ်းစဉ်က တိုးတက်တာ မြန်လိုက်တာ’

ချင်မူ ဓားလျှို့ဝှက်ချက်များကို ကြိုးကြိုးစားစား မှတ်သားနေသည့်အချိန် နတ်ဘုရားရုပ်တုများက နတ်မိုးကြိုးတန်းများကို ရင်ဆိုင်ကာ မိုးကြိုးတိမ်တိုက်အတွင်း တိုးဝင်နေကြသည်။ သူတို့က ကြောက်မက်ဖွယ်ရာ နတ်ဘုရားအရှိန်အဝါများကို စုဝေး၍ မိုးကြိုးတိမ်တိုက်ကို တစ်ချက်တည်း ထိုးခွင်းလာကြ၏။ မရေမတွက်နိုင်သော မိုးကြိုးတန်းများက တရစပ် ပစ်ချကာ နေရာတိုင်းအား ထိမှန်နေသည်။

နတ်ဘုရားရုပ်တုရှစ်ရုပ်မှာ စုတ်ပြတ်သပ်လာပြီး တစ်ရုပ်မှ အကောင်းအတိုင်း မကျန်တော့သော်လည်း သိုင်းစွမ်းအားအပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံဆီ လှမ်းလာနေကြသည်။

ဧကရာဇ်အတိုင်ပင်ခံက နတ်ဘုရားရုပ်တုများကို သတိထားမိဟန်မတူဘဲ ပါ့ကော်ကိုသာ ဆက်လက်တိုက်ခိုက်နေသည်။ ရှုန်းရှီယွီက ရှုန်းချီအာကို အနားခေါ်၍ နှစ်ယောက်အတူတူ နဂါးစိမ်းပုတီးစေ့အား မြှောက်လိုက်သည်။ အစိမ်းရောင်အလင်းက နတ်ဘုရားရုပ်တုရှစ်ရုပ်၏ ခန္ဓာကိုယ်များကို တောင့်တင်းသွား‌စေ၏။

ရုတ်တရက် တောင့်တင်းနေသည့် နတ်ဘုရားရုပ်တုတစ်ရုပ်က ခေါင်းလှည့်လာပြီး ထူးဆန်းစွာ ပြုံးလိုက်သည်။ ၎င်း လက်ဆန့်ထုတ်လိုက်သည့်အခါ ရှုန်းချီအာ၏လက်ထဲရှိ နဂါးစိမ်းပုတီးစေ့မှာ သူမအလိုကို ဆန့်ကျင်လျက် နတ်ဘုရားရုပ်တု၏ လက်ထဲသို့ ပျံထွက်သွားသည်။ “ကလေးမ ကျေးဇူးပါပဲ”

နဂါးစိမ်းပုတီးစေ့အား မထိန်းချုပ်နိုင်တော့သည့်အတွက် ရှုန်းချီအာ မှင်သက်သွားစဉ် ရှုန်းရှီယွီမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွား၏။ “သတိထား၊ အဲ့ဒါ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နတ်...”

သူမ စကားပြောမပြီးခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဦးခေါင်းထံမှ ရောင်စုံအလင်းတန်းများ ဖြာထွက်လာသည်။ တံတားပျံတစ်စင်း လေထဲတွင် ဖွဲ့တည်ပြီး ဆန့်တန်းသွား၏။ အချိန်နှင့်နေရာဟင်းလင်းပြင်၏ အဆုံးမှ ထွက်ပေါ်လာဟန်တူသော အနန္တကောင်းကင်အလင်းတန်းများက ကောင်းကင်ဘုံကိုးဆင့်လုံးတွင် လင်းထိန်သွားသည်။ တံတားအဆုံးတွင် ကောင်းကင်နတ်နန်းဆောင်များအား ခပ်ရေးရေး မြင်ရသော်လည်း မသဲကွဲသေးပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မူလဝိညာဉ်က ဝိုးတိုးဝါးတား ကောင်းကင်နန်းတော်ထဲမှ တရှိန်ထိုး ထွက်လာပြီး ကောင်းကင်တံတားအပေါ် နင်းလိုက်သည်။ သူ့ဓားက အချိန်ဖြတ်သန်း၍ ဟင်းလင်းပြင်ကို ထိုးခွင်းကာ ပျံထွက်သွားပြီး ဓားရောင်တစ်ချက် ဝင်းခနဲ လက်သည်နှင့် နဂါးစိမ်းပုတီးစေ့ကို ဆုပ်ကိုင်ထားသော နတ်ဘုရားရုပ်တု၏ မျက်ခုံးနှစ်ဖက်ကြား ထိုးဖောက်ခံလိုက်ရ၏။ ဓားသွားက ရုပ်တု၏နောက်စေ့မှ ဖောက်ထွက်လာသည်။

‘နတ်ဘုရားရုပ်တု’၏ နဖူးမှ သွေးများ ကျလာပြီး နောက်စေ့မှလည်း ဦးနှောက်စများ၊ သွေးများ အပျစ်လိုက် စီးကျလာသည်။ ထိခိုက်သွားသည်မှာ နတ်ဘုရားရုပ်တုတစ်ရုပ် ဖြစ်ဟန်မတူဘဲ သက်ရှိလူသားတစ်‌ယောက်နှင့် တူနေ၏။

နောက်ဆုံးတော့ ဧကရာဇ်အတိုင်ပင်ခံ၏ အေးတိအေးစက် မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ထွန်းလာသည်။ သူက လက်တစ်ဖက်ကို နောက်ပစ်လျက်၊ တစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ကာ ပြန်ရောက်လာသည့် မူလဝိညာဉ်နှင့်အတူ ပါ့ကော်အား ဝိုင်းလိုက်သည်။ “မင်းက ဘယ်တုန်းကမှ ငါ့ပစ်မှတ်မဟုတ်ခဲ့ဘူး”

ရွှပ် ရွှပ် ရွှပ်

ဓားရောင်များ လက်သွားပြီး ပါ့ကော်၏ ခြေလက်များ ပြတ်တောက်သွား၏။ ထို့နောက် ဧကရာဇ်အတိုင်ပင်ခံက ဓားကို မြှောက်ကာ ပါ့ကော်၏ လည်တိုင်ကို ပိုင်းချလိုက်သည်။

“ကောင်းကင်တံတား” ချင်မူ အလန့်တကြား အော်ဟစ်လိုက်မိပြီး စိတ်အေးသွားသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် နှစ်ငါးရာမှ တစ်ကြိမ်‌ပေါ်သော ပါရမီရှင် ပီသပေ၏။ ချင်မူနှင့် သင်္ချာပညာရှင်များ ကောင်းကင်တံတား သင်္ချာညီမျှခြင်းကို တည်ဆောက်ခဲ့ပြီးသည်မှာ နှစ်ဝက်သာ ရှိသေးသော်လည်း ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်တံတားကို အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့ပြီဖြစ်သည်။

‘မြေခွေးအိုကြီး၊ ကောင်းကင်တံတားကို ဆက်ပြီး ကောင်းကင်နတ်ဘုံကို ဝင်သွားပြီဆိုတော့ နတ်ဘုရားတစ်ပါး ဖြစ်နေတာတောင်မှ ချောင်ထဲပုန်းပြီး အကောက်ကြံနေသေးတယ်...’

ချင်မူ ကြိတ်၍ဆဲနေသည့်အချိန် သူ့အနောက်မှ အမျိုးသမီးများ၏ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။ ခေါင်းဆောင်အသီးသီး၏ ဦးဆောင်မှုအောက်တွင် ကောင်းကင်နတ်သိုင်းပညာရှင်များသည် အစစ်အမှန်ကောင်းကင်နန်းတော်ကို တိုက်ခိုက်ကြ၏။

မုယင်ရွှယ်က ချင်မူ့ဘေးမှ ဖြတ်သွားသည့်အခါ ခပ်တိုးတိုး ပြောသွားသည်။ “ကောင်လေး၊ ဧကရာဇ်အတိုင်ပင်ခံ အသက်ရှင်နေသေးသရွေ့ ဘယ်တော့မှ မပုန်ကန်နဲ့။ နင် သူ့ကို မယှဉ်နိုင်ဘူး’

ဟယ့်ရီရီလည်း သူ့ဘေးမှ ဖြတ်သွားပြီး ကပ်ပြောသွား၏။ “နင် ပုန်ကန်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလိမ့်မယ်နော်။ ဧကရာဇ်အတိုင်ပင်ခံက ဉာဏ်များလွန်းတယ်”

ချင်မူမှာ ရယ်ရမလား ငိုရမလား မသိတော့ဘဲ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ကျွန်တော် ပုန်ကန်ဖို့ တစ်ခါမှ မစဉ်းစားဖူးပါဘူးဗျာ။ ဒါပေမဲ့ ဧကရာဇ်အတိုင်ပင်ခံ အဲဒီလူကတော့ တကယ် ဉာဏ်များလွန်းတယ်...’

All Chapters