ကောင်းကင်နတ်ဘုံ၏ စားသောက်ပွဲ
Vol. 34 Ch. 468
ချင်မူ စိတ်ထဲ လေးလံလာသည်။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး အစစ်အမှန်ကောင်းကင်နန်းတော်ထဲတွင် ပုန်းနေသေးလျှင် သူတို့နှစ်ယောက်မှာ ရှင်းရှင်းဘွင်းဘွင်း ဖြစ်နေသည်မဟုတ်ပါ၏လော။ သူမ အငိုက်ဖမ်း တိုက်ခိုက်ပါက မည်သူက ခုခံနိုင်လိမ့်မည်နည်း။
ဧကရာဇ်အတိုင်ပင်ခံအနေဖြင့် သူမကို ခုခံနိုင်ကောင်း ခုခံနိုင်လိမ့်မည်။ သို့သော် သူကတော့ သေချာပေါက် မခုခံနိုင်ပေ။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ဧကရာဇ်အတိုင်ပင်ခံကို မသတ်နိုင်လျှင်တောင်မှ သူ့ကိုတော့ မုချသတ်နိုင်သည်။
‘သူ ပစ်မှတ်ထားနေတာလား ငါလား သူလား’
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် ကောင်းကင်တံတားကို ဖွဲ့တည်နိုင်သူဖြစ်၏။ ပါ့ကော်နှင့် သူမ၏ကိုယ်အတုကိုလည်း သုတ်သင်ပစ်ခဲ့ရာ သူမ၏ပစ်မှတ်က သူ ဖြစ်သင့်သည်။
သို့သော် မီးကန္တာရထဲတွင် အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ ရုပ်တုများက ချင်မူ့အား အကြိမ်ပေါင်းများစွာ လုပ်ကြံခဲ့သည်။ ထို့အပြင် နန်းသိမ်းစစ်ပွဲက သူနှင့်များစွာ ပတ်သက်နေသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့်ယှဉ်လျှင် မယ်တော်ကြီးအနေဖြင့် ချင်မူ့အား ပိုမိုမုန်တီးလောက်၏။
‘ဘယ်လိုပဲဖြစ်ဖြစ်၊ ဧကရာဇ်အတိုင်ပင်ခံကို အနားခေါ်ထားရမယ်။ သူ့အနားကနေ တစ်ဖဝါးမှ ခွာလို့မဖြစ်ဘူး’
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ကိုဆန့်တန်းကာ ဘေးသို့တွန်းလိုက်သည်။ နံရံပေါ်ရှိ အမျိုးသမီးများမှာ ဘေးသို့ လျှောသွားပြီး စတုတ္ထမြောက် နံရံဆေးရေးပန်းချီ ပေါ်လာသည်။
ပန်းချီက အစစ်အမှန်ကောင်းကင်မယ်တော်ကြီးနှင့် နေသင်္ဘော၊ လသင်္ဘောတို့၏ စစ်ပွဲတစ်ပွဲကို မှတ်တမ်းတင်ထား၏။
စစ်ပွဲမှာ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး မဟာမြို့ပျက်ကို တိုက်ခိုက်သည့်အချိန်တွင် စတင်ခဲ့သည်။ စစ်ပွဲကြောင့် နေသင်္ဘောနှင့် လသင်္ဘောများ ရောက်ရှိလာကြသော်လည်း အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို မယှဉ်နိုင်သဖြင့် မီးကန္တာရအထိ ဆုတ်ခွာသွားကြရပြီးနောက် ပျက်စီးသွားကြသည်။
နံရံဆေးရေးပန်းချီပေါ်ရှိ စစ်ပွဲမှာ အလွန်ကြီးကျယ်ခမ်းနားလှချေသည်။ ဧရာမသင်္ဘောကြီးများက နေများ၊ လများကို ဆွဲယူလာကြပြီး နေစောင့်ရှောက်သူ၊ လစောင့်ရှောက်သူများက တောင့်တင်းကြံခိုင်သော ခန္ဓာကိုယ်ကြီးများဖြင့် သင်္ဘောများအပေါ်၌ ရပ်နေကြ၏။ သူတို့၏မျက်နှာများမှာမူ ရန်လိုကြမ်းကြုတ်နေပြီး ယုတ်မာကောက်ကျစ်သောပုံစံ ပေါက်နေကြသည်။
သူတို့ကို တိုက်ခိုက်နေသူမှာ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးသာ မဟုတ်ပေ။ ကောင်းကင်ယံတွင် ပျံဝဲနေသော နတ်ဘုရားများလည်း ရှိကြသည်။ သို့သော် ပန်းချီပေါ်တွင် ထိုနတ်ဘုရားများအား သေးသေးကွေးကွေး ဆွဲထားပြီး အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမှာမူ ရဲစွမ်းသတ္တိ၊ ဩဇာအရှိန်အဝါအပြည့်ဖြင့် သန်မာအားကောင်းသောဟန်ပင် ရှိနေသည်။ ကျန်နတ်ဘုရားများမှာ ကလေးများသဖွယ် ဖြစ်နေ၏။
“အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက အဲဒီလောက်သန်မာအားကောင်းတာလား” ချင်မူ မယုံသင်္ကာဖြစ်မိသည်။
“ငါ မင်း နားလည်အောင် ပြောပြမယ်။ တစ်ရက်တုန်းက ဧကရာဇ်က ငါနဲ့ ဝန်မင်းတွေကို ခေါ်ပြီး အမဲလိုက်ထွက်တယ်။ သားကောင်ဖမ်းမိတော့ ဧကရာဇ်က ပန်းချီဆရာတစ်ယောက် ခေါ်ပြီး ပန်းချီဆွဲခိုင်းတယ်။ အဲဒီပန်းချီဆရာကလည်း ဧကရာဇ်ကို အဲဒီလောက်အကြီးကြီး ဆွဲခဲ့တာပဲ” ဧကရာဇ်အတိုင်ပင်ခံက ပြောပြသည်။
သူက ညာလက်ကို မြှောက်၍ လက်ချောင်းနှစ်ချောင်းဖြင့် အတိုင်းအထွာပြသည်။ “ပြီးတော့ ငါက ဒီလောက်သေးသေးလေး။ ဧကရာဇ်က ဩဇာအရှိန်အဝါအပြည့်နဲ့ ရှိနေတဲ့အချိန် ငါနဲ့ ဝန်မင်းအားလုံးကတော့ သေးသေးလေးရယ်။ အားလုံးထဲမှာ ငါက အသေးဆုံးပဲ။ အဲဒါတင်မကဘူး၊ ပန်းချီဆရာ ငါ့ကို ဆွဲတုန်းက ငါ့ကို ရန်လိုကြမ်းကြုတ်နေတဲ့ပုံစံ၊ ကောက်ကျစ်ယုတ်မာတဲ့ပုံစံပေါက်အောင် ဆွဲခဲ့တယ်။ ဧကရာဇ်က စိတ်တိုင်းမကျလို့ ပန်းချီဆရာကို ပြန်ဆွဲခိုင်းပေမယ့် ဘယ်လောက်ဆွဲဆွဲ အတူတူပဲ။ အဲဒါနဲ့ သူ့ကို ရာထူးကနေ ထုတ်ပယ်ပြီး အိမ်ပြန်လွှတ်လိုက်တယ်”
ချင်မူ နားလည်သွားပြီး ပြုံးလိုက်သည်။ “ဒီပန်းချီကို ဆွဲခဲ့တဲ့လူက အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို ဖားနေတာပဲ။ ကြည့်ရတာ မယ်တော်ကြီးက ဧကရာဇ်အတိုင်ပင်ခံလောက် မသန်မာလောက်ဘူးထင်တယ်။ မဟုတ်ရင် ကိုယ်အတုတွေနဲ့ ဘာလို့တိုက်ခိုက်နေမလဲ”
“အစ်အမှန်ကောင်းကင်မယ်တော်ကြီးရဲ့ အစွမ်းအစတွေက သိပ်အားကောင်းပေမယ့် သိုင်းစွမ်းရည်မှာ အားနည်းချက်ရှိနေလောက်တယ်။ သူ့မှော်စွမ်းအင်ကလည်း အတိုင်းထက်အလွန် သန်မာတဲ့အပြင် ‘အရာရာတိုင်းမှာ ဝိညာဉ်ရှိတယ်’ လမ်းစဉ်ကို ကျင့်ကြံထားတာဆိုတော့ သူမှ ထွက်မလာရင် ငါ ဘာမှလုပ်လို့မရဘူး။ ဒါပေမဲ့ ထွက်လာတာနဲ့ သေစေရမယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ယုံကြည်ချက်အပြည့်ရှိနေပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ သူက ချင်မူ့ကို သတိပေးသော သဘောဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဘေးမှာလည်း မြှောက်ထိုးပင့်ကော် ငဖားတွေ ရှိတယ်။ ဒါပေမဲ့ ကြောက်ဖို့ကောင်းတာက အဲဒီလိုလူတွေ မဟုတ်ဘူး။ သူတို့အတွေးတွေက ကြောက်ဖို့ကောင်းတာ
“ပန်းချီဆရာ ငါနဲ့ ဝန်မင်းတွေကို သေးသေးလေးဆွဲထားတာ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ ငါ့ကို ကောက်ကျစ်ယုတ်မာတဲ့ပုံစံ ဆွဲခဲ့တာကတော့ သူ ငါ့အပေါ် မြင်တဲ့အမြင်တွေ၊ အတွေးတွေနဲ့ သက်ဆိုင်သွားပြီ။ သူက ဧကရာဇ်ကို ဖားပြီး ဧကရာဇ်ရဲ့ အမြင်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ငါ့ကို ဖယ်ရှားပြီး ပြုပြင်ပြောင်းလဲမှုကို ရပ်ချင်ခဲ့တယ်။ မြှောက်ထိုးပင့်ကော် ငဖားတွေမှာ နောက်ကျော ဓားနဲ့ ထိုးချင်တဲ့စိတ်တွေပါ ရှိနေလို့ကတော့ သွားပြီပဲ”
သူက အပြုံးမဟုတ်သော အပြုံးဖြင့် ချင်မူ့အား ကြည့်သည်။ “ဂိုဏ်းသခင်၊ ဂိုဏ်းသခင်ရဲ့ အဆင့်အတန်းတွေက သိပ်အရေးပါတယ်။ တစ်ခါတလေ ဧကရာဇ်တောင်မှ မင်းလောက် အာဏာမရှိဘူး။ ဒါကြောင့် ဖင်ကြားထဲ ဓားမြှောင်ညှပ်ထားတဲ့သူတွေကို သတိထား”
ချင်မူ မျက်ရည်ထွက်သည့်တိုင်အောင် ရယ်လိုက်မိသည်။ ဖင်ကြားထဲ ဓားမြှောက်ညှပ်ထားသူများတဲ့လော... ဧကရာဇ်အတိုင်ပင်ခံကား ရုပ်တည်ကြီးဖြင့် ရိုင်းနေလေသည်။
သူ ရုပ်တည်တည်ထားလျှင် နားကန်းနှင့် သားသတ်သမားကိုပင် အကျွတ်တမ်းဝင်အောင် ဆုံးမနိုင်သော်လည်း သူ ရိုင်းလျှင် ‘ဖင်ကြားထဲ ဓားမြှောင်ညှပ်ထားသူ’ ဆိုသောစကားကိုပင် ပြောနိုင်သည်။
သို့သော် သူ့စကားက မှန်သည်။ ဘဝတွင် နောက်ကျော ဓားထိုးရန် စောင့်နေကြသော မျက်နှာနှစ်ဖက်၊ လျှာနှစ်ခွနှင့် လူများစွာ တွေ့ကြုံရတတ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ သတိပေးချက်က အလွန်မှန်၏။
“အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို ကူညီပေးနေတဲ့ နတ်ဘုရားတွေက ဘယ်က လာတာလဲ”
ချင်မူ ပန်းချီကို ကြည့်ပြီး နတ်ဘုရားများကို အကဲခတ်လိုက်ရာ ရင်းနှီးနေသောမျက်နှာအား တွေ့လိုက်ရသည်။ “အဲ့ဒါ ကျောက်စိမ်းဧကရာဇ်ပဲ။ ကျန်တဲ့နတ်ဘုရားတွေကလည်း အထက်ကောင်းကင်ဘုံကများလား။ မဟုတ်သေးဘူး အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေပဲ မဟုတ်ဘူး”
မျက်နှာနောက်တစ်ခုကို သူ သတိထားမိသွား၍ ထောင်ကျယ်အိတ်ထဲမှ စာလိပ်တစ်ခု ထုတ်ကာ ဖြေချလိုက်သည်။ ထို့နောက် ပန်းချီနှင့် စာလိပ်ကို ဘေးချင်းယှဉ်, ထားကာ ပန်းချီထဲရှိ နတ်ဘုရားနှင့် တိုက်ကြည့်လိုက်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အတန်ငယ် မှင်သက်သွားသည်။ “ဒါ ဝိညာဉ်ကို ဂါဝရပြုတဲ့ နတ်ဘုရားမဟုတ်လား”
“ဟုတ်တယ်” ချင်မူက ပန်းချီကို မော့ကြည့်လိုက်သည်။ “ပန်ကုန်းစုန် သုံးတဲ့ ဝိညာဉ်ဂါဝရပြုကျင့်စဉ်က သိပ်ထူးဆန်းတယ်။ သူ ဝိညာဉ်တစ်ခုကို ဂါဝရပြုတိုင်း သူ့ကျောနောက်မှ နတ်ဘုရားတစ်ပါးရဲ့ ပုံရိပ် ပေါ်လာတတ်တာ။ ဧကရာဇ်အတိုင်ပင်ခံ၊ တစ်ချက်ကြည့်ပေးပါဦး။ ဒီနတ်ဘုရားက ဟိုနတ်ဘုရားနဲ့ မဆင်ဘူးလား”
ဧကရာဇ်အတိုင်ပင်ခံက ဟိုတစ်လှည့်၊ သည်တစ်လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ချင်မူ့မျက်နှာထက်တွင် သံသယများ ထင်ဟပ်လာပြီး သူ အတွေးနက်သွားသည်။ “ပန်ကုန်းစုန်ရဲ့ နတ်ဘုရားက ဒီကမ္ဘာပေါ်မှာ ပေါ်လာဖူးသလို၊ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ။ တစ်ယောက်က အစစ်အမှန်ကောင်းကင်နန်းတော်ကို တည်ထောင်တဲ့အချိန်၊ တစ်ယောက်က လိုလန်ရွှေနန်းတော်ကို တည်ထောင်ခဲ့တယ်။ အဲဒီအတိုင်းဆို သူ ဒီကမ္ဘာပေါ်မှာ ရှိနေလောက်သေးလား။ အသက်ရှင်သေးရင်..”
ချင်မူ ကျောရိုးထဲ စိမ့်အေးသွား၏။
ပန်ကုန်းစုန်က ကောင်းကင်နတ်သိုင်းကို အသုံးချ၍ သူ ဂါဝရပြုလိုက်သူတိုင်းအား သတ်ပစ်နိုင်ခြင်းဖြစ်သည်။ နတ်ဘုရားသာ ကိုယ်တိုင်ဂါဝရပြုလျှင် မည်သူက သူ၏ဂါဝရပြုမှုကို ခံနိုင်မည်နည်း။
“ဒီပန်းချီက အစစ်အမှန်ကောင်းကင်မယ်တော်ကြီးရဲ့ သမိုင်းကိုပဲ မှတ်ထားတာ။ ငါ လိုချင်တာ ဒါမဟုတ်ဘူး” ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်းကာ ခန်းမအပြင်သို့ ထွက်သွားသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်က အမှန်တကယ် ကောင်းကင်နန်းတော်တစ်ခုဆိုရင် ပိုရှေးကျတဲ့ သမိုင်းတွေ ရှိသင့်တယ်။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သမိုင်းသက်သက်တင် မရှိသင့်ဘူး။ ဒီထက်ပိုရှေးကျတဲ့ သမိုင်းခန်းမ ရှိလိမ့်မယ်”
ချင်မူ သူ့နောက်လိုက်သွားသည်။ ထိုအခါမှ ယွီမိသားစု၏ အမျိုးသမီးများမှာ မြေကြီးပေါ် ပြန်ပြုတ်ကျလာပြီး လှုပ်ရှားနိုင်သွားကြ၏။
စစ်ပွဲက မပြီးသေးသည့်အပြင် အခြေအနေမှာလည်း အလွန်ရှုပ်ထွေးနေသည်။ အာဏာပိုင်မိသားစုအားလုံး တစ်ဖက်ကိုတစ်ဖက် ချောက်ချတိုက်ခိုက်ကာ မီးငှက်ပုတီးစေ့ကို လုနေကြသည်။
မီးငှက်ပုတီးစေ့၏ စွမ်းအားက ထူးခြား၍ နဂါးစိမ်းပုတီးစေ့အောက် မနိမ့်ကျပေ။ အစစ်အမှန်ကောင်းကင်နန်းတော်၏ မဟာဝိညာဉ်ရတနာလေးပါးအနက်မှ တစ်ပါးလည်း ဖြစ်သည့်အတွက် လိုချင်နေသော မိသားစုများအကြား ပဋိပက္ခဖြစ်နေကြတော့သည်။
အနောက်ကမ္ဘာမြေတွင် အမျိုးသမီးများသာ အာဏာရှိသော်လည်း သူတို့၏ပြိုင်ဆိုင်မှုများနှင့် အတွင်းရေးပဋိပက္ခများက ထာဝရငြိမ်းချမ်းရေးအင်ပါယာအောက် မနိမ့်ကျပေ။
ချင်မူ ဧကရာဇ်အတိုင်ပင်ခံနှင့်အတူ အစစ်အမှန်ကောင်းကင်၏ ပင်မခန်းမထဲ ဝင်လိုက်သည့်အခါ မတူကွဲပြားသော ပန်းချီများအား မြင်လိုက်ရသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နံရံဆေးရေးပန်းချီတစ်ခု၏ အရှေ့တွင် ရပ်ပြီး တည်ငြိမ်အေးဆေးစွာ ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူ့မျက်နှာထက်တွင် အကြောက်တရား ဖြတ်ပြေးသွား၏။
ချင်မူလည်း ပန်းချီကို ကြည့်လိုက်ရာတွင် ကြီးကျယ်ခမ်းနားသော ကောင်းကင်နတ်ဘုံအား မြင်လိုက်ရသည်။ ဧကရာဇ်တစ်ပါးသဖွယ် ဝတ်ဆင်ထားသော နတ်ဘုရားက ကျန်နတ်ဘုရားများ စားသောက်ပွဲကြီးဖြင့် တည်ခင်းဧည့်ခံနေသည်။ စားသောက်ပွဲ တက်ရောက်ကြသူများမှာ ရေတွက်၍မရနိုင်ပေ။
“မြေအောက်ဘုံအရှင်သခင်”
နတ်ဘုရားများအကြား ထင်းနေသော ချိုကြီးနှစ်ချောင်းကြောင့် ချင်မူ မြေအောက်ဘုံအရှင်သခင်ကို သတိထားမိသွားပြီး ရင်ထဲတွင် တုန်လှုပ်သွား၏။
မြေအောက်ဘုံအရှင်သခင်၏ အဆင့်အတန်းသည် အလွန်မြင့်မားသော်လည်း ပန်းချီထဲတွင် သူ့ရုပ်သွင်အား သဲသဲကွဲကွဲ မမြင်ရပေ။ ထို့အပြင် သူ တစ်ယောက်တည်းမဟုတ်။ မြေအောက်ဘုံအရှင်သခင်ကဲ့သို့ အင်အားကြီးမားသော အဆင့်မြင့်သိုင်းပညာရှင်များစွာ ရှိနေသည်။
နတ်ဘုရားများက ကိုယ်ဟန်အနေအထားမျိုးစုံဖြင့် ရပ်နေကြပြီး ပန်းချီကားအပြင် ထွက်လာတော့မည့်အလား အသက်ဝင်နေကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပန်းချီရေးဆွဲခဲ့သည့် ပန်းချီဆရာက အလွန်တရာ ထူးချွန်ပြောင်မြောက်ကြောင်း ထင်ရှား၏။
ချင်မူ နတ်ဘုရားများအား ကြည့်လိုက်သော်လည်း အစစ်အမှန်ကောင်းကင်မယ်တော်ကြီးနှင့် ပါ့ကော်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ “အဲဒီအချိန်တုန်းက အစစ်အမှန်ကောင်းကင်မယ်တော်ကြီး မမွေးသေးတာများလား”
ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးထောင့်စွန်းများက လှုပ်နေဆဲ ဖြစ်ပြီး သူက အက်ကွဲကွဲ ပြောလိုက်သည်။ “ဒါက အစစ်အမှန်ကောင်းကင်နန်းတော်... တကယ့်ကောင်းကင်နန်းတော်ပဲ... ခိုင်ဧကရာဇ်ခေတ်တောင် ပျက်သုဉ်းခဲ့ရတာ အံ့ဩစရာမရှိဘူး”
ချင်မူ ဧကရာဇ်အတိုင်ပင်ခံ၏လက်ကို လှမ်းဆုပ်ကိုင်လိုက်သည့်အခါ တုန်ရီနေသည်ကို တွေ့လိုက်၏။ သက်လတ်ပိုင်းလူ၏ ငေးကြောင်နေသော မျက်လုံးများတွင် အကြောက်တရားနှင့် တွန့်ဆုတ်မှုတို့အား မြင်နေရသည်။
“ဧကရာဇ်အတိုင်ပင်ခံ ပန်ချီကားတစ်ချပ်ကြောင့် ကြောက်သွားတာလား” ချင်မူက ရယ်လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ သူ့လက်ထဲမှ ရုန်းလိုက်သော်လည်း သူ့အသံက အက်ကွဲနေသေးသည်။ “မင်း မကြောက်ဖူးလား။ ဒီကောင်းကင်နန်းတော်ထဲမှာ နတ်ဘုရားဘယ်လောက်ရှိလဲ မမြင်ဘူးလား။ မြေအောက်ဘုံအရှင်သခင်လည်း သူတို့ထဲ ရောက်နေတာ မတွေ့ဘူးလား။ ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းခဲ့ရတဲ့ အကြောင်းရင်းက ဒီကောင်းကင်နန်းတော်ထဲက နတ်ဘုရားတွေဆိုတာ မင်း နားမလည်ဘူးလား”
သူက ပြိုလဲသွားသော မျက်နှာအမူအရာဖြင့် ဟက်ခဲ ရယ်လိုက်သည်။ “မမျှတမှုတွေကို တိုက်ဖျက်ပြီး ရှင်းလင်းကြယ်လင်နေတဲ့ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ငါ ပုံဖော်နိုင်မယ် ထင်ခဲ့မိတယ်။ လူသားတွေ လှည့်စားမခံရတော့အောင်၊ နတ်ဘုရားတွေလက်ထဲကနေ ရုန်းထွက်နိုင်အောင် ငါ လုပ်ပေးနိုင်ရင် ကောင်းကင်ဘုံကို တိုက်ခိုက်နိုင်တဲ့ သတ္တိရှိလာမယ် တွေးခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ ဟာသကြီး ဖြစ်မနေဘူးလား။ ဂိုဏ်းသခင်ချင်၊ မင်း ဘာကိုမှ နားမလည်ပါဘူး။ ငါ ပြုပြင်ပြောင်းလဲမှုကို ဆက်လုပ်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ခိုင်ဧကရာဇ်အင်ပါယာလို အဆုံးသတ်သွားလိမ့်မယ်။ ဟီးဟီး ပြုပြင်ပြောင်းလဲမှု ပြုပြင်ပြောင်းလဲမှု....”
သူ့မှာ လုံးဝပြိုလဲသွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။ “ငါ အထက်ကောင်းကင်ဘုံကို မသွားတော့ဘူး။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်ရင် ငါ့မိန်းမကို ခေါ်ပြီး ဇာတ်မြှုပ်နေတော့မယ်။ ဂိုဏ်းသခင်၊ မင်းကတော့ ဂိုဏ်းသခင် ဆက်လုပ်ပါ။ ပြုပြင်ပြောင်းလဲမှုကိုတော့.. သွားမထိနဲ့တော့...”
သူက ခန်းမထဲမှ စိတ်ပျက်လက်ပျက် လှည့်ထွက်သွားသည်။ သူ့တွင် ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။
“ကောင်းကင်နတ်မင်း၊ ခင်ဗျား အခုတင် ကျွန်တော့်ကို နားလည်လား မေးခဲ့တယ်။ ကျွန်တော် ဖြေမယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခြေလှမ်းများကို ရပ်လိုက်သည်။
“ကျွန်တော် သိထားပြီးသားပါ” ချင်မူ့အပြုံးက ပို၍ပင်တောက်ပလာသည်။ “ကျွန်တော်က ခင်ဗျားထက်တောင် ပိုပတ်သက်နေသေးတယ်။ ခိုင်ဧကရာဇ်ကလည်း ချင်မျိုးရိုးပဲ။ မျိုးတုံးသတ်ဖြတ်ခံခဲ့ရတဲ့ ခိုင်ဧကရာဇ်အင်ပါယာရဲ့ မျိုးဆက်က ခင်ဗျားအရှေ့တည့်တည့်မှာပါ”
ဧကရာဇ်အတိုင်ပင်ခံ တုန်ရီသွားသည်။ သူက ချင်မူ့ကို ချာခနဲ လှည့်ကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်မိ၏။ “မင်း...မင်းက...”
ချင်မူက သွားဖြူဖြူများ တန်းနေအောင် ပြုံးပြလိုက်သည်။ “ကျွန်တော့်နာမည်က နာမည်အရင်းမဟုတ်ပေမယ့် မျိုးရိုးကတော့ ချင်ပါ။ ခိုင်ဧကရာဇ်ရဲ့ ချင်ကလည်း ကျွန်တော့်ချင်ပဲ။ ကျွန်တော်တောင် မကြောက်တာ၊ ခင်ဗျားက ဘာလို့ ကြောက်နေမှာလဲ။ ကောင်းကင်နတ်မင်း၊ ကျွန်တော် အခုပဲ အကြံတစ်ခု ရတယ်။ ကျွန်တော့်ကို မှင်, ကူသွေးပေးပါဦး”
ဧကရာဇ်အတိုင်ပင်ခံမှာ ချင်မူ့စကားကြောင့် အံ့အားသင့်နေ၍ သူ ပြောလိုက်သည်ကို နားမလည်ပေ။
ချင်မူ စုတ်တံ ထုတ်လိုက်ပြီး မှင်သွေးကျောက်တုံးကို သူ့ဆီ ပစ်ပေးလိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံကဲ့သို့ လူတစ်ယောက်ကိုပင် ပြိုလဲသွားစေခဲ့သော ပန်းချီအား သူ အလွန်စိတ်ဝင်စားမိ၏။ တခဏကြာသော် သူ့မျက်လုံးများ တောက်ပသွားပြီး ပြဿနာ၏အရင်းအမြစ်ကို နားလည်သွားသည်။ သူက ပြုံးလျက် လှမ်းမေးလိုက်သည်။ “မှင် အဆင်သင့်ဖြစ်ပြီလား”
ဧကရာဇ်အတိုင်ပင်ခံမှာ စိတ်နှင့်ကိုယ် မကပ်၍ မှင်များများစားစား မသွေးမိသေးပေ။ ချင်မူက ပြုံးလိုက်ပြီး ထပ်ပြောလိုက်၏။ “ကောင်းကင်နတ်မင်း၊ ခင်ဗျားက ဒီလိုမဟုတ်ပါဘူး။ နှစ်ငါးရာမှ တစ်ကြိမ်ပေါ်တဲ့ ပါရမီရှင်ကြီး ဘယ်ရောက်သွားလဲ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အသက်ပြင်းပြင်းရှူပြီးနောက် အတွေးများကို ခေါင်းထဲမှ ထုတ်ကာ မှင်သွေးရာတွင် အာရုံစိုက်လိုက်သည်။
ချင်မူ စုတ်တံကို မှင်ထဲနှစ်၍ နံရံဆေးရေးပန်းချီ၏အောက်ဘက်ရှိ ညာဘက်ထောင့်တွင် စုတ်ချက်အနည်းငယ် ဆွဲလိုက်သည်။ သူက ဆွဲပြီးသည့်အခါ ပြုံးလိုက်ပြီး လှမ်းပြော၏။ “စုတ်တံလေး ဆေးပေးပါဦး”
“မင်း” ဧကရာဇ်အတိုင်ပင်ခံမှာ မီးပုံယမ်းကျ ပေါက်ကွဲလုနီးနီး ဖြစ်သွားသည်။ “ခိုင်ဧကရာဇ်ခေတ်က လွန်ခဲ့တဲ့နှစ်နှစ်သောင်းကတည်းက နိဂုံးချုပ်သွားခဲ့ပြီးပြီ။ ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်တွေကိုလည်း လယ်သမားလောက်တောင် လေးစားတော့မှာမဟုတ်ဘူး။ မင်း ငါ့ကို အရူးလုပ်ရင် ငါ့အကြောင်း သိစေရမယ်”
ချင်မူက ကျယ်လောင်စွာ ရယ်ကာ ပြောလိုက်သည်။ “စုတ်တံဆေးပြီးတာနဲ့ ကျွန်တော်တို့ သွားကြတာပေါ့”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စုတ်တံကို သေသေချာချာ ဆေးလိုက်သည်။ သူသည် လုပ်သမျှအရာတိုင်းတွင် အလွန်အလေးနက်ထားပြီး အမှားမလုပ်တတ်ပေ။
ချင်မူက စုတ်တံနှင့် မှင်သွေးကျောက်ကို သိမ်းပြီးနောက် သက်လတ်ပိုင်းလူ၏ လက်ကို လှမ်းဆွဲ၍ ပန်းချီကားထဲ ဆွဲခေါ်လိုက်သည်။ “လာ ကောင်းကင်နတ်ဘုံရဲ့ စားသောက်ပွဲကို သွားတက်ကြစို့”
နှစ်ယောက်သား ပန်းချီကားထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။