← Chapters

လမ်းပျောက်နေသော လူတစ်ထောင်

Vol. 34 Ch. 469

လမ်းပျောက်နေသော လူတစ်ထောင်

Vol. 34 Ch. 469

ဧကရာဇ်အတိုင်ပင်ခံ၏ မြင်ကွင်း မည်းမှောင်သွားပြီး ရုတ်ခြည်း ပြောင်းလဲသွားသည်။ အလင်းရောင် ပြန်ဝင်လာသည့်အခါ ကောင်းကင်နတ်နန်းဆောင်များကြားထဲ ရောက်နေကြောင်း မြင်လိုက်ရ၏။ နတ်နန်းဆောင်များကား ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်လျက် ခမ်းနားတင့်တယ်နေပြီး အထွတ်အမြတ်တောင်တန်းများကလည်း မျက်စိတဆုံး သွယ်တန်းနေသည်။

“ဒါက ပန်းချီကမ္ဘာလား”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ အကြီးအကျယ် အံ့အားသင့်သွားသည်။ ပန်းချီကမ္ဘာဆိုလျှင် မကြီးမား၊ မကျယ်ဝန်းနေဘူးလော။

သူ အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း နတ်နန်းဆောင်များမှာ အဆုံးမရှိပေ။

နတ်ဘုရားများက ဟိုဟိုသည်သည် လမ်းလျှောက်သွားလာနေကြပြီး မိတ်ဆွေအပေါင်းအသင်းများကို ခေါ်ကာ အုပ်စုဖွဲ့၍ အရက်သောက်နေကြသည်။

ချင်မူက ဧကရာဇ်အတိုင်ပင်ခံကို ကောင်းကင်နတ်ဘုံ၏ စားသောက်ပွဲဆီသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ သူတို့၏ပတ်ပတ်လည်တွင် စင်္ကြံအရှည်ကြီးများက တံတားများသဖွယ် ဖြောင့်တန်းနေပြီး သက်တံ့များ၊ နေနှင့်လလည်း ကောင်းကင်ထက်၌ ပျံဝဲလျက်ရှိ၏။ မီးအိမ်များအတွင်း၌ မီးငှက်များသည် ဖယောင်းတိုင်များကဲ့သို့ ပြုမူ၍ အပူဓာတ်ကို ထုတ်လွှတ်နေကြ၏။

ကြိုးတပ်တူရိယာများ တီးခတ်နေကြသော နတ်ဘုရားမများကိုလည်း တွေ့ရသည်။ လှပသော နတ်သမီးများက ပဒုမ္မာကြာပွင့်များအပေါ်တွင် ကခုန်နေကြပြီး နတ်ပန်းပွင့်များမှာ ပတ်ဝန်းကျင်တွင် တင့်တယ်ကြော့ရှင်းစွာ ပျံဝဲလွင့်မျောလျက်ရှိကြသည်။

နတ်ဘုရားတချို့က ဒယိမ်းဒယိုင် မူးရူးနေကြပြီး နတ်ဘုရားမများ အရှက်သည်းသွားအောင် စနောက်ကျီစယ်နေကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ မည်သည့်နေရာကို ကြည့်ရမည်မှန်း မသိတော့ပေ။ သူတို့ရောက်နေသည်က မရေမတွက်နိုင်သော နတ်ဘုရားများ ပြည့်နှက်နေသည့် စားသောက်ပွဲ၏ အလယ်ဗဟိုတွင် ဖြစ်ကြ၏။

မြေအောက်ဘုံအရှင်သခင်က သူတို့ဆီမှ မလှမ်းမကမ်းတွင် ဖြစ်ပြီး သူ့ခေါင်းပေါ်တွင် အကွေ့အကောက်ကိုးသွယ် ချိုကြီးနှစ်ချောင်း ရှိနေ၏။ သူက မလှုပ်မယှက် ထိုင်နေပြီး မီးတောက်မီးလျှံများက သူ့ခန္ဓာကိုယ်ကို ဝန်းရံ‌တောက်လောင်နေသည်။

အတိုင်းထက်အလွန် အင်အားကြီးမားသော နတ်ဘုရားများလည်း ရှိကြသည်။ သူတို့၏မျက်နှာများက ဝေဝါးနေသော်လည်း အရှိန်အဝါများကား မနိမ့်ကျပေ။

“ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျားကြည့်ရတာ တောသားကြီးကျလို့။ နယ်စပ်နဂါးမြို့ကို ပထမဆုံး ရောက်ဖူးတဲ့ ကျွန်တော့်အတိုင်းပဲ”

ချင်မူ ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့ဘေးရှိ နတ်ဘုရားမတစ်ပါးဆီမှ အရက်အိုးတစ်အိုး လှမ်းယူလိုက်သည်။ အိုးကို နှုတ်ခမ်းနား တေ့၍ အားပါးတရ သောက်ချလိုက်၏။

နတ်ဘုရားမက ဒေါသထွက်သွားပြီး အော်ဟစ်သည်။ “ဒီသူတောင်းစားက ဘယ်က ရောက်လာတာလဲ။ ဒါက အထက်နတ်ဘုရားတွေအတွက် နတ်သေရည်ဟဲ့။ နင်ကများ သောက်ရတယ်လို့”

“စကားများလိုက်တာ”

ချင်မူ ထိုနတ်ဘုရားမအား ကန်ထည့်လိုက်သည်။ မြောက်တက်သွားသော လင်ဗန်းပေါ်မှ အရက်အိုးနောက်တစ်အိုးကို သူ လှမ်းယူပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလက်ထဲ ထိုးထည့်ပေးလိုက်၏။ ထို့နောက် နတ်ဘုရားတစ်ပါး၏အရှေ့ရှိ ကျောက်စိမ်းစားပွဲပေါ် ခုန်တက်ကာ အားရပါးရ မော့သောက်လိုက်သည်။

ထိုနတ်ဘုရားက အမျက်ထွက်သွား၍ သူ့ကို ရိုက်ရန် လက်ဝါးမြှောက်လိုက်သော်လည်း ချင်မူက ဓားဆွဲထုတ်ကာ လက်မောင်းတစ်ဖက်အား ခုတ်ချလိုက်၏။

သူက တဟားဟား ရယ်လျက် ကျောက်စိမ်းစားပွဲကို ပြောင်းပြန်လှန်ပြီး အော်ဟစ်လိုက်သည်။ “နတ်ဝိဇ္ဇာတို့ရဲ့ ဝိုင်၊ နေနဲ့လရဲ့ ကဗျာစာသား၊ သူရဲကောင်း ကောင်းကင်ကိုးဆင့်သို့ တက်လာပြီ”

ဇွပ်

နတ်ဘုရားတစ်ပါး၏‌ခေါင်းက လည်တိုင်မှ ပြတ်ထွက်သွားပြီး ချင်မူက ခန်းမတစ်ခုထဲ ဝင်ကာ သောင်းကျန်းတော့သည်။ မရေမတွက်နိုင်သော နတ်ဘုရားများသည် သူ့ကို ဒေါကြီးမောကြီး တိုက်ခိုက်ကြ၏။ ချင်မူ့လက်ထဲမှ ဓားရောင်များ တဖျပ်ဖျပ် လက်နေပြီး နတ်ဘုရားများအား ခုတ်ပိုင်းနေသည်။ ခေါင်းပြတ်များက မြေအောက်ဘုံအရှင်သခင်၏ဘေးသို့ လိမ့်ဆင်းသွားကြသည်။

ချင်မူက ခေါင်းပြတ်များကို မြေအောက်ဘုံအရှင်သခင်၏ ချို၌ ချိတ်ဆွဲပြီး ဟားတိုက်ရယ်သည်။ “ဖုန်းလိုင်တောင်မှာ လူရာမဝင်လို့၊ ဝတ်ကောင်းစားလှ ဝတ်လို့ရယ်နဲ့ ဖန်ကျန့်တောင်ကို ရောက်လာတယ်”

မြေအောက်ဘုံအရှင်သခင်မှာ မီးပုံယမ်းကျ ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်ကို လှုပ်ခါကာ ပေတစ်သိန်းကျော် မြင့်မားသော နတ်ခန္ဓာကိုယ်ကြီးအသွင် ပြောင်းလဲသွားသည်။ နတ်မီးလျှံများက သူ၏ခြေထောက်အောက်မှ တရှဲရှဲ ဖြာထွက်လာ၏။

ချင်မူ ဓားစက်လုံးကို ထုတ်လိုက်သည့်အခါ ဓားအလက်ရှစ်ထောင်က မြေအောက်ဘုံအရှင်သခင်ကို ဝန်းရံလိုက်ကြသည်။ ဓားများက ဝဲကတော့ဓားချက်အသွင် လည်သွားပြီး နတ်ဘုရားအား အပိုင်းပိုင်း ဖြတ်တောက်ပစ်သည်။ ချင်မူ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာတွင် ဓားပျံများက နဂါးကြီးများသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ သူက စိတ်အားတရှိန်ရှိန် တောက်လောင်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ကာ ကျယ်လောင်စွာ ကဗျာရွတ်နေတော့သည်။ “ပေတစ်သိန်းအမြင့်နဲ့ နဂါးခန္ဓာ မီးငှက်ရဲ့ တောင်ပံအောက်မှာ တိမ်မြုပ်ရမယ်”

မရေမတွက်နိုင်သော နတ်ဘုရားများက ရေလှိုင်းကြီးသဖွယ် သူ့အပေါ်သို့ ထိုးဆင်းလာကြသည်။

ကောင်းကင်အလင်းတန်းများ ကောင်းကင်ထက်သို့ ဖြာတက်လာပြီး ချင်မူက ခြေပြတ်လက်ပြတ်ခေါင်းပြတ်များကြားမှ ခုန်ထွက်လာသည်။ ဓားများကို လွတ်လပ်ပေါ့ပါးစွာ ကစား၍ ကဗျာဆိုနေသည်။ “လမ်းပျောက်နေတဲ့ လူတစ်ထောင်၊ သည်းမခံမယ့် နတ်ဘုရားတစ်သိန်း။ ဧကရာဇ်အတိုင်ပင်ခံ ၊ ခင်ဗျားရင်ဘတ်ထဲက နတ်ဘုရားတွေကို ကျွန်တော် ဖျက်စီးပေးမယ်”

ဧကရာဇ်အတိုင်ပင်ခံက တဟားဟား ‌အော်ရယ်လိုက်ပြီး အားငယ်ပြိုလဲနေခြင်း မရှိတော့ပေ။ သူ၏စိတ်အား တရှိန်ရှိန် ပြန်တက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ငါ့ရင်ဘတ်ထဲက နတ်ဘုရားတွေကို မင်းက ဘာကြောင့် ဖျက်စီးပေးရမှာလဲ”

သူက ဓားရောင်ကို ဖြန့်ကျက်လျက် ရှေ့တက်သွားသည်။ သူ၏သိုင်းစွမ်းရည်က ချင်မူ့ထက် မြင့်မား၍ သူ ဖြတ်သွားသည့်နေရာတိုင်းတွင် နတ်ဘုရားများ နှစ်ပိုင်းပြတ်ကုန်သည်။

နတ်ကောင်းကင်ခန်းမထဲမှ မရေမတွက်နိုင်သော နတ်ဘုရားများက သူတို့ကို တိုက်ခိုက်ရန် အစုလိုက်အပြုံလိုက် လာနေကြသည်။

ချင်မူနှင့် ဧကရာဇ်အတိုင်ပင်ခံက ဘေးချင်းယှဉ်လျက် ကောင်းကင်မုခ်ဝအရှေ့ရှိ နတ်ဘုရားတိုင်းကို သတ်ပစ်နေသည်။

တခဏကြာတော် တစ်တောင်လုံးတွင် နတ်ဘုရားအလောင်းများ ဖွေးဖွေးလှုပ်သွား၏။ သို့တိုင်အောင် သူတို့ဆီ ပြေးလာနေသော နတ်ဘုရားများကား မကုန်မခမ်းနိုင်သည့်အလား ထင်ရသည်။

“ငါတို့ ဘယ်လောက်တောင် ထပ်သတ်ရဦးမှာလဲ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လှမ်းအော်သည်။ “မုခ်ဝမှာ စောင့်နေ။ ငါ ကောင်းကင်နတ်ဧကရာဇ်ကို သွားသတ်မယ်”

“သွား” ချင်မူ သဘောတူလိုက်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နတ်ဘုရားအ‌လောင်းများ ပြန့်ကြဲနေသည့် နတ်ကောင်းကင်ခန်းမထဲသို့ တရှိန်ထိုး ပြေးသွားသည်။

ဘုန်း

ဧကရာဇ်အတိုင်ပင်ခံ လွင့်ထွက်လာပြီး ချင်မူ့ဘေးရှိ နံရံအား ဝင်တိုက်သွား၍ လူငယ်လေးမှာ အလန့်တကြား ထခုန်လိုက်မိသည်။ သူတို့ပတ်ပတ်လည်ရှိ နတ်ဘုရားများက သိသိသာသာ အားနည်းနေသည့်အတွက် သူတို့ကို ရေးဆွဲခဲ့သော ပန်းချီဆရာ၏ အစွမ်းအစလည်း နိမ့်ကျကြောင်း ပေါ်လွင်၏။ ချင်မူပင် နတ်ဘုရားများကို သတ်ဖြတ်နိုင်နေသည် မဟုတ်ပါ၏လော။

သို့သော် ဧကရာဇ်အတိုင်ပင်ခံမှာ ကောင်းကင်နတ်ဧကရာဇ်ကြောင့် လွင့်ထွက်လာခဲ့၏။

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ပြီး အခြေအနေမဟန်ကြောင်း နားလည်သွားသည်။ ‘ဒီပန်းချီဆရာက ငဖားတစ်ကောင်ကိုး။ ကောင်းကင်နတ်ဧကရာဇ်ကိုပဲ အသားပေးဆွဲခဲ့လို့ ကောင်းကင်နတ်ဧကရာဇ်က နတ်ဘုရားအားလုံးထက် အများကြီး သန်မာအားကောင်းနေတာပဲ’

နားကန်းဆီမှ ပန်းချီသင်ထားသူဖြစ်သည့်အလျောက် ပန်းချီကားတစ်ကားက မည်မျှအင်အားကြီးမားနိုင်ကြောင်း ချင်မူ နားလည်သည်။

ပန်းချီကား၏ စွမ်းအားက ပန်းချီဆရာ၏ စွမ်းရည်အပေါ်သာ မူတည်ခြင်းမဟုတ်၊ မည်သည့်နေရာကို အသားပေး၍ ရေးထားသည့်အပေါ်လည်း မူတည်သည်။

ပန်းချီစွမ်းရည် မြင့်မားလာလေလေ၊ ပန်းချီကလည်း အားကောင်းလေလေ ဖြစ်မည်။ မှန်၏၊ ပန်းချီဆရာ၏ ကြိုးစားအားထုတ်မှုအပေါ်လည်း မူတည်သေးသည်။

နံရံဆေးရေးပန်းချီကို ရေးဆွဲခဲ့သော ပန်းချီဆရာက ကျန်နတ်ဘုရားများကို သာမန်ကာလျှံကာ ရေးဆွဲခဲ့သည့်အတွက် သူတို့တွင် စွမ်းအားမရှိကြပေ။ မြေအောက်ဘုံအရှင်သခင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ နတ်ဘုရားကြီးပင် သိုင်းသမားပေါက်စလေးသဖွယ် ဖြစ်နေ၏။

သို့သော် အသားပေးရေးဆွဲထားသည့် ပစ်မှတ်ကို သိရန် အရေးကြီးသည်။

ဥပမာ နားကန်း လူငယ်ရွာလူကြီးကို ဆွဲခဲ့တုန်းက ဓားကိုင်ထားသော ဓားနတ်ဘုရားပန်းချီတွင် အံ့ဩတုန်လှုပ်ဖွယ်စွမ်းအား ကိန်းဝပ်နေခဲ့သည်။

နံရံဆေးရေးပန်းချီဆရာ ကောင်းကင်နတ်ဧကရာဇ်ကို ဆွဲခဲ့တုန်းကလည်း ကောင်းကင်နတ်ဧကရာဇ်၏ ကြော့ရှင်းကျက်သရေကို အမိအရဖမ်းဆုပ်ထားသဖြင့် ကောင်းကင်နတ်ဧကရာဇ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကိုပင် လွင့်ထွက်သွားစေနိုင်ခဲ့ခြင်းဖြစ်၏။

ချင်မူ အတန်ငယ် စိတ်ပူမိသွားသည်။ သူ ဧကရာဇ်အတိုင်ပင်ခံကို ပန်းချီထဲ ခေါ်လာခဲ့သည်မှာ သူ့ရင်ဘတ်ထဲရှိ အကြောက်တရားအား ဖျက်စီးရန် ဖြစ်သော်လည်း ဧကရာဇ်အတိုင်ပင်ခံအနေဖြင့် ပန်းချီကားထဲရှိ ကောင်းကင်နတ်ဧကရာဇ်ကို အနိုင်မယူနိုင်လျှင် ယုံကြည်ချက်များ ပျက်ပြားသွားလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်တွင် ဧကရာဇ်အတိုင်ပင်ခံက နံရံပေါ်မှ လျှောကျသွားသည်နှင့်‌ ခြေစုံရပ်ကာ တရှိန်ထိုး ပြေးထွက်သွား၏။

တခဏကြာသော် ဧကရာဇ်အတိုင်ပင်ခံ လွင့်ထွက်လာပြန်သည်။ ချင်မူက ဓားအလက်ရှစ်ထောင်ဖြင့် နတ်ဘုရားများကို ခုတ်ထစ်သတ်ဖြတ်ရင်း နံရံ၌ ကပ်နေသော ဧကရာဇ်အတိုင်ပင်ခံအား လှမ်းကြည့်လိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံ၏မျက်နှာမှာ ဝက်ခေါင်းလို ဖူးယောင်နေချေသည်။

‘ဒုက္ခပဲ၊ ဒီပန်းချီကားထဲက ကောင်းကင်နတ်ဧကရာဇ်ရဲ့ စွမ်းအားက သာမန်နတ်ဘုရားထက်တောင် ကြီးမားလောက်တယ်’

သူ တွေးနေသည့်အချိန်မျာပဲ ဧကရာဇ်အတိုင်ပင်ခံက ပြေးထွက်သွားပြန်သည်။

ဘုန်း

လွှင့်ထွက်လာပြန်၏။

ဤသို့ ထပ်ခါတလဲလဲ ဖြစ်နေသည်။

နတ်ကောင်းကင်ခန်းမအရှေ့ရှိ ကောင်းကင်မုခ်ဝတွင် နတ်ဘုရားအလောင်းများ တောင်လိုပုံနေသည့်တိုင် ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဧကရာဇ်ဆီသို့ အခေါက်ခေါက်အခါခါ ပြေးနေဆဲဖြစ်သည်။ သူ့မှာ အကြိမ်တိုင်း လွင့်ထွက်လာပြီး အခြေအနေက တဖြည်းဖြည်း ပိုပိုဆိုးလာသည်။

ချင်မူ့မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး မိုးကြိုးငါးသွယ်ဒယ်အိုးကို ထုတ်ရန် တွေးလိုက်၏။ ‘ဒီနေရာကို‌ ဖောက်ခွဲဖို့ ငါ့အသက်ကို စွန့်စားရမှာဆိုပေမယ့် ပန်းချီကားထဲက ကောင်းကင်နတ်ဧကရာဇ် ဧကရာဇ်အတိုင်ပင်ခံကို အနိုင်ရသွားလို့မဖြစ်ဘူး...’

ဧကရာဇ်အတိုင်ပင်ခံက နောက်တစ်ကြိမ် ပြေးထွက်သွား၏။ ထို့နောက် သတ်ဖြတ်သံများ ရပ်တန့်သွားပြီး နတ်ကောင်းကင်ခန်းမအပြင်ရှိ နတ်ဘုရားအားလုံး၏အမူအရာများက ကြောက်လန့်တုန်လှုပ်နေသောအမူအရာများ ဖြစ်လာကြသည်။ သူတို့အားလုံး ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြ၏။

ချင်မူ မှင်သက်သွားသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ သူ့အနောက်တွင် ကောင်းကင်နတ်ဧကရာဇ်၏ ‌ခေါင်းပြတ်ကို ဆွဲလျက် ရပ်နေသော ဧကရာဇ်အတိုင်ပင်ခံအား မြင်တွေ့လိုက်ရသည်။

ဧကရာဇ်အတိုင်ပင်ခံမှာ ဒဏ်ရာများဖုံးနေသော်လည်း သူ၏အပြုံးက အလွန်စစ်မှန်နေ၏။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တဟားဟား ရယ်လိုက်ကြသည်။

ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဧကရာဇ်၏ ခေါင်းကို နတ်ကောင်းကင်ခန်းမအပြင်သို့ လွှင့်ပစ်လိုက်သည်။ “တားမြစ်နယ်မြေမှ ဓားမကို ပင့်မြှောက်၍ ဧကရာဇ်၏ ခေါင်းပြတ်ကို လက်တစ်ဖက်ဖြင့် ဆွဲ၍ ထွက်လာသည်။ ကောင်းကင်ဓားမက တကယ် သူရဲကောင်းဆန်တယ်။ နောက်ဆုံးတော့ သူ့ဓားမသိုင်းနဲ့ ဓားမလမ်းစဉ်ရဲ့ သဘောတရားကို ငါ ဖမ်းဆုပ်နိုင်လိုက်ပြီ”

ချင်မူမှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသော်လည်း ပြုံးလျက် ခန်းမအပြင်သို့ ထွက်လိုက်သည်။ “တကယ်ကို ပါရမီရှင်ကြီး ပီသပါပေတယ်။ ခင်ဗျားအတွေးအခေါ်က မြင့်မားလွန်းတော့ ဦးနှောက်ကိုတောင် ရွှေချထားချင်မိတယ်။ ဘိုးဘိုးသားသတ်သမားက ကျွန်တော် သူ့ဓားမသိုင်းရဲ့ သဘောတရားကို နားလည်အောင် နှစ်ပေါင်းများစွာ သင်ပေးခဲ့ရတာ။ ခင်ဗျားက ဓားပျံလမ်းစဉ်သမားဆိုပေမယ့် ဓားမလမ်းစဉ်ရဲ့ သဘောတရားကိုလည်း နားလည်သွားပြီ။ ကျွန်တော့်အတွေးအခေါ်က ခင်ဗျားထက် နိမ့်ကျပါပေတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ဘက်လှည့်ကာ အလေးအနက် ပြောလိုက်သည်။ “လူတစ်ယောက်ရဲ့ အတွေးအခေါ်ဆိုတာ အမြင်ကျယ်ပြီး အတွေ့အကြုံများမှ တိုးတက်လာတာ။ အသိအမြင်လည်း အတူတူပဲ။ မင်းရဲ့ သိုင်းအဆင့်က နိမ့်ကျနေသေးလို့ပါ။ ငါ့အဆင့်ကို ရောက်ရင်တော့ ဆန်းကြယ်နက်နဲမှုအားလုံးကို မင်း မြင်နိုင်ပါလိမ့်မယ်။ နောင်ကျရင် မင်းက ငါ့ထက် နိမ့်ကျတော့မှာ မဟုတ်ဘူး။ ငါ့ထက် သာပြီး သန်မာအားကောင်းလာလိမ့်မယ်။ ငါ မပြိုလဲသွားအောင် ကောင်းကင်နတ်ဘုံရဲ့ စားသောက်ပွဲကို အသုံးချပြီး ငါ့ရင်ဘတ်ထဲက နတ်ဘုရားတွေကို ဖျက်စီးပေးဖို့ မင်း တွေးတတ်ခဲ့ပေမယ့် ငါတောင် မတွေးတတ်ခဲ့ဘူး။ ဂိုဏ်းသခင်က ဘာကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးချနေတာပါလဲ”

ချင်မူက ကောင်းကင်နတ်ဧကရာဇ်၏ ပလ္လင်ဆီသို့ သွားပြီး ခေါင်းပြတ်အလောင်းကို တွန်းချကာ ပလ္လင်ထက်တွင် ထိုင်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ကျွန်တော် ခင်ဗျားကို ကျော်နိုင်မယ်ထင်လား”

“မင်းက လူငယ်မျိုးဆက်လေ၊ ဝါစဉ်မြင့်လူကြီးတွေကို မကျော်တက်နိုင်ရင် ဒီကမ္ဘာကြီးက ဝမ်းနည်းစရာမကောင်းသွားဘူးလား။ ဒါ့အပြင် မင်းက လောကသခင်ခန္ဓာလည်း ဖြစ်နေသေးတယ်”

ချင်မူ ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်မိသည်။ “ဟုတ်တယ်၊ ကျွန်တော်က လောကသခင်ခန္ဓာ၊ ခင်ဗျားထက် သေချာပေါက် သာတယ်”

ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာ မည်းမှောင်သွားသည်။

ချင်မူက ဖင်ရွှေ့လိုက်ပြီး ဧကရာဇ်အတိုင်ပင်ခံအတွက် နေရာပေးလိုက်သည်။ “လာ ကောင်းကင်နတ်ဧကရာဇ်ပဲ ထိုင်လို့ရတဲ့ နေရာမှာ လာထိုင်ကြည့်”

ဧကရာဇ်အတိုင်ပင်ခံက တွန့်ဆုတ်နေ၏။ “ကောင်းပါ့မလား”

“လာသာ ထိုင်စမ်းပါ။ ဒီကနေ ကြည့်ရတဲ့ မြင်ကွင်းက တော်တော်ကောင်းတယ်”

“ကောင်းပြီ” ဧကရာဇ်အတိုင်ပင်ခံက သူ့ဘေးတွင် လာထိုင်ပြီး နှစ်ယောက်သား နတ်ကောင်းကင်ခန်းမအပြင်ရှိ ရှုခင်းအား ကြည့်နေကြသည်။ တခဏကြာသော် ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “အဆုံးမရှိတဲ့ ကမ္ဘာကြီးက ငါတို့မျက်စိရှေ့မှာပဲ။ ဒီပလ္လင်မှာ အင်မတန် ကြီးမားတဲ့ အာဏာကို ရှိနေတယ်။ ကမ္ဘာလေးတစ်ခု၊ အသက်လေးတစ်ချောင်းကို အတွေးလေးတစ်ချက်နဲ့ သတ်ပစ်နိုင်တယ်။ ဂိုဏ်းသခင်၊ ဒီလိုအာဏာမျိုး လိုချင်ဖူးလား”

ချင်မူက သူ့ကို ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။ “လိုချင်ဖူးတယ် ပြောရင် ဧကရာဇ်အတွက် အန္တရာယ်မဖြစ်အောင် ခင်ဗျားကို ကျွန်တော့်ကို ချက်ချင်း သတ်မှာမလား”

သူတို့အကြည့်ချင်း ဆုံသည့်အခါ ဧကရာဇ်အတိုင်ပင်ခံက အကြည့်လွှဲသွားသည်။ “မသတ်ဘူး။ သတိပဲ ထားမှာပါ”

သူက ထရပ်လိုက်ပြီး သူ၏အမူအရာက ပြန်လည်အေးစက်သွားသည်။ မည်သည့်အရာမှ သူ့ကို မပြောင်းလဲနိုင်တော့သကဲ့သို့ မှင်သေနေ၏။

ချင်မူ သိသည်။ ကောင်းကင်နတ်ဘုံ၏ စားသောက်ပွဲပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ တာအိုနှလုံးသားသည် နတ်ဘုရားများပင် မခန့်မှန်းနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီဖြစ်၏။

သူ၏တာအိုနှလုံးသားကား မပျက်စီးနိုင်တော့ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ တာအိုနှလုံးသားတွင် မည်သည့်ပြစ်ချက်မှ မရှိတော့။

ချင်မူ ထရပ်ပြီး ပန်းချီကားအပြင် ထွက်လိုက်သည်။ ‘နှလုံးသားထဲက စိတ်ပျက်အားလျော့မှုတွေကို ဖျက်စီးနိုင်မှ မျှော်လင့်ချက်နဲ့ အားတက်နိုင်မယ်’

သူတို့နှစ်ယောက်သား နံရံပေါ်ရှိ ‌‌ဆေးရေးပန်းချီထဲမှ ထွက်ကာ မြေပြင်ညီအပေါ် ခြေချလိုက်ကြသည်။

ဧကရာဇ်အတိုင်ပင်ခံ ပန်းချီကို ပြန်လှည့်ကြည့်သည့်အခါ ‌ကောင်းကင်နန်းတော်က ရှိနေသေးကြောင်း မြင်လိုက်ရသည်။ သို့သော် နေရာတိုင်းတွင် အလောင်းများ ပြန့်ကြဲနေ၏။ နတ်ဘုရားတချို့ဆိုလျှင် ချောင်ကြိုချောင်ကြားများ၌ ပုန်းနေကြပြီး ကြောက်လန့်တုန်ရီနေကြသည်။

ချင်မူ ရှေ့တက်သွားပြီး သူ ဆွဲခဲ့သည့် စုတ်ချက်များကို ဖျက်လိုက်သည့်အခါ ပန်းချီသည် ပုံမှန်ပြန်ဖြစ်သွား၏။

သူက ခေါင်းကုတ်ကာ ဇဝေါဇဝါ ပြောလိုက်သည်။ “ဒီပန်းချီကို ရေးခဲ့တဲ့လူ တော်တော်လက်ရာမြောက်တယ်။ ကျွန်တော့်အောက် မနိမ့်ကျဘူး။ ဒါပေမဲ့ ဘာလို့ သူ့ပန်းချီမှာ ဟာကွက်ရှိနေတာလဲ။ သူ့စွမ်းရည်နဲ့ဆို ပန်းချီထဲရှိ လူတွေကို အသက်သွင်းပေးလို့ရတယ်။ အားလုံး စားသောက်ပွဲမှာ လှုပ်ရှားသွားလာပြီး စကားပြောနိုင်ကြမှာ။ ဒါပေမဲ့ ဟာကွက်တစ်ကွက် ရှိနေတော့ ပန်းချီကားက အသက်မရှိဘူး”

“ဖျက်ခံထားရတာ နေမယ်” ဧကရာဇ်အတိုင်ပင်ခံက ခန်းမအပြင်သို့ လျှောက်သွားရင်း ပြောလိုက်သည်။ “အခုလောက်ဆို အပြင်က စစ်ပွဲ ပြီးလောက်ပြီမဟုတ်လား။ ရှုန်းရှီယွီကို သခင်မနေရာ ပြန်ပေးပြီး အနောက်ကမ္ဘာမြေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်အောက်ဝင်ခိုင်းဖို့ အချိန်ကျပြီ”

ချင်မူလည်း သူနှင့်အတူ လိုက်ထွက်လာပြီး ပြုံးလိုက်သည်။ “ခင်ဗျားမှာ ဧကရာဇ်ရဲ့ အမိန့်တော်ရှိရင် အခုပဲ ဖတ်ပြီး ရှုန်းရှီယွီကို အစစ်အမှန်ကောင်းကင်နန်းတော်သခင်မအဖြစ် ပြန်တင်မြှောက်လိုက်ပါ”

ဧကရာဇ်အတိုင်ပင်ခံက အမိန့်စာချွန်တစ်ခု ထုတ်ကာ ပြော၏။ “ဒီကို ထွက်မလာခင်ကတည်းက ဧကရာဇ်ကို အမိန့်တော် ရေးပေးဖို့ လျှောက်တင်ခဲ့ပြီးသား”

“ဧကရာဇ်လည်း မြေခွေးအိုကြီးပဲ” ချင်မူ သက်ပြင်းချလိုက်မိသည်။

သူတို့နှစ်ယောက် ခန်းမထဲမှ ထွက်သွားသည့်အခါ ပန်းချီကားထဲတွင် နတ်ဘုရားမတစ်ပါး ရုတ်တရက် ရွေ့လျားနေသည်။ သူမက ဘေးဘီဝဲယာကို အကဲခတ်ပြီး မည်သူမှမရှိကြောင်း တွေ့လျှင် ပန်းချီကားထဲမှ ခိုးကြောင်ခိုးဝှက် ပြေးထွက်လာ၏။

All Chapters