← Chapters

ကြယ်သုသာန်စာရင်း

Vol. 70 Ch. 971

ကြယ်သုသာန်စာရင်း

Vol. 70 Ch. 971

ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာ စည်းမျဉ်းဥပဒေသ ဆယ်ခု ပါသည့် တာအိုဂြိုဟ်တစ်လုံးအဖြစ် ပေါင်းစည်းသွားပြီးဖြစ်သည်။

ထို စည်းမျဉ်းဥပဒေသ ဆယ်ခုထဲမှ ကိုးခုမှာ အနီရောင် သွေးတာအို၊ လိမ္မော်ရောင် တေးဂီတတာအို၊ အဝါရောင် မီးလျှံတာအို၊ အစိမ်းရောင် အပင်တာအို၊ မိုးပြာရောင် တိမ်တာအို၊ အပြာရောင် လေတာအို၊ ခရမ်းရောင် ဝါးမျိုခြင်းတာအိုနှင့် အဖြူရောင်နှင့် အနက်ရောင် တာအိုများ ဖြစ်ကြသည့် သေမင်းတာအိုနှင့် အလင်းတာအိုတို့ ဖြစ်သည်။

၎င်းတို့ ကိုးခုအပြင် ထို တာအိုဂြိုဟ်မှာ အခြား စည်းမျဉ်းဥပဒေသများထက် ပို၍သာလွန်သည့် တမူထူးခြားသော စည်းမျဉ်းဥပဒေသ တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို စည်းမျဉ်းဥပဒေသမှာ... ရေးထိုးခြင်းတာအို ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထို ရေးထိုးခြင်းတာအိုအား ကောင်းကောင်းကြီး နားလည်ထား၏။ ၎င်းမှာ စကြာဝဠာကြီး တစ်ခုလုံးထဲရှိ အသင်္ချေပေါင်းမြောက်မြားစွာသော တာအိုများကို သူ၏ ကိုယ်ပိုင်တာအိုအဖြစ်သို့ ပြောင်းလဲသွားအောင် ရေးထိုးဖန်တီးပေးနိုင်စွမ်း ရှိပေသည်။

သူ၏ ရှေ့တွင် ပေါ်ပေါက်လာသည့် ကျင့်ကြံသူများ၏ တာအိုအားလုံးကို သူသည် ရေးထိုးဖန်တီးနိုင်စွမ်း ရှိနေမည်ဖြစ်သည်။ သို့သော် အမြဲတမ်း တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်မည်တော့ မဟုတ်ပေ။ အခြား ကျင့်ကြံသူများ၏ စည်းမျဉ်းဥပဒေသ အဆင့်အတန်းပေါ် မူတည်၍ ကျရှုံးနိုင်ခြေ ရှိနေမည် ဖြစ်သည်။ သို့သော် ကြောက်စရာကောင်းသည့်အချက်မှာ ၎င်းအား အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်းပင်။

" ရှင်းရှင်းပြောရရင်.... ငါ တစ်ခါတည်းနဲ့ ရေးထိုးဖန်တီးနိုင်စွမ်း မရှိတဲ့ စည်းမျဉ်းဥပဒေသတစ်ခုနဲ့ ကြုံရရင်တောင် အချိန်အလုံအလောက်ပေးပြီး ထပ်ခါတလဲလဲ ရေးထိုးနေမယ်ဆိုရင် နောက်ဆုံးမှာ အောင်မြင်သွားမှာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သဖြင့် စိတ်လှုပ်ရှားလာရ၏။ သူ ရရှိလိုက်သည့် အကျိုးကျေးဇူးများမှာ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် ကြီးမားလွန်းနေသည် မဟုတ်ပါလော။

သူသည် မဟာတာအိုသစ္စာတစ်ခုအား ကျိန်ဆိုခဲ့ပြီးနောက် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ၏ သဘောတူထောက်ခံချက်များကို ရယူကာ ရှေးဟောင်းဂြိုဟ်ကိုးလုံးအား ပေါင်းစည်းသွားစေခဲ့ပြီး တာအိုဂြိုဟ်အား ရယူပိုင်ဆိုင်နိုင်ခဲ့၏။ ယခုအကြိမ်တွင် ပြင်ပနယ်မြေမှ ရောက်ရှိလာသည့် ပါရမီရှင်များထဲ၌ သူတစ်ယောက်သာလျှင် တာအိုဂြိုဟ်တစ်လုံးအား ရယူနိုင်ခဲ့သည်တော့မဟုတ်ပေ။ သူနှင့် သင့်မြတ်မှုမရှိသော ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းသွားနိုင်ခဲ့သည်။ သို့သော် သူမ၏ တာအိုဂြိုဟ်မှာ အဆင့်အတန်းပိုင်းတွင်သာမက စည်းမျဉ်းဥပဒေသပိုင်းတွင်ပါ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်ထက် အဆင့်နိမ့်ပေသည်။

စက္ကူစည်းမျဉ်းဥပဒေသမှာ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်ထဲ၌ ရေးထိုးထားပြီးသား ဖြစ်နေသည် မဟုတ်ပါလော။ ထို့အပြင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ထို တာအိုဂြိုဟ်နှင့် ပေါင်းစည်းနိုင်ရန်အတွက် ၎င်းအား သူမ၏ သခင်အဖြစ် သတ်မှတ်ခဲ့ရသေးသည်။ သို့ဖြစ်ရာ သူမ၏ အနာဂတ် ကျင့်ကြံခြင်း လမ်းခရီးစဉ်မှာ ချောမွေ့နေမည့်ပုံ ပေါက်သည့်တိုင်အောင် သူမသည် သူမ၏ ဆုံးဖြတ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အာဏာအား လက်လွတ်ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ သူမနှင့် မတူပေ။ ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ ပေါင်းစည်းမှုလုပ်ငန်းစဉ်မှာ သူ၏ မဟာတာအိုသစ္စာကြောင့် ပြီးစီးသွားခဲ့ခြင်း မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သခင်ရာထူးကို ထာဝရပိုင်ဆိုင်ထားမည် ဖြစ်သည်။

ထို့ကြောင့် သူနှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ကြားရှိ ကွဲပြားခြားနားချက်မှာ သိသာထင်ရှားပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောနေရင်း မျက်လုံးများမှိတ်လိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်သို့ ဖောက်ထွက်သွားပြီ ဖြစ်သည့်တိုင်အောင် အဆင့်တစ်ဆင့် ကျန်ရှိနေသေးသည်။ ၎င်းမှာ အငွေ့အသက် စုစည်းခြင်း အဆင့်ဖြစ်သည်။

ထိုအဆင့်မှာ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများ၊ စွမ်းအင်များနှင့် ဝိညာဉ်များအား ချုပ်တည်းကာ တာအိုဂြိုဟ်နှင့် ခွဲခြား၍ မရနိုင်သည့် အချိတ်အဆက်များ ဖန်တီးရန်ဖြစ်သည်။ သို့မှသာ ထိုတာအိုဂြိုဟ်မှာ ခန္ဓာကိုယ်ထဲ၌ အတည်တကျ ဖြစ်သွားမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ရှေးဟောင်းဂြိုဟ်များအား အဆင့်မြှင့်ထားသည့် တာအိုဂြိုဟ်အား ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုအဆင့်အား ကျော်ဖြတ်ရန်လိုအပ်နေဆဲပင်။ ထို့ကြောင့် သူသည် မျက်လုံးများ မှေးသွားပြီး ကောင်းကင်ယံကြီးထဲရှိ သူ၏ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွား၏။ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်ရှိ လူများ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။ သူ၏နေရာတွင် မျက်စိကျိိန်စစရာကောင်းလောက်အောင် တောက်ပနေသည့် တာအိုဂြိုဟ်တစ်လုံး အစားထိုးဝင်ရောက်လာသည်။

ထို့ကြောင့် ထိုမြင်ကွင်းအား မြင်လိုက်ရသည့် မြေပြင်ပေါ်ရှိ ကျင့်ကြံသူတိုင်းမှာ နှုတ်ဆိတ်သွားကြပြီး နှလုံးသားထဲ၌ ခံစားချက်အမျိုးမျိုး ပေါ်ပေါက်လာကြတော့သည်။

ထိုအချိန်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား ရွေးချယ်ခဲ့သည့် တာအိုဂြိုဟ်မှာ သူမ၏ ခန္ဓာကိုယ်ထဲ၌ အကြိမ်အနည်းငယ်ခန့် တုန်ရီသွားပြီး ကြယ်အလင်းရောင်များကို ထုတ်လွှတ်လိုက်၏။ ပထမဆုံးအကြိမ်အဖြစ် ထို အလင်းရောင်များထဲ၌ မောက်မာဝင့်ကြွားမှု အငွေ့အသက်များ ကိန်းအောင်းနေခြင်းမရှိပေ။ သို့သော် ရှေးဟောင်းဂြိုဟ် ကိုးလုံးကဲ့သို့ အရှုံးမပေးလိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ ဝင်းလက်တောက်ပလာပြီးနောက် ၎င်း၏ အလင်းရောင်များအား ခေါင်းလောင်းနှင့် မိန်းမပျိုလေးကို လွှမ်းခြုံသွားစေလိုက်သည်။ ထို့နောက် ၎င်းမှာ သူမအား ကောင်းကင်ယံထဲသို့ ခေါ်ဆောင်သွားလိုက်တော့သည်။

၎င်းမှာ ကောင်းကင်ယံထဲ၌ အငွေ့အသက်စုစည်းခြင်း အဆင့်အား ကျော်ဖြတ်နေသည့် ဝမ်ပေါင်လဲ့၏ မျက်နှာချင်းဆိုင်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ဖောက်ထွက်ခြင်းလုပ်ငန်းစဉ်အား စတင်လိုက်၏။ သို့သော် ၎င်း ထိုသို့ ဖောက်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ပင်မှာခန်းမကြီး၏ အပြင်ဘက်တွင် ရပ်နေသည့် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ရုတ်တရက်ဆိုသလို လှမ်းပြောလိုက်သည်။

" မင်းနဲ့ ငါတို့ရဲ့ ကြယ်သုသာန်ကြားက သဘောတူညီချက်ကို မမေ့ပါနဲ့။ အဲဒီတုန်းက မင်း တာအိုဂြိုဟ်အဖြစ် တက်လှမ်းနိုင်အောင် ငါတို့က မင်းရဲ့ ကိုယ်ပိုင် စည်းမျဉ်းဥပဒေသကို အသိအမှတ်ပြုပေးခဲ့တာနော်။ မင်းလည်း အဲဒီ သဘောတူညီချက်ကို လိုက်နာဖို့လိုတယ်။ မင်းရဲ့ စည်းမျဉ်းဥပဒေသကို ငါတို့တွေ ထာဝစဉ်အသုံးပြုခွင့်ရှိရမယ်။ ပြီးရင် ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် အန္တရာယ်မပြုရဘူး "

ထိုအခါ ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်အလင်းရောင်များမှာ တစ်ခဏမျှ ဝင်းလက်စွာ တောက်ပသွား၏။ သို့ဖြစ်ရာ သူမ၏ ခန္ဓာကိုယ်ထဲရှိ တာအိုဂြိုဟ်ကြီးမှာ ထို သဘောတူညီချက်အား အသိအမှတ်ပြုသည့်ပုံပင်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်မှု အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

တာအိုဂြိုဟ်များ၏ ဖောက်ထွက်မှုနည်းလမ်းမှာ တစ်လုံးနှင့်တစ်လုံး မတူကြပေ။ ထိုအခိုက်အတန့်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ခန္ဓာကိုယ်မှာ ကြယ်အလင်းရောင်များထဲ၌ စက္ကူများအဖြစ် ပြောင်းလဲသွား၏။ ထို ဖောက်ထွက်ခြင်း လုပ်ငန်းစဉ်ကိုမူ မည်သူမှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ကြယ်အလင်းရောင်များမှာ သူမအား လုံးဝမမြင်နိုင်အောင် လွှမ်းခြုံထားသောကြောင့်ပင်။

တစ်ချိန်ထဲမှာပင် ပညာရှိပုံစံကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာလည်း မိုးကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြ၏။ သူတို့မှာ တာအိုဂြိုဟ်နှစ်လုံးအား စိုက်ကြည့်နေကြခြင်း ဖြစ်သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ပညာရှိပုံစံကျင့်ကြံသူမှာ လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ သူ၏ ကျင့်ကြံခြင်းစွမ်းအချို့မှာ ပြန်လည်ပြည့်ဝလာပြီဖြစ်ရာ သူသည် မတ်တတ်ထလာပြီးနောက် ကောင်းကင်ယံထဲ၌ ပြည့်နှက်နေသည့် ကြယ်စင်စုကြီးအား မော့ကြည့်လိုက်ပြီး အဆင့်မြင့် အထူးဂြိုဟ်တစ်လုံးအား ရွေးချယ်ကာ သူ၏ ဖောက်ထွက်မှုလုပ်ငန်းစဉ်အား စတင်လိုက်တော့သည်။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာလည်း ထိုနည်းတူပင်။ သူသည်လည်း အဆင်မြင့် အထူးဂြိုဟ်တစ်လုံးအား ရွေးချယ်ခဲ့၏။ သူသည် နောင်တကြီးစွာ ရနေရသည့်တိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပြီးဖြစ်ကြောင်း နားလည်ထားသည်။

ယခုတွင် မိုးကောင်းကင်စည်ကြီးအား တီးခတ်ခွင့်ရှိခဲ့သည့် ပါရမီရှင်များထဲ၌ မိန်းမငယ်လေးမှလွဲ၍ အခြားသူများအားလုံးမှာ ဂြိုဟ်များကို ရွေးချယ်ပြီးသွားကြပြီ ဖြစ်သည်။ သို့သော် ထိုမိန်းမငယ်လေးမှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို အခွင့်အရေးအား လက်လွှတ်ခံရန် ဆုံးဖြတ်လိုက်ဆဲပင်။

ကြယ်သုသာန်ထဲရှိ ကျင့်ကြံသူများအားလုံး မော့ကြည့်နေကြစဉ် ကောင်းကင်ယံထဲရှိ ဂြိုဟ်ကိုးလုံးမှာ ၎င်းတို့၏ အငွေ့အသက်များကို အလျင်အမြန် စုစည်းနေကြပြီဖြစ်သည်။ ထိုအချိန်တွင် ကြယ်သုသာန်၏ စိတ်ဆန္ဒကြီးလည်း ပေါ်ပေါက်လာ၏။ ၎င်းမှာ လေပြည်လေညင်းလေး တစ်ခုအသွင် ပြောင်းလဲသွားကာ ထို ဂြိုဟ်ကိုးလုံးအား ဖြတ်တိုက်သွားပြီနောက် ၎င်းတို့၏ အငွေ့အသက် စုစည်းမှု အမြန်နှုန်းများကို မြှင့်တင်ပေးလိုက်သလို ကြယ်သုသာန်၏ ကောင်းချီးမင်္ဂလာများကိုလည်း ပေးစွမ်းလိုက်၏။

ဝမ်ပေါင်လဲ့ကြောင့် ထိုသို့ဖြစ်နေရခြင်းတော့ မဟုတ်ပေ။ ကြယ်သုသာန် ပွင့်သည့်အချိန်တိုင်း ဂြိုဟ်တစ်လုံးအား ရရှိပိုင်ဆိုင်သည့် လူတိုင်းမှာ ထိုကဲ့သို့ ကောင်းချီးပေးခံရမည်သာ ဖြစ်သည်။

ထို ကောင်းချီးမင်္ဂလာကြောင့် သူတို့၏ ပေါင်းစည်းမှု လုပ်ငန်းစဉ်များမှာလည်း ပိုမို ပြီးပြည့်စုံကာ ဘေးကင်းလာမည် ဖြစ်သည်။

လူကိုးယောက် ဂြိုဟ်များနှင့် ပေါင်းစည်းနေကြပြီဖြစ်ရာ မိုးကောင်းကင်ပူဇော်ပွဲ အခမ်းအနားကြီးမှာလည်း ပြီးဆုံးသွားတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ပင်မခန်းမကြီး၏ ရှေ့၌ ရပ်နေသည့် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ခံစားချက်မျိုးစုံ ရောထွေးနေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။

ဤ အခမ်းအနားကြီးမှာ ကြယ်သုသာန်အင်ပါယာ၏ သတ်တမ်းတစ်လျှောက်တွင် ကြီးကျယ်ခမ်းနားမှု အရှိဆုံးဖြစ်သလို အရှုပ်ထွေးဆုံးလည်း ဖြစ်ပေသည်။ အနာဂတ်တွင် ယခုကဲ့သို့ အခမ်းအနားမျိုး ထပ်၍ ပေါ်ပေါက်လာနိုင်တော့မည်မဟုတ်ဟု သူက ခံစားနေရ၏။

တစ်ဖက်တွင် ကြယ်သုသာန်၏ ပြဿနာကြီးမှာ ပြည်လည်သွားပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ အနက်ရောင်ချီများကို ချုပ်တည်းနိုင်ရန် အလို့ငှာ ပြင်ပနယ်မြေမှ ပါရမီရှင်များအား ဖိတ်ခေါ်၍ မိုးကောင်းကင်စည်ကြီးအား တီးခတ်ခိုင်းစရာ မလိုတော့ပေ။ သို့သော် သူတို့မှာ အဆုံးမဲ့တာအိုနယ်မြေနှင့်အတူ သဘောတူညီချက်တစ်ခု ရယူထားသည်ဖြစ်ရာ အနာဂတ်တွင် ကြယ်သုသာန်အား ဖွင့်ပေးရဦးမည်သာ ဖြစ်သည်။ သို့ရာတွင် ယခင်တုန်းကလောက် မကြာခဏဆိုသလို ပွင့်လာတော့မည် မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ....အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသာမက ပြင်ပနယ်မြေထဲမှ ဖန်ဆင်းရှင်ကြီးပင်လျှင် အသိအမှတ်ပြုရသည့် ရှဲ့တလု၏ မဟာတာအိုသစ္စာမျိုးအား ထပ်၍ သစ္စာဆိုနိုင်မည့်လူ တစ်ယောက်မှ ရှိတော့မည်မဟုတ်ပေ။

ထို့ကြောင့် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ခံစားချက်မျိုးစုံ ရောထွေးနေရခြင်းဖြစ်သည်။ သို့သော် ကြယ်သုသာန်ကြီး ကောင်းချီးမင်္ဂလာများ ပေးပြီးသွားပါက နောက်ထပ်လုပ်ရမည့် တာဝန်တစ်ခု ကျန်ရှိနေသေးသည်။ ၎င်းမှာလည်း ကြယ်သုသာန်နှင့် အဆုံးမဲ့တာအိုနယ်မြေတို့၏ သဘောတူညီချက်ထဲ၌ ပါနေသည်ဖြစ်ရာ ချန်လှပ်ထား၍ မဖြစ်ပေ။

ထိုတာဝန်မှာ ဤ ကြယ်သုသာန် ခရီးစဉ်၏ ရလဒ်များအား အဆုံးမဲ့တာအိုနယ်မြေထဲရှိ သက်ဆိုင်ရာ အင်အားကြီးအဖွဲ့အစည်းများအားလုံး သိရှိသွားအောင် ကြေညာပေးရန်ဖြစ်သည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ အသိစိတ် ရှိနေဦးမည်ဆိုပါက သူသည် သူ၏ ရလဒ်အား မကြေညာရန် တောင်းဆိုလိုက်မည်သာဖြစ်သည်။ သို့သော် သူ၏ ဖောက်ထွက်ခြင်းလုပ်ငန်းစဉ်မှာ ပြီးဆုံးမှု မရှိသေးပေ.... ထို့ကြောင့် သူသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးသွားပြီးနောက် ကြယ်သုသာန်ဘက်မှ နေ၍ ဤ ကြယ်သုသာန်ခရီးစဉ်၏ ရလဒ်များပါသည့် စာရင်းတစ်ခုအား ထုတ်ပြန်ကြေညာလိုက်သည့် အချက်ကို မသိလိုက်ပေ။ ထို ထုတ်ပြန်ကြေညာချက်မှာ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ အဆုံးအစမရှိအောင် ပျံ့နှံ့သွားသဖြင့် အဆုံးမဲ့တာအိုနယ်မြေထဲမှနေ၍ ကြယ်သုသာန်ကြီးအား မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည့် အင်အားကြီး အဖွဲ့အစည်းများအားလုံးမှာ ၎င်းအား ချက်ချင်း လက်ခံရရှိသွားတော့သည်။

ထို စာရင်းထဲတွင် ဝမ်ပေါင်လဲ့၏ နာမည်မှာ ထိပ်ဆုံးတွင်ရှိနေ၏။

ထိုစာရင်းထဲ၌ ပေါ်ပေါက်လာသည့် နာမည်မှာ ရှဲ့တလု မဟုတ်ဘဲ သူ၏ အမည်အစစ် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော ကြယ်သုသာန်၏ စည်းမျဉ်းစည်းကမ်းများအရ မည်သည့်အရာကိုမှ လျှို့ဝှက်ထား၍ မရသောကြောင့်ပင်။ ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည့် လူတိုင်း၏ နာမည်အစစ်မှာ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများထဲ၌ ထာဝစဉ် စွဲထင်ကျန်ရစ်နေခဲ့မည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နာမည် ပေါ်ပေါက်လာသည်နှင့် အဆုံးမဲ့တာအိုနယ်မြေထဲရှိ အင်အားကြီးအဖွဲ့အစည်း အသီးသီးမှ အစွမ်းထက်ကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် သတိထားမိသွားကြ၏။ သူ၏နာမည် နောက်တွင်လည်း " တာအိုဂြိုဟ် " ဆိုသည့် စာလုံးများ ပါနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့အားလုံးမှာ ချက်ချင်းဆိုသလိုပင် အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

ထို့အပြင် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ နာမည် ဘေးတွင်လည်း " တာအိုဂြိုဟ်" ဆိုသည့် စာလုံးများ ရှိနေသေးသောကြောင့် လူတိုင်းမှာ ပို၍ပင် ပျာယာခတ်သွားကြတော့သည်။ ထိုစာရင်းထဲ၌ ပါရမီရှင် ကိုးယောက်စလုံး၏ ဂြိုဟ်များ ပေါ်ပေါက်လာပြီးနောက် သူတို့၏ သက်ဆိုင်ရာ ဇာတိများလည်း ပေါ်ပေါက်လာသေးသည်။ ဥပမာပြရလျှင် ဝမ်ပေါင်လဲ့၏ ဇာတိမှာ... နတ်မျက်လုံး လူမှုအဖွဲ့အစည်း ဖြစ်၏။

သို့ဖြစ်ရာ သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ဝင်ခွင့်နေရာအား အသုံးပြု၍ ကြယ်သုသာန်ထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် အင်အားကြီးအဖွဲ့အစည်း အမျိုးမျိုးနှင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား အာရုံစိုက်မိသွားကြတော့သည်။

All Chapters