နာမည်ကျေ်
Vol. 70 Ch. 972
ဤ ဖြစ်ရပ်ကြီး မတိုင်ခင်တုန်းက လူအများစုမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း ကြယ်သုသာန် ဝင်ခွင့်နေရာ တစ်နေရာအား ပိုင်ဆိုင်ထားသည့် အချက်ကို သိရှိထားကြခြင်းမရှိပေ။ နတ်မျက်လုံးလူမှုအဖွဲ့အစည်း ထို ဝင်ခွင့်နေရာအား အသုံးမပြုခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီ မဟုတ်ပါလော။
နတ်မျက်လုံး တော်ဝင်မိသားစုထဲ၌ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွန်းလာခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်လည်း သူတို့၏ ဝင်ခွင့်နေရာမှာ အပေးအယူများ ပြုလုပ်ရာတွင်သာ အသုံးဝင်ခဲ့၏။
ထို့အပြင် အပြင်လူများ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ဝင်ခွင့်နေရာအကြောင်း မသိထားရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ ကြယ်သုသာန်၏ စည်းမျဉ်းစည်းကမ်းများအရ မိုးကောင်းကင်စည်ကြီးအား တီးခတ်ခွင့်ရှိသော ပါရမီရှင်များသာလျှင် စာရင်းထဲ၌ ဖော်ပြခံရသည် ဖြစ်သည်။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ထို ဝင်ခွင့်နေရာအား ရရှိပိုင်ဆိုင်ခဲ့သည့် အချိန်မှစ၍ ယခုအထိ မျိုးနွယ်စုဝင် တစ်ယောက်၊ နှစ်ယောက်ခန့်ကိုသာ စေလွှတ်ခဲ့ဖူးသည်။ ထို့အပြင် သူတို့မှာလည်း မိုးကောင်းကင်စည်ကြီးအား တီးခတ်ခွင့်မရခဲ့ပေ။
သို့ဖြစ်ရာ သူတို့၏ လူမှုအဖွဲ့အစည်းမှာ စာရင်းထဲ၌ ပေါ်ပေါက်လာဖူးခြင်း မရှိသောကြောင့် အပြင်လူများ မသိသည်မှာ အထူးအဆန်း မဟုတ်ပေ။ ခရမ်းရောင်ရွှေလူမှုအဖွဲ့အစည်းပင်လျှင် ကံကောင်းထောက်မ၍ ထိုအချက်အား သိရှိခဲ့သဖြင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ တော်ဝင်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင် ဝမ်ပေါင်လဲ့ကြောင့် အင်အားကြီးအဖွဲ့အစည်းပေါင်း မြောက်မြားစွာမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းအကြောင်း သိရှိသွားကြပြီဖြစ်သည်။ သူတို့မှာ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်ကြပြီးနောက် ထို လူမှုအဖွဲ့အစည်းမှာ အလွန်အင်မတန်မှ အားနည်းကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့အကြောင်း ပို၍ပင် စိတ်ဝင်စားလာကြတော့သည်။
" ဝမ်ပေါင်လဲ့ ဟုတ်လား။ ငါ အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး "
" အဆုံးမဲ့တာအိုနယ်မြေထဲမှာ လူမှုအဖွဲ့အစည်းတွေမှ အများကြီးပဲ။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းက သေးဖွဲ့သိမ်နုတ်တဲ့ လူမှုအဖွဲ့အစည်းလေးတစ်ခု ဖြစ်နေတာတောင်မှ ပြိုင်စံရှား ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာရတယ်လို့ "
" တာအိုဂြိုဟ်တစ်လုံးကို ရယူပိုင်ဆိုင်နိုင်ခဲ့တာပါလား... ဒီကိစ္စက ပေါ့သေးသေးမဟုတ်ဘူးနော်။ သမိုင်းတစ်လျှောက်လုံးမှာ ဒဏ္ဍာရီလာ ဝေ့ယန်ကျစ်ပဲ တာအိုဂြိုဟ်တစ်လုံးကို ရယူပိုင်ဆိုင်နိုင်ခဲ့တာ။ အခုက အဲလိုမျိုး လူနှစ်ယောက် တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတာလေ "
" ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းက ရှုယင်လင်းဆိုတဲ့ တစ်ယောက်လည်း တာအိုဂြိုဟ်တစ်လုံးကို ရယူနိုင်ခဲ့တာပဲ "
" ရှုယင်လင်းအကြောင်း ခဏမေ့ထားလိုက်ဦး။ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းက နှယ်နှယ်ရရ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ မျက်နှာမွဲကောင်ကတော့.... သူ့ရဲ့ တာအိုဂြိုဟ်ကို ထိန်းသိမ်းထားနိုင်ဖို့ လွယ်မှာမဟုတ်ဘူး "
" သူ ဂြိုဟ်အဆင့်အထိ တက်လှမ်းသွားခဲ့ပြီးတော့ တာအိုဂြိုဟ်နဲ့ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့ရင်တောင် တာအိုဂြိုဟ်ကို လွှဲပြောင်းပေးလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးလေ... သူ့ဘက်က သဘောတူဖို့ပဲ လိုတာ "
အင်အားကြီးအဖွဲ့အစည်းများမှာ အံ့ဩတုန်လှုပ်သွားကြပြီးနောက် လောဘစိတ်များ ကြီးထွားလာကြ၏။ သူတို့၏ အမြင်တွင် ဝမ်ပေါင်လဲ့၏ နောက်ခံအင်အားမှာ မှုစရာမဟုတ်ပေ။ သို့ဖြစ်ရာ သူ၏ တာအိုဂြိုဟ်အား ထာဝစဉ် ထိန်းသိမ်းထားနိုင်ရန်မှာ သူ့အတွက် လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့မှာ ဤ ဖြစ်ရပ်ကြီးအား သတင်းကောင်းတစ်ခုအဖြစ် မှတ်ယူလိုက်ကြ၏။ သူတို့မှာ သူ့အား တွေ့အောင်ရှာပြီး သူ၏ တာအိုဂြိုဟ်အား ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးရန် ဖိအားပေးနိုင်ရုံနှင့် ထို တာအိုဂြိုဟ်အား ရရှိပိုင်ဆိုင်နိုင်သွားမည် မဟုတ်ပါလော။ ထို့ကြောင့် အဖွဲ့အစည်းအသီးသီးထဲရှိ ပါရမီရှင်များသာမက ဂြိုဟ်အဆင့်သို့ ရောက်နေပြီဖြစ်သည့် ကျင့်ကြံသူများပင်လျှင် စိတ်လှုပ်တရှား ဖြစ်လာရတော့သည်။
ကြယ်သုသာန်ဧကရာဇ်ကြီးမှာ ထို အချက်အား ထည့်မတွေးမိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့မှာ ပြင်ပနယ်မြေထဲမှ ဖန်ဆင်းရှင်ကြီး၏ အကာအကွယ်များကိုပင် ရရှိပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ နောက်ခံအင်အားမှာလည်း ကြောက်ခမန်းလိလိ အားကောင်းနေလိမ့်မည်ဟု မှတ်ယူထား၏။ ထို့ကြောင့်လည်း သူသည် ထိုစာရင်းအား ထုတ်ပြန်ကြေညာလိုက်ခြင်းမှာ ဝမ်ပေါင်လဲ့အတွက် ပြဿနာတက်သွားနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထို့ကြောင့် လက်ရှိတွင် ဖောက်ထွက်ခြင်းလုပ်ငန်းစဉ်ထဲ၌ ရှိနေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့မှာ သူ ဟိုးလေးတကျော် ဖြစ်နေသည့်အချက်အား သိရှိထားခြင်းမရှိပေ။ ထို့အပြင် သူသည် သူ၏ တာအိုဂြိုဟ်ကြောင့် အင်အားကြီးအဖွဲ့အစည်း အမြောက်အမြားမှာ သူ့အား ပစ်မှတ်ထားနေပြီ ဖြစ်ကြောင်းကိုလည်း မသိထားပေ။
တစ်ချိန်ထဲမှာပင် ပြင်ပကမ္ဘာကြီးတခုလုံးမှာလည်း အုတ်အော်သောင်းနင်း ဖြစ်နေကြရသည်။ လူတိုင်းမှာ ကြယ်သုသာန်စာရင်းကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြရ၏။ ဝမ်ပေါင်လဲ့အကြောင်း သိရှိထားကြသည့် သူများမှာလည်း အံ့ဩတုန်လှုပ်နေကြပြီ ဖြစ်သည်။
ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေကြသည့် လူများထဲတွင် ရှဲ့ဟေးရန်လည်း ပါ၏။ သူသည် မီးတောက်ခေါင်းဆောင်ကြီးအား နားချကာ ထို ခေါင်းဆောင်ကြီး ပြောခဲ့သည့် အရေးကြီးပုဂ္ဂိုလ်ဆီမှ အကူအညီ တောင်းခံနိုင်မည့် နည်းလမ်းတစ်ခုအား စဉ်းစားပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်မှာပင် ရှဲ့မိသားစုမှာ ကြယ်သုသာန်စာရင်းအား သူ့ဆီသို့ ပေးပို့လိုက်၏။ ရှဲ့ဟေးရန်မှာ ထိုစာရင်း၏ ထိပ်ဆုံး၌ ဝမ်ပေါင်လဲ့၏ နာမည်အား မြင်လိုက်ရချိန်တွင် ဆွံ့အမှင်တက်သွားတော့သည်။
ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ နာမည်ဘေးတွင် တာအိုဂြိုဟ်ဆိုသည့် စာလုံးများကို မြင်လိုက်ရသဖြင့် ထခုန်မိလုမတတ် ဖြစ်သွားရ၏။ နောက်ဆုံးတွင် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် တအံ့တဩ ရေရွတ်မိလိုက်တော့သည်။
" ဘာတွေ ဖြစ်နေတာလဲဟ။ တာအိုဂြိုဟ်ဆိုပါလား " ရှဲ့ဟေးရန်မှာ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေပြီး အသက်ရှူသံများ မြန်ဆန်လာရပြီဖြစ်သည်။ သူသည် ထိုစာရင်းအား မြင်လိုက်ရပြီးနောက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါသော်လည်း နတ်မျက်လုံးလူမှုအဖွဲ့အစည်း ဆိုသည့် စကားလုံးများကိုပါ မြင်လိုက်ရသဖြင့် လက်ခံလိုက်ရတော့သည်။
" ဟို လုံနန်ကျစ်ဆိုတဲ့ကောင်က တကယ်ကို ဝမ်ပေါင်လဲ့ ဖြစ်နေတာပါလား။ အဲဒီ ဖက်တီးကောင်က... တော်တော်လေးကို ကြောက်ဖို့ကောင်းတာပဲ "
ရှဲ့ဟေးရန်တစ်ယောက် အံ့သြတုန်လှုပ်နေစဉ် ဂနာမငြိမ် ဖြစ်နေသည့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်လည်း ရှိနေသေးသည်။ ထို ကျင့်ကြံသူမှာ မီးတောက်ခေါင်းဆောင်ကြီး ဖြစ်၏။ သူသည် ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက် ဖြစ်ရာ ထိုစာရင်းအား လက်ခံရရှိခဲ့သည်။ သူသည် မကြာသေးမီတုန်းက သူကိုယ်တိုင် အသိအမှတ် ပြုပေးခဲ့ရသဖြင့် ထို ကိစ္စအကြောင်း အနည်းအကျဉ်း သိရှိထားပြီးသား ဖြစ်ပါသော်လည်း ယခုကဲ့သို့ သူကိုယ်တိုင်မြင်လိုက်ရချိန်တွင် နှလုံးသားတစ်ခုလုံး တုန်ရီသွားရဆဲပင်။
" ဒီကောင်လေး ငါ့ရဲ့တပည့် ဖြစ်ကိုဖြစ်လာစေရမယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ စိတ်ထဲတွင် ထိုသို့ကြိမ်းဝါးကာ မျက်ဝန်းများ အရောင်တောက်ပလာ၏။ သူသည် အနာဂတ်တွင် သူ၏ အမွေအနှစ်များအား ဝမ်ပေါင်လဲ့ဆီသို့ လွှဲပြောင်းပေးနိုင်ခဲ့မည်ဆိုပါက တစ်သက်လုံး နောင်တရနေတော့မည် မဟုတ်ကြောင်း ယုံကြည်နေသည်။
ချန်ရှင်းမှာလည်း ထိုအကြောင်း သိရှိထားပြီး ဖြစ်သည်။ သူသည် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုဖြင့် ဖန်တီးထားသော မန္တန်အစီအရင်ကြီးထဲ၌ ရှိနေသည့်တိုင်အောင် သူ၏ စွမ်းအားများနှင့် ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာနှင့် သူ၏ကြားရှိ ချိတ်ဆက်မှုကြောင့် ကြယ်သုသာန်မှ ထုတ်လွှင့်ကြေညာလိုက်သည့် စာရင်းအား ချက်ချင်း အာရုံခံမိလိုက်ဆဲပင်။
ထိုအခါ ချန်ရှင်းမှာ အော်ဟစ်ရယ်မောကာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်ပြီး သတ်ဖြတ်မှုများကို ပြန်လည်စတင်လိုက်တော့သည်။ သူသည် အချိန်ဆွဲနေတော့မည် မဟုတ်ဘဲ တိုက်ပွဲကြီးအား အမြန်ဆုံးနည်းဖြင့် အဆုံးသတ်တော့မည် ဖြစ်သည်။ ဤ အဆင့်သတ်မှတ်ချက်စာရင်း ထွက်ပေါ်လာသည်နှင့် သူ၏ ဂိုဏ်းတူညီလေးမှာ သိပ်မကြာခင်တွင် ပစ်မှတ်ထားခံရတော့မည်ဖြစ်ကြောင်း သူက နားလည်ထားသည်မဟုတ်ပါလော။
သို့ဖြစ်ရာ ယခုတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်မှာ သူ့အား ကာကွယ်ပေးထားရန် လိုအပ်ပေသည်။ သို့မှသာ သူသည် အခြားသူများ၏ အနှောင့်အယှက်များမှ ကင်းဝေးကာ ကျင့်ကြံခြင်း ခရီးစဉ်အား ဆက်လျှောက်နိုင်မည်ဖြစ်သည်။
ချန်ရှင်း၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ သို့သော် သူသည် မန္တန်အစီအရင်ကြီးထဲ၌ ရှိနေသောကြောင့် ပြင်ပကမ္ဘာကြီးထဲ၌ ဖြစ်ပျက်နေသည့် အရာအားလုံးကို အပြည့်အဝ နားလည်ထားခြင်းမရှိပေ။ ထိုကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့အား အန္တရာယ်ပြုလိုသည့် လူများ ရှိနေပြီးသားဖြစ်သည့် အချက်အား သိရှိထားခြင်းမရှိပေ။
ထို လူများမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ဖြစ်ပေသည်။
ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ကြယ်သုသာန်စာရင်းအကြောင်း သိရှိလိုက်ရသည်နှင့် အုတ်အော်သောင်းနင်း ဖြစ်သွားကြ၏။ ထိုစာရင်းထဲတွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား ဖော်ပြထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ဆိုသည့် နာမည်မှာ လုံနန်ကျစ်၏ နာမည်အစစ် ဖြစ်ရမည်ဟု သူတို့က ကောက်ချက်ချလိုက်၏။
ထို့အပြင် သူတို့သည် ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ အခြားလူမှုအဖွဲ့အစည်းတစ်ခုမှ ရောက်လာသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကိုလည်း သိရှိသွားကြသည်။
သူတို့မှာ သူတို့၏ တာအိုဂိုဏ်းသား အရှင်လက်လက် ဖမ်းဆီးခံခဲ့ရပြီး သူတို့၏ ဝင်ခွင့်နေရာ လုယက်ခံလိုက်ရသည်အတွက် အမျက်ချောင်းချောင်းထွက်နေကြသည် မဟုတ်ပါလော။ ထို့အပြင် ယခုတွင် ဝမ်ပေါင်လဲ့မှာ တာအိုဂြိုဟ်တစ်လုံးအား ရရှိပိုင်ဆိုင်သွားခဲ့သည်ဖြစ်ရာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း တစ်ခုလုံး၏ သတ်ဖြတ်လိုစိတ်များမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို့ကြောင့် သူတို့မှာ ဒေါသတကြီးနှင့် လိုအပ်သည့်ပြင်ဆင်မှုများကို ပြုလုပ်နေကြတော့သည်။ တစ်ချိန်ထဲမှာပင် ကြယ်သုသာန်ထဲ၌ ဝမ်ပေါင်လဲ့နှင့် အခြားသူများ ဖောက်ထွက်နေကြစဉ် မိုးကောင်းကင်စည်ကြီးအား တီးခတ်ခွင့် မရှိခဲ့သည့် အခြားပါရမီရှင်များမှာလည်း လက်ဗလာနှင့် ထိုင်နေကြသည်တော့မဟုတ်ပေ။ သူတို့မှာ ကြယ်သုသာန်နှင့် အလဲအလှယ်များပြုလုပ်ကာ သူတို့ လိုအပ်သည့်ပစ္စည်းများအား ရယူခဲ့ကြ၏။
ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွား၏။ ထို လဝက်အတွင်းတွင် ပါရမီရှင်များမှာ ကြယ်သုသာန်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ သို့သော် သူတို့မှာ ရောက်ရှိလာခဲ့စဉ်တုန်းကအတိုင်း အတူတကွ ထွက်ခွာသွားစရာမလိုပေ။ ကြယ်သုသာန်ထဲမှ လှေများမှာ သူတို့အား သူတို့ လှေပေါ်သို့ စတက်လာခဲ့သည့် နေရာများဆီသို့ နေ့စဉ်နေ့တိုင်း လိုက်ပို့ပေးနေသည်သာ ဖြစ်သည်။
ထို လဝက်အတွင်းတွင် ပါရမီရှင် အားလုံးထဲမှ တစ်ဝက်ကျော် ထွက်ခွာသွားခဲ့ကြသည်။ ထိုအချိန်တွင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၏ ဖောက်ထွက်ခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွား၏။ သူမသည် သတိပြန်ရလာပြီးနောက် ခေါင်းမော့ကာ ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့ရှိနေသည့် ဂြိုဟ်ကြီးအား လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင်မူ အတိတ်ကို ပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူမသည် လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားတော့သည်။
ပညာရှိပုံစံ ကျင့်ကြံသူ၊ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး၊ အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်မငယ်လေး၊ ဖက်တီးလေးနှင့် အခြားသူများအားလုံးမှာလည်း အငွေ့အသက် စုစည်းနေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့အား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပြီးမှ ထွက်ခွာသွားကြသည်သာ ဖြစ်သည်။
သူတို့ထဲတွင် ရှေ့ဆုံးမှ နှစ်ယောက်မှာ အတွေးများ ယောက်ယက်ခတ်နေကြ၏။ ဖက်တီးလေးမှာမူ မနာလိုဖြစ်နေသည်။ မိန်းမငယ်လေးမှာမူ မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေ၏။ သူမ၏ အတွေးများကို အခြား မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။ သူမသည် ဝမ်ပေါင်လဲ့ ရှိနေသည့် ဂြိုဟ်ကြီးအား သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် ကြယ်သုသာန်ထဲမှ ထွက်ခွာသွားတော့သည်။
အငွေ့အသက်စုစည်းသည့် အဆင့်ထဲ၌ ရှိနေသည့်အချိန် ပိုကြာလေလေ နိုးထလာသည့်အချိန်တွင် ပို၍ အစွမ်းထက်လာလေ ဖြစ်ကြောင်း သူတို့က သိရှိထားပြီးသားဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ထို အဆင့်ထဲ၌ အချိန်အကြာဆုံး ရှိနေမည့်လူ ဖြစ်ကြောင်း သိနိုင်ပေသည်။
ခေါင်းလောင်းနှင့် မိန်းမလှလေးဖြစ်သူ ရှုယင်လင်းမှာ ဝမ်ပေါင်လဲ့ နိုးထမလာခင် သုံးရက်အလိုတွင် သူမ၏ အငွေ့အသက်စုစည်းခြင်း အဆင့် ပြီးဆုံးသွားသဖြင့် ပြန်လည်နိုးထလာ၏။ ထိုအခါ သူမသည် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့ရှိနေသည့် ဂြိုဟ်အား လှမ်းကြည့်လိုက်ပြီးနောက် အေးစက်စက် နှာမှုတ်ကာ ထွက်ခွာသွားတော့သည်။
ထို့ကြောင့် သုံးရက်အကြာ ဝမ်ပေါင်လဲ့တစ်ယောက် ပြန်လည်နိုးထလာချိန်တွင် ကြယ်သုသာန်ထဲ၌ သူတစ်ယောက်သာ ကျန်တော့၏။ သူသည် ထိုသို့ ပြန်လည်နိုးထလာသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ တည်ငြိမ်မှုအပြည့် ရှိနေပြီး အလွန်အင်မတန်မှ အားကောင်းနေသည်ကို အာရုံခံမိလိုက်သောကြောင့် ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရပြီး စိတ်လှုပ်တရှား ဖြစ်လာရတော့သည်။ သို့သော် သူသည် ခဏအကြာတွင် ကြယ်သုသာန် အဆင့်သတ်မှတ်ချက်စာရင်းအကြောင်း ကြားသိလိုက်ရသဖြင့် ဆွံ့အသွားရပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရ၏။
သို့သော်လည်း သူသည် ထို အဆင့်သတ်မှတ်ချက်စာရင်း မရှိလျှင်တောင် အခြားပါရမီရှင်များ ပြင်ပကမ္ဘာထဲသို့ ပြန်ရောက်သွားသည်နှင့် သူ၏ အကြောင်းမှာ ဘူးပေါ်သလို ပေါ်သွားမည်သာဖြစ်ကြောင်း နားလည်ထားပြီးသား ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထို ကိစ္စကြီးကြောင့် သူသည် စိတ်ဖိအားများ ခံစားလိုက်ရပြီး စိုးရိမ်စိတ်များ ကြီးထွားလာရဆဲပင်။
" ဘယ်သူ့ ကြောက်နေရမှာလဲကွာ။ ငါ့ဆီမှာလည်း ကျောထောက်နောက်ခံတွေ ရှိပါတယ် " ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ သူ့ကိုယ်သူ အားပေးလိုက်၏။ ထို့နောက် သူသည် ကြယ်သုသာန်ဧကရာဇ်ကြီးအား နှုတ်ဆက်စကားဆိုလိုက်သည်။
သို့သော် သူသည် ထွက်ခွာမလာခင် ကြယ်သုသာန်ထဲရှိ ဓမ္မရတနာများ၊ ကျင့်ကြံခြင်းပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များ ရောင်းချသည့် ဈေးဆိုင်များဆီသို့ သွားရောက်ခဲ့သေးသည်။ သို့သော် ယခု အကြိမ်တွင်မူ သူ၏ တာအိုဂြိုဟ်ထဲရှိ စည်းမျဉ်းဥပဒေသများ၏ အစွမ်းများကြောင့် ကျင့်ကြံခြင်းပညာရပ်များပါသည့် ထို စာရွက်များမှာ သူ၏ မျက်လုံးထဲတွင် ကျောက်စိမ်းပေလွှာများကဲ့သို့ ဖြစ်နေတော့သည်။ သို့ဖြစ်ရာ သူသည် ထိုစာရွက်များပေါ်၌ ရေးသားထားသည့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။