← Chapters

ကျင်ရုတုံရဲ့ အရှုံး

Vol. 23 Ch. 301

ကျင်ရုတုံရဲ့ အရှုံး

Vol. 23 Ch. 301

ဘုန်း ... ဘုန်း ... ဘုန်း ...

သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက  အကြိတ်အနယ်ပါပဲ။

စက်ဝိုင်းပုံ စင်မြင့်ပေါ်မှာတော့  ရွှေရောင် အလင်းတန်းတွေဟာ  မျက်စိကျိန်းလောက်အောင်ကို ထွက်ပေါ်နေပါတယ်။

အဲသည် ရွှေရောင် အလင်းတန်းတွေ ကြားမှာတော့ ရွှေရောင်ကျာပွတ် အရိပ်တွေနဲ့  ရွှေနဂါးကြီး တစ်ကောင်ဟာ မကြာခဏ ထိပ်တိုက် တွေ့ဆုံနေတာကို တွေ့မြင်ရမှာပါ။

ကျင်ရုတုံရဲ့ သိုင်းပညာ ပါရမီက  ချူးယီကို မမီသေးပါဘူး။  ကျင်ရုတုံ အသုံးပြုနေတဲ့ ကျာပွတ်သိုင်းကတော့ ဆန်းကြယ် အဆင့်မြင့် အဆင့်မှာသာ ရှိပါသေးတယ်။

ဒါပေမဲ့ ကျင်ရုတုံရဲ့   ကျင့်ကြံမှုက အကြိုကောင်းကင် နယ်ပယ်ကို ရောက်နေပါပြီ။ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကလည်း အတော်လေး အထင်ကြီးစရာပါပဲ။

ကျင်ရုတုံရဲ့ လက်ထဲက ရွှေရောင်ကျာပွတ်ကတော့ အဆက်မပြတ် လှုပ်ရှားနေပါတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ကျာပွတ်ရိုက်သံတွေ ဆူညံနေသလို ရွှေရောင် အလင်းတန်းတွေ ရှုပ်ယှက်ခတ် နေတာပါပဲ။  သာမန် ပါရမီရှင် တစ်ယောက် ဆိုရင်တော့ ကျင်ရုတုံ အနားကို ကပ်ဖို့ မပြောနဲ့။  စင်ပေါ်ကို ရောက်ပြီ ဆိုတာနဲ့ တန်းပြီး ဒဏ်ရာ ရသွားနိုင်ပါတယ်။

ဒါပေမဲ့ ချူးယီကတော့ အေးအေဆေးဆေးပါပဲ။ သူက ကောင်းကင်နဂါး ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီး သွားပြီလေ။ သူ့လက်ထဲမှာ ဓားရှိနေသရွေ့ကတော့  မည်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး။

သူ့တို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ မြေကမ္ဘာ နယ်ပယ်အဆင့် ပညာရှင်တွေရဲ့ တိုက်ပွဲထက်ကို ကျော်လွန်နေပါပြီ။ ကောင်းကင်နယ်ပယ်ကို တက်လှမ်းနိုင်ခါစ ကောင်းကင်ပညာရှင် တွေတောင်မှ သူတို့ရဲ့ သိုင်းကွက်တွေကြောင့် ဒဏ်ရာ အကြီးအကျယ် ရသွားနိုင်ပါတယ်။

“အရမ်းကို အစွမ်းထက်လွန်းတယ်”

သည်တိုက်ပွဲကို ကြည့်ရှုနေကြတဲ့ လူငယ်တွေ အားလုံးရဲ့ စိတ်ထဲက အတွေးတွေက ထပ်တူညီနေပါပြီ။

သူတို့ နှစ်ယောက်စလုံးရဲ့ သိုင်းကွက်တွေဟာ  အလွန် လျင်မြန်ပြီးတော့ ပြင်းထန်ပါတယ်။ သူတို့ရဲ့ သိုင်းကွက် တစ်ကွက်ကိုသာ မိမိရရ ထိလိုက်လို့ကတော့ တစ်ခါတည်းတောင် တန်းပြီး သေသွားနိုင်ပါတယ်။

“ကောင်းကင်နဂါး ဓားသိုင်းက နာမည်ကျော်သလောက် တကယ် အစွမ်းထက်တာပဲ”

လီဖူချန်းတောင်မှ  ကောင်းကင်နဂါးဓားသိုင်းကို  စိတ်ထဲကနေ ချီးကျူး နေမိပါပြီ။

အရှေယူနီကွန်း တိုက်ကြီးမှာ  ထိပ်တန်း လျှို့ဝှက်နည်းစနစ် ၁၀ ခု ရှိသလို ထိပ်တန်း သိုင်းပညာ ၁၀ ခုလည်း ရှိပါတယ်။ ကောင်းကင်နဂါး ဓားသိုင်းကတော့ ထိပ်တန်းသိုင်းပညာ ၁၀ ခုရဲ့ အဆင့် ၇ မှာ ရပ်တည်နေတာပါ။

မိုးပြာရောင် ဂိုဏ်းရဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတောင်မှ ကောင်းကင်နဂါး ဓားသိုင်းကို မယှဉ်နိုင်ပါဘူး။

မိုးပြာရောင် ဂိုဏ်းရဲ့ ဓားသိုင်းကို နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ ရေဓာတ်ကို အခြေခံတဲ့ ဓားသိုင်းနဲ့ မီးဓာတ်ကို အခြေခံတဲ့ ဓားသိုင်း ဆိုပြီးတော့ပေါ့။ ရေဓာတ်ကို အခြေခံတဲ့ မိုးပြာရောင်ရေစက် ဓားသိုင်းဟာ အတော်လေးကို ကျော်ကြားတဲ့ ဓားသိုင်းဖြစ်သလို ထိပ်တန်း သိုင်းပညာရပ်  ၅၀ ထဲမှာ ပါဝင်သလို  မီးဓာတ်ကို အခြေခံတဲ့ ငရဲမီး ဓားသိုင်းဟာလည်း ထိပ်တန်း သိုင်းပညာရပ် ၅၀ ထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ သည်ဓားသိုင်း နှစ်ခုစလုံးကို ပေါင်းစည်း လိုက်ရင်တောင်မှ  ကောင်းကင်နဂါး ဓားသိုင်းထက် အဆင့်တစ်ဆင့် နိမ့်နေဆဲပါပဲ။

' တော်သေးတာက ချုးယီရဲ့ ကောင်းကင်နဂါး ဓားသိုင်းက အလွန်ဆုံးမှ  တတ်သိ နားလည်ခြင်း အဆင့်လောက်ပဲ ရှိသေးတယ်။ မဟုတ်လို့ကတော့ ချူးယီက ကျင်ရုတုံကို ဓားကွက် အနည်းငယ်လောက်နဲ့ အနိုင်ယူ သွားလောက်ပြီ”

သိုင်းပညာမှာတော့ ပြီးပြည့်စုံခြင်း အဆင့်က အဆုံးသတ် မဟုတ်ပါဘူး။ ပြီးပြည့်စုံခြင်းရဲ့ အထက်မှာ တတ်သိနားလည်ခြင်း အဆင့်၊ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်နဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ဆိုပြီး ရှိပါသေးတယ်။

တတ်သိနားလည်ခြင်း အဆင့် ဆိုတာက ထိုလူဟာ သည်သိုင်းပညာကို အတော်လေး ကျွမ်းကျင်သိမ်မွေ့စွာ အသုံးပြုနိုင်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။

အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်မှာတော့ ထိုလူဟာ သိုင်းပညာရပ် တစ်ခုလုံးကို ထုံးလိုချေ ရေလိုနောက်တဲ့အထိ နားလည် တတ်ကျွမ်းသွားပါပြီ။ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားတဲ့ သူဟာ သည်သိုင်းပညာကို စိတ်ဝိညာဉ်နဲ့တောင် ပေါင်းစပ်နိုင်ပါတယ်။

တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်ကတော့ ပညာရပ်ဆန္ဒကို နားလည် အသုံးပြုနိုင်တာကို ပြောတာပါ။ သည်အဆင့်ကို ရောက်သွားတဲ့ သူတွေကတော့ သည်သိုင်းပညာရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးသက်ရောက်ပုံတွေကို ကောင်းကောင်းကြီး နားလည် သွားခဲ့တဲ့ လူတွေပါပဲ။ သူတို့က ဘယ်လို ပုံစံနဲ့ပဲ ဖြစ်ဖြစ် သိုင်းကွက်အနှစ်သာရ ပျက်မသွားအောင် ထုတ်သုံး နေနိုင်ပါပြီ။

သာမန် အခြေအနေတွေမှာ ဆိုရင်တော့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်နေတဲ့ ဆန်းကြယ်အဆင့်မြင့် ဓားသိုင်းက   ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒကို အနိုင်ယူနိုင်ပါတယ်။

ဒါပေမဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းကတော့ မတူပါဘူး။ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတွေက အရမ်းကို အစွမ်းထက်လွန်းပါတယ်။

ဆန်းကြယ်အဆင့် ဓားသိုင်းတိုင်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးခြား ဆန်းကြယ်မှု တစ်ပိုင်းတစ်စ ခိုဝင်ကိန်းအောင်း နေပါတယ်။ သည်ဓားသိုင်းတွေက သဘာဝတရားရဲ့ နိယာမနဲ့ ပတ်သက်နေသလို ကိုယ်ပိုင်လမ်းကြောင်း တစ်ခုစီလည်း ရှိနေပါတယ်။

ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းတွေက သဘာဝ တရားကြီးရဲ့ ထူးခြားဆန်းပြားမှုတွေကို အမြင့်ဆုံး အဆင့်အထိ ပြသပေးနေတဲ့ ပြယုဂ်တစ်ခု ဆိုရင်လည်း မမှားပါဘူး။

အဲသည်အတွက်  သာမန် အနေအထား တစ်ခု ဆိုရင်တော့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းရဲ့ တတ်သိ နားလည်ခြင်း အဆင့်က ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို အနိုင်ယူနိုင်ပါတယ်။ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့် ဆိုရင်တော့ ပြောနေစရာကို မလိုတော့ပါဘူး။

တကယ်လို့သာ ချူးယီက ကောင်းကင်နဂါး ဓားသိုင်းကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့်ထား နိုင်ခဲ့မည် ဆိုပါက  မိုးကြိုးကြယ်ဘုရင် စီးတုလေ့ တစ်ယောက်သာလျှင် ချူးယီကို ယှဉ်နိုင်စွမ်း ရှိပါလိမ့်မယ်။

လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက  မဆိုစေလောက်ကလေး မြန်သွားခဲ့ပါတယ်။ အကယ်၍ လီဖူချန်းသာ နောက်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာ ဝင်ပြိုင်မယ် ဆိုရင်တော့ သူ့အနေနဲ့  ငရဲမီး ဓားသိုင်းကို လေ့ကျင့်ခွင့် ရလောက်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂိုဏ်းတော်ရဲ့ အကြီးအကဲတွေက သူ့ရဲ့  ဓားသိုင်းပါရမီကို ကောင်းကောင်းကြီး မြင်သွားခဲ့ပြီးပြီ မဟုတ်ပါလား။

တိုက်ပွဲက တဖြည်းဖြည်း အချိန်ကြာလာတာနဲ့ အမျှ ဘယ်သူက အသာစီး ရနေသလဲ ဆိုတာ ပေါ်လွင်လာခဲ့ပါပြီ။ အကြိုကောင်းကင် နယ်ပယ်ကို ရောက်နေတဲ့ ကျင်ရုတုံဟာ မြေကမ္ဘာနယ်ပယ် အဆင့် ၉ အထွတ်အထိပ် ဖြစ်တဲ့ ချူးယီရဲ့ ဖိနှိပ်ခြင်းကို ခံနေရပါတယ်။

“မဖြစ်နိုင်ဘူး ... ငါရှုံးစရာအကြောင်း လုံးဝမရှိဘူး ...”

ကျင်ရုတုံက ကယောင်ချောက်ချား  ဖြစ်နေပါပြီ။

သူက အသံနက်ကြီးဖြင့် ကြုံးဝါးလိုက်ပြီး   ချူးယီကို သွေးရူးသွေးတန်း လိုက်ရိုက်နေပါတယ်။ သူ့ရဲ့ ကျာပွတ်ရိုက်ချက် တွေကတော့ ချူးယီရဲ့ အရိပ်ကိုတောင် မထိပါဘူး။ ဒါက အလဟဿ အားအကုန် ခံနေတာနဲ့ အတူတူပါပဲ။

ချူးယီရဲ့ ဓားကွက်တွေ ကတော့ ပိုပြီးတောင် ပြောင်မြောက် လာနေပါပြီ။ သူ့ရဲ့ ဓားချက်တိုင်းဟာ အပိုအလိုမရှိ တိကျပြီး မြန်ဆန်လွန်းပါတယ်။ ချူးယီရဲ့ တိုက်ခိုက်ပုံက လုံးဝကို ဟာကွက် မရှိပါဘူး။

“ငါမင်းကို အနိုင်ယူပြမယ်”

ချူးယီရဲ့ မျက်နှာပေါ်မှာတော့ သွေးကြောကြီးတွေ ထောင်ထ လာပါတယ်။ သူ့ရဲ့ ကျာပွတ်ရိုက်ချက်တွေက  မနက်ခင်းမှာ ထွန်းလင်းလာတဲ့ နေမင်းကြီး တစ်စင်းလို  အလင်းတန်းတွေ ဖြာထွက်လာခဲ့ပါပြီ။

“ဟား…ဟား ... မင်းက ငါ့ကို အနိုင်ယူချင် သေးတာလား …”

“ကောင်းကင်နဂါးရဲ့ အမျက်ဒေါသ”

ချူးယီကလည်း သူ့ရဲ့ ကောင်းကင်နဂါး ဓားသိုင်းထဲက အဆုံးသတ် ဓားကွက် တစ်ကွက်ကို ထုတ်လိုက်ပါတယ်။

သူ့ရဲ့ ဓားချက်ကနေ ထွက်ပေါ်လာတဲ့ ရွှေရောင် ဓားအလင်းတန်းတွေဟာ  အစွယ်နဲ့ တောင်ပံတွေ ပါတဲ့ ရွှေနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းသွားပြီး  အရှိန်အဟုန် ပြင်းစွာဖြင့် တန်ကျင်းယွန်ဆီကို တိုးဝင် သွားခဲ့ပါတယ်။

ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ...

အဆက်မပြတ် ပေါက်ကွဲသံကြီးတွေ ပေါ်လာခဲ့သလို ရွှေရောင် ချီအတွင်းအား တွေကလည်း  ဖြာထွက် လာခဲ့ပါပြီ။

သည်ချီအတွင်းအား ပေါက်ကွဲမှုကြီးကနေ လွင့်စင်လာတဲ့ ချီအတွင်းအားလှိုင်းတွေက သာမန် ပါရမီရှင် တစ်ယောက်ကိုတောင် တစ်ခါတည်း သေသွား စေနိုင်ပါတယ်။

ရွှပ်  ...

ချူးယီရဲ့ ဓားက ကျင်ရုတုံရဲ့ ရင်ဘတ်ကို ဆွဲဖြဲသွားခဲ့ပါပြီ။

ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံက ကြယ်ဘုရင် သုံးပါးထဲမှာဆိုရင် အားအနည်းဆုံးပါပဲ။ သူ့ရဲ့ တိုက်ခိုက်မှု အပိုင်းက စီးတုလေ့လောက် အားမကောင်းသလို သူ့ရဲ့ ခုခံမှု အပိုင်းကလည်း ချီယန်လောက် မကောင်းပါဘူး။

သူက ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကို လေ့ကျင့်ထားလို့သာ တော်ပါသေးတယ်။ မဟုတ်လို့ကတော့ ချူးယီရဲ့ ဓားက သူ့ကို နှစ်ပိုင်းတောင် ပြတ်သွား စေနိုင်ပါတယ်။

အာ့  ...

ကျင်ရုတုံက သူ့ရဲ့ ရင်ဘတ်ကို ဖိပြီး ဒူးထောက်ကျ သွားခဲ့ပါပြီ။ သူ့အနေနဲ့ ချူးယီကို ဆက်ပြီး တိုက်ခိုက်ဖို့ အင်အားတောင် မရှိတော့ပါဘူး။

ကျင်ရုတုံကို အနိုင်ယူပြီးတာတောင်မှ ချူးယီက သူ့ရဲ့ ဓားကို မသိမ်းသေးဘဲ စင်မြင့်ပေါ်မှာ ရပ်နေဆဲပါပဲ။ ချူးယီဟာ  သူ့ရဲ့ ဓားဘုရင် အရှိန်အဝါနဲ့ ပတ်ဝန်းကျင် အနီးအနားမှာ ရှိတဲ့ လူငယ်တွေအား  နိုင်ထက်စီးနင်း ဖိနှိပ်ရတာကို အရသာ တွေ့နေပုံ ရပါတယ်။

“ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံတောင်မှ ရှုံးနိမ့် သွားတာလား”

“မယုံနိုင်စရာ  ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ သည်လောက် နှစ်တွေ အကြာကြီးမှာ ဒါဟာ ပထမဦးဆုံး အကြိမ်အဖြစ်  ကြယ်ဘုရင်တစ်ယောက် ရှုံးနိမ့် သွားခဲ့တာပေါ့။  ခေတ်အဆက်ဆက်က ကြယ်ဘုရင်တွေဟာ  နောက်ဆုံးချိန်အထိ အနိုင်ရခဲ့သူတွေလေ  ...”

“ဟား … ဟား … ဟား ... သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲက အရမ်းကို ရင်ခုန်စရာ ကောင်းလွန်းတယ်ဟေ့ …။  ကြယ်ဘုရင် တစ်ယောက်ကတော့ သူ့ရဲ့ ပလ္လင်ပေါ်ကနေ ဆင်းပေးလိုက်ရပြီ။ နောက်ထပ် ဘယ်သူတွေကကော ကြယ်ဘုရင်တွေရဲ့ ပလ္လင်ကို ဝင်လုနိုင်ဦးမှာလဲ ...”

“မဖြစ်နိုင်ပါဘူးကွာ ... ။ မိုးကြိုးကြယ်ဘုရင် စီးတုလေ့က တိုက်စစ်ပိုင်းမှာ အရမ်း အစွမ်းထက်တယ်ကွ။ ပြီးတော့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်ရဲ့ ခုခံမှုကို ဘယ်သူက ကျော်ဖြတ်နိုင်မှာလဲ ...”

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးကွ ... ။ အခုတောင် ချူးယီက  ကြယ်ဘုရင် တစ်ယောက်ကို အနိုင်ယူလိုက်ပြီ မဟုတ်ဘူးလား”

ကျင်ရုတုံရဲ့ ရှုံးနိမ့်မှုက လူတွေအကုန်လုံးကို ဂယက် ရိုက်သွားစေခဲ့ပါပြီ။

“ဟင် ... ကျင်ရုတုံတောင် ရှုံးသွားပြီလား …”

ချီဟန်က ချူးယီကို အာရုံစိုက်ပြီး အကဲခတ် လိုက်ပါတယ်။

စင်မြင့်ပေါ်မှာတော့ ချူးယီက ဘုရင်တစ်ပါးလို ဝင့်ကြွားစွာ ရပ်နေဆဲပါပဲ။ သူက ချီဟန်ကို  တည့်တည့်မတ်မတ်ပင် ပြန်ကြည့် လိုက်ပါတယ်။

“အား ... ဘုရင်တစ်ပါးရဲ့ အရှိန်အဝါ”

ချီဟန်က  ချူးယီရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ဓားဘုရင် အရှိန်အဝါကို သတိပြုမိ လိုက်ပါပြီ။ ချူးယီရဲ့ ဘုရင် အရှိန်အဝါက ကျင်ရုတုံထက်တောင် အားကောင်း နေပါသေးတယ်။

***

All Chapters